Monday, December 3, 2012

ညီလာခံကျင်းပရေးကော်မရှင်ကို NLD ပါတီဝင်များ ဆန္ဒပြ


ယနေ့ မနက်(၉)နာရီအချိန်မှစတင်၍ 
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့

နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

(NLD)ပါတီမှ ပါတီဝင်(၂၅၀)က

 NLDမြို့နယ်ညီလာခံ


ကျင်းပရေး ကော်မရှင်ကိုဆန္ဒပြသနေကြသည် ။

        NLD မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်အနေနှင့် ရပ်/ကျေးညီလာခံများ၏
ကျင်းပခဲ့ရာတွင် မျှတမှုများမရှိသောကြောင့် ဆန္ဒထုတ်ဖော်ပြရခြင်းဖြစ်ကြောင်း

ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးစိုင်း(ခ)ဦးကျော်မြင့်လွင်က မြန်မာ့ခေတ်သို့ပြောသည် ။

        "သူတို့က ရပ်/ကျေးညီလာခံတွေ လုပ်ပေးတဲ့နေရာမှာ နေရာဒေသအတော်
များများမှာ ညီလာခံဥပဒေနဲ့ ကိုက်ညီမှုမရှိတာတွေကို တွေ့ရတယ် ။ ဒါကြောင့်ခုလို

ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ခဲ့တာပါ "ဟု ၄င်းကဆိုသည်။

        ဆန္ဒပြသူများက မအူပင်NLDမြို့နယ်ကော်မရှင်အလိုမရှိ၊ ဦးသောင်းအေးအားအလိုမရှိ၊
ဗဟိုဦးစီးစနစ်လုပ်ရပ်အလိုမရှိ စသော ပိုစတာများကိုင်ဆောင်ကာ မြို့တွင်းလှည့်လည်ကြပြီး

(၉)လမ်း၊ ရှိ NLDရုံးရှေ့တွင် ခေတ္တဆန္ဒပြကာ ဆက်လက်၍ ရေလဲလမ်း လမ်းဆုံသို့ ချီတတ်

ဆန္ဒပြကြောင်းသိရသည်။

          အဆိုပါဆန္ဒပြပွဲနှင့် ပက်သက်၍ မအူပင်NLD မြို့နယ်ညီလာခံကျင်းပရေးကော်မရှင်မှ
အတွင်းရေးမှူး ဦးသောင်းအေးက "အခုညီလာခံပြီးသွားခဲ့တဲ့ ကျေးရွာအုပ်စု(၆၃)အုပ်စုမှာ

ဗဟိုကော်မရှင်ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ခဲ့တာ။ မကျေနပ်တာ၊

တိုင်တန်းတာ ဘာတစ်ခုမှမရှိခဲ့ဘူး။ ဒီရုံးတံခါးကို ပိတ်ထားတာမှ မဟုတ်ပဲ။ ငါတို့က လက်မခံရင်

ထားတော့ ။ ခုက အကုန်လုံးကို လက်ခံဆွေးနွေးနေတဲ့ထဲက အခုလို ဘာမှလာမဆွေးနွေးဘဲ

လုပ်ကြတာ ။ ဒီကိစ္စကတော့ ဒီမိုကရေစီအခွင့်အရေးကို အလွဲသုံးစားလုပ်ကြတာပဲ" ဟု ဆိုသည် ။

         ဧရာဝတီတိုင်းဒေသကြီး NLDညီလာခံကျင်းပရေးကော်မရှင်ဥက္ကဌ ဒေါက်တာအေးကြူကလည်း
"ညှိနှိုင်းဆွေးနွေးတာကိုလက်ခံတယ်။ အခုလိုဆန္ဒပြတာကိုတော့ လက်မခံနိုင်ဘူး ။ လူများစုရဲ့ဆန္ဒကို

လူနည်းစုရဲ့သဘောနဲ့ ပစ်ပယ်လိုက်တာပဲ " ဟု ၄င်း၏သဘောထားကို ဆိုသည် ။

        မအူပင်မြို့ခံတစ်ဦးကလည်း "ဟိုး ကြားဖြတ်ရွေးကောက်ပွဲ ထဲက စတဲ့အကွဲပဲ။ ဦးစိန်ဝင်းဟန်
(မအူပင်လွှတ်တော်ကိုယ်စားလှယ်) နဲ့ ဦးသောင်းအေး တိုရဲ့ ပြိုင်ပွဲလို့မြင်တယ်။ ဗဟိုရဲ့ စီမံမှုညံ့လို့

ဖြစ်ရတာလို့ ထင်ပါတယ်။ ပြဿနာက အစောကြီးထဲက ဖြစ်နေကြတာ။ သေသေချာချာ လာမရှင်း

ပေးနိုင်လို့ ဒီလောက်ထိဖြစ်သွားတာ။ ခုညီလာခံ ကော်မရှင်ဖွဲ့ပြီး ညီလာခံလုပ်ဖို့စတော့မှ သူ့လူ

ကိုယ့်လူခွဲရင်းနဲ့ ဒီပြ၁သနာဖြစ်တာပဲ။ နှစ်ဘက်စလုံးမှာ မရိုးသားမှုတွေ အားနည်းချက်တွေရှိတယ်။

နောက်ဆုံးရှင်းရှင်း ပြောရရင် ၂၀၁၅ အတွက် နေရာကြိုလုနေကြတာကြောင့်ဖြစ်တာလို့မြင်တယ်" ဟု

၎င်း၏အမြင်ကိုပြောသည်။

        ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် ယခုမအူပင်မြို့ကဲ့သို့ပင် NLDပါတီတွင်း
မကျေလည်မှုများရှိနေပြီး မြောင်းမြမြို့ NLDများ၏ဆန္ဒပြပွဲနှင့် ပုသိမ်မြို့ NLDပါတီဝင်(၅၀၀)

နှုတ်ထွက်ပွဲ များလည်း NLD ပါတီ၌ ဖြစ်ပွားခဲ့ကြသည်။


ထက်နောင်နောင်

The Myanmar Age

 







No comments: