မေလ တရက်
ကမ္ဘာ့အလုပ်သမားနေ့အတွက်
သင်ဘယ်လိုခံစားချက်နဲ့
ဘယ်လိုအဖြေထွက်သလဲ…။
ကမ္ဘာ့တိုင်းပြည်အဖြာဖြာ
အလုပ်သမားနေ့ကျင်းပခဲ့တာ
၁၂၂-ကြိမ်ပင်ရောက်လို့လာ
လူတကာတိုင်းပြည်မှာ
အလုပ်သမားအခွင့်ရေးဆိုတာ
ဥပဒေအဖြာဖြာနဲ့ မယောင်မလပ်
ဘောင်ခပ်ပေးခဲ့ရှာ
ထပ်တခါ လုပ်ငန်းအလိုက်
အဟုတ်တမ်းကိုက်ညီအောင်
အကြိုက်ဆောင်တဲ့အဖွဲ့အစည်း
အသီးသီးဖွဲ့ကာ အခါမရွေး
ကာကွယ်ပေးထားကြပြန်တယ်။
မြန်မာပြည်ကအလုပ်သမား
တောင်သူလယ်သမား
လက်လုပ်လက်စားမကျန်
အမှန်အကန် အဆက်ဆံမခံရ
မတူတန်တဲ့ဘ၀နဲ့
အယူခံတောင်ဝင်ခွင့်မရှိ
အသိခေါက်ခက် အ၀င်နက်သူတွေရဲ့
ဂုတ်သွေးစုပ် မဟုတ်တရုတ်တွေသာ
အစုတ်အပလုတ် ကလေကချေပမာ
အလွှာလွှာခံခဲ့ရရှာ…။
နာရီပိုင်းနဲ့ပဲစားစား
လခနဲ့ပဲစားစား
အလုပ်သမားအခွင့်ရေး
ခုထိမရကြသေး။
အချိန်ပိုင်းနဲ့စားသူ
မလောက်မငံ့ ရေစာသာပေးထား
လခနဲ့စားသူ အချိန်များများနဲ့ဖိထား
အသိတရားဆိုတာ အလုပ်ရှင်မှာခေါင်းပါး
ကောင်းစားနေတာများ အလုပ်ရှင်စားဖား
တောင်းစားနေရတာများ အလုပ်သမားနင်းပြား။
ဒါတွေကိုအတွေးပိုပိုနဲ့
အရေးမဆိုလေတော့ ဘာအခွင့်ရေးကိုမျှ-မရ။
အရေးဆိုနိုင်အောင်လည်း
ဥပဒေဘောင်အတွင်း ပြောင်ရှင်းတဲ့
အလုပ်သမားဥပဒေကမရှိ။
ဒီကြားထဲ ဗြောင်ယူဖယ်ရှားခံရတဲ့
တောင်သူလယ်သမားတွေရဲ့လယ်မြေ
ဘယ်အခြေဘယ့်အတွက်ကြောင့်
ခြေပေါက်ပြီးအစိုးရလက်ထဲရောက်
ကြောက်နေရ ဆောက်တည်မရတဲ့ဘဝ
ဆန္ဒအသီးသီး ထုတ်ဖေါ်ကြလည်းအချည်းနှီး
အပြီးသတ်မှာတော့ နီးစပ်တဲ့သူတွေသာ
အသီးသီး အမြတ်တွေရသွားကြရှာ..။
နင်းပြားအလုပ်သမားတွေမှာတော့
ထမင်းနှစ်နပ်မှန်အောင်စားရရင်ပဲ
မောင်မင်းကြီးသားစားဖားတွေကိုမလွဲ
အမြဲပဲ ကျေးဇူးတင်ရတော့မှာပါပဲ..။
အလုပ်သမားနေ့ဆိုတာ ဘာဆိုဘာမှန်းမသိ
အဝေးလည်းမကြည့် အတွေးလည်းမရှိ
ပြေးကြည့်လို့ ဘေးမထိရင်ပဲ
ကံကောင်းလှပြီပဲလို့ အနေဝေးခဲ့တဲ့
မေဒေးကိုရုတ်တရက် နှုတ်ဆက်လိုက်ပါတယ်…။
တက္ကသိုလ်ဘုန်းကြွယ် (မေလ ၁ရက် ၂၀၁၂)
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ