ငါတို့ 
ဖောက်ပြန်မှုခေတ်ကြီးထဲ လျှောက်ခဲ့ကြပြီ...အမှားတွေက အမှန်ဖြစ်
လျှာပေါ်ဝဲ စကားတွေက စက္ကူဖြူတွေဖြစ်
သမတအကြံပေးတွေက
ဗိုလ်ချုပ်တွေနဲ့  တန်းညှိ
သတိ ----
(ကျုပ်တို့ လည်း) တိုင်းပြည် ချစ်သူများတဲ့ လေ...
မြန်မာပြည်မှာ အပေါဆုံးအလုပ်က
ပွဲစား
ထီးဖြူ ဖိနပ်မပါး
တနပ်စား အကြံများတဲ့ 
နိုင်ငံရေးပွဲစားများ
ဟော တယောက် ဟော တယောက်.
(ကျုပ်တို့ လည်း) တိုင်းပြည် ချစ်သူများတဲ့ လေ...
တိုင်းကျိုးပြည်ပြုနေတာပါ
နေပြည်တော် တောလားကို ရွတ်ဆို
ဦးသိန်းစိန် ကောင်း၏
ဒေါ်အောင်ဆန်းစုကြည် ပြောင်း၏
လွှတ်တော်အမတ်များ ညောင်း၏
အကယ်ဒမစ်များ (မိမိကိုယ်ကို) ရောင်း၏
ဘာညာ ဘာညာ ခေါင်းဆောင်များ ဂျောင်း၏
မီဒီယာများ (တချပ်မှောက်)ဖြင့် လောင်း၏
(ကျုပ်တို့ လည်း) တိုင်းပြည် ချစ်သူများတဲ့ လေ...
ဤသို့ ဤပုံဖြင့်
တော်လှန်ရေး မီးပွား
ဆက်လက် လွင့်စင်
ဆန္ဒများစွာ ချည်နှောင်ခံရဆဲ
ပါမစ်မရတဲ့ လုပ်ပိုင်ခွင့်တွေ
အရိုးစင်းဆုံး (၈၈)များ
အဖြူစင်ဆုံး (ကျောင်းသားတပ်မတော်) တပ်ဖွဲ့ ဝင်များ
အရှင်းသန့် ဆုံး (မြန်မာ) နိုင်ငံသူ။ နိုင်ငံသားများ
ဒုက္ခအရောက်ဆုံး (ဗမာ)အပါအ၀င် တိုင်းရင်းသား အိမ်ပြေးများ
ယုံကြည်ချက်နံရံနောက်ရှိ နိုင်ငံရေးအကျဉ်းသားများ
မြန်မာပြည်ဟုခေါ်သည့်
ကမ္ဘာ့မြေပုံထဲမှ အမှိုက်ပုံအောက်တွင်
လိပ်ပြာလုံစွာနေထိုင်နေသည့်
အမှန်တကယ် တိုင်းပြည်ချစ်သူများသာဖြစ်ပါသည်...။
(၂၅)နှစ်မြောက် အမှတ်တရ...(ဖိုးဇီဝ)

No comments:
Post a Comment