Wednesday, October 24, 2012

သမ္မတကြီးဖတ်ဖို့စာ


အရှင်ပညာနန္ဒ
အောက်တိုဘာ ၂၃၊ ၂ဝ၁၂ MoeMaKa Burmese News & Media

၁၉၈ဝ နှစ်များအလွန် မန္တလေးမှာနေစဉ်အခါက မစိုးရိမ်ကျောင်းတိုက် (တိုက်ဟောင်း) နားမှာ ထူးဆန်းတဲ့ ဆိုက်ကားဆရာတယောက်ကို တွေ့ဘူးတယ်။ သူ့အသက်က (၃ဝ) ဝန်းကျင်ခန့်၊ ဆိုက်ကားဆရာရဲ့ဝတ်စားပြင်ဆင်ပုံက အများနဲ့မတူ တမူထုးခြားတယ်ဆိုရမလားဘဲ။ တခါသား နံနက်ပိုင်းဆွမ်းခံအထွက်မှာ လဘက်ရည်ဆိုင်မှာထိုင်နေတဲ့ဆိုက်ကားဆရာတယောက် ထူးထူးဆန်းဆန်း ဝတ်စားဆင်ယင် ထားတာကိုတွေ့ရတယ်။ ဆိုက်ကားဆရာက ဆံရှည် ထားတယ်။ လျောင်းထုံး ထုံးထားတယ်။ ပင်နီတိုက်ပုံဝတ်ထားတယ်။ အတော်လေး စမတ်ကျတာ တွေ့ရတယ်။

ဒီလိုခေတ်ကြီးထဲမှာ ရှေးစတိုင်နဲ့မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကိုထိန်းသိမ်းထားတဲ့သူလည်း ရှိသေးပါလားလို့ လေးစားလို့မှမဆုံးသေးခင် လဘက်ရည်ဆိုင်ကနေ ဆိုက်ကားပေါ် အတက် မှာ မြင်လိုက်ရတဲ့သူ့ပုံစံကြောင့် အတော်လေးစိတ်ပျက်သွား မိ တယ်။

အပေါ်ကတိုက်ပုံ၊ အောက်က၀တ်ထားတာကဂျင်းဘောင်းဘီ၊ အတော်လေး အစပ်အဟပ် မတည့် လိုက်လေခြင်းလို့ မှက်ချက်ပြုမိပါတယ်။ သူကတော့ ဘယ်သူ့မှဂရုစိုက်ပုံမရ၊ ခရီးသည်တင်ပြီး သွက် သွက်လက်လက် ဆိုက်ကားနင်းပြီး ထွက်သွားလေရဲ့ ။

ဒီမြင်းကွင်းကိုမြင်တွေ့ခဲ့တာ နှစ် (၂ဝ) ကျော်ပြီ။ သတိရစရာ ဘာအကြောင်းမှမရှိ။ ဒါပေမဲ့ ခုတလော မှာတော့ သတင်းတွေဖတ်ရတိုင်း တမင်တကာ မစဉ်းစားရဘဲ အဲဒီဆိုက်ကားဆရာကိုဘဲ မျက်စေ့ထဲမှာပြန်မြင်ယောင်နေမိတယ်။ နှစ်နှစ်ဆယ်ကျောက်ကမြင်ကွင်းကို သတိရစရာအကြောင်း
တွေ ကလည်း နေ့စဉ်ဆိုသလို သတင်းတွေနားထောင်ရ သတင်းတွေဖတ်နေရလို့ထင်ပါရဲ့ ။

၂ဝ၁ဝ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးစီးကတည်းကစလို့ ဦးသိန်းစိန်အစိုးရဟာ အကောင်း ဘက် ကိုပြောင်းလဲနေပါပြီလို့ ပြောသူတွေရှိ သလို သိသာထင်ရှား တဲ့အပြောင်းအလဲဘာမှ မတွေ့ ရသေးဘူးလို့ ဝေဖန်သံတွေလည်း အဆက်မပြတ်ကြားနေရဆဲပါ။

အလုပ်သမား လယ်သားတွေဆန္ဒပြခွင့်ရတာ၊ မီဒီယာမဆိုစလောက်လွတ်လပ်ခွင့်ရတာ၊ ဒါမှမဟုတ် ထူထုရဲ့လယ်ယာမြေတွေကို ဥပဒေမဲ့ ပြောင်ပြောင်တင်း တင်းသိမ်းနေတာတွေ ကို ပြုပြင်ပြောင်း လဲမှု လို့ခေါ်တာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါပြီ။ ဒီအထဲ ဘုန်းကြီး ကျောင်းတွေမီးရှို့ တာတောင်ပါသေးတယ်။

အဆိုးဆုံးကတော့ စစ်တပ်ကိုယ်တိုင်က လက်နက်အားကိုးနဲ့ခြိမ်းခြောက်ပြီး “တပ်ပိုင်မြေ မ ကျူးကျော် ရ” ဆိုင်းဘုတ်ထောင်ပြီး ဘိုးဘွားပိုင် လယ်ယာမြေတွေ ကို နေရာအနှံ့အပြား မှာ မောင် ပိုင် စီးနေတာတွေဟာ လူထုကိုဘ၀ပျက်အောင် စားဝတ်နေရေး အခက်အခဲဖြစ်အောင် လုပ် နေသလိုဖြစ်နေပါတယ်။

ခုတလော ထင်ရှားရှားဖြစ်နေတဲ့ လက်ပတောင်းတောင်ကြေးနီးစီမံကိန်းကိုကြည့်ပါ။ လူထု သဘော မတူ ကန့်ကွက်နေတဲ့ကြားထဲက စီမံ ကိန်းတွေကို ဆက်လက်လုပ်ဆောင် ဘို့ပြင်ဆင်နေ တာတွေဟာ အတော်ကိုဆိုးဝါးလှပါတယ်။ လူထုမလိုလားရင် မလုပ်ပါဘူးဆိုတဲ့ သမ္မတ ရဲ့ ပြောတဲ့ စကားနဲ့လည်း ဆန့်ကျင်နေပါတယ်။

သမ္မတကြီးအနေနဲ့ အမှန်တကယ်ပြုပြင်ပြောင်းလည်းတဲ့ဘက်ကိုသွားမယ် ဆိုရင် အောက်ခြေပိုင်း ကဖြစ်ပျက်နေတာတွေကိုလည်း လစ်လျူရှုမထားသင့်ပါ။ လူထုအမှန်တကယ်မလိုလားတာတွေက ဘာတွေလဲ။ ပြည်သူလူထုက ဘာတွေပြောနေလဲဆိုတာ သေချာလေ့လာ သင့်ပါတယ်။ တကယ့် လက်တွေ့ အောက်ခြေမှာမှာဖြစ်ပျက်နေတာတွေထိထိရောက်ရောက်မပြုပြင်နိုင်သေးသရွေ့ ပြည်
သူတွေရဲ့ဘဝတွေ မလုံခြုံသေးသရွေ့တော့ ဆိုက်ကားဆရာအဝတ်အစားဝတ်သလို အချိုးမပြေ
ဖြစ်နေ အုံးမှာဖြစ်ကြောင်းပါ။ ။

Aung Htet | October 23, 2012 at 10:41 pm | Categories: အတွေးအမြင် | URL: http://wp.me/s2d6gG-28416

No comments: