မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Thursday, June 21, 2012

သဝေထိုးတာနှစ် (၂၀) ကျော်

ဖိုးကျော် (စမ်းချောင်း)
ဇွန် ၂၂၊ ၂၀၁၂


၁၉၈၈ ဇွန် ၂၁ ရက် နေ့လည်တစ်နာရီကျော်က
အတန်းပိုင်ဆရာမက မှာတယ်
နင်တို့ကို ကျောင်းပြန်လွှတ်မယ်
ကျောင်းသားတွေ ချီတက်လာတယ်
ကိုယ့်အိမ်ကိုယ်ပြန်
ဘယ်ကိုမှ သဝေမထိုးနဲ့တဲ့ ....။

ပြည်လမ်းမကြီးပေါ် (အထက ၂ ကျောင်းရှေ့)
ဘ၀တူ အဖြူအစိမ်းဝတ်ကျောင်းသားတွေကို
လုံထိန်းတွေက မျက်ရည်ယိုဗုံးတွေနဲ့ပစ်
နံပါတ်တုတ်တွေနဲ့ ရိုက်ကတည်းက
ကျနော့်ဘ၀တခုလုံး
အနီရောင် ကြိုးဝိုင်းထဲပစ်တင်လိုက်တာ
နှစ် ၂၀ တောင်ကြာခဲ့ပေါ့ ....။

ရန်ကုန်မြို့ရဲ့ လမ်းမကြီးပေါ်မှာ
၁၉၈၉ - ၉၂ တရုတ်ပြည်နယ်စပ်ရဲ့
တောအုပ်တောင်တန်းတွေပေါ်မှာ
မန်းတလေး အိုဘိုထောင်ရဲ့
အုတ်နံရံတိုက်ခန်းကျဉ်းလေးထဲမှာ
ထိုင်းနိုင်ငံနယ်စပ်
နို့ဖိုးဒုက္ခသည် စခန်းထဲမှာ
မြန်မာတနိုင်ငံလုံး လောင်ကျွမ်းနေတဲ့
မီးလောင်ပြင်ထဲမှာ
ဆရာမရေ ... ဆရာမတပည့် ကျနော်
ဘ၀ကို သဝေထိုးခဲ့တာ
နှစ် ၂၀ ကျော်တောင် ကြာခဲ့ပေါ့ ....။

၁၉၈၈ ဇွန် (၂၁) ရက် မြေနီကုန်းကျောင်းသားအရေးအခင်း (၂၄) နှစ်မြောက် ..

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ