Wednesday, June 6, 2012

မငြိမ်သက်မှု၊ ဒေါ်အောင်ဆန်းစုကြည်သဘောထား၊ ပကတိ အခြေအနေ

၂၀၁၂ ဇွန်လ ၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၇ မှ
လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ မငြိမ်သက်မှုများနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တွင် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ၌ “လှုံ့ဆော်နေတဲ့သူတွေများ ရှိသလား၊ အခြေအနေတွေကို မတည်ငြိမ်အောင် လှုံ့ဆော်နေတဲ့သူတွေများ ရှိသလား။ တချို့ကျတော့ အခြေအနေကို မတည်ငြိမ်အောင် လှုံ့ဆော်တာ မဟုတ်ဘူး၊ စင်မြင့် ရှိလို့ရှိရင် ထပြီးတော့၊ တက်ပြီးတော့ အော်ချင်တဲ့လူတွေလည်း ရှိတယ်။ ဒီလို အော်ခြင်းအားဖြင့် ကျမတို့နိုင်ငံအတွက်၊ ကျမတို့ လူမှုအသိုင်းအဝိုင်း အတွက် အကျိုးရှိလား၊ မရှိဘူးလား ဆိုတာကို မဆင်ခြင်ဘဲနဲ့ ထပြီးတော့ အော်မယ်ဆိုလို့ရှိရင် အဲဒါဟာလည်း မလိုအားအပ်ဘဲနဲ့ ပြဿနာတွေကို ပိုပြီး ကြီးထွားနိုင်စေတယ်။“ လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေတဲ့ လူမျိုးရေးသဏ္ဍာန် မတည်ငြိမ်မှု ဖြစ်စဉ်ရဲ့ လတ်တလော အကြောင်းရင်းကတော့ မေလ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်က ဖြစ်ပျက်ခဲ့တဲ့ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာနေ ဦးလှတင်ရဲ့ သမီးဖြစ်သူ အသက် ၂၇ နှစ်အရွယ်ရှိ မသီတာထွေးကို ထက်ထက် (ခ) ရော်ရှီး၊ ရော်ဖီးနဲ့ ခိုချီးတို့က လုယက်၊ သားမယားပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အမှုဖြစ်ပါတယ်။ ထို အမှုနဲ့ ပတ်သက်ပြီး တရားခံသုံးဦးအား ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှုး ဦးစီးအဖွဲ့က မေ ၃၀ ရက်၊ မနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဖမ်းဆီး ချုပ်နှောင်ပြီး ကျောက်ဖြူအကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ မေ ၃၀ ရက်နေ့၊ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် ထိုကိစ္စကို မကျေနပ်တဲ့ ကျောက်နီမော်ကျေးရွာနေ ရခိုင်လူမျိုး တစ်ရာခန့်က ကျောက်နီမော်ရဲစခန်းကို သွားရောက်ကာ တရားခံများအား ထုတ်ပေးရန် တောင်းဆိုရာ ကျောက်ဖြူထောင်သို့ ပို့ဆောင်ပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သော်လည်း အခြေအနေကို မထိမ်းသိမ်းနိုင်ဘဲ ရဲများက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ပါတယ်။ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် ကျောက်နီမော်ရွာသားများ ရမ်းဗြဲမြို့ကို သွားရောက်ခဲ့ပါတယ်။ ညနေ ၄ နာရီတွင် အာဏာပိုင်များက ဆူပူမှု မဖြစ်စေရေး ရှင်းလင်းပြောကြားခဲ့ရာ ညနေ ၅ နာရီ မိနစ် ၄၀ တွင် ရမ်းဗြဲ အုပ်ချုပ်ရေးမှူးရုံးမှ ရွာသားများ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။ ဇွန်လ ၃ ရက်နေ့ မနက် ၆ နာရီက တောင်ကုတ်မြို့ပေါ်တွင် ကျောက်နီမော် လူသတ်မှုနဲ့ ပတ်သက်တဲ့ စာများကို ၀ံသာနု ရက္ခိတအဖွဲ့ တောင်ကုတ်မြို့ အမည်နဲ့ ဝေငှခဲ့ပြီးနောက် ညနေ ၄ နာရီတွင် သံတွဲမြို့မှ ရန်ကုန်သို့ ထွက်ခွာလာတဲ့ ရိုးမသစ္စာ မော်တော်ယာဉ်လိုင်း မှန်လုံယာဉ်ကားတွင် ပါလာတဲ့ မူဆလင်ဘာသာကိုးကွယ်သူ ၁၀ ဦးအား ဒေသခံ သုံးရာခန့်က ၀ိုင်းဝန်း သတ်ဖြတ်ခဲ့ပြီး မော်တော်ယာဉ်လည်း ဖျက်ဆီးခံခဲ့ရပါတယ်။ သေဆုံးသွားသူများမှာ ဘာသာရေးကိစ္စနဲ့ သံတွဲမြို့ကို ရောက်ရှိခဲ့တဲ့ တောင်တွင်းကြီးမြို့မှ ခြောက်ဦး၊ မြောင်းမြမြို့မှ နှစ်ဦးနဲ့ သံတွဲမြို့မှ နှစ်ဦးတို့ ဖြစ်ကြပါတယ်။ နောက်တခါ သံတွဲမြို့တွင် ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် အောင်ကျော်စိုး ပါ သုံးဦးအား ဦးအောင်သန်းဝေအား ဓါးဖြင့် ခြိမ်းခြောက်ကြောင်း စစ်တွေ ရဲစခန်းကို သက်ဆိုင်သူများက လာရောက် တိုင်တန်းခဲ့ပါတယ်။ ထို့နောက် ည ၇ နာရီခွဲတွင် ဦးအောင်သန်းဝေရဲ့ဇနီး ဒေါ်အောင်သန်းမြနဲ့ အမျိုးသမီး ဆယ်ဦးတို့ စစ်တွေ အမှတ် ၁ ရဲစခန်းကို ရောက်ရှိလာပြီး ဦးအောင်သန်းဝေ ပျောက်ဆုံးကြောင်း အကြောင်းကြားရာ လူများ စုဝေးလာပြီး အင်အား နှစ်ရာခန့်အထိ ဖြစ်သွားခဲ့ပါတယ်။ ည ၇ နာရီ ၄၅ မိနစ်တွင် စစ်တွေမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးအောင်မြကျော်က ဦးအောင်သန်းဝေကို ရှာဖွေပေးမယ့်အကြောင်း ပြောကြားခဲ့ရာ လူစု ကွဲသွားပါတယ်။ (ထိုကိစ္စနဲ့ ပတ်သက်ပြီး ဦးအောင်သန်းဝေကို လူတစုက ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်း၊ ဦးအောင်သန်းဝေ ခေတ္တ တိမ်းရှောင်နေတယ်ဆိုတဲ့ သတင်း စသည်ဖြင့် ကွဲပြားတဲ့သတင်းနှစ်ခု ထွက်ပေါ်ခဲ့ပါတယ်။) ည ၉ နာရီခန့်တွင် စစ်တွေ ရဲစခန်းကို လူအင်အား သုံးရာခန့် ပြန်လည် ရောက်ရှိလာရာ ည ၁၀ နာရီ မိနစ် ၄၀ တွင် ဦးအောင်မြကျော်က ဦးအောင်သန်းဝေကို ရဲစခန်းဆီ ခေါ်ဆောင်လာပြီး လူစုခွဲဖို့ ပြောကြားသော်လည်း ပြေလည်ခြင်း မရှိဘဲ ည ၁၀ နာရီ ၅၅ မိနစ်တွင် ရဲစခန်းအတွင်းသို့ ပုလင်းကွဲများ၊ ခဲများနဲ့ ပစ်ပေါက်ကြပြီး ည ၁၁ နာရီ ၁၀ မိနစ်တွင် စခန်းတွင်းသို့ ၀င်ရောက်ရန် ကြိုးစားရာ ရဲများက မီးခိုးဗုံး၊ အဓိကရုဏ်းလက်နက်တို့နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး အရပ်သား ၁၂ ဦး ဒဏ်ရာရရှိကာ စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံနေရပြီး ရဲက လူ ၉ ဦးကို ဖမ်းဆီးထားပါတယ်။ ထို ဖြစ်စဉ်သတင်းများကို ဇွန်လ ၅ ရက်နေ့ထုတ် မြန်မာအစိုးရပိုင်သတင်းစာ စာမျက်နှာ ၇ တွင် အကျယ်တ၀င့် ဖော်ပြခဲ့ရာ ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ခရီးသည်များ အသတ်ခံရမှုကို မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရလို့ ရေးသားခဲ့ရာ ထိုသို့ ရေးသားမှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတခု ရန်ကုန်မြို့၌ ဖြစ်ပျက်ခဲ့ပြီး မြန်မာသတင်းသမားများက အစိုးရပိုင်သတင်းစာရဲ့ ရေးသားဖော်ပြချက်ကို ထောက်ပြ ဝေဖန်ခဲ့ပါတယ်။ ထိုသို့ ဝေဖန်မှုများ ဖြစ်ခဲ့ပြီးနောက် မွတ်ဆလင်ကုလား သုံးနှုန်းမှုအစား “ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူ“ လို့ ပြင်ဆင် ဖတ်ရှုရန် ဇွန်လ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၇ တွင် ဖော်ပြခဲ့ပါတယ်။ တချို့ကလည်း ရခိုင်ပြည်နယ်အတွင်း နေထိုင်နေတဲ့ ဘင်္ဂါလီလူမျိုးများနဲ့ ရခိုင်လူမျိုးအကြား ရှိနေတဲ့ မကျေလည်မှုကို မီးလောင်ရာ လေပင့်နေသူများ ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။ Myanmar Express လို့ အမည်ပေးထားတဲ့ အင်တာနက်စာမျက်နှာတခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့ စာများကို ပုံမှန်လို ဖော်ပြလေ့ရှိပြီး လက်ရှိ မတည်ငြိမ်မှုများ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို အခုရက်ပိုင်းအတွင်း အောက်ပါလင့်ခ်များတွင် ဖော်ပြထားပါတယ်။ http://www.myanmarexpress.net/2012/06/business-standard.html http://www.myanmarexpress.net/2012/06/blog-post_9224.html http://www.myanmarexpress.net/2012/06/blog-post_8090.html http://www.myanmarexpress.net/2012/06/nld-rfa.html http://www.myanmarexpress.net/2012/06/blog-post_9622.html http://www.myanmarexpress.net/2012/06/mrtv-4.html http://www.myanmarexpress.net/2012/06/blog-post_4824.html http://www.myanmarexpress.net/2012/06/blog-post_9133.html http://www.myanmarexpress.net/2012/06/blog-post_1246.html http://www.myanmarexpress.net/2012/06/blog-post_3916.html http://www.myanmarexpress.net/2012/06/blog-post_1049.html http://www.myanmarexpress.net/2012/06/nld-nld.html http://www.myanmarexpress.net/2012/06/blog-post_02.html ထိုဖော်ပြချက်များအပြင် ရိုဟင်ဂျာကိစ္စ အလေးထား ဖော်ပြမှုများကို http://www.myanmarexpress.net/search/label/%E1%80%9B%E1%80%AD%E1%80%AF%E1%80%9F%E1%80%84%E1%80%B9%E1%80%82%E1%80%BA%E1%80%AC မှတဆင့် တွေ့မြင်နိုင်ပါတယ်။ ထိုသို့ ရေးသားမှုများနဲ့အတူ http://www.myanmarexpress.net/2012/06/blog-post_8078.html တွင် “ဆက်တိုက် ဖြစ်ပေါ်နေသော မင်းမဲ့စရိုက် လူသတ်မှုများကြောင့် ယခင် တပ်မတော်အစိုးရလက်ထက် ငြိမ်ဝပ်ပိပြားမှုကို ပြည်သူလူထုက ပြန်လည် လိုလား တောင့်တ လာ“ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားချက်တခု ဖော်ပြထားပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပြန်လည်တည်ဆောက်နေတဲ့ လက်ရှိ မြန်မာအစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ပမီဒီယာ၊ မြန်မာအစိုးရနဲ့ သဘောထား မတူညီသူများအား အစိုးရပိုင် သတင်းစာများမှတဆင့် တိုက်ခိုက်ရေးသားခြင်းများ ရပ်တန့်လိုက်တာ တွေ့ရပါတယ်။ သို့သော်လည်း ဘလော့ဂ်နဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်အသိုင်းအ၀ိုင်းတွင်း နက်နက်ရှိုင်းရှိုင်း ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ် လှုပ်ရှားနေတာ သတိထားမိပါတယ်။ လက်ရှိ မြန်မာအစိုးရကို ထိပါးနိုင်တယ်လို့ သံသယရှိသူများအား ဘလော့ဂ်များ၊ လူမှုကွန်ရက်များမှတဆင့် ပြန်လည် တုန့်ပြန်ရာမှာ လူမှုကွန်ရက် အသုံးပြုသူအမည် အများအပြား ခွဲပြီး ရေးသားခြင်း၊ အမြင်မတူညီမှုများ ပိုမို များပြားလာအောင် သွေးထိုးပေးခြင်း၊ မတည်ငြိမ်မှု ဖြစ်ပေါ်လာအောင် မြှောက်ပင့်ပေးခြင်း စတဲ့ နည်းလမ်းများကို အသုံးပြုလေ့ ရှိပါတယ်။ ထိုသို့ လုပ်ဆောင်ရာမှာ အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရိုဟင်ဂျာကိစ္စများကို ပိုမို ဇောင်းပေး ပြုလုပ်လေ့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား လူအများက ပိုမို ဝေဖန်လာအောင် ပြုလုပ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများနဲ့ ဝေဖန်သူများအကြား ပိုမို ပြဿနာဖြစ်အောင် ဖန်တီးခြင်း၊ မြန်မာနိုင်ငံအတွင်း လာရောက်နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအရေးကို ရခိုင်လူမျိုးများအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိကာ မကျေနပ်စိတ် ပိုမို များပြား ကျယ်ပြန့် ကြီးမားလာအောင် တဆင့်ပြီးတဆင့် ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေတယ် လို့ လေ့လာသူများက ပြောပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော် ပြောဆိုတဲ့ အခြေအနေ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှုများ ရှိနေသလား ဆိုတဲ့စကားရဲ့ အတိမ်အနက်မှာ ထပ်ဆင့် တွေးတောစရာတွေ ပါဝင်နေပြီး တကယ်လို့ တဦးတယောက်၊ တစုတဖွဲ့က မြန်မာပြည် တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင်၊ လူမျိုးစုများအကြား သွေးကွဲအောင် ပြုလုပ်နေတယ်ဆိုရင်လည်း မြန်မာတိုင်းရင်းသားများအားလုံးအနေနဲ့ ဆင်ခြင်တုံတရားရှိရှိနဲ့ ထို အရေးကိစ္စများကို အောင်အောင်မြင်မြင် ကျော်လွှားရမယ်လို့ မြင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ မြန်မာပြည်ဟာ ဆင်းရဲတွင်းနက်သထက် ဆက် နက်နေပြီး မြန်မာပြည်သူတွေ ဒုက္ခရောက်သထက် ရောက်နေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ (ကိုးကား - ၂၀၁၂ ဇွန်လ ၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ http://burmatoday.net/images_news/Jun05MAL.pdf )

No comments: