Wednesday, 01 February 2012 11:51 | |||||||||||||||||||||||||||||||||||||||||||||||||||
စီမံကိန်း အားလုံးမှာ လမ်း၊ လေဆိပ်၊ ဆိပ်ကမ်း၊ လျှပ်စစ်စွမ်းအားကဲ့သို့ အများပြည်သူဖြင့် နေ့စဉ်ဆက်စပ်နေသည့်၊ အများပြည်သူထံမှ နေ့စဉ်ဝင်ငွေရရှိနိုင်သည့် လုပ်ငန်းများဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရသိရသည်။ BOT စနစ်ဖြင့် မြှုပ်နှံလုပ်ကိုင်ရာတွင် နိုင်ငံခြားသားကုမ္ပဏီများမှ မြှုပ်နှံထားသည့် စီမံကိန်းလုပ်ငန်း ၈ ခုရှိပြီး မြန်မာနိုင်ငံသားများ မြှုပ်နှံထားသည့် လုပ်ငန်းများမှာ ၅၆ ခု ရှိကြောင်း၊ စုစုပေါင်းလုပ်ငန်း ၆၄ ခုတွင် အများဆုံးမှာ လမ်းတံတား လုပ်ငန်းများသာဖြစ်ပြီး ၄၄ ခုရှိ ကြောင်းသိရသည်။ BOT စနစ်ဖြင့် လုပ်ကိုင်သည့် လမ်းတံတားလုပ်ငန်း ၄၄ ခုတွင် နိုင်ငံခြားသားလုပ်ငန်း ရှင်မှ ၂ ခုလုပ်ကိုင်ပြီး နိုင်ငံသားလုပ်ငန်းရှင်မှ ၄၂ ခုလုပ်ကိုင်ကြောင်း၊ BOT စနစ်ဖြစ်သည့်နှင့်အညီ လမ်း တံတားများအားလုံးကို အများပြည်သူအနေဖြင့် အခကြေးငွေပေး၍ ဖြတ်သန်းသွားလာရကြောင်း သိရသည်။ ကျန်လုပ်ငန်းများထဲတွင် ကုန်စည်ပို့ဆောင်ရေးနှင့် တင်သွင်းရေးတွင် အဓိကကျသည့် ဆိပ်ကမ်းလုပ်ငန်းများနှင့် ဆိပ်ကမ်းနှင့် ဆက်စပ်ရာလုပ်ငန်းများကို ဒုတိယအများဆုံး လုပ်ကိုင်ကြပြီး နိုင်ငံခြားသားလုပ်ငန်းရှင်များမှ ၃ ခုနှင့် နိုင်ငံသားလုပ်ငန်းရှင်များမှ ၉ ခုလုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းများအားလုံး BOT စနစ်ဖြစ်သည့်အတွက် ထုတ်ကုန် သွင်းကုန်လုပ်ငန်းရှင်များ သတ်မှတ်ချက်အတိုင်း ပေးဆောင်လုပ်ကိုင်ရကြောင်း သိရသည်။ တတိယအများဆုံး လုပ်ကိုင်နေသည့်လုပ်ငန်းမှာ လျှပ်စစ်စွမ်းအား ထုတ်လုပ်၊ ဖြန့်ဖြူးသည့် စီမံကိန်းလုပ်ငန်းများဖြစ်ပြီး နိုင်ငံခြားသားလုပ်ငန်းရှင်မှ ၃ ခုနှင့် နိုင်ငံသားလုပ်ငန်းရှင်မှ ၄ ခု၊ စုစုပေါင်း ၇ ခု လုပ်ကိုင်နေကြောင်း၊ လုပ်ငန်းများ ပြီးစီး၍ ဖြန့်ဖြူးပါက BOT စနစ်ဖြင့်အညီ သုံးစွဲမှုအတွက် ပုဂ္ဂလိကမှ သတ်မှတ်သည့်အတိုင်း ပေးဆောင်သုံးစွဲရမည်ဟုလည်း သိရသည်။ နေပြည်တော်လေဆိပ်အား နိုင်ငံသားလုပ်ငန်းရှင်မှ BOT စနစ်ဖြင့် တာဝန်ယူလုပ်ကိုင်နေကြောင်း သိရသည်။ ''BOT ဆိုတဲ့အသံကြားတာနဲ့ ပြည်သူတွေအကြားမှာ Negative Impact ၀င်လောက်အောင် လမ်းတို လမ်းမွှားကအစ BOT မလုပ်သင့်ပါဘူး။ တကယ်လို့ မြန်မာနိုင်ငံမှာ လမ်းပိုင်း၊ Infrastructure မြှင့်ဖို့ IMF တို့ ကမ္ဘာ့ဘဏ်တိုက ဘီလျံနဲ့ချီပြီး ချေး ငွေတွေ အကူအညီတွေပေးမယ်ဆိုရင် အခုပေးထားတဲ့လမ်းတွေ ဘယ်လိုဆက်လုပ်မှာလဲ။ အိမ်နီးချင်းနိုင်ငံတွေမှာ အခုလောက်တောင် လမ်းအသုံးပြုခကို လမ်းတို၊ လမ်းမွှားကအစ ကောက်ခံတာမတွေ့ဖူးပါဘူး။ အခုတော့ BOT ဆိုတာ စီးပွားရေးသမားတွေအတွက် အကွက်ထွင်ပေးရတဲ့လုပ်ငန်းမျိုးဖြစ် နေပြီ'' ဟု Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။ BOT စနစ်ဖြင့် ပေးထားသည့် နိုင်ငံအတွင်းရှိ လုပ်ငန်း ၆၄ ခုမှာ အများပြည်သူဖြင့် နေ့စဉ်မဖြစ်မနေ ဆက်စပ်ရာလုပ်ငန်းများဖြစ်ခြင်း၊ နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍတစ်ခုလုံးနီးပါး ပါဝင်နေခြင်းများကြောင့် အများပြည်သူ ပြေလည်ရန်၊ သို့တည်းမဟုတ် ခက်ခဲရန်ဆိုသည်မှာ တာဝန်ယူလုပ်ကိုင်နေသူများ၏ လုပ်ဆောင်မှုပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်း၊ တိကျသည့်မူဝါဒများ၊ နည်းဥပဒေများ ရေးဆွဲထားရန်လိုကြောင်း ပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။ ''PPP နဲ့ လုပ်တာပဲဖြစ်ဖြစ်၊ BOT နဲ့လုပ်တာပဲဖြစ်ဖြစ် ဥပဒေ၊ နောက်ထပ်အရေးအကြီးဆုံးက နည်းဥပဒေမရှိဘူးဆိုရင် အများပြည်သူနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေမှာ ပြဿနာရှိလာရင် ဖြေရှင်းရခက်ပါတယ်။ နည်းဥပဒေမရှိရင် အရေးယူတာလုပ် လို့မရဘူး၊ အခုလည်းနည်းဥပဒေမရှိ သေးတဲ့အတွက် PPP လုပ်လို့မရသေးဘူးလို့ ပညာရှင်တွေက ထောက်ပြထားတယ်။ ဥပမာ FDA စား သောက်ကုန်တွေ မစစ်တာ မဟုတ်ဘူး၊ စစ်တယ်။ ခဏခဏ စစ်တယ်။ ဒါပေမယ့် နည်းဥပဒေ အခုထိမရှိလို့ ထိရောက်တဲ့ အရေးယူမှုမပြုနိုင်ဘူး။ ဒီတော့ လုပ်တဲ့သူက ဆက်လုပ်နေရော၊ ခဏခဏပြန်စစ်ရရော။ ဒါမျိုးဖြစ်လို့ မရဘူး။ အဲဒါကြောင့် အခုဆို BOT စနစ်နဲ့ ပေးထားတာက အများနဲ့ဆိုင်တာချည်းပဲ လွတ်ကင်းတာ တစ်ခုမှမရှိဘူး။ နေ့စဉ်အများပြည်သူကပေးပြီး သုံးစွဲရမယ့်အပိုင်းချည်းပဲ။ အများပြည်သူနဲ့ဆိုင်တဲ့အတွက် နည်းဥပဒေကိုတော့ တိကျစွာထားပြီး ထိန်းသိမ်းဖို့လိုတယ်''ဟု PPP ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ပညာရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
''နောက်ပြီးရင်းနှီးမြှုပ်နှံမှုတွေကို အလျင်စလိုချပေးရင် နိုင်ငံတကာ စီးပွားရေးအဖွဲ့ကြီးတွေ၊ ကုမ္ပဏီကြီးတွေဝင်လာရင် အားလုံးက ပြည်တွင်းက တိုင်းရင်းသားလုပ်ငန်းရှင်အမည်ခံ ပွဲစားကြီးတွေ၊ ဒေသတွင်းနိုင်ငံတွေက ပွဲစားတွေဆီကတစ်ဆင့် ၀ယ်ရတော့မှာဖြစ်တော့ နောက်ဆုံးတော့ နိုင်ငံပဲ နစ်နာတာပေါ့။ ဒါကြောင့် သမ္မတကြီးအနေနဲ့ BOT ကိစ္စအားလုံးနဲ့ ရန်ကုန် မန္တလေးက မြေကွက်တွေ ငှားရမ်းရေး ကိစ္စတွေကို အလျင်စလိုမလုပ်ဖို့ ပြန်လည်သုံးသပ်ပေးဖို့ ပြည်သူတွေကိုယ်စား အထူးမေတ္တာရပ်ခံလိုပါတယ်''ဟု ဒေါက်တာသန်းထွဋ်အောင်က ဖြည့်စွက်ပြောကြားပါသည်။
|
မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ