Yangon Press International
ဇန်န၀ါရီ ၂၇၊ ၂၀၁၂

ယနေ့ညနေ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ တနာရီကျော်ကြာ တွေ့ဆုံပြီးနောက် တွေ့ဆုံရာတွင် ပါဝင်ခဲ့သူ ကိုမြအေးက ပြောကြားရာတွင် “ဒီနေ့ ကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ကျွန်တော်အပါအ၀င် ၃ ယောက်သွားတွေ့တယ်၊ ကိုကိုကြီးရယ်၊ ကိုဋ္ဌေးကြွယ်ရယ်၊ ကျွန်တော်ရယ်၊ အခုလို ၃ ယောက်သွားတွေ့တာက ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကို ကိုယ်စားပြုပါတယ်။ ဒီနေ့ကတော့ အလုပ်သဘော ဆွေးနွေးကြတာပေါ့၊ အဓိက ၃ ချက်အပေါ်မူတည်ဆွေးနွေးကြတယ်။ တစ် အချက်က ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ နှစ်အချက်က ကြားဖြတ်ရွေးကောက်ပွဲကိစ္စနဲ့ သုံးအချက်ကတော့ အနာဂတ် မြန်မာနိုင်ငံရေး ပုံဖေါ်မယ့် ကိစ္စတွေပါပဲ” ဟု YPI သို့ပြောသည်။
အသေးစိတ်အကြောင်းအရာများအား မထုတ်ပြန်ရန် ဆုံးဖြတ်ထားကြောင်းကိုလည်း ကိုမြအေးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရာတွင် အားရကျေနပ်မှု ရှိကြောင်းနှင့် ရှင်းရှင်းလင်းလင်းလည်း ရှိကြောင်းနှင့် အမြင်ကွဲပြားခြားနားမှုမရှိကြကြောင်း လည်း ဖြည့်စွက်ပြောဆိုသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ယခုလ ၁၃ ရက်နေ့ လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံကြခြင်း ဖြစ်သည်။
ယခုပတ် အင်္ဂါနေ့ကလည်း ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံခဲ့ကြသည်။
ထိုစဉ်က အလုပ်သဘော ပြောဆိုခြင်းမရှိပဲ ၎င်းတို့ ထောင်တွင်း အတွေ့အကြုံများ အခြားကိစ္စများကိုသာ အလွတ်သဘောပြောဆိုခဲ့ကြသည်။ ။
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ