Tuesday, June 5, 2012

မွန်းကြပ်နေတဲ့ ပြည်သူလူထု - အပိုင်း (၁)


ဖယောင်းတိုင်ထွန်းသူများနဲ့ ရဲများ ထိပ်တိုက်တွေ့ဆုံပုံ
ဆောင်းပါးရှင် - ဗိုလ်အောင်မြင်
ထိပ်ပိုင်းခေါင်းဆောင် အရပ်သား ယူနီဖောင်းချွတ် ဗိုလ်ချူပ်တွေဟာ နိုင်ငံတကာ အစည်းအဝေးတွေနဲ့ အာဆီယံနိုင်ငံတွေက အလည်အပတ်ဖိတ်လို့ သွားပြီးပြန်လာတိုင်း မိမိနိုင်ငံရဲ့ လူနေမှုစံနစ်နဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် အဖက်ဖက်က ယိုယွင်းပျက်ဆီးနေတာကို မသုံးသပ်တော့ဘဲ နိုင်ငံခြားနဲ့ယှဉ်ပြီး အတင်းဇတ်သွင်းကာ မလုပ်မနေရ ဖိအားပေးနေလို့ ပြည်သူလူထု စိတ်ဒုက္ခ ရောက်ခဲ့ရတာတွေ တင်ပြချင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံထက် ယခင်က ဖွံ့ဖြိုးမှု နောက်ကျခဲ့တဲ့ “ဗီယက်နမ်”၊ “လာအို” နဲ့ “ကမ္ဘောဒီးယား” နိုင်ငံများကို သွားလည်တဲ့အခါ တအံ့တသြ ဖြစ်ခဲ့ရပြီး မိမိတို့ ညံ့ဖျင်းမှားယွင်းနေတာကို မမြင်ဘဲ လက်အောက်ကိုသာ နှိပ်ကွပ်ခိုင်းစေတာကို တွေ့ရှိရပါတယ်။
ယခင်က ဆားနဲ့ဆန်အိတ်တွေ ပေးလှူနေရတဲ့ လာအိုနိုင်ငံနဲ့ ဗီယက်နမ်တွေတောင် အာဆီယံထိပ်သီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့လို့ ဗိုလ်ချူပ်တွေ မခံချင် ဖြစ်လာခဲ့ရပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ မဖြစ်မနေလုပ်ဖို့ လိုအပ်နေတာကို လက်ရှိခေါင်းဆောင်တွေ အနေနဲ့ သိမြင်နားလည်ခဲ့ပြီ ဖြစ်ပေမဲ့ လုံးဝဥဿုံ ယုံကြည်စိတ်ချရဖို့ကိုတော့ သတိမလစ်ဘဲ တပ်မတော်သားများအပါအဝင် ပြည်သူလူထုနဲ့အတူ ဒီမိုကရေစီ ဘက်တော်သားများအားလုံး စည်းလုံးညီညွှတ်ကြဖို့ တိုက်တွန်းလိုပါတယ်။
ရန်ကုန်မြို့ပေါ်မှာ ဆိုင်ကယ်မစီးရ အမိန့်ထုတ်ပြန်၍၎င်း၊ ခွင့်ပြုချက်ရယူပြီး စီးသောဆိုင်ကယ်တွင်လည်း နှစ်ယောက်မစီးရဟု၎င်း၊ Dry Day ဆိုပြီး တစ်လလျှင် စနေ၊ တနင်္ဂနွေ နှစ်ရက်ကို ဝန်ထမ်းများဟာ ဌာနဆိုင်ရာယာဉ် မသုံးစွဲရဟု၎င်း တားမြစ်အမိန့်တွေ အမျိုးမျိုး ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ထမ်းများနဲ့ အများပြည်သူတွေဟာ မိမိတို့ရဲ့ ရုံးကိစ္စ၊ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စတွေမှာ အဆင်ပြေဖို့ ဆိုင်ကယ်ကို အားထားနေခဲ့ရာက ဒုက္ခရောက်ကုန်ကြပြန်ပါတယ်။ ဦးနေဝင်းရဲ့မြေးတွေ ဆိုင်ကယ်စီးပြီး သောင်းကျန်းနေတာကို မထိန်းနိုင်တဲ့ ဖြစ်စဉ်ကြောင့် အဲဒီလို ဆိုင်ကယ်မစီးရ အမိန့်ထွက်လာရတယ်လို့ သိရပါတယ်။
ဖယောင်းတိုင်ထွန်းကာ ဆန္ဒထုတ်ဖော်နေသူများ
မြို့တော်စည်ပင်သာယာက ကိုယ်ထူကိုယ်ထ လမ်းခင်းတဲ့စနစ်ဟာ အစိုးရကိုသိက္ခာကျစရာဖြစ်ပါတယ်။ ရပ်ကွက်နေ မရှိဆင်းရဲသားများက လစဉ်ကောက်ခံတဲ့ လမ်းပြင်စရိတ်ကို ရှာဖွေရုန်းကန် ထည့်ဝင်ရပါတယ်။ စည်ပင်က တစ်ဝက်ကျခံသည်ဆိုသော်လည်း တစ်ကယ်တမ်းလမ်းခင်းတဲ့ အခါမှာ ခပ်ပါးပါးလမ်းခင်းတာမို့ မကြာခင်မှာဘဲ လမ်းပြန်ပျက်သွားပါတယ်။ ယခင်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းဟာ ကြံ့ဖွံ့ပါတီ မဲထည့်ဖို့အတွက် စည်းရုံးတဲ့အနေနဲ့ လမ်းတစ်ဝက်သာ ခင်းတယ်လို့ သိရှိရပါတယ်။
ရန်ကုန်မြို့ ၂၄ နာရီ မီးလင်းဖို့ အစိုးရက ညွှန်ကြားချက်တွေ ရှိခဲ့ပေမဲ့ ယနေ့ထိ မီးမနိုင်သေးတာ အံ့သြဖွယ်ရာဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ထမ်းများ မသမာမှုရှိတယ်လို့ သံသယရှိတာကြောင့် ယခင်ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးက အသည်းရောင်အသားဝါ ဘီပိုးရှိသူအရာရှိများအား စစ်တပ်အတွင်းမှ ပြောင်းရွှေ့ပေးခဲ့သော်လည်း မထူးခြားတာတွေ့ရပါတယ်။ နအဖ အစိုးရလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အဲဒီတုန်းက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်တင်ထွဋ်ကို မီးအားမနိုင်မနင်းဖြစ်နေတာနဲ့ ပတ်သက်ပြီး ဆူပူကြိမ်းမောင်းခဲ့ဘူးပါတယ်။ ဆက်တိုက်ဆိုသလို ဖြစ်စဉ်တစ်ခုအနေနဲ့ အမျိုးသားညီလာခံ ကျင်းပခဲ့တုန်းကလည်း ညီလာခံ ကိုယ်စားလှယ်များအား ဖျော်ဖြေပွဲတစ်ခုမှာ မီးရုတ်တရက် ပြတ်သွားခဲ့ဘူးပါတယ်။ အဲဒီတုန်းက အမျိုးသား ညီလာခံဥက္ကဋ္ဌဖြစ်တဲ့ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး သိန်းစိန် (ယခုသမ္မတ) က ဗိုလ်ချုပ်တင်ထွဋ်အား တိုက်ရိုက်မပြောလိုပေမဲ့ သူ့ကိုစောင်းပြောသလိုလိုနဲ့ ဆပ်ကော်မတီ တွဲဘက်အတွင်းရေးမှူးကို ဖယောင်းတိုင်ထွန်းဖို့ ရယ်သလို မောသလို ပြောခဲ့ဖူးပါတယ်။
ရန်ကုန်မြို့ ၂၄ နာရီမီးရရှိရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိုစဉ်က စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးတင်လှကို ရတနာဓါတ်ငွေ့ ပိုက်လိုင်းအား မော်လမြိုင်မှ တိုက်ရိုက်ဆွဲယူဖို့ ညွှန်ကြားခဲ့ဖူးပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် စက်မှုဇုံများတဲ့ ရန်ကုန်မြို့တော်ကြီးကို တစ်နိုင်ငံလုံးမှ ရေအားလျှပ်စစ် စီမံကိန်းများက ဆွဲယူပေမဲ့ မနိုင်မနင်း ဖြစ်နေလျှက်ရှိနေပါတယ်။ ယခုအခါ ရန်ကုန်မြို့တော်မှာ မီးအားပြတ်တောက်လို့ မီးရရှိရေး ဆန္ဒပြပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ မီးမရှိပါက ရေရရှိရေးပါ တိုက်ရိုက်ဆိုးကျိုး သက်ရောက်မှုဖြစ်လို့ ပြည်သူလူထုမှာ နဂိုကမွန်းကြပ်ရတဲ့အထဲ မီးကြောင့်ပိုပြီး ဒုက္ခရောက်ခဲ့ရပါတယ်။ မီးမရှိပါက ကျောင်းသူကျောင်းသားများ စာသင်စာကျက်ဖို့ အခက်အခဲများကြုံတွေ့ရပါတယ်။ ရန်ကုန်မြို့ အပြင်တစ်နိုင်ငံလုံးရှိ မြို့ကြီးတွေပါ မီးရရှိရေးဆန္ဒပြပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

No comments: