Sunday, May 12, 2013

မဟာစင် ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်မည်


............................................................................
ရန်ကုန်၊ မေ ၁၁

မြန်မာနိုင်ငံ (ကော့သောင်းမြို့) ၏ အနောက်တောင်ဘက် မိုင်(၅၁၀)ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(Mahasen)သည် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းခန့်တွင် မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက ယနေ့ညနေ ၇ နာရီတွင် သတင်း ထုတ်ပြန်သည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အဝါရောင်အဆင့်သာ ရှိသော်လည်း မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်ဘက်သို့ ကွေ့လျက် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းခန့်တွင် မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသ များဆီသို့ ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ခန့်မှန်းဖော်ပြသည်။

လက်ရှိအချိန်တွင် အဆိုပါ မုန်တိုင်းသည် မြန်မာနိုင်ငံနှင့် ဝေးကွာသော ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ဘက်သို့ ဦးတည်နေသော်လည်း မေလ ၁၂ နေ့ အထိသာ တည်ရှိနိုင်ပြီး အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ မောင်တောနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့များ အကြား ဖြတ်ကျော်ဝင်ရောက် နိုင်ကြောင်း၊ မုန်တိုင်း ဖြတ်ကျော်စဉ် ဆိုင်ကလုန်းမုန်တိုင်း အဆင့်နှင့် ဖြတ်ကျော်မည်ဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီတွင် ၁၀၀ မိုင်နှင့် ၁၁၀ မိုင်အကြား တိုက်ခိုက်နိုင်ကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်း ကမ်းခြေများကို မုန်တိုင်းဒီရေ အမြင့် ၅ ပေမှ ၇ ပေအထိ တက်ရောက်နိုင်ကြောင်း ဦးထွန်းလွင်၏ Myanmar Climate Change Watch ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။

"မုန်တိုင်းက သတိပေးအဆင့်မှာ ရှိတယ်။ ရေလွတ်တဲ့ ကုန်းမြင့်မှာ ရှောင်နေသင့်တယ်။ အထူးသတိထားရမှာက ရေနဲ့လေပဲ။ တကယ်လို့ ခန့်မှန်းထားတဲ့ လမ်းကြောင်းအတိုင်း ဝင်လာရင်တော့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း တွေမှာ မိုးများနိုင်တယ်" ဟု ဦးထွန်းလွင်က ပြောကြားသည်။

www.wunderground.com တွင် အဆိုပါ မုန်တိုင်းသည် မေလ ၁၄ ရက်နေ့ ည ၁၁ နာရီတွင် မြန်မာနိုင်ငံ မောင်တောမြို့ အနီးသို့ တစ်နာရီမိုင် ၁၀၀ နှုန်းဖြင့် ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။
ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် ထိခိုက်မှု အရှိဆုံး နိုင်ငံများတွင် ပါဝင်သည့် မြန်မာနိုင်ငံတွင် ၂၀၀၆ခုနှစ်မှ စတင်ကာ မုန်တိုင်း ငါးနှစ်ဆက်တိုက် ဝင်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မာလာ၊ ၂၀၀၇ခုနှစ်တွင် အကာ့ရှ်၊ ၂၀၀၈ခုနှစ်တွင်နာဂစ်၊ ၂၀၀၉ခုနှစ်တွင် ဘစ်ဂ်ျလီ၊ ၂၀၁၀ပြည့်နှစ် တွင် ဂီရိတို့ ဖြစ်သည်။ ယင်းတို့အနက် နာဂစ်မုန်တိုင်းမှာ မြန်မာ့သမိုင်းတွင် ပျက်စီး ဆုံးရှုံးမှု အကြီးမားဆုံး ဖြစ်ခဲ့ရပြီး လူတစ်သိန်း သုံးသောင်းကျော် သေဆုံးခဲ့သည်။

No comments: