မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, December 18, 2012

မြန်မာပြည်အပေါ် တရုတ်စီးပွားရေး လွှမ်းမိုးမှုအနေအထားနှင့် တိုင်းပြည်အနာဂတ်


မောင်တင့်တယ်
ဒီဇင်ဘာ ၁၉၊ ၂ဝ၁၂ MoeMaKa Burmese News & Media

တရုတ်ပြည်ဟာ မြန်မာပြည်ရဲ့အရှေ့ဖက်မှာတည်ရှိပြီး ရှမ်းပြည်၊ ကချင်ပြည်တို့နဲ့နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ လူဦး ရေ သန်းပေါင်း (၁၃ဝဝ) ခန့်ရှိပြီး မြန်မာပြည်ရဲ့လက်ရှိလူဦးရေကတော့ ၂ဝဝ၉ နှစ်ကုန်မှာ သန်းပေါင်း (၆ဝ) နီးပါး လောက် ရှိပြီး ၂ဝ၁ဝ အကုန်မှာတော့ (၆၁) သန်းကျော် ရှိလာတော့မှာ လို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ မြန်မာပြည် ဒီမိုကရေစီ အရေးတော် ပုံကြီး ဖြစ်အပြီး တပ်မတော်က ပြန်ပြီး ထပ်ဆင့်အာဏာ သိမ်းချိန်ကစလို့ တရုတ်အစိုးရဟာ န၀တ၊ နအဖ စစ်အစိုးရနဲ့ စီးပွားရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အကြီးအကျယ် တိုးချဲ့လုပ်ကိုင် လာလိုက်တာ ဒီကနေ့ စစ် အစိုးရတဖြစ်လဲ ဘောင်းဘီချွတ်ကြံ့ဖွံ့အစိုးရ အထိပါပဲ။

● သူတို့မဟာဗျူဟာရည်ရွယ်ချက်

ပြည်ပသုတေသီတွေအဆိုအရ မြန်မာပြည်အပေါ်ထားတဲ့ တရုတ်ပြည်ရဲ့ မူဝါဒတွေမှာ ရည်ရွယ်ချက် (၆) ချက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ …
▪ တရုတ်ပြည်အနောက်တောင်ဘက်က အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်တဲ့ လမ်းကြောင်းလုံခြုံရေး။
▪ နယ်စပ်ဒေသလုံခြုံရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းရေး။
▪ တရုတ်ပြည်ရဲ့လောင်စာစွမ်းအင် စိတ်ချဖူလုံစေရေး။
▪ တရုတ်-မြန်မာအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး။
▪ အိန္ဒိယနိုင်ငံ အင်အားကြီး ခေါင်းထောင်ထလာလာကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်ရေး။
▪ မြန်မာနိုင်ငံနဲ့ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရေး။ စတာတွေ ဖြစ်ပါတယ်။

● မရှောင်လွှဲနိုင်တဲ့ ပင်မအကြောင်းရင်းခံတချို့

၂ဝ၁၁ခုနှစ် စာရင်းအရဆို မြန်မာပြည်မှာ တွက်ချက်အတည်ပြုပြီးထုတ်ယူနိုင်တဲ့ သဘာဝ ဓါတ်ငွေ့ပမာဏ (၂၈၃.၂) ဘီလျံ ကုဗမီတာရှိပြီး တရုတ်ပြည်မှာက (၈ဝဝ) ဘီလျံ ကုဗမီတာ ရှိပါတယ်။ ဒါကြောင့် တရုပ်ပြည်က သဘာဝဓါတ်ငွေ့သိုက် ပမာဏရဲ့ (၃)ပုံတပုံကျော်လောက် ရှိနေပါတယ်။ ဒီဓါတ်ငွေ့သိုက်တွေဟာ အိန္ဒိယ သမုဒ္ဒ ရာနဲ့ ဆက်စပ်နေတဲ့ မြန်မာ့ ရေပိုင်နက်ထဲက ဘင်္ဂလားပင်လယ်အော်နဲ့မုတ္တမပင်လယ်ကွေ့ထဲမှာ တည်ရှိပါတယ်။

တရုတ်ပြည်ဟာ စီးပွားရေးဖွံ့ဖြိုးလာတဲ့အတွက်ကြောင့် လောင်စာစွမ်းအင်တွေ ပိုပြီးလိုအပ် လာပါတယ်။ ပြည်ပက တင် သွင်းနေရတဲ့အပေါ် မှီခိုနေရမှုက ၂ဝဝ၃ ခုနှစ်မှာ (၃၄%)၊ ၂ဝဝ၈ ခုနှစ်မှာ (၅ဝ%) ရှိလာပြီး ၂ဝ၂ဝခုနှစ်မှာ (၆ဝ%) ရှိလာမယ် လို့ ဆိုပါတယ်။ ဒီရေနံတင်သွင်းတာရဲ့ (၈ဝ%) ဟာ မလက္ကာရေလက်ကြားကတဆင့် ဖြတ် နေရပါတယ်။

အထက်ကဖော်ပြတဲ့ ပထ၀ီနိုင်ငံရေးနဲ့စီးပွားရေးအကြောင်းအချက်တွေက တရုတ်ပြည် ကို ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်ဖို့နဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မဖြစ်မနေလုပ်ဆောင်လာစေဖို့ တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့ပြင် စီးပွားရေးတိုးတက်လာနေတဲ့ တရုတ်ပြည်အတွက် မြန်မာပြည်ဟာ ကုန်ချောတပိုင်းထုတ် ကုန်တွေ ထောက်ပံ့တဲ့ အဓိကနေရာနဲ့ ဈေးပေါတဲ့ လုပ်အားနဲ့ကုန်ကြမ်းရေသောက်မြစ် ရ ရာ ဒေသ ဖြစ်လာနေပါတယ်။ မြန်မာပြည်ကတဆင့် စရိတ်စခနည်းတဲ့ သယ်ယူပို့ဆောင် ရေး ၀န်ဆောင်မှုကလည်း တရုတ်စီးပွားရေးလုပ်ငန်းတွေအတွက် မုချအကျိုးရှိစေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာနဲ့ဆက်သွယ်ရေးလမ်းကြောင်း ဖြောင့်ဖြူးလာတာက တရုတ်ပြည်ရဲ့ ပထ၀ီ နိုင်ငံရေး အကျိုးစီးပွားအတွက် စိတ်ချလက်ချဖြစ်သွားစေတဲ့ အဓိကအကြောင်းရင်းဖြစ် ပါတယ်။

နောက်ပြီး ဧရာဝတီမြစ်ကို ယူနန်ပြည်နယ်ရဲ့လျှပ်စစ်စွမ်းအင်ရင်းမြစ်အဖြစ်ရော ပင်လယ် ထွက်ပေါက်အဖြစ် အသုံးပြုဖို့ စီစဉ်လာတာတွေ၊ စတာတွေက လည်း မြန်မာ-တရုတ် ပူးပေါင်းဆောင် ရွက်မှုတွေထဲက မဟာဗျူဟာကျတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ယူနန်က ထွက်ကုန်ပစ္စည်းတွေကို ရန်ကုန်၊ သီလဝါဆိပ် ကမ်းအထိ ကုန်ကြောင်းရေကြောင်းနဲ့ သယ်ယူ ပို့ ဆောင်ဖို့စီမံကိန်းကလည်း အစီအစဉ် ရှိထားပါတယ်။ သီလ၀ါဆိပ်ကမ်း စီမံကိန်းမှာ အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။ ပထမ ပိုင်းက မြန်မာ-တရုတ်နယ်စပ် ဗန်မော်နားက ကွန်တိန်နာဆိပ်ကမ်း ကို ကားလမ်းနဲ့ ဆက်သွယ်တာ၊ ဒုတိယပိုင်းအနေနဲ့ ကွန်တိန်နာ ဆိပ်ကမ်းဆောက်တာနဲ့ တတိယ ပိုင်းက ဧရာဝတီမြစ်ရေ စီးကြောင်းနက်ဖို့ သောင်တူးဖော်တဲ့အပိုင်းတွေ ဖြစ်ပါတယ်။ တရုတ် ကွန်တိမ်နာပေါင်း နှစ်သန်းလောက် နှစ်စဉ် သယ်ပို့နိုင်မှာ ဖြစ်ပြီး ဧရာဝတီမြစ်ကို ဖြတ်လမ်းအဖြစ် အသုံးပြုပြီး အိန္ဒိယ-အရှေ့အလယ်ပိုင်းနဲ့ ဥရောပကို တရုတ်ကုန်တွေ ပို့ဖို့ ပင်လယ်ရေ လမ်းကြောင်း အနေနဲ့ အသုံးချဖို့ ဖြစ်ပါတယ်။ လောလောဆယ်ဆယ်တော့ ဒီစီမံကိန်းတွေဟာ ဧရာဝတီ မြစ်ဆုံစီမံကိန်းလိုပဲ အကြောင်းကြောင်းတွေကြောင့် ရပ်နားထားပါတယ်။

၁၉၉၇ ကစပြီး အနောက် နိုင်ငံအစိုးရတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် တရုတ်ဖွံ့ဖြိုးမှု အကူအညီတွေ ရရေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအကူ အညီတွေမှာ အကြီးဆုံး ရေသောက်မြစ် ဖြစ်လာပါတယ်။

● တမိုးလုံးဖျောက်ဆိပ် ဖြစ်နေတဲ့ တရုတ်စီမံကိန်းတွေ

၂ဝဝ၈ ခု နှစ်ကုန် စာရင်းတွေအရ ဆို မြန်မာ့ရေအားလျှပ်စစ် လုပ်ငန်း၊ ရေနံ-ဓါတ်ငွေ့နဲ့ သတ္ထု တူးဖော်ရေး လုပ်ငန်း စတဲ့ စီမံကိန်းလုပ်ငန်းပေါင်း (၉ဝ)လောက် မှာ တရုတ်နိုင်ငံစုံကော်ပိုရေးရှင်း အနည်ဆုံး (၆၉)ခုလောက် ပါဝင်ပတ်သက်နေ ပါတယ်။ စီမံကိန်းတွေကတော့ ဆည်မြောင်း အငယ်စား ဆောက်လုပ်ခြင်းကအစ ကျောက်ဖြူကနေယူနန်ပြည်နယ်၊ ခွန်းမင်ထိ ရှည် တဲ့ ရေနံ နဲ့ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးထိ ပါဝင်ပါတယ်။

● ကန်ထရိုက်စာချုပ်တွေနဲ့နားလည်မှုစာချွန်လွှာတွေ

၁၉၉၉ ခုနှစ်အကုန်မှာ မြန်မာစစ်အစိုးရဟာ တရုတ်ပြည်နဲ့ အမေရိကန်ဒေါ်လာသန်းပေါင်း (၁.၄)ဘီလျံ သန်ပေါင်း (၁၄ဝဝ)တန်ဖိုးရှိတဲ့ နားလည်မှုစာချွန်လွှာပေါင်း (၅ဝ၇) ခုကို လက် မှတ်ရေးထိုးခဲ့ပါတယ်။ ၂ဝဝ၂ ခုနှစ် အောက်တိုဘာလ မှာ တရုတ်ကုမ္ပဏီတွေဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂.၁)ဘီလျံ (သန်းပေါင်း ၂၁ဝဝ) တန်ဖိုး ရှိတဲ့ စီမံကိန်း (၂၉၃) ခု ကန်ထရိုက် စာချုပ် ချုပ်ဆိုလိုက်ပြီး ၂ဝဝ၄ခု မတ်လမှာ သဘောတူညီချက် (၂၁)ခု လက်မှတ် ရေးထိုးခဲ့ ပါ တယ်။ ဒီ သဘောတူ ညီချက်တွေက အထူးချေးငွေနဲ့ စီးပွားရေးနဲ့နည်း ပညာပူးပေါင်းဆောင်ရွက်
ရေး တို့ပါဝင်ပါတယ်။

၂ဝဝ၆ စက်တင်ဘာလအထိ မြန်မာပြည်မှာ တရုတ်ပြည်ရဲ့စီမံကိန်းတွေနဲ့ အလုပ်သမား ကန်ထရိုက် စာချုပ်ပေါင်း (၈၂၅) ခု ရှိပါတယ်။

အများဆုံးကတော့ ၂ဝ၁ဝခုနှစ် စက်တင်ဘာလ (၇)ရက်ကနေ ၁၁ ရက်နေ့ထိ ဗိုလ်ချုပ်မှူးကြီးရဲ့ (၅)ရက်ကြာ တရုတ်ပြည် ခရီးစဉ်မှာ အတိုးမဲ့ချေးငွေအနေနဲ့ အမေရိကန်ဒေါ်လာ (၄.၂)ဘီလျံ ထုတ်ချေးခဲ့ပါတယ်။ သဘောတူညီချက် စာချုပ်ကို တော့ ပြည်ထောင်စုမြန်မာနိုင် ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဘဏ်နဲ့တရုတ်ပြည်ဖွံ့ဖြိုးရေးဘဏ်ကော်ပိုရေးရှင်း (CDBC) တို့က လက်မှတ်ရေး ထိုးခဲ့ပါတယ်။ ဒီချေးငွေတွေကို အဓိက ကျောက်ဖြူ-ခွန်းမင် ဓါတ်ငွေ့ပိုက်လိုင်းနဲ့ရေနံပိုက်လိုင်း တည် ဆောက်ရေး တို့မှာ အသုံးပြုဖို့ဖြစ်ပါတယ်။

● ကျောက်ဖြူ-ခွန်းမင် ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်း

ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ခွန်းမင်မြို့ထိ သွယ်တန်းထား တဲ့ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်း (၂)ခု ကို ၂ဝ၁၃ခုနှစ် မတ်လမှာ အပြီးတည်ဆောက်ဖို့ မှန်းထားပြီး ဇွန်လမှာ စတင်သယ်ဆောင်နိုင်မယ်လို့ ခန့်မှန်းထားပါ တယ်။ ဒီပိုက်လိုင်းစီမံ ကိန်းကနေ မြန်မာ အစိုးရက နှစ်စဉ် တနှစ်ကို နိုင်ငံခြားငွေ ဒေါ်လာ (၁)ဘီလျံ နဲ့ နှစ်ပေါင်း (၃ဝ) ခံစားရရှိမယ်လို့ သိရပါတယ်။ နောက်ပီး ဒီပိုက်လိုင်းတလျှောက် ကျောက်ဖြူကနေ ယူနန်ပြည်နယ်၊ ရွှေလီထိ ကီလိုမီတာ (၈၁ဝ) ရှည်တဲ့ ရထားလမ်းတခုလည်း တွဲဖက်ဖောက်လုပ်ပါ အုန်းမယ်။ ရခိုင်ကမ်းခြေ မဒေးကျွန်းမှာ အနောက်အာဖရိကနဲ့ အာဖရိက က သယ်လာမယ့် ရေနံတင်သင်္ဘောတွေ ဆိပ်ကပ် မယ့် ရေနက်ဆိပ်ကမ်းနဲ့ ရေနံစိမ်းတွေ သိုလှောင်မယ့် အဆောက်အဦးတွေကို လည်း ဆောက် လုပ်နေ ပါတယ်။ ဒီရေနံစိမ်းတွေနဲ့ရွှေဂက်စ်ကထွက်မယ့် သဘာဝဓါတ်ငွေ့တွေကို ဒီပိုက်လိုင်းတွေ ကတဆင့် တရုပ်ပြည်ကို သယ်ယူကြမှာဖြစ်ပါတယ်။ “ပိုက်လိုင်းတလျှောက်ရ ထားလမ်း တည်
ဆောက်ရ ခြင်း ရည်ရွယ်ချက်မှာ အိန္ဒိယသမုဒ္ဒရာမှာ စိုးမိုးနေတဲ့ အမေရိကန်ရေတပ် အန္တရာယ်ကို ကာကွယ်ဖို့ အရေးပေါ်လိုအပ် လာရင် တရုပ်တပ်အင်အားအလုံးအရင်းကို ရွှေ့ပြောင်းဖို့ ရည်ရွယ် ချက် ဖြစ်တယ်” လို့လည်း စစ်ရေးအကဲခတ်တွေက ဆိုပါ တယ်။

● ပင်လယ်ဆိပ်ကမ်းတွေနဲ့ အဝေပြေးလမ်းမစီမံကိန်းတွေ

တရုတ်နိုင်ငံဟာ ပင်လယ်ဆိပ်ကမ်း၊ ရထားလမ်းတွေနဲ့ အဝေးပြေးလမ်းမတွေ တည်ဆောက် ဖို့ မြန်မာစစ်အစိုးရကို ကူညီနေပါတယ်။ လောလောဆယ်ဆယ် ရခိုင်ပြည်နယ်၊ စစ်တွေ နဲ့ကျောက်ဖြူ ပယ်လယ်ရေနက် ဆိပ်ကမ်းတွေ တည် ဆောက်နေပါတယ်။ တရုတ်ကုမ္ပဏီတွေ ဟာ မြန်မာပြည်မှာ (၃ဝ၅) ကီလိုမီတာ ရှည်တဲ့ အဝေးပြေးလမ်းမတခုကို တည် ဆောက်ပေး ထားပါတယ်။ မကြာမီ ရှမ်းပြည်မှာ အာရှတိုက်လုံးဆိုင်ရာဆက်သွယ်ရေးကွန်ယက်ရဲ့ နောက်ဆုံး အဆက် အသွယ်ဖြစ်တဲ့ လာရှိုးကို ဆက်သွယ်တဲ့ ၁၀၇ ကီလိုမီတာ ရှည်တဲ့ ရထားလမ်းတခု တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ တရုတ်ပြည်က နည်းပညာ၊ ပစ္စည်းတွေနဲ့ဆောက် လုပ်ရေး လုပ်သားတွေအကုန်လုံး ကူညီမှာ ဖြစ်ပါတယ်။

● စစ်ရေးထောက်ပံ့မှုနဲ့ ရေတပ်ဆိပ်ကမ်းတွေ

တရုတ်နိုင်ငံက မြန်မာစစ်အစိုးရကို (၂)ဘီလျံဖိုး စစ်ပစ္စည်းတွေနဲ့ ဂျက်တိုက်လေယာဉ်တွေ ရောင်း ချ ခဲ့ပါတယ်။ မြန်မာ ရေပိုင်နက်က ကျွန်း ပေါ်မှာ ရေတပ်အခြေစိုက်စခန်းတွေ ဆောက် လုပ်ခဲ့ ပါတယ်။ မြန်မာပြည်ကို အဓိက လက်နက် တင် ပို့သူလည်း ဖြစ်ပါတယ်။ လက်နက်ပစ္စည်း ၉ဝ% ထောက်ပံ့ခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာ တရုတ်နိုင်ငံဟာ မြန်မာ စစ်အစိုးရ နဲ့အမေရိကန် ဒေါ်လာ (၁.၂)ဘီလျံ တန်ဖိုးရှိတဲ့ လက်နက်ရောင်းဝယ်ရေးလုပ်ငန်းကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီ လုပ် ငန်းမှာ လက်နက်တွေ၊ စစ်ရေးနည်းပညာတွေနဲ့လေ့ကျင့်ရေးတွေ အကူအညီပေး ဖို့ ပါ,ပါတယ်။ ၁၉၉ဝ ခုနှစ် အတွင်းမှာ တရုတ်ပြည်ဟာ မြန်မာစစ်အစိုးရကို အလတ်စားတင့်ကား အစီး (၁ဝဝ)၊ အပေါ့စားတင့်ကား အစီး(၁ဝဝ)၊ တိုက်လေယာဉ် (၂၆၈)စီး၊ လူစီးသံချပ်ကာယာဉ် အစီး (၂၅ဝ)၊ စွယ်စုံသုံးဒုံးစနစ်များ၊ ဟောင်ဝဝ်ဇာအမြောက်တွေ၊ လေယာဉ်ပစ်သေနတ် တွေ၊ မြေပြင်ကဝေဟင် ပစ်ဒုံးပျံတွေ၊ စိန်ပြောင်းတွေ၊ ချေမှုန်းရေးရိုင်ဖယ်တွေ၊ ဗုံးလောင်ချာတွေ၊ ထရပ်ကားကြီးတွေ၊ ကင်းလှည့် မော်တော်ဘုတ်တွေ၊ ပဲ့ထိန်းအမြန်ဒုံးယာဉ်တွေ၊ မိုင်းရှင်းကရိယာတွေနဲ့ စက်သေနတ် တင် မော်တော်ဘုတ် တွေ ရောင်းပေးခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာ မြန်မာစစ်အစိုးရက ဒေါ်လာ သန်း(၄ဝဝ) တန် နောက်ထပ် လက်နက်ရောင်း ချရေးလုပ်ငန်း တခုကို လက် မှတ်ရေးထိုးခဲ့ပါတယ်။ ဒီစာချုပ်အရ ဟယ်လီကော်ပတာတွေ၊ လက်နက်ငယ်တွေ၊ အမြောက်တွေလို ရေတပ်သင်္ဘော တွေနဲ့သံချပ်ကာယာဉ်တွေ လက်ခံ ရရှိ ခဲ့ပါတယ်။ ၂ဝဝ၂ခုနှစ်မှာ စစ်ထရပ်ကား အစီး (၂ဝဝ)နဲ့ စစ်သင်္ဘော (၅)စီး ပို့ခဲ့ တယ်။ ၂ဝဝ၂ ခုနှစ် ကနေ ၂ဝဝ၄ခုနှစ်အထိ တရုတ်ပြည်ဟာ ရေတပ်အရာရှိတွေ ကို လေ့ကျင့်ပေး ခဲ့ပြီး မြန်မာပြည်
တောင် ပိုင်း ကမ်းခြေ တလျှောက်မှာ ရေတပ်ပူးတွဲလေ့ကျင့်ရေးတွေ လုပ်ခဲ့ပါတယ်။ ၂ဝဝ၅ခုနှစ်မှာ စစ်ထရပ်ကားအစီး (၄ဝဝ) ရောင်းချခဲ့တယ်။ ကိုကိုးကျွန်း၊ ဟိုင်းကြီးကျွန်း၊ မြိတ်နဲ့သီလဝါဆိပ်ကမ်း ကို ဆက်သွယ်ထားတဲ့ တြိဂံပုံ ရေတပ် အခြေစိုက် စခန်း (၄)ခု ကို တည်ဆောက်ခဲ့ပါတယ်။

၁၉၉ဝ ခုနှစ် အလယ်ပိုင်းက မြန်မာစစ်အစိုးရဟာ တရုတ်ထောက်လှမ်းရေးလုပ်ငန်းအတွက် ဇာဒက်ကြီးကျွန်းကို အသုံး ပြုခွင့်ပေးခဲ့ပါတယ်။ ဒီကျွန်းဟာ မြန်မာပြည်တောင် ဘက်အစွန် ဆုံး ကော့သောင်းအနီး ဝိတိုရိယအငူနဲ့ မလှမ်းမကမ်းမှာ တည်ရှိပါတယ်။

● ရင်းနှီးမြှုပ်နှံမှု

၁၉၉၇ခုနှစ်အထိ မြန်မာပြည်မှာ တရုတ်ပြည်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ အခြားနိုင်ငံတွေ နဲ့ နှိုင်းယှဉ်ရင် အတော်လေး နည်းပါသေးတယ်။ တရုတ်လူမျိုးတွေရဲ့ မမြင်ရတဲ့ ရင်နှီးမြှုပ်နှံ မှုတွေနဲ့စီးပွာရေးဖက်စပ်လုပ်ငန်းတွေမှာသာ များပြား လှပါတယ်။ အများစု က မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ထားတဲ့ ဆွေမျိုးတွေနာမည်နဲ့ လုပ်နေတာ ဖြစ်ပါတယ်။ အဓိက မြို့ကြီးတွေမှာ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းကြီး၊ လုပ်ငန်းငယ် အတော်များများဟာ တရုတ်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တယ်။ လို့ သုတေသီ မောင်အောင်မျိုးက သူ့ရဲ့ ဗမာ့တပ်မတော် တည်ဆောက်ရေး စာအုပ်မှာ ပွင့်ပွင့် လင်းလင်း ထောက်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေဟာ စွမ်းအင်သုံးစွဲမှု တိုးလာနေလို့ သူတို့စွမ်းအင် ရင်းမြစ်တွေ ဖြည့်တင်း ဖို့ မြန်မာနိုင်ငံကို အဓိက ခြေဦး လှည့်လာကြပါတယ်။ ဒီအထဲမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ တောင် ကိုရီးယားနှင့်စင်္ကာပူ နိုင်ငံတို့ဟာ ရေအားလျှပ်စစ် လုပ် ငန်း၊ ရေနံနဲ့သဘာဝဓါတ်ငွေ့ လုပ်ငန်း၊ သတ္ထုတူးဖော်ရေးလုပ်ငန်းတွေမှာ အများဆုံး ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာပါတယ်။ တရုတ်နိုင်ငံက တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်မစွက်ဖက်ရေးမူကို ကိုင်စွဲထားပေမဲ့ လည်း မြန်မာ နိုင်ငံအပေါ် ကျင့်သုံးနေတဲ့ စီးပွားရေးနဲ့နိုင်ငံရေးမူဝါဒကတော့ အမျိုးသား အကျိုး စီးပွား အပေါ်မှာပဲ အခြေပြုထား တယ်ဆို တာ ရှင်းပါတယ်။ မြန်မာပြည်က သဘာဝသယံဇာတ အရင်းအမြစ်တွေ ရဖို့အတွက် မြန်မာစစ်အစိုးရကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ငွေကြေး အထောက် အကူတွေ အများကြီး ပေးခဲ့ပါတယ်။ မြန်မာ့စွမ်းအင် ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ဘီလျံ နဲ့ချီပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ရေနံ၊ သဘာဝဓါတ်ငွေ့တွေလို မဟာဗျူဟာကျတဲ့ ကဏ္ဍတွေ မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါ တယ်။

၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ် ပထမ (၃)လပါတ်ထိ စာရင်းအရဆို တရုတ်နိုင်ငံဟာ ရေအားလျှပ် စစ်ကဏ္ဍမှာ အမေရိကန် ဒေါ်လာ (၅)ဘီလျံ၊ သတ္ထုကဏ္ဍမှာ ဒေါ်လာ ၉၉၇သန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ (၂.၁၅)ဘီလျံ မြှုပ်နှံထားတာ ကြောင့် လောလောဆယ်မှာ တရုတ် ပြည် ရဲ့ရင်းနှီးမြှုပ်နှံမှုက (၈.၁၇) ဘီလျံ ရှိပါတယ်။ ၁၉၈၈က စမယ် ဆိုရင် မြန်မာ နိုင်ငံ မှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု စုစုပေါင်းဟာ ဒေါ်လာ (၂ဝ)ဘီလျံကျော်ရှိပါပြီ။ ဒီအထဲမှာ (၁၂.၃၂) ဘီလျံဟာ တရုတ် ပြည်ကလာပြီး ထိုင်းနိုင်ငံက (၉.၅၆) ဘီလျံနဲ့ ဒုတိယလိုက်ပါတယ်။ အစိုးရစာရင်းဇယားတွေအရ ၂ဝဝ၇ခုနှစ် နိုဝင်ဘာ လကုန်ထိ စုစုပေါင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန် ဒေါ်လာ (၁၄.၇) ဘီလျံ ရှိပြီး ထိုင်းနိုင်ငံက ဒေါ်လာ သန်းပေါင်း (၇၃၉၁.၈၄၃) နဲ့ ပထမနေရာမှာရှိပြီး တရုတ်ပြည်က ဒေါ်လာ (၄၇၅.၄၄၃)သန်းနဲ့ ဆဋ္ဌမ လိုက်ပါ တယ်။ အထူးသဖြင့် တရုတ်ပြည်ဟာ မြန်မာပြည်ကို လွတ်လပ်တဲ့ချေးငွေ ပုံစံနဲ့ ဘဏ္ဍာရေး အကူအညီတွေ ပေးတာတွေ၊ နိုင်ငံရေးအရ အားပေးထောက်ခံတာတွေနဲ့ စစ်လက် နက်ပစ္စည်းတွေ ထောက်ပံ့ခဲ့တဲ့အပြင် သဘာဝ သယံဇာတ ပစ္စည်း ရှာ ဖွေရေးဘက် တွေမှာလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံလာခဲ့တယ် ဆိုတာကို တွေ့ရပါတယ်။

နအဖ ရဲ့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာ လကုန်အထိ နိုင်ငံပေါင်း (၃၁) နိုင်ငံက အမေရိကန် ဒေါ်လာ (၃၂) ဘီလျံ နီးပါးလာရောက် မြှုပ်နှံ ထားပြီး ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကဏ္ဍနဲ့ လျှပ်စစ် စွမ်းအားကဏ္ဍ နှစ်ရပ်မှာ အများဆုံးမြှုပ်နှံ ထားကြောင်း၊ အဆိုပါကဏ္ဍ နှစ်ခုထဲမှာ မြှုပ်နှံထားတဲ့ပမာဏဟာ မြှုပ်နှံမှု စုစုပေါင်းရဲ့ (၈ဝ) ရာခိုင်နှုန်းဝန်းကျင်အထိ ရှိနေကြောင်း သိရပါတယ်။ ဒီအထဲမှာ ထိုင်းနိုင်ငံက ဒေါ်လာသန်းပေါင်း (၉၅၆၈.ဝ၉၃) သန်းနဲ့ ပထမနေရာက ရှိနေပြီး တရုတ်ပြည်က ဒေါ် လာသန်းပေါင်း (၆၄၁၅ .ဝ၅၈) သန်း နဲ့ ဒုတိယနေရာက လိုက်ခဲ့ပါတယ်။

၂ဝ၁၁ခုနှစ် ဇန်န၀ါရီလ စာရင်းအရ မြန်မာပြည်မှာ တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်းဟာ အမေရိကန် ဒေါ်လာ (၃၅,၅၁၈.၄၄) သန်း ထိရှိလာပြီး အဲဒီမှာ တရုတ်ပြည်က စုစုပေါင်းတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုရဲ့ (၂၇.၉၄) ရာခိုင်နှုန်း နဲ့ ပထမနေရာ ရောက်လာပြီး ထိုင်းနိုင်ငံက (၂၆.၉၄) ရာခိုင်နှုန်း နဲ့ ဒုတိယ ဟောင်ကောင်က (၁၆.၆၃) ရာခိုင်နှုန်းနဲ့ တတိယ နေရာကို ရောက် လာပါ တယ်။

၂ဝ၁၂ခုနှစ် နှစ်ဆန်းပိုင်းက သမ္မတဦးသိန်းစိန် အစိုးရလက်ထက် တရားဝင် ထုတ်ပြန်တဲ့ စာရင်း ဇယားအရဆို တရုတ်ပြည်ရဲ့ တိုက်ရိုက်ရင်းနှီးမျြုပ်နှံမှု(FDI)ဟာ အမေရိကန်ဒေါ်လာ (၁၄) ဘီလျံ နီးပါး ရှိလာပြီး စုစုပေါင်း နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)ရဲ့ (၃၅) ရာခိုင်နှုန်း ရှိလာပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုထက် အတော်ကျော်တက်သွားပြီး ပထမ နေရာမှာပဲ ဆက်လက် ဗိုလ် စွဲနေပါတယ်။

တရုတ်အစိုးရရဲ့တရားဝင်ထုတ်ပြန်တဲ့သတင်းတွေ အရဆို ၂ဝ၁၁ ခုနှစ် အကုန်မှာ တရုတ်ပြည် ရဲ့ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဟာ (၂ဝ.၂၆) ဘီလျံထိ ရှိလာပြီး ဗမာပြည်မှာ အဓိက ရင်းနှီးမြှုပ်နှံ သူ နေရာမှာ ရှိနေတယ်လို့ ဆိုပါ တယ်။

ဒီလိုနဲ့ တရုတ်အစိုးရဟာ တစတစနဲ့ မြန်မာပြည်မှာ ဖွံ့ဖြိုးရေးအကူအညီတွေ၊ စစ်ရေးအကူ အညီတွေ နဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ၊ စီးပွားရေးမြှုပ်နှံမှုတွေ တစတစ တိုးချဲ့ လာနေ ပြီး မြန်မာ့ စီးပွားရေးနဲ့ နိုင်ငံရေး ပင်မအသက်သွေးကြောနေ ရာတွေမှာ လွှမ်းမိုးမှုရဖို့ တဖြည်းဖြည်း ချင်း ချဉ်းနင်းဝင်ရောက်လာနေပါတယ်။

ဒီဖြစ်စဉ်တွေကို နှစ် ၂၀ ကျော် ကာလအကြာ ပြန်လှန်သုံးသပ်ကြည့်မယ်ဆိုရင် …
တရုတ်ပြည် ဟာ မြန်မာပြည်နဲ့ စီးပွားရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတာ ဆယ်စုနှစ် နှစ်ခုကျော် ရှိလာပါပြီ။ တရုတ်ပြည်ကရတဲ့ ဒေါ်လာသန်းနဲ့ချီတဲ့ အကူ အညီတွေ၊
ချေးငွေတွေ ၊ ဒေါ်လာဘီလျံနဲ့ချီတဲ့ ကုန်သွယ်မှုတွေ၊ လက်နက် တွေနဲ့စစ်ရေးနည်း ပညာထောက် ပံ့မှုတွေကြောင့် ကမ္ဘာ့အလယ်မှာ အထီးကျန်နေတဲ့ စစ်အာဏာရှင်အစိုးရဟာ ဆက်လက် တည်မြဲ ခဲ့ပြီး တောင့်တင်းကြံ့ခိုင်လာတယ်။ ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

မြန်မာပြည်ဟာ ဒေသတွင်းက အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယကြားမှာ ရှိနေတာက ပထဝီအနေအထားအရ မဟာဗျူဟာအချက်အချာကျပြီး အလွန်အရေးပါတဲ့ ကုန်းမြေတံတားကြီး အနေအထားမှာ ရှိနေပါတယ်။ ဆင်မြူရယ်ဟန် တင်တန်ရဲ့အမြင်အရဆို ဟိန္ဒူဝါဒ၊ ဗုဒ္ဓဝါဒနဲ့ ကွန်ဖြူးရှပ် အယူအဆတွေလွှမ်းမိုးတဲ့ ယဉ်ကျေးမှုပြတ်ရွေ့ကြောကြီးပေါ်မှာ ခွ ထိုင်ထားတဲ့ တိုင်းပြည် ဖြစ်နေတယ် လို့ဆိုပါတယ်။ ပထဝီအနေအထားအရ အင်မတန်အန္တရာယ် ရှိတယ်ဆိုတဲ့ သဘော ပါ။ စစ်အေးခတ် တလျှောက်လုံးမှာ ၁၉၆၂ခုနှစ်ကစတဲ့ ဗိုလ်နေ၀င်းကြီးစိုးတဲ့ စစ်အစိုးရ အပါအ၀င် လွတ်လပ်ရေးအစိုးရ အဆက်ဆက်က ဘက်မလိုက်ကြားနေတဲ့ နိုင်ငံခြားရေးဝါဒကို တသမတ်တည်း ဆွဲကိုင် ကျင့်သုံးခဲ့ကြတာ ဖြစ်တယ်။ ဒါ ပေမဲ့ ၁၉၈၈ ခုနှစ် ပြည်သူလူထုရဲ့ အထွေထွေ ဒီမိုကရေစီအရေးတော်ပုံကြီး အပြီးမှာ အာဏာ ထပ်သိမ်းလိုက်တဲ့ ဗိုလ် စောမောင် နဲ့ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရ တက်လာကတည်းက ဘက်မလိုက် ဆက်ဆံရေးမူဝါဒကို စွန့်ပစ်ပြီး တရုတ်အစိုးရနဲ့ပဲ တဖက်သတ် ဆက်ဆံလာရတဲ့ အခြေအနေဟာ ဒီကနေ့ ဦးသိန်းစိန် ရဲ့ ဘောင်းဘီချွတ် ဗိုလ်ချုပ်များရဲ့ အစိုးရ လက်ထက် အထိပါပဲ။

ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကလည်း ဆိုဗီယက် ယူနီယံပြိုကွဲအပြီး အမေရိကန်ပြည်ထောင်စုက တကိုယ်တော်စူပါ ပါဝါ ဖြစ်လာတဲ့ ကမ္ဘာ့အင်အားချိန်ခွင်လျှာ အပြောင်းအလဲတွေနဲ့ တိုက်ဆိုင်နေပါတယ်။ ဒါ့ပြင် ကုလသမဂ္ဂရဲ့အစီအစဉ်တွေ က လည်း အမေရိကန်အကျိုးစီးပွားတွေ၊ တန်ဘိုးတွေနဲ့ တဆက်တစပ်တည်းဖြစ်လာနေတဲ့ အချိန်ကာလတွေလည်းဖြစ်နေတဲ့ အချိန်၊ တရုတ်အစိုးရကလည်း အရင်ကိုင်ဆွဲထားတဲ့ ကွန်မြူနစ်ပါတီချင်းဆက်ဆံရေးမူဝါဒကို စွန့်လွှတ်ပြီး အစိုးရချင်း ဆက်ဆံရေး မူဝါဒကို ပြောင်းပြီး အာဏာရစစ်အစိုးရနဲ့ပဲ ပြောင်းလဲဆက်ဆံလာတဲ့ အချိန်ကာလတွေ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေအောက်မှာ နေပြည်တော်နဲ့ပီကင်းဆက်ဆံရေးအနေအထားတွေကြောင့် ဒေသတွင်းကတချို့နိုင်ငံ တွေ အထူးသဖြင့် အိန္ဒိယနိုင်ငံ အနေနဲ့ သူ့ရဲ့အရှေ့ဖက်နိုင်ငံတွေ နဲ့ဆက် ဆံရေး ကို အလေးထားတဲ့ အရှေ့ကြည့်(Look East) ဆိုတဲ့ မဟာဗျူဟာ မူဝါဒအပြောင်းအလဲတွေ ကို ချမှတ် လုပ်ဆောင်လာရတဲ့ အခင်းအကျင်းအနေအထားတွေ ရောက်လာပါတယ်။

သေချာတာကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခံကတုတ်လုပ်ပြီး ကာလုံကြိုးကိုင်ထားတဲ့ စစ်အုပ်စုအစိုးရကတော့ သူတို့ ရှင်သန်ဖို့အတွက်ဆို ဘယ်လိုနိုင်ငံတကာ ဖိအားမျိုးကိုမဆို ရင်ဆိုင်ဖို့ ဘာမဆို လုပ်မှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လည်း ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ စစ်အစိုးရရဲ့ ခေတ်အဆက်ဆက်ပေါ်လစီတွေအောက်မှာ တရုတ်စီးပွား ရေးလုပ် ငန်း
တွေ နေ ရာ တကာမှာ တမိုးလုံဖျောက်ဆိပ်ဖြစ်လာခဲ့ရတာပါ။ တရုတ်အစိုးရက လည်း ဒေသတွင်း မဟာဗျူဟာ အခင်းအကျင်း လိုအပ်ချက်အရ မြန်မာပြည်အပေါ် နည်းမျိုးစုံနဲ့ သြ ဇာလွှမ်းမိုးထား နိုင် ဖို့ ကြိုးပမ်းနေမှာဖြစ်သလို ကမ္ဘာ့ အလည်မှာ အထီးကျန်ဖြစ်နေတဲ့ ကာလုံစစ်အုပ်စုဖက် ကလည်း သူတို့ အာဏာဆက်လက်တည်မြဲဖို့အတွက် မိတ်ဖက်ရှာ ရင်း အားယူရင်းနဲ့ တရုတ် အစိုးရအပေါ် တစတစ မှီခိုရတဲ့ကိန်း ဆိုက်ခဲ့တာပါပဲ။

ဒီအခြေအနေတွေအောက်မှာ ပြည်သူ တွေကို အပေါ်ယံဟန်ပြဒီမိုကရေစီ ပေးသယောင် လှည့် စားနေပြီး အမည်ခံ အရပ်သား အစိုးရ တဖြစ်လဲ စစ်အုပ်စု ကြီးစိုး တဲ့ စစ်အာဏာရှင်စနစ်သာ ဆက်လက် သက်ဆိုးရှည်နေမယ်ဆိုရင်တော့ မြန်မာပြည်ဟာ တရုတ်ပြည်အပေါ် မှီခိုနေရတဲ့ တရုတ်ပြည်ရဲ့သြဇာခံနိုင်ငံအဆင့် ကျရောက်မယ့် အလားအလာတွေ တစ တစ များလာနေ ပါတော့တယ်။

တနည်းပြောရရင် မြန်မာပြည်ဟာ စစ်တပ်ကျောထောက်နောက်ခံ ဦးသိန်းစိန်အစိုးရတဖြစ်လဲ စစ်အာဏာရှင်ကြီးတွေ ကြီးစိုးနေမှုကို မဖယ်ရှားနိုင်ဘဲ အပေါ်ယံ ဒီမိုကရေစီ ဗန်းပြနေတာတွေပဲ သက်ဆိုးရှည်နေခဲ့ရင်တော့ ၁၉ရာစုခေတ်က ဗြိတိသျှ ကိုလိုနီဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားပြည် နယ်ရဲ့နယ်တနယ် ဖြစ်ခဲ့ရတဲ့ တိုင်းပြည်ဟာ ၂၁ရာစုခေတ်မှာတော့ တရုတ်နိုင်ငံရဲ့ဒေသ တွင်း မဟာဗျူဟာရည်မှန်းချက်စီမံကိန်းထဲက နယ်ရုပ်ကလေးတရုပ် အဆင့်သာ ဖြစ်လာပြီး ရေ ရှည် မှာတော့ ကိုယ်ပိုင်အမျိုးသားလက္ခဏာ (National Identity) တစတစ ပျောက်ကွယ်လာမယ့် အန္တရာယ်ကို မလွဲမသွေ ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။

● ကိုးကား။

၁။ ASEAN-India Connectivity: A Myanmar Perspective
၂။ ERI Website
၃။ DISCUSSION PAPER No. 66: Myanmar’s Economic Relations with China: Can China Supportthe Myanmar Economy? Toshihiro KUDO* July 2006
၎။ Burma’s Economy 2010: A Fresh Look at Some Elemental Issues , September 2010, By Sean TURNELL
၅။ Economic and Military Cooperation between China and Burma By Nyi Nyi Lwin
၆။ Internet News
၇။ BURMA’S CHINA CONNECTION AND THE INDIAN OCEAN REGION By Andrew Selth: September 2003
၈။ ပြည်တွင်းထုတ် ဂျာနယ်များ၊ မဂ္ဂဇင်းများ

http://moemaka.com/?p=30309

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ