Sunday, March 25, 2012

ကချင်ဒေသဒုက္ခသည်တွေဆီ ကုလအကူညီပေးရေးအဖွဲ့ ရောက်ရှိ


2012-03-25
ကချင်ဒေသက စစ်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရတဲ့ ဒေသခံ စစ်ပြေး ဒုက္ခသည်တွေကို အကူအညီပေးဖို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းဟာ အခုအခါ ကချင်ဒေသကို ရောက်ရှိ ကူညီနေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။
ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့ရဲ့ခရီးစဉ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ခဲ့တာ ဖြစ်ပြီး ကချင်စစ်ပြေး ဒုက္ခသည် တထောင်နဲ့ တလစာ စားသုံးနိုင်မယ့် အစားအသောက်နဲ့ အရေးပေါ်သုံး ပစ္စည်းတွေကို မြစ်ကြီးနားမြို့နဲ့ မနီးမဝေးမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို ကူညီသွားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက RFA ကို ပြောပါတယ်။ ကုလသမဂ္ဂအဖွဲ့ရဲ့ ကချင်ပြည်နယ် ဒီ-ခရီးစဉ်ဟာ ဒုတိယအကြိမ် ဖြစ်ပြီး နောက်ကိုလည်း အခုလို အကူအညီပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ပထမ အကြိမ်ကတော့ ၂၀၁၁ ဒီဇင်ဘာလထဲမှာ ဖြစ်တယ်လို့ ဦးအေးဝင်းက ပြောပါတယ်။ ဒီအဖွဲ့မှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့ UNOCHA ၊ ကုလသမဂ္ဂ ပညာရေးနဲ့ ကလေးသူငယ်များ ဆိုင်ရာ ရံပုံငွေအဖွဲ့ UNICEF၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် World Food Program နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်ကြပါတယ်။ ကချင်ဒေသတွင်း ပဋိပက္ခကြောင့် ဖြစ်လာရတဲ့ ပြည်တွင်း အိုးအိမ်စွန့် ဒုက္ခသည်တွေကို အသိအမှတ်ပြုပြီး လူသားချင်း စာနာတဲ့ အခြေခံစည်းမျဉ်းတွေအရ ဒုက္ခသည်တွေ လက်ထဲ အကူအညီတွေ တိုက်ရိုက် ရောက်သွားအောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ရန်ကုန်ရုံးရဲ့ ကြေညာချက်က ဆိုပါတယ်။

No comments: