by May Thingyan Hein on Friday, February 3, 2012 at 1:16pm
ကျမ ဒီနေ့ ဖတ်ဖြစ်ခဲ့တဲ့ သတင်းတွေ ထဲမှာ မေးခွန်းထုတ်စရာတွေ ရှိနေတဲ့ သတင်းတပုဒ်ကို တွေ့ခဲ့ရပါတယ်။
လွှတ်တော်ထဲမှာ အင်အားကြီးပါတီတခုရဲ့လွှတ်တော်ကိုယ်စားလှယ်တဦးက သူရဲ့ ပါတီစည်းရုံးရေးဆင်းဖို့အတွက်လွှတ်တော်ထဲမှာ ခွင့်ယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်တဲ့ သတင်းပါ။အင်အားကြီးပါတီကဖြစ်တဲ့အတွက် ထုံးစံအတိုင်း ခွင့်ယူတဲ့ကိစ္စ မဲခွဲရာမှ ခွင့်ယူဖို့ အနိုင်ရသွားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီသတင်းဖတ်ပြီး ကျမတွေးလိုက်မိတာပါ။
ကျမ သိရသလောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူ့အတွက် အလုပ်လုပ်ရတဲ့ သူပါ။တနည်းပြောရရင် ပြည်သူ့ခိုင်းဖတ် ဖြစ်ရပါမယ်။ ပြည်သူတွေက သူတို့အတွက် ဒီလူတွေကို ရွေးပြီး မဲပေးခဲ့ကြပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်ဟာ ပြည်သူ့မျက်နှာကို ပါတီမျက်နှာထက် ပိုကြည့်သင့်တဲ့ သူပါ၊
ဒီလိုတိုင်းပြည်ရဲ့ ကူးပြောင်းစ၊ အရေးကြီးလှတဲ့အချိန်ကာလမှာ လွှတ်တော်ထဲမှာ သူ့ပါတီအနိုင်ရဖို့အတွက် စည်းရုံးရေး ဆင်းဖို့ ခွင့်ယူမယ်ဆိုတာက ကြားရတာ နားထဲ ဆန်းလှသလိုပါပဲ။
သာမန်ပြည်သူတယောက်အနေနဲ့ပဲ တွေးကြည့်တော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ကိုယ်စားလှယ်လစာ ခံစားခွင့်ရပါတယ်။ ခုလို ပါတီရွေးကောက်ပွဲ အနိုင်ရရေးအတွက် စည်းရုံးရေးဆင်းဖို့ ခွင့်ယူတယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရနေတဲ့ လစာကရောထိုက်တန်မှုရှိရဲ့လား။
ပါတီ့အတွက်အလုပ်လုပ်မယ်ဆိုရင်တော့ပါတီဆီကပဲလစာယူသင့်တယ်လို့လည်း မြင်လိုက်မိပါတယ်
အဲဒီလို လွှတ်တော်ထဲမှာ ပါတီအတွက်စည်းရုံးရေးဆင်းဖို့ ခွင့်ယူဖို့စာတင်တာကို အခြားကိုယ်စားလှယ်တဦးကလည်း မဖြစ်သင့်ကြောင်း ကန့်ကွက်တယ်လို့ ကြားရပါတယ်။ ကန့်ကွက်ခဲ့တဲ့ကိုယ်စားလှယ်ကို လေးစားပါတယ်။
တိုင်းပြည်နဲ့ ပြည်သူတွေ အတွက် တကယ်အလုပ်လုပ်နေတဲ့သူနဲ့ ပါတီဆိုရင် ခွင့်ယူပြီး စည်းရုံးရေးဆင်းနေစရာတောင် မလိုပါဘူး။
ပြည်သူတွေက မဲထည့်ကြမှာပါ။
ပြည်သူတွေက သူတို့ရဲ့ အဖိုးတန်တဲ့ မဲတပြားအတွက် စဉ်းစားကြပါတယ်။ အရင်ဆုံး ပါတီနဲ့ မူ ကို ကြည့်ပါတယ်။ ပါတီနဲ့ မူကို ကြည့်ပြီးရင် ပါတီရဲ့ ကိုယ်စားပြု အရွေးခံမဲ့ ကိုယ်စားလှယ်ကို ကြည့်ပါတယ်။
အထူးသဖြင့် ဒီလူ ဒီကိုယ်စားလှယ်က လွှတ်တော်ထဲမှာ ပြည်သူ့အတွက် အလုပ်လုပ်မဲ့ သူလား၊ ပြည်သူ့မျက်နှာနဲ့ သူ့ပါတီမျက်နှာ ဘယ်ကို ကြည့်မလဲ ဆိုတာ ကြည့်ပြီး စဉ်းစားပြီး ရွေးကြပါတယ်။
ကိုယ့်မြို့နယ်ထဲမှာ ကိုယ်မဲပေးတဲ့အခါ ပါတီကို မကြိုက်ရင်တောင်မှ ဒီလူဟာ တကယ်ကို ပြည်သူ့အတွက် အလုပ်လုပ်တဲ့သူဆိုရင် ပါတီကို မကြို့်ပေမဲ့ လူကို ကြည့်ပြီး မဲပေးကြပါတယ်။ အချို့ကတော့ ပါတီကိုကြိုက်တယ်၊ လူကိုတော့ မကြိုက်ဘူး ဆိုရင် စဉ်းစားပြီး မဲထည့်ကြပါတယ်။
လွှတ်တော်ထဲက လူကြီးမင်းတွေအတွက် ပါတီထက် ပြည်သူက ပိုအရေးကြီးတယ်ဆိုတာ နားလည်သင့်ပါတယ်။ ပြည်သူ့မဲ လိုချင်ရင် ပြည်သူတွေ တကယ်ချစ်အောင်ပဲ ကြိုးစားသင့်တယ်လို့ မြင်ပါတယ်။လွှတ်တော်ထဲမှာ ပြည်သူ့အကျိုးအတွက်ပဲ အလုပ်လုပ်နေတယ်လို့ ပြည်သူတွေက ယုံကြည်လာရင်ပြည်သူ့မဲ ရမှာပါပဲ။ပြည်သူ့အတွက် တကယ်အလုပ်လုပ်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပါတီတွေကို ပြည်သူတွေ သိပါတယ်။
နောက် တကြိမ်ရွေးကောက်ပွဲမှာလည်း ပြည်သူ့မျက်နှာပဲ ကြည့်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုရင် စည်းရုံးရေးမဆင်းဘဲနဲ့လည်း ပြည်သူ့ မဲကို ရနိုင်တယ်ဆိုတာ စဉ်းစားကြစေလိုပါတယ်။

No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ