အခြေခံဥပဒေ
ဘာတွေပြင်မလဲ
ဘယ်လိုပြင်မလဲ
|ကျော်ဝင်း|
ချဉ်းကပ်ပုံနှစ်မျိုး
အခြေခံဥပဒေ ကိစ္စတွင်သာမဟုတ်၊
နိုင်ငံရေးပြဿနာများနှင့်ပတ်သက်လျင်၊ ချဉ်းကပ်ပုံနှစ်မျိုးရှိသည် ဟု
ရေဘူယျဆိုနိုင်ပါလိမ့်မည်။ ‘နှုန်းစံအခြေပြုချဉ်းကပ်နည်း’(Normative
approach) နှင့် ‘လက်တွေ့အခြေပြု ချဉ်းကပ်နည်း’ (Pragmatic approach)
တို့ဖြစ်သည်။
နှုန်းစံအခြေပြုချဉ်းကပ်နည်းက၊
မိမိတန်ဖိုးထားရာစံနှုန်းများကိုအသေကိုင်သည်။ အဆိုပါစံနှုန်းနှင့်
ကိုက်ညီလျင်၊ ထောက်ခံမည်၊ ကြိုဆိုမည်။ မကိုက်ညီလျင်ဆန့်ကျင်မည်၊
ကန့်ကွက်မည်။ လက်တွေ့ဖြစ်နိုင်ခြေ ကို
ထည့်သွင်းစဉ်းစားခြင်းမရှိချေ။လက်တွေ့အခြေပြုချဉ်းကပ်နည်းကမူ၊
မိမိတန်ဖိုးထားရာ စံနှုန်းများကို အသေမကိုင်၊
လုံးဝပြစ်ပယ်သည်တော့မဟုတ်။‘အနာဂတ်အမြင်’ (vision) အဖြစ် သဘောယူပြီး၊
လက်ရှိပကတိအရှိကို အခြေတည် စဉ်းစားသည်။ အလုပ်ထောင့်မှကြည့်၍
ဖြစ်နိုင်ခြေကိုရှာသည်။ မတူချေ။
နိုင်ငံများ၏
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်လျင် ထောင့်အစေ့ဆုံး၊
စံကိုက်အကျဆုံးအဖြစ်၊ သူ့ခေတ်သူ့အခါက
အလွန်ကျော်ကြားခဲ့ဖူးသည်မှာ၊ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြား၊ ဂျာမဏီ၏
ဝိုင်မာသမ္မတနိုင်ငံ အခြေခံဥပဒေဖြစ်ပါသည်။သို့နှင့်တိုင် ဤအခြေခံ
ဥပဒေအောက်မှာပင် ‘ရွေးကောက် တင်မြှောက်ခံရသော အာဏာရှင်’(elected dictator)
တစ်ယောက်ပေါ်ထွက်လာခဲ့သည်။ ဟစ်တလာ ဖြစ်ပါသည်။ ‘နှုန်း’ တွေ၊ ‘စံ’တွေအရ
မည်မျှပင် ကောင်းမွန်ပါစေ.. ၊ လက်တွေ့ကျင့်သုံးပုံဟန်မကျလျင်
ဖြစ်ချင်သလိုဖြစ်သွားနိုင်သည့်သာဓက … ။
အမေရိကန်ပြည်ထောင်စု၏
အခြေခံဥပဒေမှာ၊ စတင်ခါစကအားနည်းချက်တွေ အတော်ရှိသည်။
တောင်ပိုင်းပြည်နယ်များ၏ အခြေခံဥပဒေမှာဆိုလျင်၊
ရက်စက်ကြမ်းကြုတ်သော‘ကျွန်စနစ်’ ကိုပင် ခွင့်ပြုထားသည်။ သို့တစေ
ကျွမ်းကျွမ်းကျင်ကျင် ကျင့်သုံးပြီး၊
ပါးပါးနပ်နပ်ပြင်ဆင်နိုင်သောအခါ၊အကောင်းဆုံး အခြေခံဥပဒေတစ်ခုအဖြစ် အများက
သိမှတ်လက်ခံနေရချေပြီ။ အခြေခံဥပဒေ တစ်ခုအနေနှင့်‘စံကျ’၊ ‘စံကိုက်’
မဟုတ်သည့်တိုင်၊ လက်တွေ့အလုပ်လုပ်ရင်း အမြှော်မြင်ရှိရှိ
ပြုပြင်နိုင်လျင်၊အကောင်းဘက်သို့ ဦးတည်နိုင်သည့် သာဓက ။
၂၀၀၈ အခြေခံဥပဒေနှင့် တုန့်ပြန်မှုများ
မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေမှာ၊ဒီမိုကရက်တစ်နှုန်းစံများအရ ကြည့်လျင်၊ ပြောစရာနှင့်
ဆိုစရာချည်းဖြစ်ပါသည်။ ဤအဖြစ်ကို၂၀၁၀ ရွေးကောက်ပွဲဝင်၊
ဒီမိုကရက်တစ်ပါတီများ မသိ၍မဟုတ်။ ကောင်းကောင်းသိကြသည်သာဖြစ်သည်။သို့တစေ၊
သူတို့က၊ နှုန်းစံများဖြင့်မကြည့်။ အလုပ်ထောင့်မှကြည့်ပြီး
‘နိုင်ငံရေးအဖွင့်ကျားကွက်’(political opening) တစ်ခု သို့
ဦးတည်သွားနိုင်စရာရှိ သည်ဟု တွက်ဆသည်။ သို့အတွက်
ရွေးကောက်ပွဲလမ်းကြောင်းကိုရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
သို့နှင့်တိုင်
‘နိုင်ငံရေးဓလေ့’(political culture) မှာပင်၊ နှုန်းစံအစွဲကြီးသော၊
မြန်မာနိုင်ငံတွင် ဤအယူအဆနှင့် ဤအတွက်အချက်ကိုလူကြိုက်မများခဲ့ပါ။
‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ (NLD) အပါအဝင်၊
နိုင်ငံရေးအင်အားစုတော်တော်များများက၊ ‘ရွေးကောက်ပွဲသပိတ်မှောက်ရေး’ ဖြင့်
တုန့်ပြန် ခဲ့ကြသည်။ NLD က၊၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု၍၊ ၂၀၀၈
အခြေခံဥပဒေကို လက်မခံနိုင်၍၊
နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေကိုလက်မခံနိုင်၍ (အချက်သုံးချက်ကြောင့်)
ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
သို့တစေ၊ ၂၀၁၂
ကြားဖြတ်ရွေးကောက်ပွဲတွင်မူ၊NLD ပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ရွေးကောက်ပွဲသပိတ်မှောက်ရသည့် အကြောင်း ၃ ချက်အနက်၊၂ ချက်ရပြီဖြစ်၍၊
မရသေးသောကျန်တစ်ချက် (အခြေခံဥပဒေပြင်ဆင်ရေး) ကို
လွှတ်တော်တွင်းမှဆောင်ရွက်နိုင်ရန်၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရခြင်း
ဖြစ်သည်ဟု ဆိုပါသည်။ အမှန်စင်စစ်၊ရခဲ့ပြီဆိုသော ၂ ချက်ထဲမှ
နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို ပြင်ပေးခဲ့သည်မှာကားအမှန်ပင်ဖြစ်သည်။
(အမှန်တော့၊ ပြင်မပေးလည်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ
ပြစ်ဒဏ်စေ့ခဲ့ပြီဖြစ်၍တားဆီးလို့ရတော့သည်မဟုတ်ပါ။)
နောက်တစ်ချက်၊ ၁၉၉၀
ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုလိုက်ပြီ - ဆိုသည်ကိုမူ၊ အမျိုးသားလွှတ်တော်
ဥက္ကဌ ဦးခင်အောင်မြင့်နှင့်ကိုကို(စက်မှုတက္ကသိုလ်) တို့၏ အင်တာဗျူးဖြင့်သာဓက
တင်သည်။ အဆိုပါ အင်တာဗျူးတွင်၊ ဦးခင်အောင်မြင့်က“၁၉၉၀ ရွေးကောက်ပွဲကို
အသိအမှတ်ပြုလို့ပဲ၊ ရွေးကောက်ပွဲရလဒ်တွေကို
တရားဝင်ကြေငြာပေးခဲ့တာပေါ့ဗျာ”…စသဖြင့် ဖြေသွားခဲ့သည်။ (ဤမျှနှင့် -
အမှန်တကယ်အသိအမှတ်ပြုရာ ရောက်ပါ၏လော… ၊ စဉ်းစားစရာ…။ ) ထားတော့။
မည်သို့ပင်ရှိစေ၊ NLD
ရွေးကောက်ပွဲလမ်းကြောင်းပေါ်ရောက်လာသည်မှာ၊မြန်မာ့ဒီမိုကရေစီရေး အတွက်၊
အလွန်အားကောင်းသော ဖြည့်ဆည်းမှုဖြစ်လာသည်မှာ
အမှန်ပင်ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ‘လက်တွေ့အခြေပြု
ချဉ်းကပ်မှု’ ဘက်ရောက်လာသည်ဟု ဆိုချင်သည်။သူ့ဆောင်းပါးတစ်ပုဒ်မှ
အသုံးအနှုံးအတိုင်းဆိုရလျင် ‘တော်လှန်ရေးလမ်းကြောင်း’ မှ
‘တည်ဆောက်ရေးလမ်းကြောင်း’ဘက်ရွေ့လာသည်ဟု သဘောရပါသည်။
လွှတ်တော်ထဲရောက်ပြီးနောက်ပိုင်းတွင်လည်း၊ ရွေးကောက်ပွဲမဲဆွယ်ကာလက
‘ကြွေးကျော်ခဲ့သော အခြေခံဥပဒေပြင်ဆင်ရေး’ ဆိုသည်ထက်၊
လက်တွေ့ဖြစ်နိုင်သည်များကိုဦးစားပေးဆောင်ရွက်လာသည်ကို တွေ့ရသည်။
၂၀၁၅ နိုင်ငံရေးအကျပ်အတည်း
လက်တွေ့တွင်၊ အခြေခံဥပဒေ
ပြင်ဆင်ရေးကို စတင်အဆိုပြုတင်ပြလိုက်သည်မှာ၊အာဏာရပါတီဟု ဆိုနိုင်သော USDP
ပါတီမှ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ သို့တိုင်အောင်၊ဘာတွေပြင်မည်၊
ဘယ်လိုပြင်မည်ဆိုသည်ကိုကား သဲသဲကွဲကွဲမသိရသေးပါ။ ကော်မတီဖွဲ့ပြီး၊
လေ့လာသုံးသပ်ဆဲအဆင့်ဖြစ်ပါသည်။ မည်သူက အဆိုပြုတင်ပြသည်ဖြစ်စေ၊
အခြေခံဥပဒေကို အသေမကိုင်ဘဲ ပြင်သင့် ပြင်ထိုက်သည်များကိုပြင်ရမည်ဆိုသော၊
စဉ်းစားချက်ကိုမူ၊ ကြိုဆိုကြရပါလိမ့်မည်။ ပြောရလျင်၊ မည်သည့်
အခြေခံဥပဒေမှ၊ရာနှုန်းပြည့် ပြီးပြည့်စုံသည်မရှိပါ။ လက်တွေ့ အလုပ်လုပ်ရင်း
အဟန့်အတား အခက်အခဲများရှိလျင်၊ ပြင်ကြရမည်သာ ဖြစ်ပါသည်။
စာရေးသူမှတ်မိသလောက်၊
နိုင်ငံတကာပညာရှင်များထဲမှ၊အခြေခံဥပဒေ ပြင်ဆင်ရေးကို ပထမဆုံး
အဆိုပြုခဲ့သူမှာ၊ စတင်းဖို့ (ဒ) တက္ကသိုလ်မှ၊ ‘လာရီဒိုင်းမွန်း’ ဟုထင်သည်။
သူက၊ ၂၀၁၅ တွင် ကြုံတွေ့ ဖွယ်ရာရှိသည့် နိုင်ငံရေးအကျပ်အတည်းကိုထောက်ပြပြီး
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စဉ်းစားကြဖို့၊ သူ့ဆောင်းပါးတစ်ပုဒ်တွင်
အကြံပြုခဲ့သည်။(၂၀၁၂ ခုနှစ် အောက်တိုဘာလထုတ်၊ Journal of Democracy ပါ ‘The
Need for a PoliticalPact’ ဆောင်းပါး။ စာရေးသူဘာသာပြန်ပြီး)
သူ၏အလိုအရဆိုလျှင် ၂၀၁၂
ကြားဖြတ်ရွေးကောက်ပွဲအတွေ့အကြုံအရ၊၂၀၁၅ ရွေးကောက်ပွဲသာ၊ လွတ်လပ်ပြီး
တရားမျှတမှုရှိခဲ့လျင် NLD အပြတ်အသတ်အနိုင်ရဖို့ များလိမ့်မည်ဟုဆိုသည်။အကယ်၍
ဤအတိုင်း ဖြစ်ခဲ့လျင် ၁၉၉၀ ရွေးကောက်ပွဲ ကံကြမ္မာမျိုးမတိုးနိုင်ပါသလော -
မေးခွန်းထုတ်သည်။၂၀၀၈ အခြေခံဥပဒေအရ၊ တပ်မတော်မှ အများစုနေရာ ယူထားသော၊
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက၊အရေးပေါ်အခြေအနေကြေငြာနိုင်သည့်
အချက်ကိုလည်း ထောက်ပြသည်။ ဤအချက်များအရ၊
ဖြစ်ကောင်းဖြစ်လာနိုင်သည့်နိုင်ငံရေးအကျပ်အတည်း ကို ကျော်လွှားနိုင်ရန်
အစိုးရအဖွဲ့မှ ‘သဘောထားပျော့ပြောင်းသူများ’(soft liners) နှင့်
အတိုက်အခံဘက်မှ ‘အစွန်းမရောက်သူများ’ (moderates)
အခြေခံဥပဒေကိုပြန်လည်ညှိနှိုင်းဆွေးနွေးကြဖို့ အကြံပြုခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါဆောင်းပါးမှာပင်၊ ဆိုခဲ့ပါ
၂၀၁၅ နိုင်ငံရေးအကျပ်အတည်းကိုရှောင်ရှားနိုင်ရေးအတွက် နည်းလမ်းတစ်သွယ်အဖြစ်
‘အချိုးကျကိုယ်စားပြုစနစ်’ (PR - စနစ်)ကျင့်သုံးဖို့
အဆိုပြုခဲ့သည်လည်းရှိသည်။ သို့နှင့်တိုင် NLD က PR စနစ်ကို
လက်မခံနိုင်ဟုသတင်းများထွက်နေလေရာ၊ အကယ်၍ ဤသတင်းသာ မှန်ခဲ့လျင် PR
စနစ်သည်ပင်လျင်၊ နောက်ထပ်အကျပ်အတည်းတစ်ခုဖြစ်ကောင်း ဖြစ်သွားနိုင်ပေသည်။
မည်သို့ပင်ဆိုစေ၊ ဒီမိုကရေစီအပြောင်းအလဲအတွက် နိုင်ငံရေးပဋိညဉ်တစ်ရပ်
ပေါ်ထွက်လာစေရန်၊ နှစ်ဘက်သဘောထားပျော့ပြောင်းသူများကြား၊
ညှိနှိုင်းဆွေးနွေးအဖြေရှာကြပါ - ဆိုသော လာရီဒိုင်းမွန်း၏
အကြံပြုချက်မှာကား၊ လက်တွေ့ဖြစ်နိုင်ချေရှိလေမည်လားစဉ်းစားမိသည်။
အနည်းဆုံးညှိလမ်းကြောင်း
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
(သူမ၏ အသုံးအနှုန်းအရ)တည်ဆောက်ရေးလမ်းကြောင်းသို့ သိသိသာသာ ရွေ့လာခြင်း၊
သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့၊ (အမြင်အရ) ဆက်ဆံရေး အထူးကောင်းမွန်နေခြင်း၊ထို့ထက်
လက်ပံတောင်းကော်မရှင်အစီရင်ခံစာထွက်ခါစလောက်က၊ လျှံထွက်လာသော၊
ဒေါ်အောင်ဆန်းစုကြည်အပေါ်ဝေဖန်ချက်တစ်ခုတွင်ပါသည့် “ဒေါ်စုက၊ သူသမ္မတဖြစ်ဖို့
စစ်ဗိုလ်တွေကို လိုက်လျောလွန်းနေတယ်”ဆိုသော စွပ်စွဲချက် …။ ဤအချက်များကို
ဆက်စပ်စဉ်းစားကြည့်လိုက်သောအခါ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရ၊
လွှတ်တော်တာဝန်ရှိသူများကြား ဆွေးနွေးညှိနှိုင်းမှုများ ရှိနေမည်လား -
တွေးစရာရှိသည်။ ပြောရလျင် ‘နားလည်မှု’ တစ်ခုခုပင်၊ရှိကောင်းရှိလေမည်လား
(ကံသေ ကံမ မဟုတ်သည့်တိုင်) စဉ်းစားစရာရှိလာသည်။
ဤနားလည်ချက်မှာ၊
ဘယ်အရာဖြစ်လိမ့်မည်ဆိုသည်ကို၊တိတိပပ မပြောနိုင်သည့်တိုင်၊
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနှင့် ပတ်သက်ကောင်းပတ်သက်နိုင်ပါသည်။ဤသို့
ယူဆနိုင်လောက်သည့် သတင်းအချက်အလက်အချို့လည်း ရှိသလောက်ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က၊ သမ္မတဖြစ်ဖို့ရည်မှန်းချက်ရှိသည်ဟု
ထုတ်ဖော်ပြောဆိုလာခြင်း။ သမ္မတကလည်းပြည်သူလူထုလိုလားလျင်၊
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်- ဆိုသည့်
သဘောပြောဖူးခြင်း။မကြာသေးခင်ကပင်၊ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက၊
ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးအတွက်အခြေခံဥပဒေပါ၊ သမ္မတနှင့် ဒုတိယသမ္မတများ၏
အရည်အချင်းများကို ပြောင်းလဲပြင်ဆင်ဖို့ သဘောပြောဆိုလာခြင်း…စသည်
များဖြစ်ပါသည်။
အကယ်၍ ဤမှန်းဆချက်သာ မှန်ခဲ့လျင်၊
၂၀၁၅ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှား နိုင်စရာရှိ၍၊ ကြိုဆိုအပ်သည်ဟု
သဘောရပါသည်။ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနှင့်နိုင်ငံရေးအာဏာ
ရယူလိုသည်မှာ၊ လွန်စွာမှပင် သဘာဝကျသည်ဟု ယူဆသည်။
“တော်လှန်ရေး၏အဓိကပြဿနာမှာ၊အာဏာ” ဆိုသော ‘လီနင်’ ၏ စကားရှိသည်မဟုတ်ပါလော … ။
(ဤကိစ္စနှင့် ပတ်သက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်နေကြသူများမှာ
လက်ဝဲနွယ်များဖြစ်၍၊ လီနင်ကို ကိုးကားရခြင်းဖြစ်ပါသည်။ ဤကား - စကားချပ်)
ထို့ထက်၊ စာရေးသူအာရုံညွတ်သော
အယူအဆ တစ်ရပ်ရှိသည်။Minilateralism ၊ ‘အနည်းဆုံးညှိလမ်းကြောင်း’ဆိုပါစို့။
အားလုံးပါဝင်ညှိနှိုင်းဆွေးနွေးကြသည့် Multilateralism မှာ သီအိုရီအရ
ကောင်းပါ၏။လက်တွေ့အဖြေပေါ်ဖို့ သိပ်မလွယ်။ အမှန်တကယ်အဆုံးအဖြတ်ပေးနိုင်မည့်
လူပုဂ္ဂိုလ်အနည်းငယ်မျှ၊ညှိနှိုင်း ဆွေးနွေးအဖြေရှာကြသည့် Minilateralism ကသာ
အလုပ်ဖြစ်လိမ့်မည် ဟုထင်သည်။ ဦးသိန်းစိန်၊ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်
… ၊ သူတို့အချင်းချင်းနားလည်မှုဖြင့်
အကျပ်အတည်းကိုကျော်နိုင်လျင်မကောင်းပါသလော … ။ ကောင်းသည်ဟုယုံသည်။
တိုင်းရင်းသား လူမျိုးစုများအရေး
ယနေ့ မြန်မာနိုင်ငံ၏
အပြောင်းအလဲမှာ၊ နိုင်ငံရေး၊စီးပွားရေးပြုပြင်ပြောင်းလဲမှုများသာမက၊
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တစ်နည်း ပြည်တွင်းစစ်ရပ်စဲရေးပါအကျုံးဝင်သည့်
သုံးပွင့်ဆိုင် အခင်းအကျင်းဖြစ်သည်။ ပြည်တွင်းစစ်ရပ်စဲရေးအတွက်
ငြိမ်းချမ်းရေးလမ်းပြမြေပုံတစ်ခုလည်းချမှတ်ဖော်ထုတ်ပြီး ဖြစ်ပါသည်။
အဆိုပါလမ်းပြမြေပုံ တတိယအဆင့်တွင်၊ လူမျိုးစု
လက်နက်ကိုင်အင်အားစုများသာမက၊ဆက်စပ်ပတ်သက်သူ အားလုံးစုစည်းပြီး၊
ရေရှည်တည်တန့်ခိုင်မြဲမည့် နိုင်ငံရေးသဘောတူညီချက်တစ်ရပ်ရယူနိုင်သည်အထိ
ကြိုးပမ်းမည်ဟုဆိုသည်။ ဤအဆင့်တွင် လိုအပ်ပါက၊
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအထိပါဆွေးနွေးညှိနှိုင်းကြမည်ဟု
လမ်းဖွင့်ထားပြီးဖြစ်ပါသည်။
ယခုဆိုလျင်၊ ဒုတိယ
အဆင့်စတင်နေပြီဖြစ်၍ ၂၀၁၅မတိုင်မီတတိယအဆင့်သို့ ရောက်ကောင်း
ရောက်သွားနိုင်သည်။ အဆိုပါတတိယအဆင့်ဆွေးနွေးကြတော့မည်ဆိုလျင်၊စကားလုံး
တစ္ဆေကြောင့် သော်လည်းကောင်း၊ အစိုးရိမ်လွန်မှုကြောင့်သော်လည်းကောင်း၊
ပြောခွင့်၊ဆိုခွင့်၊ ဆွေးနွေးခွင့်မရခဲ့သော ၊ ဖက်ဒရယ်စနစ်အကြောင်းကိုလည်း
ပြောကြဆိုကြ ဆွေးနွေးကြရတော့မည်ဖြစ်သည်။၂၀၀၈ အခြေခံဥပဒေမှာ၊
ဖက်ဒရယ်သဘောများ အတော်အတန်ပါသော်လည်း
အစိုးရ၏ပေးထားချက်သာဖြစ်လေရာ၊လူမျိုးစုများဘက်မှ၊ ဖြည့်စွက်၊
ပြင်ဆင်လိုသည်များ၊ သဘာဝကျစွာရှိလာနိုင်ပါသည်။
လွှတ်တော်ကပြင်ဆင်မည့်
အခြေခံဥပဒေတွင်၊ တိုင်းရင်းသားလူမျိုးစုများအရေးနှင့်ဆက်စပ်နေသောအချက်များ
(ဥပမာ - ဇယား ၁၊ ၂၊ ၃ နှင့် ၅) ပါမပါ မသိရသေးပါ။ အကယ်၍ ဤအချက်များကို
ပြင်ဆင်မည်ဆိုလျင်ငြိမ်းချမ်းရေးလမ်းပြမြေပုံအဆင့် ၃ နှင့်
ဆက်စပ်ဆောင်ရွက်ဖို့လိုမည်ထင်ပါသည်။
ဤသို့မဆက်စပ်ဘဲ၊သီးခြားဆောင်ရွက်မည်ဆိုပါက၊ လွှတ်တော်မှ
အတည်ပြုပြဌန်းလိုက်သော ပြင်ဆင်ချက် ဖြစ်လျင်သော်မှ၊အများလက်ခံနိုင်မည့်အဖြေ
ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ အကြောင်းမူ၊ ယနေ့တည်ဆဲ လွှတ်တော်တွင်၂၀၁၂
ကြားဖြတ်ရွေးကောက်ပွဲအပြီးမှ မှတ်ပုံတင်ကြသော နိုင်ငံရေးပါတီများ
မပါကြသေးသလို၊လူမျိုးစုလက်နက်ကိုင်အဖွဲ့များလည်း မပါသေးသောကြောင့်
ဖြစ်ပါသည်။ ဤကိစ္စမှာ၊ ပြည်ထောင်စုကြီးတည်တန့်ခိုင်မြဲရေးနှင့်
တိုက်ရိုက်ဆက်စပ်နေရာ၊ လူမျိုးစုအားလုံးစုံစုံညီညီပါဝင်သည့်all inclusive
ညီလာခံမျိုးဖြစ်ဖို့လိုပါလိမ့်မည်။
၂၅% ကိစ္စ
နောက်ဆုံးအနေနှင့်၊
လူပြောများသည့် တပ်မတော်ကိုယ်စားလှယ်၂၅ % နှင့်ပတ်သက်သော၊ စာရေးသူအမြင်ကို
တင်ပြပါမည်။ ပြောရလျင် ဤကိစ္စမှာ၊ မြန်မာ့ဒီမိုကရေစီရေး၏အသိမ်မွေ့ဆုံး၊
အခက်ခဲဆုံးအပိုင်းဟု ဆိုနိုင်လောက်သော ‘စစ်ဘက်-အရပ်ဘက်’
ဆက်ဆံရေးပြဿနာဖြစ်လေရာ၊စိတ်လိုက်မာန်ပါ၊ အစောတလျှင်
မဆုံးဖြတ်သင့်ဟုသဘောရပါသည်။
တပ်မတော်အနေနှင့်၊
၎င်း၏အဖွဲ့အစည်းဆိုင်ရာ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့်၊အမျိုးသားနိုင်ငံရေးတွင်
ဦးဆောင်မှုအခန်းမှ ပါဝင်ရေးဆိုသည်ကို ရပ်ခံထားသည်။ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ၊ အဆိုပါရပ်ခံချက်ကို တရားဝင်ပြဌာန်းထားသည့် သဘော
ဖြစ်ပါသည်။ ဒီမိုကရက်တစ်စံနှုန်းများအရဆိုလျင်၊အရပ်ဘက်ကစစ်ဘက်အပေါ်
လွှမ်းမိုးနိုင်မှသာ၊ စစ်မှန်သော ဒီမိုကရေစီဟု ဆိုရပါလိမ့်မည်။
သို့နှင့်တိုင်၊ရာစုဝက်မျှ ကြာမြင့်ခဲ့သော၊ စစ်ဘက်အုပ်စိုးမှုမှ ထိုးထွက်ခါစ
နိုင်ငံတစ်ခုအနေနှင့်၊ဒီမိုကရက်တစ်စံနှုန်းများနှင့် အညီ
ချက်ခြင်းပြောင်းလဲပစ်ဖို့ဆိုသည်မှာ၊ ဖြစ်နိုင်ခြေအလွန်နည်းပါသည်။
ထို့ထက်ဆိုခဲ့ပါရပ်ခံချက်အတွက်၊
တပ်မတော်၏အကြောင်းပြချက်မှာ၊ ကြိုက် မကြိုက် အသာထား၊
ငြင်းဖို့ခက်သည့်အနေအထားတွင်လည်းရှိနေသည်။လွတ်လပ်ရေးရပြီးနောက်ပိုင်း၊
အင်အားအကြီးဆုံး ဗကပ မရှိတော့သည့်တိုင်
တော်လှန်ပုန်ကန်နေကြသောလက်နက်ကိုင်အင်အားစုစုပေါင်းမှာ၊ ယခုအထိ
တစ်သိန်းအထက်ရှိနေဆဲဟု သိရသည်။ လူဦးရေနှင့်အချိုးချကြည့်လျင်
သူပုန်အများဆုံးတိုင်းပြည်ဖြစ်နေသည်။ ထိုမျှမက၊ အစိုးရသစ်သက်တမ်း၂
နှစ်သာသာကာလအတွင်း၊ ထိပ်တက်လာသော လုံခြုံရေးပြဿနာများကလည်း ရှိနေပြန်သည်။
ပြောရလျင်- ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်စွာ တည်ဆောက်နိုင်မှသာ၊
စစ်ဘက် အရပ်ဘက်ဆက်ဆံရေးပုံမှန်ဖြစ်ဖို့ လမ်းပွင့်နိုင်ပါလိမ့်မည်။
အမှန်စင်စစ်၊ တပ်မတော်ကို
ပရော်ဖက်ရှင်နယ်အဖွဲ့အစည်းအဖြစ်၊ပြောင်းလဲပုံဖော်နိုင်ရေးမှာ၊
ဒီမိုကရေစီအတွက် အရေးကြီးသည့်တိုင်၊ ရေရှည်ဆောင်ရွက်ရမည့်သဘောရှိသည်။
အချိန်မတိုင်မီ အလောတကြီးဆောင်ရွက်လိုက်လျင်၊
လက်ရှိပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွက်၊အကြီးမားဆုံး
စိန်ခေါ်ချက်ပင်ဖြစ်လာနိုင် စရာရှိသည်။ လက်ရှိစစ်ဘက်၊ အရပ်ဘက်
အင်အားချိန်ခွင်လျှာအရ၊တပ်မတော်၏ သဘောတူကြည်ဖြူမှုမရလျင်၊ ၂၅% ကိစ္စမှာ၊
လက်တွေ့ဖြစ်နိုင်လိမ့်မည်မဟုတ်ပါချေ။အန္တရာယ်ကြီးသော
နိုင်ငံရေးမီးရှုးမီးပန်းသာ ဖြစ်ဖို့များပါလိမ့်မည်။
ယခုစာစုကို
‘ဒီမိုကရက်တိုင်ဇေးရှင်း’ ပညာရပ်၏ခေါင်းကိုင်ဖခင် တစ်ဦးဟု
ဆိုနိုင်လောက်သော ပါမောက္ခ ဂီယာနိုဒီယာ၏ သတိပေးစကားဖြင့်
နိဂုံးချုပ်အပ်ပါသည်။ယခုလို … ၊
“ဒီမိုကရေစီအပြောင်းအလဲမှာ၊လက်တွေ့မဖြစ်နိုင်သေးတာက
မစမိပါစေနဲ့။ အကျိုးရလဒ်ထွက်ဖို့ အခွင့်အလမ်း
အကောင်းဆုံးနယ်ပယ်မှာအာရုံစိုက်ပါ။ ဒါက စပါ… ။”
ကျော်ဝင်း
၁၂၊ မေ ၂၀၁၃
No comments:
Post a Comment