မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, July 24, 2012

မြန်မာ အလုပ်သမားရေး ထိုင်းနိုင်ငံရှိ NGO တွေနဲ့ ဝန်ကြီး ဦးအောင်ကြည် ဆွေးနွေး

ဒီနေ့ တွေ့ရတဲ့ သတင်းတစ်ခုကတော့ ကြိုဆို စရာပါပဲ။ ဝန်ကြီး တစ်ယောက်ရဲ့ ဝန်ခံတာ ၁ ခုကို တွေ့လိုက်၊ ကြားလိုက်ရလို့ပါပဲ။ ဝန်ခံတာဟာ အမှားကို သိတယ်ဆိုတဲ့ သဘောကို သက်ရောက်ပြီး အမှန်ကို ပြင်နိုင်ဖို့ လမ်းစလို့ ယူဆပါတယ်။ (မှားမှန်း သိရက်နဲ့ မပြင်ကြတာကိုလည်း ထည့်တွက်မိပါတယ်။ သို့သော် ဝန်ခံပြီးပြီ ဆိုရင်တော့ .. အမှားပြင်ဖို့ အချိန် တစ်ခု (၆လ (သို့) ၁ နှစ်) လောက်တော့ ပေးပြီး စောင့်ကြည့်သင့်တယ်လို့ ထင်ပါတယ်။) အဲဒါကတော့ ...

အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်က မြန်မာအလုပ်သမားတွေရဲ့ ဒုက္ခတွေကို အစိုးရအနေနဲ့ လျှစ်လျှူရှုခဲ့တယ်ဆိုတာကို မနေ့က ထိုင်းနိုင်ငံမှာ လုပ်တဲ့ အလုပ်သမားရေးရာ ကိစ္စတွေအတွက် တွေ့ဆုံပွဲမှာ ဝန်ခံခဲ့တယ်။ ဒါကို အစိုးရ အဆင့်အနေနဲ့ လုပ်ကိုင်ဖို့ စတင်ပြောဆို လုပ်ကိုင်လာမယ်ဆိုရင်တော့ ..အနှိမ်ခံ ကျွန်ဘဝနီးနီး ရောက်နေတဲ့ ရွေ့ပြောင်း အလုပ်သမားတွေအတွက် ဝမ်းသာစရာပါ။

ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားအရေး ကိစ္စကို ထိုင်းနိုင်ငံမှာ စတင်ဆောင်ရွက် ပြောဆိုပြီးနောက် .. သမ္မတ ဦးသိန်စိန် က ဆက်လက် ပြောဆိုခဲ့ပါတယ်။ ဒါ နောက်ဆက်တွဲ အဖြစ် ဦးအောင်ကြည်က ဆက်လက် သယ်ယူ အကောင်အထည်ဖေါ်ဖို့ ပြောဆိုလာတာလို့လည်း မြင်မိပါတယ်။ ဘယ်ပုံ ကိုင်တွယ်ကြမလဲ ဆိုတာကတော့ ကျွမ်းကျင်သူတွေ၊ နှစ်နိုင်ငံ အစိုးရ အဖွဲ့အစည်းတွေနဲ့ အလုပ်သမားတွေ ကိုယ်တိုင် ပါဝင်တဲ့ အလုပ်သမား သမဂ္ဂတွေ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ လုပ်ကြမယ်လို့လည်း မျှော်လင့်ပြီး ... လုပ်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ကျွန်တော်တို့ တချိန်လုံးလိုလို ပြောဆိုနေတဲ့ နိုင်ငံသားရပိုင်ခွင့် အခွင့်အရေးတွေဆိုတာ ... အခုလို နိုင်ငံသားတွေကို အစိုးရရဲ့ ကာကွယ် စောင့်ရှောက်မှုဟာ လိုအပ်ချက်တွေထဲက တစ်ခု အပါအဝင်ပဲ မဟုတ်ပါလား။
siam_international_
 
2012-07-24
မြန်မာအလုပ်သမားဝန်ကြီး ဦးအောင်ကြည်ဟာ ဒီကနေ့ မနက် (၉) နာရီအချိန်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ NGOs အဖွဲ့အစည်း တချို့နဲ့ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။
၁ နာရီခွဲကြာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဝန်ကြီး ဦးအောင်ကြည်က တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေထံကနေ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခက်အခဲတွေကို လေ့လာမေးမြန်းခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့တဲ့ Foundation for Education and Development (FED) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
“ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေမှာ ထိုင်းအစိုးရရဲ့ ပေါ်လစီကြောင့် သို့တည်းမဟုတ် ထိုင်းအာဏာပိုင်တွေ၊ နောက်လုပ်ငန်းရှင်တွေနဲ့ ကြုံရတဲ့ အလုပ်သမား အခွင့်အရေး ပြဿနာတွေကို အဓိက ကျွန်တော်တို့က တင်ပြခဲ့တယ်။ နောက် ကျွန်တ်ာတို့ ယုံကြည်တာက တချို့ဟာတွေက အစိုးရ အချင်းချင်း ပြောလို့ရှိရင် ပိုပြီးတော့ အဆင်ပြေနိုင်တယ်။ နောက် ကျွန်တော်တို့ ကိုယ်နှိုက်ကလည်း ကြုံဖူးတယ်။ အစိုးရက ကူညီပြီးတော့ ပြောဆိုပေးလို့ တချို့ လုပ်ငန်းတွေက အောင်မြင်သွားတာ တွေ့တယ် ဆိုတဲ့ဟာမျိုးဆိုတော့ အစိုးရအနေနဲ့ ဒီထက် စနစ်ကျတဲ့ ပုံစံမျိုးနဲ့ လုပ်ဖို့ပေါ့နော်။ ကျွန်တော်တို့ အနေနဲ့ အကြံပေးတာရယ်၊ နောက်တစ်ခုက အဲဒီ ကျွန်တော်တို့နဲ့ တွဲလုပ်ရမယ့် ဌာနဆိုင်ရာ ဝန်ထမ်း အသီးသီးကလည်း တကယ့်ကို မျိုးချစ်စိတ်ရှိတဲ့ ဝန်ထမ်းတွေကို ခန့်ပေးဖို့အထိ ကျွန်တော်တို့ တောင်းဆိုခဲ့တာမျိုးတွေ ရှိပါတယ်”
ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးကို အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားအရေး တာဝန်ခံ ဦးကျော်ကျော်လွင်တို့ တက်ရောက်ကြပြီး အဖွဲ့အစည်းများမှ UNDIP, MAP ဖောင်ဒေးရှင်း၊ FED နဲ့ BAT အဖွဲ့တွေ အပြင် ယာယီပတ်စပို့ ထုတ်ပေးရေး ဝန်ဆောင်မှု အဖွဲ့ဝင်အချို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအကြောင်း ထိုင်းနိုင်ငံက RFA သတင်းထောက် ကိုအောင်မြတ်စိုးရဲ့ သတင်းပေးပို့ချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။
သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ