Sunday, February 19, 2012

တစ်လှည့်တစ်ပြောင်းဖြင့်


ပြည်သူတို့ဘ၀သည် အမြဲရုန်းကန်နေရသည်။ အင်္ဂလိပ်ကိုလိုနီမဖြစ်ခင် သက်ဦးဆံပိုင်ပဒေသရာဇ် အုပ်ချုပ်မှုအောက်တွင် မော်ဖူးစေဆိုမှ ဖူးရသောဘ၀၊ အောက်ဆုံးတွင် ကျေးတော်မျိုး၊ ကျွန်တော်မျိုးဘ၀များဖြင့် နေခဲ့ရသည်။ ဒီနောက် အင်္ဂလိပ်ကျွန်ဘ၀ဖြင့် နှစ်ပေါင်းများစွာ ကျွန်ဖြစ်ရပြန်သည်။
ထို့နောက်တွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြန်သောအခါ ပြည်တွင်းအကွဲအပြဲပေါင်းများစွာတို့က ပြည်သူများကို မြေစာမြက် ဖြစ်စေပြန်သည်။ ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းပြီး၊ ၁၉၇၂ ခုနှစ် တစ်ပါတီစနစ်၏ အုပ်ချုပ်မှု အောက်တွင် နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ခဲ့ပြီးနောက် တိုင်းပြည်ကို ဆင်းရဲတွင်း ချောက်ကမ်းပါးကြီးထဲသို့ တွန်းချလိုက်ပြန်သည်။ ပြည်သူများပင် ဖွတ်ကြောပြာစုဘ၀သို့ ရောက်ကြရပြန်ပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး တွေ့ကြုံကြရသည်။ ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီဟူသော ခေါင်းစဉ်ဖြင့် ပေါ်ပေါက်လာချေပြီ။ ပြည်သူဆိုသော အသုံးအနှုန်းဝေါဟာရကို သဲ့သဲ့လေး ကြားမိသည်ထင့်။ ပြည်သူများအတွက် ဘာတွေလုပ်ပေးမှာလဲ (သို့မဟုတ်) ဘာတွေထုတ်ယူ ကြဦးမှာလဲဆိုသည်ကိုတော့ အချိန်ကပေးသော အဖြေသည် အကောင်းဆုံးဖြစ်ပါလိမ့်မည်။
အတိတ်ကာလတစ်လျှောက်လုံးတွင် ပြည်သူတို့၏ ရုပ်ပုံလွှာများသည် ချို့တဲ့ခြင်း၊ အားငယ်ခြင်း၊ ဖိနှိပ်ခံရခြင်းများစွာနှင့်သာ ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့သည်။ မည်သို့ပင် ဖြစ်ပါစေ ပြည်သူ၊ ပြည်သားများသည် မိမိတို့ကိုက ကံမကောင်းသဖြင့် ဆင်းရဲချို့တဲ့ရခြင်းဟု ဖြေသိပ်လေ့ရှိပါသည်။ ဘယ်သူ့ကြောင့်ဖြစ်ရသည်ဟု အပြစ်တင်လေ့ မရှိကြချေ။ ထိုထိုသော လောကဒဏ်ရာများသည် ပြည်သူတို့၏ ရင်ဘတ်ထဲမှာ နေရာမလပ် ပြည့်နှက်နေ လိမ့်မည်ထင့်။ ပြည်သူတို့၏ ကံဇာတာ သည် ဘ၀အတွေ့အကြုံအရ ပြည်သူအတွက်နှင့် ပြည်သူ့ဘက်မှာ ဘယ်သောအခါမှ မရှိခဲ့ပါ၊ ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရလိမ့်မည်ဆိုသော လောကအဘိဓမ္မာဆရာများ၏ စကားများကို နားလည်ရန် ခက်ခဲစေခဲ့ပါသည်။
နိုင်ငံရေးဇာတ်ခုံပေါ်တွင် နိုင်ငံရေးသမားတိုင်းသည် ပြည်သူ့အတွက်ဟု အစဉ်တစိုက်အော်ခဲ့ကြသူများသာ ဖြစ်ပါလိမ့်မည်။ကျွန်တော်/ကျွန်မတို့ အာဏာရလျှင် ပြည်သူကိုကျောခိုင်းသွားပါမည်ဟု မည်သည့်နိုင်ငံရေး သမားမှ ပြောခဲ့လိမ့်မည်မဟုတ်ပါ။
ယုံကြည်ရာ ခြေလှမ်းများဖြင့် ယုံကြည်စွာပြည်သူ့အတွက် လျှောက်လှမ်းနေကြသော မျိုးဆက်သစ်များအားလုံးကို စာနာထောက်ထား လေးစားပြီးဖြစ်သည်။ ပေးဆပ်ရခြင်းများ ကြီးမားလှသည်။ နိုင်ငံကိုချစ်၍ ပြည်သူကို ချစ်၍ ပြည်သူတို့၏ ဘ၀ကို စာနာနားလည်ပြီး လုပ်ဆောင်နိုင်စွမ်းရှိကြသော သူရဲကောင်း ပြည်သူ့ကျေးကျွန်ကောင်းကြီးများ၏ စွမ်းရည်ကောင်းများဖြစ်ပါသည်။ ပြည်သူတို့က ထိုသို့သော ပုဂ္ဂိုလ်ကြီးများကို ဘယ်သောအခါမှ မေ့ပျောက်သွားလိမ့်မည်မဟုတ်ချေ။ အမျိုးသားသူရဲကောင်းကြီးများအဖြစ် ထာဝရတမ်းတအောက်မေ့နေကြမည် ဖြစ်သည်။
မိမိတို့၏ ယုံကြည်မှုအတွက် စွန့်လွှတ်စွန့်စားဝံ့သူများသည် အရာရာကို ပေးဆပ်ရစမြဲဖြစ်သည်။ ရာဇ၀င်များထဲတွင် ပြန်ကြည့်လျှင် မင်းမြတ်နော်ရထာ၊ မင်းကျန်စစ်၊ အလောင်းမင်းတြားကြီး ဦးအောင်ဇေယျ၊ ဘုရင့်နောင်မင်းတြားကြီးတို့ သည် အရာရာကို စွန့်လွှတ်စွန့်စား၍ နိုင်ငံတော်ကြီးများကို ထူထောင်သွားတော်မူခဲ့ကြသည် မဟုတ်ပါလော။ ရယူပိုင်ဆိုင်ခြင်းနှင့် ပေးဆပ်ခြင်းသည် တန်ဖိုးချင်းကွာခြားလွန်းမည်မှာ သေချာပါသည်။ အခြေအနေအချိန်အခါများသည် ပေးဆပ်ဝံ့သူများ၏ တန်ဖိုးများဖြစ်ပြီး ရယူလိုခြင်းသက်သက်ကိုသာ အဓိကထားသူများအတွက် ဘာတစ်ခုမျှ ပိုင်ဆိုင်ခွင့်မရနိုင်ဆိုသည်မှာ ရာဇ၀င်များထဲတွင် အပြည့်ရှိပါသည်။ အတ္တကြီးမားလေလေ အနတ္တတရား၏ အဆုံးအမကို များများ ကြုံတွေ့ရမည်မှာ လောကသဘာဝတရားကြီးသာ ဖြစ်ပါသည်။


ဦးမိုးညိုနှင့် ဦးဖျောက်ဆိပ်တို့ဟာသ ပြက်လုံးထုတ်သလို 'ပိုးစုတ်ဆိုလည်း ထောင်း၊ ချည်စုတ်ဆိုလည်း ထောင်း' ဘယ်လိုမဆို အထောင်းခံဘ၀က လွတ်ငြိမ်းချမ်းသာခွင့်ကို မည်သူကများ ပေးကြမှာပါလဲ ခင်ဗျာ။ စွမ်းနိုင်သူများက ဆောင်ကြပါ၊ ပြည်သူ၊ ပြည်သားတို့ ကျောမှာ ဒဏ်ရာတွေချည်းပါပဲ  . . .
ဒီမိုကရေစီဆိုသည်ကို ကြားဖူးယုံသာရှိသည်။ လက်တွေ့မကြုံဖူး၊ မခံစားဖူးပါ။ ဘယ်လိုနေမည် မသိရိုးအမှန်ပါခင်ဗျာ။ သို့ရာတွင် ရှေ့ရှေ့ကာလများတွင် အောက်ဆုံးက နိုင်ငံသားပေါင်းများစွာ၊ ပြည်သူပေါင်းများစွာသည် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်က ထင်ပေါ်ကျော်ကြားခဲ့သော မင်းသားကြီးရွှေမန်းတင်မောင်၏ ဗုဒ္ဓ၀င်ဇာတ်တော်ထဲက လူရွှင်တော်ကြီးများဖြစ်သော ဦးမိုးညိုနှင့် ဦးဖျောက်ဆိပ်တို့ ဟာသပြက်လုံးထုတ်သလို ''ပိုးစုတ်ဆိုလည်း ထောင်း၊ ချည်စုတ်ဆိုလည်း ထောင်း'' ဘယ်လိုမဆို အထောင်းခံဘ၀က လွတ်ငြိမ်းချမ်းသာခွင့်ကို မည်သူကများ ပေးကြမှာပါလဲခင်ဗျာ။ စွမ်းနိုင်သူများက ဆောင်ကြပါ၊ ပြည်သူ၊ ပြည်သားတို့ကျောမှာ ဒဏ်ရာတွေချည်းပါပဲ။ အနာတစ်ခုမှ မကျက်သေးခင် နောက်အနာတစ်ခုဖြင့် ပေး ခွင့် သင့် မသင့် ချင့်ချိန်ကြပါဦးဟု တောင်းပန်ပါရစေတော့ဗျာ။ အာဏာဆိုတာ ယစ်မူးတတ်တာမျိုးပါ၊ ပြည်သူ့အသံ၊ လွှတ်တော်အသံဟု ကြားရသည်၊ ပြည်သူ့အသံကို အားလုံးကနားစွင့်ပေးကြပါ၊ တကယ့်ကျေးလက်နေ ပြည်သူအများစုသည် မြန်မာနိုင်ငံ၏ အများဆုံးသော အရေအတွက်ဖြစ်သည်။ သူတို့တစ်တွေသည် တကယ်ကို ဘာမျှမသိရိုးအမှန်ပါ။ အောက်ဆုံးက ပြည်သူပြည်သား၊ နိုင်ငံသူ၊ နိုင်ငံသားများမှာဖြင့် သမိုင်းစဉ်တစ်လျှောက် ကျွန်ဖြစ်လိုက်ရ၊ နီဆို နီလိုက်ရ၊ ၀ါဆို ၀ါလိုက်ရ၊ ဆိုရှယ်လစ်ဆိုတော့လည်း ဆိုရှယ်လိုက်ရပါပဲ။ တကယ်တော့ ဘာမျှ မသိကြပါခင်ဗျာတို့ရယ်။ လာပြန်ပါပြီ ဒီတစ်ခါတော့ ပါတီစုံဒီမိုကရေစီဆိုတာကြီးနဲ့ နဖူးတွေ့၊ ‘ဒူးတွေ့ တွေ့ရပြန်ပါပြီ၊ မည်သို့နေမည် မသိပါ။ ဟိုလိုပြော ဟုတ်နိုးနိုး၊ ဒီလိုပြော တော့လည်း ဟုတ်နိုးနိုး၊ နောက်ဆုံးတော့ အောက်ဆုံးက နင်းပြားတွေပဲ မှုန့်မှုန့်ညက်ညက် ကြေရလျှင်လည်း ထုံးစံအတိုင်းပေမို့ မည်သူ့ကိုမျှ အပြစ်မတင်ဝံ့ကြောင်းပါခင်ဗျာ။
ဒီမိုကရေစီခေတ်ရောက်လျှင်ဖြင့် စား၊ ၀တ်၊ နေရေးလေးများ အဆင်ပြေသွားတန်ကောင်းရဲ့ဟု မရဲတရဲမျော်လင့်မိသည်ကိုတော့ ၀န်ခံပါသည်။ ပြည်သူ့ကိုယ်စားလှယ်လောင်းကြီးများကလည်းအောင် နိုင်မဲရရှိရေးအတွက် နယ်လှည့်စည်းရုံးစဉ်က အပြောတွေ ကောင်းသလောက်၊ နောင်သော်အခါကျတော့.. မျှော်သာမျှော်၊ ပေါ်မလာတော့ချေ။ ဒါတွေလည်း စောဖေ(ပြည်သူ)တို့က နောကျေနေပါပြီ။ တချို့ဆိုကြပြန်သေးသည် ပြည်သူများ ကိုယ်တိုင် တာဝန်ရှိသည်ဟူ၏။ ဒီလောက် ကုန်ခံ၊ ရုန်းခံနေရသောသူများ၊ လုပ်သမျှကိုင်သမျှ ငြင်းဆိုခွင့်၊ ငြင်းပိုင်ခွင့် တစ်ခါမှမရခဲ့ဖူးသော ပြည်သူများမှာ မည်သို့သော တာဝန်များရှိနေပါသေးသနည်း။ တိုင်းပြည်၏ ဖြစ်လာသမျှအားလုံးကို နောက်ဆုံးအဆင့် အောက်ဆုံးအဆင့်ကနေ ခါးစည်းခံ ကြရသူများဖြစ်ကြပါသည်။ တကယ့်ပြည်သူ့ အကျိုးတော်ဆောင်ကြီးများက ပြည်သူပြည်သားများကို လမ်းပြပေးတော်မူကြပါကုန်...။
အောက်ဆုံးက ပြည်သူများသည် နိုင်ငံကျော်အဆိုတော်ကြီး မာမာအေးသီချင်းတစ်ပုဒ်ထဲက စာသားလိုပါပဲ။ ''သူပြုသမျှ၊နုရပါတော့သည်''သွားဆို သွားလိုက်ရ၊ ထိုင်ဆို ထိုင်လိုက်ရ၊ ထဆို ထလိုက်ရ။ ဘာဆို ဘာမှ မသိကြပါခင်ဗျာ၊ နှစ်တွေ လည်း ကြာလှပါပြီ၊ ခေတ်တွေလည်း ပြောင်းလှပါပြီ၊ တစ်လှည့်တစ်ပြောင်းဖြင့် ပြည်သူ့အတွက် . . . . ပြည်သူကောင်းစားရေးဟူ၍ . . . . ။
 Written by စိမ့်ညက်(ညောင်ဦး)   

No comments: