Sunday, May 12, 2013

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အပြုသဘော ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကို ပယ်ဖျက်ရန် လိုအပ်


Sunday, May 12, 2013

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် တိုင်းရင်းသား ပြည်သူများအကြား အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်သကဲ့သို့ ဖိနှိပ် ချုပ်ချယ်သည့် ဥပဒေများကို ပယ်ဖျက်ရန် လိုအပ်သည်ဟု နိုင်ငံရေးသမ...ားများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

"အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ ကိုယ့်ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ရင်းနဲ့ ဘယ်လို အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လို လုပ်မလဲ ဆိုတာပါ။ စဉ်းစားရတဲ့ ကိစ္စဟာ အင်မတန် သိမ်မွေ့ပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ အမှန်တရားကို ပြန်လည် မဖော်ထုတ်ဘဲနဲ့ လုပ်လို့ မရဘူးဆိုတာ ရှင်းရှင်းပဲ ကျွန်တော်ပြောပါမယ်။ ကျွန်တော်တို့ အနေနဲ့ ပူးပေါင်းဆောင်ရွက်ရင်းနဲ့ ပြတ်ပြတ်သားသား
ဝေဖန်ရတာတွေ၊ ထောက်ပြရတာတွေ လုပ်ရပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ ခိုင်းတာလုပ်တာ မဟုတ်ပါဘူး။ ပြန်လည်သင့်မြတ်ချင်လို့ ချပေးတဲ့ ပုံစံခွက်ထဲမှာ ချပေးတဲ့ နေရာလေးမှာ ရပ်တည်လှုပ်ရှားနေတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး မဟုတ်ပါဘူး" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောသည်။

အာဏာရှင်တွေ လက်ထက်က တရားမမျှတတဲ့ ဥပဒေတွေ၊ တိုင်းရင်းသားတွေကို အညွန့်ခူးစားတဲ့ ဥပဒေတွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေ ပယ်ဖျက်ဖို့ လိုအပ်ပါတယ် . . . . .
ဦးကိုကိုကြီးသည် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိတွင် အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကလည်း အမျိုးသား ပြန်လည်စည်းလုံးညီ ညွတ်ရေး ပြန်လည်တည်ဆောက်နိုင်မည့် အလားအလာများ မြင်တွေ့ နေရပြီဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့်
တွေ့ဆုံခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ပြုလုပ်ခဲ့သော ပြည်ထောင်စုနေ့ အခမ်းအနားအပြီး ရေဒီယိုမိန့်ခွန်းတွင် ပြောကြားထားသော်လည်း လက်ရှိအချိန်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေး သမားများအကြား ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲမှုများ ရှိနေသည်ဟု သုံးသပ်ပြောကြားမှုများ ရှိနေသည်။

"အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ယုံကြည်မှု တည်ဆောက်ဖို့က အရေးကြီးပါတယ်။ အစိုးရဘက်က ယုံကြည်မှု တည်ဆောက်တာ အရမ်းအားနည်းတယ်။ ယုံကြည်မှု တည်ဆောက်တယ်ဆိုတာ နှုတ်နဲ့ပဲ ပြောလို့ရတဲ့အရာ မဟုတ်ဘူး။ လက်တွေ့လုပ်ဆောင်ရမှာ ဖြစ်တယ်။ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေး သမားတွေကို ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေကိုလည်း ပြင်ဆင်ပယ်ဖျက်ဖို့ လိုသလို ကောင်းမွန်တဲ့ ဥပဒေတွေကိုလည်း လက်တွေ့အကောင်အထည်ဖော်ဖို့ လိုတယ်" ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။

ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ
ဖြစ်ပေါ်လာရေး ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။ "အဓိကကတော့ အစိုးရအနေနဲ့ တိုင်းရင်းသား ကိစ္စတွေနဲ့ အကျဉ်းသား ကိစ္စတွေမှာပါ ထင်သာမြင်သာရှိတဲ့ လုပ်ဆောင်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အာဏာရှင်တွေ လက်ထက်က တရားမမျှတတဲ့ ဥပဒေတွေ၊ တိုင်းရင်းသားတွေကို အညွန့်ခူးစားတဲ့ ဥပဒေတွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေ ပယ်ဖျက်ဖို့ လိုအပ်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို စဉ်းစားတဲ့အခါမှာ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားလုံးက လုပ်ဖို့လိုပါတယ်" ဟု ဟံသာဝတီ ဦးဝင်းတင်က ပြောသည်။

"အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အစိုးရရော၊ နိုင်ငံရေး ပါတီရော၊ ပြည်သူရော၊ တိုင်းရင်းသားတွေနဲ့ စာနယ်ဇင်းတွေအားလုံး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က ဒေါ်အောင်ဆန်းစုကြည် တော်လှန်ရေးနေ့၊ တပ်မတော်နေ့မှာ ဖိတ်ပြီး တပ်မတော်နေ့ တက်ခွင့်ရတဲ့ အဖြစ်ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ အင်မတန်ကြီးမားတဲ့ မှတ်တိုင်တစ်ခု ဖြစ်တယ်။တိုင်းရင်းသားအားလုံး အမျိုးသား ပြန်လည် သင့်မြတ်ရေးကိုတော့ အများကြီးလုပ်ဖို့ လိုပါသေးတယ်" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောသည်။


Eleven Media Group

No comments: