Monday, April 16, 2012

တိုင်းပြည်နဲ့ လူမျိုးကို ချစ်အောင်၊ ကိုယ့်ယဉ်ကျေးမှု ကိုယ်ထိန်းသိမ်းချင်အောင်လား....ဒါဆို အားလုံး ပြင်ဖို့ လိုပါမယ်


သင်္ကြန်အကြိုနေ့မတိုင်ခင်ကတည်းက ကျမဖျားနေခဲ့တယ်။ လည်ချောင်းနာပြီး ရပ်ကြပ်နေတာ၊ ခံရခက်တဲ့ဖျားနာခြင်းပါ။ အဲဒါထက် ဆိုးတဲ့ ဝေဒနာကိုလည်း ခံစားခဲ့ရတယ်။

 သင်္ကြန်တွင်း သတင်းတွေ တင်ရင်း facebook ပေါ်က သတင်းတွေရော၊ အွန်လိုင်းပေါ်က သတင်းဋ္ဌာနတွေ အားလုံးနီးပါး ပုံမှန်အတိုင်းဖတ်ဖြစ်ပါတယ်။ သတင်းဓါတ်ပုံတွေမှာတော့ ပေါင်ပေါ်ရင်ဘတ်ပေါ် ဓါတ်ပုံတွေကို ဝေေ၀ဆာဆာကို တွေ့ရတယ်။

ကျမတို့ တိုင်းပြည်က အမျိုးသမီးလေးတွေကို ခုလို အနေအထားမျိုးတွေနဲ့ တွေ့နေရတာ စိတ်မသက်သာလှပါဘူး။ စာလည်း ရေးချင်လှပါတယ်။ မနေ့က ကျမ မွေးနေ့( ၃၈ နှစ်ပြည့်ခဲ့ပြီး) အကြတ်နေ့ မှပဲ ကျမ ခေါင်းထူနိုင်ခဲ့ပါတယ်။


မလုံ့တလုံဝတ်ပြီး ရေကစားသူတွေ၊ ရေပက်ခံထွက်သူတွေက အရင်နှစ်တွေကထက် ဒီနှစ် ပိုများလာပါတယ်။ ဒီနှစ်မှာ မင်းသမီးတွေအားလုံးနီးပါးကလည်း မလုံ့တလုံတွေချည်း ၀တ်ဆင်ထားကြတော့ သာမန်မိန်းကလေးတွေ လိုက်ဝတ်နေတယ်ဆိုတာ ဆန်းလှတယ်လို့လည်း မမြင်မိပါဘူး။

မလုံတလုံဝတ်ပြီး မူးပြီး ကနေတဲ့ မိန်းမငယ်လေးတွေကို မြင်ရတော့ သူတို့ကို အပြစ်တင်မဲ့ အစား တကယ်အပြစ်တင်ရမဲ့ သူတွေ ကို သွားပြီး သတိပြုမိလာပါတယ်။

တကယ်မြန်မာ့ယဉ်ကျေးမှုကို ပျက်ဆီးပြစ်လိုက်တဲ့ သူတွေ ရှိပါတယ်။ သူတို့ကသာ အဲဒီမိန်းကလေးတွေကို ခုလောက်ထိ ၀တ်စားဆင်ယင်မှုနဲ့ နေထိုင်မှုကို ဖျက်ဆီးပစ်လိုက်ကြတာပါ။ 

ကျမတို့ မြန်မာအမျိုသမီးတွေက သာမန်အားဖြင့် အရှက်အကြောက်ကြီးကြပါတယ်။ ခုလောက်ထိ ဖြစ်ပျက်သွားအောင်နှစ်ပေါင်း ၂၀ေ ကျာ်ကြာအောင် ဖျက်ဆီးခံခဲ့ကြရတယ်။

အဲဒီထဲမှာ ကျမတို့ မီဒီယာတွေလည်း ပါတယ်။ ပေါင်ပေါ် အ၀တ်အစားတွေနဲ့မင်းသမီးတွေ၊ မော်ဒယ်လ်တွေကို အလှဓါတ်ပုံ ၇ိုက်ပြီး မျက်နှာဖုံးမှာ၊ အတွင်းမှာ ဖော်ပြပေးခဲ့ကြတဲ့ မီဒီယာသမားတွေရဲ့ အပြစ်ဟာလည်း မသေးပါဘူး။

ကိုယ့်ဂျာနယ်၊ ကိုယ့်မဂ္ဂဇင်းရောင်းရရေးအတွက် မင်းသမီးတွေ၊ မော်ဒယ်လ်တွေရဲ့ မပေါ့်တပေါ် ပုံတွေကို ၂၀၀၀ပြည့်နှစ်
မတိုင်ခင်းကတည်းက ၀န်းကျင်လောက်ကတည်းက လှိုင်လှိုင်ကြီး အသုံးပြုလာခဲ့တာပဲ။  သေချာစဉ်းစားကြည့်ရင် အဆိုတော်တွေ မင်းသားမင်းသမီးတွေက ၀တ်ဆင်တယ်ဆိုရင်တောင် ကျမတို့ မီဒီယာတွေကထည့်မပေးဘူး၊ ဖော်ပြမပေးဘူးဆိုရင် သူတို့တွေရဲ့ ပုံတွေဟာ ပြည်သူတွေကြားထဲ ရောက်စရာမရှိပါဘူး။ (အဲဒီတုန်းကတည်းက စာပေစီစစ်ရေးက ဖြတ်ချင်တာ ဖြုတ်ခဲ့ပေမဲ့ ဒီလို ပုံတွေမှာလည်း မဖြုတ်ဘဲ လွှတ်ခဲ့တာတွေလည်း အများကြီးပါ)

TV ကြော်ငြာရိုက်ခဲ့တဲ့ဒါရိုက်တာကြီးတွေလည်းပါတယ်။ သူတို့တွေက ကြည့်တဲ့သူတွေကို ဆွဲဆောင်ဖို့အတွက် မော်ဒယ်လ်တွေကို သူ့ထက်ငါ ဖော်ရဲအောင် ရိုက်ကူးပေးခဲ့ကြတယ်၊  ဓါတ်ပုံတွေ၊ ရေကူးဝတ်စုံသာသာ ၀တ်စုံတွေနဲ့ ကြော်ငြာတွေ ဖတ်တီးမပြီး ပရိတ်သတ်ကို့   ဆွဲဆောင်ခဲ့ကြတယ်။

အဆိုတော်၊ ရုပ်ရှင်မင်းသားမင်းသမီးတွေကလည်း  အပြစ်ကြီးသူတွေပါပဲ။  သူတို့ကိုယ်တိုင်မှာကိုယ်က အနုပညာ တန်ဖိုးထက် အရည်အသွေးထက် ဖော်မှ၊ ပြမှ လူကြိုက်မှာဆိုတဲ့ အတွေးအခေါ်မျိုးတွေနဲ့ ရှင်သန်လာကြတာ ဘယ်လောက်ကြာပြီလဲ။

မင်းသမီးတယောက် အောင်မြင်ချင်ရင် အနုပညာအရည်အသွေးမြင့်ဖို့ဆိုတာကို စိတ်မ၀င်စားဘူး၊ ကိုယ်လုံးတီး ဓါတ်ပုံရိုက်ဖို့ အပြာကားဆန်ဆန် အခွေတွေ မျာများပြန့်နှံ့ဖို့ကိုပဲ စိတ်ဝင်စားခဲ့ကြတာ။ မင်းသားခေတ်မို့မင်းသားကြည်ရင် ပြီးပီဆိုတဲ့ စိတ်ဓါတ်တွေနဲ့ ပြည်သူ့ပိုက်ဆံတွေ ယူခဲ့ကြတာ။

ဒီကြားထဲမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ စပွန်ဆာ ကိစ္စကလည်း များများဖော်ကြပါ၊ ကြိုက်တာ ရွေးပြီး ဆပွန်ဆာ ပေးမယ်ဆိုတာမျိုးနဲ့ အားပေးအားမြှောက်လုပ်ခဲ့တာပါပဲ။

မြန်မာ့ရုပ်မြင်သံကြားနဲ့ မြ၀တီတို့မှာ ဘယ်လို ဇာတ်ကားမျိုးတွေကို လွှင့်မယ်လို့ စီစဉ် ဆုံးဖြတ်သူတွေကလည်း အပြစ်ရှိသူတွေထဲမှာပါပါတယ်။

ဒီကိုရီးယားဇာတ်ကားတွေကို အတွဲလိုက် နှစ်ပေါင်းများစွာ လွင့်နေတဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ကျမ သေချာမသိပါဘူး။ဒါပေမဲ့ ဒီလို နှစ်ပေါင်းများစွာ လွှင့်နေခြင်းက ခုလို ဆုံးရှုံးနစ်နစ်မှုတွေနဲ့ ကြုံတွေ့ရစေပါတယ်။ ဒီလူတွေရဲ့ အပြစ်ကလည်း ကြီးလှပါတယ်။

ဒါပေမဲ့ ဒီလို လွှင့်နေခြင်းအားဖြင့် မြန်မာအမျိုးသမီးအများစု ကြီးကြီးရွယ်ရွယ်ငယ်ငယ် အချိန်ကုန်စေပါတယ်။ ဒီထက်ပိုဆိုးတာက အမျိုသမီးငယ်တွေမှာ ဆံပင်ပုံဆန်ကစ၊ အပြောအဆိုအနေအထိုင်အကုန်လုံး  မြန်မာ မဆန်တော့ပါဘူး။ တော်တော်လေးကို ယဉ်ကျေးမှု ပျောက်ခြင်း၊ အရက်သောက်တတ်လာခြင်းနဲ့ နိုင်ငံချစ်စိတ်ပျောက်လာခြင်း၊ တိုင်းတပါးသား ကို အထင်ကြီးလာခြင်း၊ နိုင်ငံခြားသားကို ခင်ပွန်းတော်ချင်စိတ်ဝင်လာခြင်း ... စတဲ့ ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။

ဒီထက်ပိုဆိုးစေတာကတော့ နေ ညစဉ်မပျက် လွှင့်ပေးနေတဲ့ ကိုယ်ရီးယားဇာတ်ကားတွေဟာ ကျမတို့အမျိုးသမီးထုကို ဘယ်လောက်ထိ ဖျက်ဆီးပစ်လိုက်သလဲဆိုရင် ယဉ်ကျေးမှု ပျောက်ရုံ့တင်မကဘူး၊ ကိုရီးယားဇာတ်ကားတွေထဲက အတိုင်း အိမ်ထောင်ရှိအမျိုးသားတွေကို အပျိုအမျိုးသမီးတွေက လိုက်ကြိုက်၊ သူများအိမ်ထောင်ဖျက်ဆီးတာတွေကိုပါ လိုက်ပြီး အတုယူရလောက်တဲ့အခြေအနေထိ ဖြစ်လာစေခဲ့တာ။ကာမေသု မိစ္ဆာစာရာ ကံကိုလွယ်လွယ်ကူကူ ကျူးလွန်မိစေတော့တာပါပဲ။

အဲဒီဇာတ်ကားတွေကို မြန်မာပြည်မှာ ရှိတဲ့ရုပ်သံလိုင်းတွေမှာ လွှင့်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူတွေ၊ လွှင့်နေတဲ့ သူတွေအားလုံးဟာ အပြစ်ရှိသူတွေပါ။

နောက် အပြစ်ရှိသူတွေကတော့ လူကြီးမိဘတွေနဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေပါ။ ကိုယ့်လူမျိုးကို ချစ်တတ်အောင်၊ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းချင်အောင် သင်မပေးကြတဲ့ အပြစ်တွေပါ။အထူးသဖြင့် ကိုယ့်လူမျိုးကိုယ်အထင်သေးစေလှတဲ့ အပြောအဆိုမျိုးတွေ ပတ်ဝန်းကျင်မှာ နေ့စဉ် သုံးနှုန်းပြောဆိုနေကြတာကလည်း လူငယ်တွေရဲ့ စိတ်မှာ စွဲထင်စေပါတယ်။မြန်မာနိုင်ငံသား လို့ ပြောရမှာ ရှက်တဲ့ သူတွေ ကမ္ဘာမှာ ရှိနေတာ ဘယ်လောက်များခဲ့သလဲ။ ဒီလိုအခြေအနေမျိုးတွေ ဘာကြောင့် ရောက်ခဲ့ရသလဲ။

နိုင်ငံရေး မလုပ်ရင် ပြီးရော ကျန်တာ အကုန်လုပ်ဆိုတဲ့ စကားနဲ့ အဓိပ္ပါယ်ဟာ ယနေ့ အသက် ၃၀ အောက်နဲ့ အသက် ၂၀ ၀န်းကျင် လူငယ်တွေကို ဖျက်ဆီးပစ်ခဲ့တာပါပဲ။လူငယ်အမျိုးသားအမျိုးသမီးတွေရဲ့ စံ တွေဟာ လမ်းလွဲရောက်စေခဲ့တာ အဲဒီအချက်က အဓိက လို့မြင်မိပါတယ်။

နောက်ဆုံးအပြစ်ရှိသူတွေကတော့ ကိုယ့်ရဲ့ မဖော်ပြသင့်တာတွေကို မရှက်အကြောက်မဲ့စွာ ၀တ်စားဆင်ယင်နေကြသူတွေပါပဲ။ ကိုယ်ရဲ့ တန်ဖိုးဟာ ဘယ်မှာ ရှိပါသလဲ။ အနုပညာသမားဆိုရင် ကိုယ့်ရဲ့ တန်ဖိုးဟာ ကိုယ့်အနုပညာပါ၊ ကျောင်းသူ ဆိုရင်လည်း ကိုယ့်ရဲ့ တန်ဖိုးဟာ ပညာရေးမှာ ရှိပါတယ်။ သာမန်အမျိုးသမီးတယောက်အနေနဲ့ ရုပ်ရည်မလှဘူးလို့ ကိုယ့်ကိုယ်ကို ယူဆရင် ကိုယ့်ရဲ့ တန်ဖိုးကို ဗဟုသုတများခြင်းမှာ ရှိအောင် ကိုယ်ပိုင်အရည်အသွေးထက်မြက်အောင် ကြိုစားသင့်တယ်လို့ ကျမမြင်ပါတယ်။

ဒီနှစ်သင်္ကြန် ရန်ကုန်မှာ ရေကစားတုန်း မလုံတလုံမြင်ကွင်းတွေအများကြီး မြင်ခဲ့ရ သူတွေရော ၀တ်ခဲ့တဲ့ သူတွေရော အားလုံးပဲ ကျမတို့တွေ အားလုံး နှစ်ဟောင်းက အညစ်အကြေးတွေကို ထားခဲ့ပြီး  ပြင်ကြရအောင်ပါ။ 

ကျမတို့ ခုလို မှားနေတဲ့ လမ်းလွဲနေတဲ့ သူတွေကို ၀ိုင်းဝန်းအပြစ်တင်မဲ့ အစား ကိုယ့်အပြစ်ကိုယ်မြင်ပြီး ရှက်ကြရအောင်ပါ။

လက်ရှိ လူငယ်တွေကို ကိုယ့်ယဉ်ကျေးမှုကို လေးစားတန်ဖိုးထားတတ်အောင် ကျမတို့ကိုယ်တိုင် တန်ဖိုးထားပြရအောင်ပါ။

ကျမတို့ တိုင်းပြည်နဲ့ လူမျိုးကို ချစ်ပြရအောင်ပါ။ ကိုယ့်အချင်းချင်း ချစ်ခင်ညီညွှတ်ကြရအောင်ပါ။

အခုလို ယဉ်ကျေးမှု ပျောက်နေတဲ့ ကလေးတွေကို ကျမတို့  ဘယ်လို ပြန်လည် ပြုပြင်မလဲ ဆိုတာကို အားလုံး စဉ်းစားပြီး ပြင်ဆင်ပေးကြရအောင်ပါ။
ယဉ်ကျေးမှု ပျောက်၊ အနာဂတ်ပျောက်နေတဲ့ ကလေးတွေအရေးကလည်း အမျိုးသားရေးပါပဲရှင်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်က မိန်းကလေးတွေကစပြီး ကျမတို့ ပြင်လိုက်ကြရအောင်ပါ။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်စွာဖြင့်
May Thingyan Hein

No comments: