ဘာသာရေးအငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Posted: 15 Apr 2012 05:56 AM PDT
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း
စုကြည်က မြန်မာနှစ်သစ်ကူး ကာလမှာ ပြည်သူလူထုကို အခုလို မေတ္တာရပ်ခံ ပန်ကြားလိုက်တာ ဖြစ်ပါတယ်။
AFP
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမြို့နယ် မဲရုံတစ်ရုံတွင် ထောက်ခံ အားပေးသူများနှင့် အတူ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖါးကန့်မြို့နဲ့ မကွေးတိုင်း
ကံမမြို့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အစ္စလမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား
ခိုက်ရန်ဖြစ်ပွားမှုတွေကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို မေတ္တာရပ်ခံ
လိုက်တာ ဖြစ်တယ်လို့ NLDပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုတော့ အခုလို နိုင်ငံသစ် တည်ထောင်မယ့်
အချိန်အခါမျိုးမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ဟာတွေ
အငြင်းပွားနေမယ့်အစားကို တစ်ဦးပေါ် တစ်ဦး နားလည်မှု ရှိကြပါလို့ သူက
အဲဒီလို ပြောပါတယ်။ ဘာသာရေးက သိပ်ပြီးတော့ သိမ်မွေ့တယ်။ အခုလို
အချိန်အခါမျိုးမှာ သည်းခံပါ။ တယောက်ကို တယောက် နားလည်နိုင်အောင်
ကြိုးစားကြပါလို့ အဲလို မှတ်ချက်ပေးတယ်ဗျ။ နောက် ကျွန်တော်တို့ နိုင်ငံတင်
မဟုတ်ဘူး။ ဘယ်နိုင်ငံ ဖြစ်ဖြစ် ဘာသာရေးနဲ့ ပတ်သက်ရင် ဖြေရှင်းရ ခက်ကြတယ်။
အဲဒါကြောင့်မို့ မဖြစ်စေချင်လို ဒီလို ပြောလိုက်ရတာပါ။"
ယခင်အစိုးရ အဆက်ဆက်တုန်းကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်တဲ့
ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးတာ ရှိပြီး၊ နိုင်ငံရေးပယောဂ မကင်းဘဲ
ဖြစ်ပေါ်လေ့ရှိတယ်လို့ မြန်မာ့သမိုင်း လေ့လာသူတွေက သုံးသပ်ထားကြ ပါတယ်။
ဘာသာရေးပေါ် အခြေခံပြီး ခိုက်ရန်ဖြစ်ပွားတာတွေကို NLD ပါတီအနေနဲ့ မလိုလားကြောင်း
ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
RFA
|
||||
ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင်
Posted: 15 Apr 2012 05:53 AM PDT
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား
လေးစားလိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်း သုံးစွဲဖို့ကိစ္စ အချိန်မီ
အဆင်ပြေသွားလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း ဦးတင်ဦးက ဒီနေ့
ပြောကြားလိုက်ပါတယ်။
(Photo: AFP/MRTV 4)
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင်
ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်
နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို
MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV
4)
လွှတ်တော်ပြန်ခေါ်ချိန်တဲ့ ဧပြီလ ၂၃ ရက်နေ့မှာ စကားရပ် ပြောင်းလဲသုံးစွဲဖို့ ကိစ္စ ချောချောမောမော ပြေလည်သွားမယ်လို့ ယူဆတဲ့အကြောင်း NLD နာယက အဖွဲ့ဝင် ဦးတင်ဦးက RFA ကို ပြောပါတယ်။ ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်ဟာ တပ်ထဲမှာ သုံးစွဲတာ ဖြစ်ပြီး နေရာတိုင်းမှာ အရိုးစွဲနေတဲ့ တပ်ပုံစံအတိုင်း လိုက်လုပ်တာလို့ ဦးတင်ဦးက ပြောပါတယ်။ အရပ်သားတွေ အနေနဲ့ လေးစား လိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်းသုံးရင် လုံလောက်တယ်လို့လည်း ဆိုပါတယ်။ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ အသုံးအနှုန်းကို ဥပဒေနဲ့ အညီပြင်ဆင်ဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေပြည်တော်ကို စနေနေ့က သွားပြီး နိုင်ငံတော်သမ္မတဆီ အကြံပြုစာ တင်လိုက်ပြီလို့လည်း သိရပါတယ်။ RFA |
||||
ကံမမြို့ နယ်မှာ လူစုလူဝေးနှင့် ဓါးမြတိုက်မှုဖြစ်ပွါး
Posted: 15 Apr 2012 05:48 AM PDT
အမည်မသိသူ ဓါးမြ ၃၀၀ ခန့်လောက် သည် ဒေသခံ နေ အိမ်များအား အတွင်း အပြင်ရစရာမရှိအောင်ဖျက်ဆီးကာ ရွေငွေများလုယက် ခြင်းများ ဖြစ်ပွားခဲ့ပါသည်။ ည ၁၁ နာရီခန့်လောက်ထိဖြစ်ပွားခဲ့ပီး အိမ်ရှိသူများမှာ ကိုလွတ်ရုံးထွက်ပြေးကြရ ကြောင်း ပစ္စည်းဆုံးရှုံးမှုများ စွာ ဖြစ်ပေါ်ခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များမှ ကုညီမှုမရှိ မင်းမဲ့တိုင်းပြည်လိုဖြစ်နေကြောင်း သိရပါတယ်။ ၁၄.၄.၂၀၁၂ ည တွင်လဲ ကျန်ရှိ နေအိမ်များကို လူများစုဝေးကာ ဓါးပြတိုက် လုယက်ဖျက်ဆီးကြောင်း သိန်းပေါင်း များစွာဆုံးရှုံးပျက်ဆီးသွားကာ ရွှေ ၊ ငွေ ထည် ပစ္စည်းများစွာ လုယက်သွားသည်များကို သက်ဆိုင်ရာမှ ခုထိဘာမှ အရေးမယူ သေးကြောင်း ကံမမြို့ ခံများက Myanmar News Now ကို ပြောပါတယ်။ |
||||
မြစ်ကြီးနား သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲ
Posted: 14 Apr 2012 11:27 PM PDT
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ သင်္ကြန်မဏ္ဍပ် တစ်ခုတွင် ဧပြီ ၁၄ ရက်
စနေနေ့ ည ၉ နာရီဝန်းကျင်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း မြို့ခံများ
ဆိုသည်။
ဗုံးပေါက်နေရာသည် မြို့သစ်ကြီး ရပ်ကွက် ဦးဇခုန်တိန့်ယိန်း ၏ ‘မနောမြေ’ အမည် သင်္ကြန်မဏ္ဍပ်တွင် ဖြစ်သည်ဟု မြစ်ကြီးနား နာရီစင်အနီး “ထူး (ကုမ္ပဏီ)” သင်္ကြန်မဏ္ဍပ် ဖျော်ဖြေရေးအစီစဉ်တွင် ကြည့်ရှုပြီးပြန်လာသူ လူငယ်တစ်ဦးက ပြောသည်။ ဇခုန်တိန့်ယိန်းသည် ယခင် ပန်ဝါအခြေစိုက် နယ်ခြားစောင့်တပ်အသွင်ပြောင်း ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ဥက္ကဌ နှင့် ယခု ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမတ် ဖြစ်သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုမှာ ယခုချိန်ထိ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ထိခိုက် ပျက်စီးမှုများ မသိရသေးပါ။ ၄င်းမဏ္ဍပ်တွင် ကချင်အဆိုတော်များသာ သီဆိုကြောင်းလည်း သိရသည်။ ကချင်သတင်းဌာန |
||||
ရဲတိုက်ဖောင်ဒေးရှင်းမှ ကချင်ဒုက္ခသည်များအား ကူညီ
Posted: 14 Apr 2012 11:00 PM PDT
ယခုလ ၈ရက်နေ့မှ ၁၃ရက်အထိ ရဲတိုက်ဖောင်ဒေးရှင်း မှကချင်ပြည်နယ် ရှိ
စစ်ပြေးဒုက္ခသည်များကို အလှုငွေ သိန်းသုံးရာကျော် သွားရောက်လှူဒါန်း ခဲ့သည်။
ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်း များ မှ တရုတ်ပြည်နယ်စပ်ရှိ
ဒုက္ခသည်စခန်း ၊ ၀ိုင်းမော် မြို့ရှိ ဒုက္ခသည်
စခန်းနှင့်မြစ်ကြီးနား မြို့ရှိ ဒုက္ခသည် စခန်း ၁၁ခုတို့တွင်
ခိုလှုံနေထိုင်လျှက်ရှိသူများကို လှူဒါန်းသွားသည်။
သို့သော် ကချင်ပြည်နယ်
စစ်ပြေးဒုက္ခသည် စခန်းများက လိုအပ်ချက်များပြားနေသေးသောကြောင့်
ထိထိရောက်ရောက် ကူညီမူ မပေးနိုင်ကြောင့် အားမလိုအားမရဖြစ်သည်ဟု
ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က ပြောသည်။ “အားမရဘူး ဒီထက်ပိုပြီး ကူညီချင်တယ်
ဒီထက်ပိုပြီး ထိထိရောက်ရောက် လုပ်ပေးချင်တယ် ဒုက္ခသည် စခန်းတိုင်မှာ
လိုအပ်ချက်တွေ ရှိနေတုန်းဘဲ ဒီထဲကမှာ ကိုယ်နိုင်တာလေးကိုရွေးပြီး
ကူညီရတာဆိုတော့ တခြားလိုအပ်နေသေးတဲ့ နေရာတွေ အတွက် စိတ်မကောင်းဘူး
ဖြစ်မိပါတယ်” ဟု YPI သို့ပြောသည်။
မြန်မာစစ်တပ်နှင့် ကေအိုင်အို အကြား
စစ်ဖြစ်ပွားမူကြောင့် စစ်ပြေးဒုက္ခသည်များ ၇သောင်းကျော်
ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကူညီရေး အဖွဲ့အစည်းများမှ ကောက်ယူထားသည့်
စရာင်းများအရ သိရှိရသည်။
(သတင်းဓါတ်ပုံ- ဆိုင်းဆွတ်)
Yangon Press International
|
||||
မြန်မာပြည်မှာဝှက်ထားခဲ့တဲ့ ဗြိတိသျှတိုက်လေယာဉ်တွေ ပြန်ဖေါ်မယ်
Posted: 14 Apr 2012 09:17 PM PDT
၁၉၄၅ ခုနှစ်က မြန်မာနိုင်ငံကို ဂျပန်တွေ ဝင်လာ ချိန်မှာ ဆုတ်ခွာနေတဲ့ ဗြိတိသျှစစ်တပ်က ဂျပန်တွေ ရသွားပြီး အသုံးချမှာ ၊ ဒါမှမဟုတ် ဖျက်ဆီးလိုက် မှာကို စိုးရိမ်လို့ Spitfire တိုက်လေယဉ် အစင်း ၂၀ ကို မြှုပ်ထားခဲ့တာပါ။အဲဒီလေယာဉ်တွေဟာ ဆင်တောင် မဆင်ရသေးတဲ့ လေယာဉ်တွေ ဖြစ်ပြီး အစိတ်အပိုင်း တွေကို သေတ္တာကြီးတွေနဲ့ ထည့်ပြီး မြှုပ်ထားခဲ့တာလို့ သိရပါတယ်။စစ်ပြီးလို့ ဂျပန်တွေ လက်နက်ချပြီးတဲ့ နောက်မှာလဲ လေယာဉ်တွေ ဝှက်ထားခဲ့တာကို မေ့နေခဲ့ကြသလို၊ ဒီနောက်မှာလဲ မြန်မာနိုင်ငံမှာ ရာစုနှစ်တဝက်လောက် စစ်တပ် အုပ်ချုပ်မှု အောက်ကို ရောက်နေခဲ့ လို့ တူးဖေါ်ခွင့်မရခဲ့ပါဘူး။ Spitfire တိုက်လေယဉ်တွေဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေက ဂျာမန်တိုက်လေယာဉ်တွေကို ယှဉ်ရာမှာ အနိုင်ရတဲ့ အောင်မြင်တဲ့ တိုက်လေယာဉ်တွေ အဖြစ် ကျော်ကြားပြီး ဂျာမဏီကို အံတုနိုင်တဲ့ အတွက် ဗြိတိသျှတို့ရဲ့ အမျိုးသားရေး လက္ခဏာတခု ဖြစ်လာခဲ့ပါတယ်။ အခု လောလောဆယ်မှာ ပျံသန်းနိုင်လောက်အောင် အခြေအနေ ရှိနေတဲ့ Spitfire တိုက်လေယဉ် တကမ္ဘာလုံးမှာ ၃၅ စင်းလောက်ဘဲ ရှိတယ်လို့ ယူဆရပါတယ်။အခုလို လေယာဉ်တွေ ပြန်လည်တူးဖေါ်ရေးနဲ့ နောက်ပြီး လေကြောင်း ပျံသန်းမှု သမိုင်းမှာ အရေးပါဆုံးဖြစ်တဲ့ Spitfire တိုက်လေယာဉ်တွေ ပြန်လည် တပ်ဆင်ရေး လုပ်ငန်းတွေ ဟာ မြန်မာအစိုးရနဲ့ အတူ လုပ်ကိုင် ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း တခု ဖြစ်လိမ့်မယ်လို့ မျှော့်လင့်ကြောင်း ဗြိတိသျှ အရာရှိတဦးက ပြောပါတယ်။ ဒီကိစ္စကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ ဒီကိစ္စကို ထုတ်ဖေါ်ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ဘီဘီစီ |
||||
လေတပ်အရာရှိသုံးဦး အီလက်ထရောနစ်ပုဒ်မနဲ့ ထောင်ဒဏ် ချမှတ်ခံရ
Posted: 14 Apr 2012 09:09 PM PDT
ဧပြီလ (၉) ရက်နေ့က မြိတ်လေတပ်စခန်းက လေတပ်အရာရှိသုံးဦးကို
စစ်အကျဉ်းထောင် တရားရုံးချုပ်ကနေ စစ်ခုံရုံးဖွဲ့ပြီး အီလက်ထရောနစ်ပုဒ်မနဲ့
ထောင်ဒဏ်အနှစ် (၂၀) နဲ့ (၇) နှစ်စီ အသီးသီး ချမှတ်ခဲ့ကြောင်း နီးစပ်တဲ့
အသိုင်းအ၀ိုင်းက
ပြောပါတယ်။
Photo: RFA
ရန်ကုန်မြို့က အင်တာနက် ကဖေးဆိုင်တဆိုင်မှာ အင်တာသုံးစွဲသူများ ပြည့်နက်နေချိန် မြင်ကွင်း။
လေတပ်အရာရှိ သုံးဦးကို အင်တာနက် ဘလော့ဂ်နဲ့ ၀က်ဘ်ဆိုက်ဒ်တွေမှာ
တပ်မတော်သားတွေရဲ့ ဘ၀အခြေအနေတွေကို ဖော်ပြရေးသားမှုနဲ့ ထောင်ချခဲ့တာဖြစ်ပြီး
ထောင်ဒဏ်ချမှတ်ခံခဲ့ကြရတဲ့ လေတပ်အရာရှိ သုံးဦးအနက် ဗိုလ်ကြီးနေလင်းဒွေးဟာ
ကျန်းမာရေးမကောင်းဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
အရာရှိ ဗိုလ်ကြီးနေလင်းဒွေး ကိုယ်ပိုင်အမှတ် (လေ-၂၂၈၂) ကို အီလက်ထရောနစ်ပုဒ်မ ၃၃ (က) အပါအ၀င် ပုဒ်မ ၅/ည နဲ့ ထောင်ဒဏ်အနှစ် (၂၀) ချမှတ်လိုက်ပြီး လက်ရှိအင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။ ကျန်တဲ့ ယာယီဗိုလ်မှူးအဆင့်နဲ့ ဗိုလ်ကြီး နှစ်ဦးကိုတော့ ဘယ်ထောင်မှာ ထိန်းသိမ်းထားသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ သူတို့အားလုံးကို စစ်ခုံးရုံးက စီရင်ချက်ချတဲ့အခါမှာ ရှေ့နေငှားခွင့်၊ ထုချေခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ပြည်တွင်းမှာ မပြောင်းလဲတာဆိုလို့ တရားစီရင်ရေးစနစ်ဖြစ်ပြီး အရင်စစ်အစိုးရ လက်ထက်ကအတိုင်း စီရင်နေဆဲပဲဆိုတာ တွေ့နေရတယ်လို့ အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးမင်းလွင်ဦးကပြောပါတယ်။ ဗိုလ်ကြီး နေလင်းဒွေးနဲ့ လေတပ်အရာရှိ နှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့က တာဝန်ထမ်းဆောင်နေချိန်အတွင်း ရုတ်တရက်ဖမ်းဆီးခဲ့ပြီး မိသားစုတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။ လက်ရှိအခြေအနေမှာလည်း မိသားစုဝင်တွေအနေနဲ့ ထောင်ဝင်စာ တရားဝင် တွေ့ခွင့်မရသေးပါဘူး။ အဖမ်းခံရတဲ့ လေတပ်အရာရှိ သုံးဦးလုံးဟာ အင်တာနက်အီးမေးလ်တွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးစွဲတတ်သူတွေဖြစ်ပါတယ်။ ဗိုလ်ကြီး နေလင်းဒွေးဟာ တာဝန်ထမ်းဆောင်နေစဉ်မှာ ခြေထောက် ထိခိုက်ခဲ့တဲ့ ဒဏ်ရာကြောင့် အရိုးမှာ ထုံကျဉ်ခိုက်ခဲတဲ့ ဝေဒနာခံစားနေရသူ ဖြစ်တယ်လို့လည်း သိရပါတယ်။ RFA |
||||
သမ္မတ ဦးသိန်းစိန်ကို လန်ဒန်သင်္ကြန်က ငြိမ်းချမ်းရေးဆု ချီးမြှင့်
Posted: 14 Apr 2012 08:54 PM PDT
မနေ့က ကျင်းပခဲ့တဲ့ လန်ဒန်မြို့က ၁၁ ကြိမ်မြောက် မြန်မာ့ရိုးရာ
အတာသင်္ကြန်ပွဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု
ပေးအပ်လိုက်ပါတယ်။
လန်ဒန်မှာ နှစ်စဉ်ရိုးရာသင်္ကြန် ဦးဆောင်ကျင်းပနေတဲ့ သာသနာရံသီ ဝီဟာရကျောင်းတိုက် ဆရာတော် ဦးဥတ္တရက အခုလို မိန့်ပါတယ်။
လန်ဒန်သင်္ကြန်ကနေ ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း အကြောင်းကြားစာကို သမ္မတဆီ လိပ်မူပြီး မြန်မာသံရုံးက တစ်ဆင့် ပေးပို့မယ်လို့ သိရပါတယ်။ မနေ့က ကျင်းပတဲ့ လန်ဒန်မြို့ ရိုးရာအတာသင်္ကြန်ပွဲကို နှစ်ပိုင်းခွဲပြီး ကျင်းပရာမှာ မနက်ပိုင်းမှာ ဗြိတိန်နိုင်ငံရောက် ဆရာတော် ၂၅ ပါးအတွက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ညနေပိုင်းမှာ ရခိုင်နဲ့ မွန် အပါအ၀င် တိုင်းရင်းသားရိုးရာ သင်္ကြန်ယိမ်းတွေ၊ သင်္ကြန်အဆိုအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ မနေ့က ကျင်းပတဲ့ သင်္ကြန်ပွဲကို လန်ဒန်ရောက် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။ ဒီသတင်းကို RFA သတင်းထောက် မအေးနှင်းညို လန်ဒန်မြို့ကနေ ပေးပို့ခဲ့တာပါ။ RFA |
||||
88 မျိုးဆက်ကျောင်းသားများ၏ သံချပ် ဖျော်ဖြေမှု့ (ရုပ်/သံ)
Posted: 14 Apr 2012 05:11 PM PDT
88 မျိုးဆက်ကျောင်းသားများ၏ သံချပ် ဖျော်ဖြေမှု့အား ၁၄ ရက်နေ့ ညနေပိုင်းက မင်္ဂလာ ဈေးမဏ္ဏပ်တွင် ဖျော်ဖြေနေစဉ်.(ရုပ်/သံ) ၈၈မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်ရေးစပ်ခဲ့သောသင်္ကြန်သံချပ် ပရိသတ်ပြည်သူ သိစေချင် ......... ၈၈ ဟာ ဘာအဓိပ္ပာယ်လဲ (၈၈ ဟာ မျိုးဆက်တစ်ခု ......... ကျောင်းသားကိုယ်စားပြု)၂ ကျောင်းသားသမိုင်းဟာ မြဲရှင်သန် ......... စီးဆင်းမြစ်ရေ ဘယ်တော့မခမ်း ... တွန်လိုက်စမ်းပါ့ ဒေါင်းပျိုတွေ ......... အိုးဝေ အိုးဝေ ညံလို့ ညံလို့ (ပြည်သူချစ်တဲ့ ကိုအောင်ဆန်း ......... မြစ်ရေဘယ်မခမ်း)၂ (ကိုအောင်ကျော်နဲ့ ကိုဘဟိန်း ......... အစဉ်အလာကောင်းကိုထိန်း)၂ သူတို့ခေတ်နဲ့ သူတို့အသံ ......... အိုးဝေ အိုးဝေ ညံလို့ ညံလို့ ကောင်းကျိုးထွေထွေ ချွန်မြစေဖို့ ......... ဒေါင်းအိုးဝေတွေ တွန်ကပါစို့ မပြောမပြီး မတီးမမြည် ......... တို့စည်တီးတာ ပြည်သူ့အတွက် ပြောမှသိလို့ ထိမှနာ ......... တို့ရင်ထဲမှာ မချိမချိ ဒီမိုကရေစီအနှစ်ဟာ ......... အာဏာပိုင်ရှင်ပြည်သူဖြစ်သတဲ့ ပြည်သူ့ထံမှ ဆင်းသက်လာ ......... အစိုးရဆိုတာ ပြည်သူ့ဝန်ထမ်း ဒီစိတ်ဓာတ်လေးမွေးစေချင် ......... ပြည်သူ့ရင်ခွင် ခိုကြလှုံကြ ရွေးကောက်ပွဲကြီး ပြီးသွားပြီ ......... တို့ပြည်သူတွေ အမြဲတမ်း အဆင်သင့် ခေတ်အဆက်ဆက် တာဝန်ကျေ ......... တို့ပြည်သူတွေ အာဂသတ္တိ မပြောမပြီး မတီးမမြည် ......... ပြည်သူ့ကျေးဇူး မမေ့ကြနဲ့ဦး နောက်ကြောင်းမလှည့်ဘူး ပြောထားတယ် ......... ရှေ့ရောက်အောင်လည်း ချီတက်ပါဦး ရွေးကောက်ပွဲကြီး ပြီးသွားပြီ ......... ကချင်ပြည်နယ်မှာ ပြေးနေကြတုန်း ကားဈေးတွေလည်း ကျသွားပြီ ......... အသားဈေးတွေလည်း ချပေးပါဦး ကားဈေးတွေလည်း ကျသွားပြီ ......... ငါးဈေးတွေလည်း ချပေးပါဦး မြစ်ဆုံကြီး ခဏရပ်ထားတယ် ......... တစ်သက်လုံးရပ်ရင် ပိုမကောင်းဘူးလား ကိုယ့်အခွင့်အရေး ကိုယ်လိုချင်ရင် ......... တို့ပြည်သူတွေ သတ္တိရှိကြ ဒီမိုကရေစီလိုချင်ရင် ......... တို့ပြည်သူတွေ ပွင့်ကြ လင်းကြ ကောင်းကျိုးထွေထွေ ချွန်မြစေလို့ ......... ဒေါင်းအိုးဝေတွေ တွန်ကစေပါစို့။ CJ myanmar , Popular Myanmar News Journal |
||||
ဦးခင်ညွန့်ဆောင်းပါးအကြောင်း ဦးမြင့်ရွှေပြန်ရှင်းပြီ
Posted: 14 Apr 2012 04:24 PM PDT
တွေ့ဆုံခြင်းဆောင်းပါးနှင့်ပတ်သက်၍ မူရင်းစာရေးသူ ဦးမြင့်ရွှေက သူ၏ facbook စာမျက်နှာတွင် ပြန်လည်ရှင်းလင်းရေးသားထားပြီဖြစ်ကြောင်းတွေ့ရသည်။ ဦးခင်ညွန့်နှင့်သူသည် ၂၀၁၂ ခုနှစ် မတ်လလယ်ခန့်တွင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး သူ့အနေနှင့်အသံဖမ်းယူထားခြင်းမရှိပဲ ဦးခင်ညွန့်တို့ဖက်ကသာလျှင် အသံဖမ်းယူထားခြင်းရှိကြောင်း၊ မှတ်တမ်းဓာတ်ပုံကိုပင်လျှင် ဦးခင်ညွန့်၏ မိတ်ဆွေတစ်ဦးက သူ့ကိုရိုက်ပေးထားခြင်းဖြစ်ကြောင်း၊ ဦးခင်ညွန့်သည် သူ့အား ပြည်ပမီဒီယာသမားတစ်ဦးအဖြစ် လက်ခံတွေ့ဆုံခြင်းမဟုတ်ပဲ၊ မြန်မာလူမျိုးတစ်ဦးအဖြစ်သာလက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်ရွှေကရေးသားထားသည်။ "မည်သို့ပင်ဖြစ်စေ ကျွန်တော်သည် အလျဉ်းသင့်သလို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့်ဆောင်းပါးများရေးသားလေ့ရှိပြီး၊ ယခုသူနှင့်တွေ့ဆုံခြင်းကိုလည်း ပြန်လည်ရေးသားမည့် ရည်ရွယ်ချက် ကျွန်တော့်တွင်ရှိကြောင်းကိုတော့ ဦးခင်ညွန့်သိပြီးသားဖြစ်မည်ဟု ကျွန်တော်နားလည်ပါသည်"ဟု ဦးမြင့်ရွှေကဆိုသည်။ သို့ရာတွင် ယခု Bangkok Post သတင်းစာတွင် ပါလာသော သူ့ဆောင်းပါးမှာ မူလသူရေးသားပေးပို့ထားသည်နှင့် ကွဲလွဲချက်များပါရှိကြောင်း ဦးမြင့်ရွှေကရှင်းပြထားသည်။ သူသတင်းစာတိုက်သို့ပေးပို့စဉ်က ဆောင်းပါး၏ ခေါင်းစဉ်ကို "ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးဖြစ်ခဲ့သည့် မြန်မာ့ထောက်လှမ်းရေးအကြီးအကဲဟောင်း(Burma-ex-spyboss is a reformed man.)"ဟုရေးသားထားသော်လည်း သတင်းစာတွင်ပါလာသောအခါတွင်မူ ယင်းခေါင်းစဉ်မဟုတ်တော့ကြောင်း၊ စာသား အထားအသိုများနှင့် အရေးအသားဟန်ပါမတူတော့သည့်အပြင် သူမရေးသားခဲ့သည်တို့လည်းပါလာကြောင်းကိုလည်း ဦးမြင့်ရွှေကရှင်းပြထားသည်။ အဓိကကျသောအချက်ဖြစ်သည့် ဦးခင်ညွန့်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်းစာပိုဒ်တွင်မူ အတော်လေးခြားနားသွားသဖြင့် အငြင်းပွားမှုများပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်းဦးမြင့်ရွှေကရေးသားရှင်းလင်းထားသည်။ ဦးမြင့်ရွှေ Bangkok Post သတင်းစာဆီသို့ ရေးသားပေးပို့ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ခဲ့သည်ဟု ဦးခင်ညွန့်ကပြောကြားကြောင်းလုံးဝမရေးသားခဲ့။ သူ၏ လေ့လာသုတေသနပြုချက်များအပေါ်အခြေခံ၍သာလျှင်အမှန်ဟု သူယုံကြည်သည်တို့ကိုရေးသားခဲ့ခြင်းဖြစ်ကြောင်းသူကရှင်းထားသည်။ ထိုသို့ရေးသားခဲ့သော်လည်း သတင်းစာထဲဝယ် ပါလာသည်တွင်မူ သူရေးသားပေးပို့ခဲ့သည်နှင့်မတူတော့ပဲ ဦးခင်ညွန့်က ပြောပြသည့်ဟန်ဖြစ်နေကြောင်း ဦးမြင့်ရွှေက ရှင်းပြထားသည်။ Bangkok Post သတင်းစာမှ စာပြင်များသည် ဦးမြင့်ရွှေရေးသားသည့်စာသားများထဲမှ ဝေါဟာရတစ်ခုဖြစ်သည့် "အလျှင်အမြန်(snap)" ကိုလည်း "လုယူသည်(snatch)" ဟု မှားယွင်းခဲ့ကြကြောင်းသူကထောက်ပြထားသည်။ အမှန်အားဖြင့်မူ သူသည် ယင်းဆောင်းပါးကို အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေ့ရှု၍ စေတနာကောင်းဖြင့်ရေးသားခဲ့ခြင်းသာဖြစ်ကြောင်း ဦးမြင့်ရွှေကဆိုသည်။ "ကျွန်တော့်ဆောင်းပါးနှင့်ပတ်သက်၍ ပြည်သူ့ရဲရုံးဌာန၀ယ် စာနယ်ဇင်းရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်ဆိုသောကြောင့် ကျွန်တော်အပါအ၀င် လူအများ နားလည်ရခက်ကာ ဇဝေဇ၀ါတွေဖြစ်ကုန်ကြပါသည်" ဟု ဦးမြင့်ရွှေကဆိုထားပါသည်။ http://www.facebook.com/myint.shwe?ref=ts Popular Myanmar News Journal |
||||
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့မှာ ရေကစား (ရုပ်/သံ)
Posted: 14 Apr 2012 11:08 AM PDT
|
||||
နှစ်ဆန်းတစ်ရက်တွင် ကော့မှုးမှသက်ကြီးမဲဆန္ဒရှင် ၆၂ဦးကို ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ပြုမည်
Posted: 14 Apr 2012 10:05 AM PDT
ကော့မှုးမြို့နယ်တွင် ကျေးရွာ အုပ်စု(၆၂)စုရှိရာ အုပ်စုတစ်စုစီမှ မဲပေးခဲ့သူ အသက် အကြီးဆုံး ပုဂ္ဂိုလ် တစ်ဦး စီကို ဖိတ်ကြားမည်ဟု ကော့မှုးမဲအောင်နိုင်ရေးအဖွဲ့ မှ ဦးလှမြင့်က ပြော သည်။ “ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကိုမဲပေးမှမဟုတ်ဘူး၊ဘယ်ပါတီပဲ မဲထည်ခဲ့ထည်ခဲ့ အုပ်စုတစ်စုစီက အသက်အကြီးဆုံး မဲထည့်ခဲ့သူ၊ ကော့မှုး ကိုလည်းလာနိုင် လောက်တဲ့လူ ကိုပြောတာပါ ” ဟု ၎င်းက ရှင်းပြသည်။ သက်ကြီး ပုဂ္ဂိုလ်များကို ကော့မှုးသို့ ဖိတ်ကြား၍ ဂါရ၀ပြုကန်တော့ပြီးပါက ၎င်းတို့ ထဲမှ ပထမဆု၊ဒုတိယဆု၊တတိယဆု သုံးဆုကို မဲနှိုက်ရွေးချယ်ကာ ရပ်ရွာအကျိုးပြု ရန်ပုံငွေများ ပေးအပ်ချီးမြုင့်မည်ဟု သိရသည်။ ရန်ပုံငွေအနေဖြင့် ပထမဆု (၁၇၅)သိန်း၊ ဒုတိယဆု(၇၅)သိန်း၊ တတိယဆု သိန်း(၅၀) ချီးမြုင့်မည်ဖြစ်သည်။ “ မဲပေါက်တဲ့ ဘိုးဘွားရဲ့  ရွာတွေက ဒီငွေတွေကို ရပ်ရွာအကျိုးအတွက် ဘယ်နေရာတွေမှာသုံးမလဲဆိုတာ စီမံချက် ဆွဲပြီး ပြန်တင်ပေးရမယ်။ ကျေးရွာရန်ပုံငွေသဘောပေါ့။ ”ဟု ကော့မှုးမဲအောင်နိုင်ရေး အဖွဲ့ ၀င် ကိုလင်းဇော်က ပြောသည်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့ တွင် ပြုလုပ်မည့် အဆိုပါ ဂါရ၀ပြုကန်တော့ပွဲသို့ ရန်ကုန် မှ အနုပညာရှင်များလည်း လာရောက်ကာအနာပညာ ဖျော်ဖြေရေးအစီအစဉ်များတင်ဆက်ကြမည်ဟု သိရသည်။ ကျော်ရဲလင်း Popular Myanmar News Journal |
||||
မြစ်ကြီးနားမြို့ ထူးမဏ္ဍပ်တွင် ဗုံးပေါက်ကွဲ၊ သေပျောက် ဒဏ်ရာရမှု မသိရှိရသေး
Posted: 14 Apr 2012 09:10 AM PDT
ည ၁၀နာရီခွဲ-ဧပြီ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်၊ ဆိုင်းဆွတ် YPI
မြစ်ကြီးနားမြို့ခံများ သင်္ကြန်အကြတ်နေ့ မဏ္ဍပ်များတွင် ဖျော်ဖြေပွဲများ ကြည့်ရှုနေခိုက် ည ၉နာရီဝန်းကျင်တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သဖြင့် ဖျော်ဖြေမှုများ အားလုံး ရပ်ဆိုင်းပြီး မိမိတို့ နေအိမ်များသို့ အမြန်ဆုံး ပြန်နေကြသည်။ ပေါက်ကွဲသည့်နေရာမှာ စိမ်းမြဧရာ ပန်းခြံအနီး ထူးမဏ္ဍပ်တွင် ဖျော်ဖြေနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းမဏ္ဍပ်မှာ လီဒိုလမ်းမကြီးပေါ်တွင်တည်ရှိပြီး ယုဇနနှင့် ရန်ကြီးအောင် ရပ်ကွက်အနီးဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရရှိမှုနှင့် အသေအပျောက်စာရင်းကိုမူ မသိရှိရသေးပေ။ ယခုနှစ် မြစ်ကြီးနားမြို့ သင်္ကြန်မှာ အစည်ကားဆုံး နှစ်တနှစ်ဖြစ်၍ မဏ္ဍပ်ပေါင်း ၂၇ ခုရှိသည်ဟု လည်းသိရှိရသည်။ ။
Yangon Press International
မြစ်ကြီးနား သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲ
KNG
ကချင် ပြည်နယ် မြို့တော် မြစ်ကြီး နားရှိ သင်္ကြန် မဏ္ဍပ် တစ်ခု တွင် ဧပြီ ၁၄ ရက် စနေနေ့ ည ၉ နာရီ ၀န်းကျင်တွင် ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့ကြောင်း မြို့ခံများ ဆိုသည်။ ဗုံးပေါက်သော နေရာသည် မြို့သစ်ကြီး ရပ်ကွက် ဦးဇခုန်တိန့်ယိန်း ၏ ‘မနောမြေ’ အမည် သင်္ကြန် မဏ္ဍပ် တွင် ဖြစ်သည်ဟု မြစ်ကြီးနား နာရီစင် အနီး “ထူး (ကုမ္ပဏီ)” သင်္ကြန် မဏ္ဍပ် ဖျော်ဖြေရေး အစီ စဉ် တွင် ကြည့်ရှုပြီး ပြန်လာသူ လူငယ် တစ်ဦးက ပြောသည်။ ဇခုန် တိန့်ယိန်းသည် ယခင် ပန်ဝါ အခြေစိုက် နယ်ခြားစောင့် တပ် အသွင်ပြောင်း ကချင် ဒီမို ကရေစီသစ် တပ်မတော် (NDA-K) ဥက္ကဌ နှင့် ယခု ကချင် ပြည်နယ် အမျိုးသား လွှတ်တော် အမတ် ဖြစ်သည်။ အဆိုပါ ဗုံးပေါက်ကွဲ မှုမှာ ယခု ချိန်ထိ မည်သူ မည်ဝါ ဖြစ်ကြောင်းနှင့် ထိခိုက် ပျက်စီး မှုများ မသိရ သေးပါ။ ၄င်း မဏ္ဍပ်တွင် ကချင် အဆိုတော် များသာ သီဆို ကြောင်းလည်း သိရသည်။
|
မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ