Sunday, March 25, 2012

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် မကွေးခရီးစဉ်ကို ဖျက်သိမ်း


2012-03-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေနေကြောင့် မတ်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ မကွေးတိုင်း (၄) မြို့နယ် မဲဆွယ်စည်းရုံးရေး သွားရောက်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
Photo Courtesy of Aung Koe
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း မတ်လ ၂၄ ရက်နေ့က မြိတ်လူထုကို စကားပြောနေစဉ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းရဲ့ အကြံပြုချက်အရ အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်တာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခုသွားရောက်နေတဲ့ တနင်္သာရီတိုင်း မြိတ်ခရီးစဉ်အတွင်း ကျန်းမာရေး အခြေအနေ ချို့ယွင်းလာတာကြောင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတာ ဖြစ်တယ်လို့ NLDပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ တာဝန်ခံ ဦးဥာဏ်ဝင်းက RFAကို ပြောပါတယ်။ "မြိတ်ခရီးစဉ် အပြည့်အစုံ မသွားနိုင်တော့ဘဲ ၃ နေရာအစား တနေရာကိုပဲ သွားရောက်နိုင်ပါတယ်။ ဆရာဝန်က မကွေးခရီးစဉ်ကို ခွင့်ပြုချက် မပေးလို့ မကွေးခရီးစဉ် ပျက်ပါတယ်။ အနဲငယ် အားနည်းတာပါ။ မကွေးအစီအစဉ်ကတော့ မကွေး၊ ကျောက်ပန်းတောင်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ ကျန်တဲ့ ခရီးစဉ်တွေအတွက် ဘာမှ မပြောသေးပါဘူး။ အရင်အတိုင်းပဲ ရှိနေပါတယ်။" လေယာဉ်ခရီး၊ ရေကြောင်းခရီးတွေနဲ့ မြိတ်မြို့ကို မဲဆွယ်စည်းရုံးရေးခရီး သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လမ်းခရီးအတွင်း ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့် မူးမော် အော့အန်တာတွေ ဖြစ်ခဲ့တယ်လို့ သူ့ရဲ့လုံခြုံရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြိတ်မြို့ကနေ လေကြောင်းခရီးနဲ့ ဒီကနေ့ ညပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိ လာပါတယ်။

No comments: