Tuesday, June 5, 2012

သမ္မတ ရဲ့ ထိုင်းခရီးစဉ် ဖျက်သိမ်းမှု ဒေါ်အောင်ဆန်းစုကြည် နဲ့ မသက်ဆိုင်



သမ္မတ ဦးသိန်းစိန် ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ် နဲ့ မပတ်သက်ဘဲ
ပြည်တွင်းရေးကိစ္စတွေကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက
ပြောဆိုကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့ပါတယ်။

မနေ့က ထိုင်းနိုင်ငံခြားရေးဌာနမှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင် က သတင်းထောက်တွေကို ရှင်းလင်းပြောဆိုခဲ့ရာမှာ -

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အပေါ် မြန်မာအစိုးရက အသိအမှတ်ပြုပါတယ်၊ ထိုင်းအစိုးရကလည်း မိမိတို့နိုင်ငံမှာ
ဒေါ်အောင်ဆန်းစုကြည် ရှိနေစဉ်အတွင်း သွားလာ လှုပ်ရှားမှု မှန်သမျှ အချိန်နဲ့တပြေးညီ မြန်မာ အစိုးရကို အသိပေးနေခဲ့တာပါ၊ ထိုင်းမှာ ရှိနေစဉ်အတွင်း ထိုင်း နဲ့ မြန်မာ ဆက်ဆံရေး ထိခိုက်စေမယ့် ကိစ္စ မှန်သမျှ ကို ခွင့်ပြုမှာ မဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
အတွင်းရေးမှူးက တဆင့် အသိပေး ထားခဲ့ ပါတယ်၊ ဒါကြောင့် စမုတ်စခွန် က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဆီ သွားရောက်တာ၊ ထိုင်း ဒုတိယ ၀န်ကြီးချုပ် နဲ့ တွေ့ဆုံတာ၊ တပ်ခရိုင်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်တာ စတဲ့၊ နိုင်ငံရေးနဲ့ မရောယှက်တဲ့ လူသားချင်း စာနာကူညီရေး ကိစ္စတွေကိုသာ ကန့်သတ်ခွင့်ပြုခဲ့ပါတယ်။ ထိုင်းအနေနဲ့ မိမိတို့ တိုင်းပြည်ကို ဘယ်လိုနိုင်ငံရေး လှုပ်ရှားမှုမျိုး အတွက်မှ အသုံးချခံမှာ မဟုတ်ပါဘူး၊ ဥပမာအားဖြင့် - လူမျိုးစု ခေါင်းဆောင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ ကိစ္စကို ထိုင်းအစိုးရက ခွင့်မပြုခဲ့ပါဘူး၊ ထိုင်းနိုင်ငံ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
နိုင်ငံခေါင်းဆောင် အနေမျိုးနဲ့ မဟုတ်ဘဲ၊ ထင်ရှားသူ ပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ဆက်ဆံခဲ့တာ ဖြစ်ပါတယ်- လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင် က ပြောကြားခဲ့တာပါ။

မနေ့ညနေပိုင်းက ထိုင်း နိုင်ငံခြားရေးဝန်ကြီး နဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးတို့ တယ်လီဖုန်း က တဆင့် ပြောဆိုခဲ့ကြရာမှာ - သမ္မတ ဦးသိန်းစိန် ရဲ့ထိုင်းနိုင်ငံခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ မသက်ဆိုင် ကြောင်း၊ ပြည်တွင်းမှာ လျှပ်စစ်မီး ကိစ္စ ၊အလုပ်သမား ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့ အတွက် ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ကပြောဆိုခဲ့တယ်လို့ ထိုင်း နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဆူရာပေါင် က အတည်ပြု
ပြောကြားခဲ့ပါတယ်။

RFA Burmese

No comments: