မေ ၁၄၊ ၂၀၁၃
(ဟံသာဝတီဦးဝင်းတင်၏ ဒီလှိုင်းဂျာနယ်ပါ ခေါင်းကြီးများဖြစ်ပါသည်။ ဦးဝင်းတင်ဖေ့ဘုတ်ခ်မှတဆင့် ပြန်လည် ကူးယူဖော်ပြပါသည်)
မကြာမီက ကုလသမဂ္ဂပညာရေး၊ သိပ္ပံရေး၊
ယဉ်ကျေးမှုရေးအဖွဲ့ (ယူနက်စကို) အခမ်းအနားတစ်ခု ကျုပ်တက်ခဲ့တယ်။
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (၂၀၁၃) ပွဲတဲ့ဗျ။ ပွဲရဲ့ဆောင်ပုဒ်က
“ဘေးကင်းရန်ကင်း အသံထွက်ခြင်း-မီဒီယာတို့ လွတ်လပ်စွာ ဖွင့်ထုတ်ခွင့်ရရေး”
တဲ့။ ကောင်းလိုက်တဲ့ဆောင်ပုဒ်ဗျာ။ စစ်ဖိနပ် ပါးစပ်ဆို့တာ ရာစုနှစ်
တစ်ဝက်ခံလာခဲ့ရဖူးတဲ့ ကျုပ်တို့အဖို့ သိပ်ကို ခံတွင်းလိုက်တဲ့
ဆောင်ပုဒ်ပေပဲပေါ့။
ဒီပွဲမှာ ပြန်ကြားရေးဝန်ကြီး
ဦးအောင်ကြည်တို့၊ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေတို့၊
သတင်းစာဆရာအသင်း ဥက္ကဌ ဦးကိုကိုတို့ စကားပြောကြသဗျ။ ကျုပ်တစ်ယောက်လည်း
ဘေးကင်းရန်ကင်းဆောင်ပုဒ်နဲ့အညီ အသံထွက် အလုပ်လုပ်ခဲ့သဗျ။
ဒီရက်ပိုင်းမှာပဲ ကျုပ်လည်း
ပူပူလောင်လောင်ရှိတာနဲ့ လောင်လောင်ပူပူ စာမူတစ်ခု ဖတ်နေပါတယ်။
သတင်းစာဆရာကြီးမောင်သစ်လွင်(လူထု)ရဲ့ “တိုက်ပွဲဝင်သတင်းစာ” စာအုပ်စာမူဗျ။
၂၀ ရာစု အစပိုင်းလောက်ကတည်းက
လွတ်လပ်ရေးရချိန်အထိ မြန်မာသတင်းစာတွေ၊ ဂျာနယ်တွေ နယ်ချဲ့ကိုလိုနီအစိုးရရဲ့
ချုပ်ချယ်ဖိနှိပ်မှုတွေကို ရုန်းကန်လှုပ်ရှားတိုက်ပွဲဝင်သွားခဲ့ကြပုံ
သမိုင်းခြေရာကောက်ချက်တွေ တစ်ပုံတစ်ခေါင်း ဖြစ်ကြောင်းကုန်စင်ပေါ့ဗျာ။
အဲဒီသမိုင်းကြောင်းတွေကို
ပြန်ပြောင်းသုံးသပ်ကြည့်လိုက်တော့ သတင်းစာ၊ ဂျာနယ်တွေရဲ့
အား-မာန်-ဥာဏ်-သတ္တိတွေကို အများကြီး နားလည်သဘောပေါက်ရတယ်။ ဘာကြောင့်
အဲဒီခေတ်အခါတွေက သတင်းစာတွေကို တိုက်ပွဲဝင်သတင်းစာရယ်လို့
ဘွဲ့တံဆိပ်ချည်ခဲ့ကြရသလဲ။ ဖိနှိပ်မှုတွေကို တော်လှန်တိုက်ပွဲဝင်ခဲ့ကြလို့
တိုက်ပွဲဝင်ရယ်လို့ သတ်မှတ်ခဲ့ကြတာပေါ့။
သတင်းစာ၊ ဂျာနယ်တွေ အဓိက ပစ်မှတ်ထား
တိုက်ပွဲဝင်ခဲ့ကြတာက နယ်ချဲ့ကိုလိုနီအစိုးရတွေပဲ။ အဲဒီအစိုးရတွေနဲ့
အပေါင်းအသင်းလုပ်၊ အာဏာကပ်ပါးလုပ်၊ လက်ပါးစေအလိုတော်ရိလုပ်၊
စီးပွားရေးသူခိုးဓါးပြလုပ်နဲ့ ဆိုးခဲ့၊ ကြမ်းခဲ့၊ ဖိနှိပ်ခဲ့ကြတဲ့ ဖြစ်ရပ်၊
လုပ်ရပ်တွေကို ပြည်သူလုထုကြီးက ဆန့်ကျင်တိုက်ဖျက်ခဲ့ကြတယ်။
ပြည်သူလူထုတပ်ဦးမှာ သတင်းစာတွေ၊ ဂျာနယ်တွေ ရပ်တည်ခဲ့ကြတယ်။ ဒါဟာ
တိုက်ပွဲဝင်သတင်းစာတွေရဲ့ သမိုင်းစဉ်ပဲ။
အဲဒီသမိုင်းစဉ်တွေဟာ ဒီနေ့၊
ဒီအချိန်ခေတ်အခါမှာလည်း မပြီးပျောက်သေးဘူး။ ဆုံးခန်းမရောက်သေးဘူး။
အနာဂတ်ကို မျှော်ကြည့်ရင်လည်း အလားတူပဲ။ ဆုံးလမ်းမမြင်တဲ့ သမိုင်းစဉ်တွေကို
တွေ့နေရဦးမှာပဲ။
ဒီလိုအနေအထား ဆိုက်နေတာဟာ စာနယ်ဇင်းတွေက
တိုက်ပွဲပျော် စိန်ခေါ်နေရမှ ကျေနပ်ကြလို့ မဟုတ်ဘူး။ ကလောင်လွှားပြီး
ဓားသွားထက်ချင်နေကြလို့ မဟုတ်ဘူး။ လူ့သမိုင်းရဲ့ ခရီးလမ်းကြောင်းဆိုတာ
ကြမ်းတမ်းတာချည်းပဲ မဟုတ်လား။ သမိုင်းဦး ဘုံမြေခေတ်ကတည်းက လူသားတွေရဲ့
ဘဝဖြစ်စဉ်မှာ စိုးမိုးသူတွေ၊ ခြယ်လှယ်သူတွေ၊ ဖိနှိပ်သူတွေဆိုတာ ရှိစမြဲပဲ။
စိုးမိုးခံတွေ၊ ခြယ်လှယ်ခံတွေ၊ ဖိနှိပ်ခံတွေကလည်း ရုန်းကန်တွန်းလှန်
တိုက်ပွဲဝင်စမြဲပဲ။ သူတို့ရဲ့ တပ်ဦးမှာ လူသားစိတ်ကြီးမားသူတွေ၊
သူတော်စင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အာဇာနည် သူရဲကောင်းတွေ၊
စာပေပညာရှင်တွေ၊ အနုပညာရှင်တွေ ( နှောင်းခေတ်တွေမှာတော့ စာနယ်ဇင်းသမားတွေ )
ရပ်တည်ခဲ့ကြစမြဲ ဖြစ်တယ်။
လူကောင်းသူကောင်းစိတ် ထွန်းကားတဲ့
ပထမအမျိုးအစား ခေတ်ကာလမှာ စိုးမိုးသူတွေက ထိန်းထိန်းညှိညှိ စနစ်နည်းနာတွေ
ကျင့်သုံးကြတယ်။ စိုးမိုးခံတွေရဲ့ တပ်ဦးချီ ပုဂ္ဂိုလ်တွေကလည်း
စောင့်စောင့်စည်းစည်း စနစ်နည်းနာတွေကို ကျင့်သုံးကြတယ်။
မသူတော်စိတ်တွေ တိုးပွားလာတဲ့အခါ
ဒုတိယအမျိုးအစား ခေတ်ကာလတွေ ကြုံပြန်တာပေါ့။ အဲဒီခေတ်အခါမှာ အာဏာပိုင်
အသိုင်းအဝိုင်းတွေနဲ့ ပြည်သူလူထုတွေရဲ့ ဆက်ဆံရေး ပျက်ပြား ပြောင်းလဲလာတယ်။
ချုပ်ချယ်မှုတွေ ကျယ်ပြောနက်ရှိုင်းလာတယ်။ အဲဒီအခါ ပြည်သူလူထုတွေကလည်း
နိုင်ငံရေးအဖွဲ့အစည်းတွေ၊ စာနယ်ဇင်းတွေရဲ့ ပေါင်းစည်းရှေ့ဆောင်မှုနဲ့
ရုန်းကန်မှုလုပ်လာကြတယ်။
အဲဒီကာလတွေကို အာဏာပိုင်တွေရဲ့ ချုပ်ချုပ်ချယ်ချယ်ကာလ၊ ပြည်သူလူထုတွေရဲ့ ရုန်းရုန်းကန်ကန်ကာလ ရယ်လို့ သမိုင်းက မှတ်တမ်းတင်ခဲ့တယ်။
အဆိုးရွားဆုံး သမိုင်းခေတ်ကတော့
အာဏာရှင်တွေက ဖိနှိပ်၊ ပြည်သူတွေက တွန်းလှန်၊ လူ့အဖွဲ့အစည်း အုံကြွ
ဗြောင်းဆန်တဲ့ တတိယအမျိုးအစားကာလတွေပေါ့။ ဒီတော်လှန်ခေတ်တွေမှာ
စာနယ်ဇင်းတွေကလည်း တိုက်ပွဲဝင် အင်အားစုတွေ ဖြစ်ကုန်ကြတယ်။
ဒါတွေဟာ စာနယ်ဇင်းသမိုင်းမှာ မော်ကွန်းတင်ခဲ့တဲ့ ခေတ်သုံးခေတ်ပဲ ဖြစ်တယ်။
ယူနက်စကို အခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီး
ဦးအောင်ကြည် မိန့်ခွန်းပြောတယ်ဗျ။ ကျန်းမာသန်စွမ်းတဲ့ စာနယ်ဇင်းတွေ
ထွန်းကားရေးဆိုတဲ့ စကားတစ်လုံးကို ထည့်ပြောသွားတယ်။ ပထမအမျိုးအစား
စာနယ်ဇင်းခေတ်ကို ညွှန်းသွားတယ်လို့ ဆိုရမှာပေါ့။ အစိုးရတွေ၊
အာဏာပိုင်အင်အားစုတွေ စိတ်ကောင်းသဘောကောင်းနဲ့ ထိန်းထိန်းညှိညှိ
အုပ်ချုပ်ကြတဲ့ ခေတ်ကာလလေ။ စာနယ်ဇင်းတွေ ကျန်းမာသန်စွမ်းနိုင်ကြတာပေါ့။
အဲသလိုမဟုတ်ဘဲ
ချုပ်ချုပ်ချယ်ချယ်အစိုးရတွေနဲ့ ဖိဖိနှိပ်နှိပ်အစိုးရတွေရဲ့
ခေတ်ကာလတွေဆိုရင်တော့ စာနယ်ဇင်းတွေရဲ့ ရုန်းကန်မှုတွေ၊ စာနယ်ဇင်းတွေရဲ့
တော်လှန်တိုက်ဖျက် တိုက်ပွဲဝင်မှုတွေပဲ ပေါ်ပေါက်ကြုံတွေ့ရမှာ မုချပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် စာနယ်ဇင်းတွေဟာ
မိမိတို့ရဲ့ မူလဘူတ မူဝါဒတရားတွေနဲ့ အညီ လူ့သမိုင်းခေတ်တွေကို
ဝိုင်းညှစ်ဖျက်ဆီးနေတဲ့ အမှားတရားတွေ၊ အဆိုးတရားတွေ၊ အဖျက်တရားတွေကို
ဖော်ထုတ်တိုက်ဖျက် တိုက်ပွဲဝင်သွားကြရမှာပါပဲ။ အဲသလိုဆိုရင် စာနယ်ဇင်းတွေ
ကျန်းမာသန်စွမ်း ရှိကောင်းမှ ရှိမယ်။ တော်လှန်မာန်-ဥာဏ်-သတ္တိတွေနဲ့
အတိုင်းမသိပြည့်နှက်တဲ့ ပြည်သူ့ဘက်တော်သား အင်အားစုတွေအဖြစ်
ရပ်တည်လာနိုင်မှာကတော့ ဧကန်မုချပဲပေါ့ဗျာ။
ဒီနေ့ခေတ်ကမ္ဘာမှာ သြဇာသိက္ခာ ကြီးမားနေတဲ့
တိုက်ပွဲဝင်စာနယ်ဇင်း ( Crusading Journalism ) မူဝါဒမျိုး
ကိုင်စွဲနိုင်တဲ့ စာနယ်ဇင်းတွေ မြန်မာပြည်တစ်လွှား ထွန်းကားဖို့ကောင်းပြီ။
အားကောင်းမောင်းသန် ကြံရည်၊ ဖန်ရည်၊ ဥာဏ်ရည်ပြည့်ဝစွာ ပေါ်ထွက်လာကြပါစေ။
ဆန္ဒအကြိမ်ကြိမ် ပြုလိုက်ရပါသဗျား။ ။
ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အမှတ်(၁၈)။

No comments:
Post a Comment