မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Wednesday, December 19, 2012

နိုင်ငံတကာမှ အကူအညီပေးအပ်သောပုံစံ ပြောင်းလဲ


နိုင်ငံတကာမှ အကူအညီပေးအပ်သောပုံစံ ပြောင်းလဲ
ရေးသားသူ- သတင်းအဖွဲ့
ရန်ကုန်၊ ဒီဇင်ဘာ - ၁၇ 7Day News Journal ·

အစိုးရသစ်လက်ထက်တွင် နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ပေးအပ်သောအကူအညီများမှာ ပုံစံ
ပြောင်း သွားပြီး အရပ်ဘက်အဖွဲ့အစည်းများထက် အစိုးရသို့တိုက်ရိုက်ပိုမိုပေးအပ်လာကြောင်း သတင်းရရှိသည်။

ထို့အပြင် ယနေ့ကာလ မြန်မာနိုင်ငံအတွက် အများဆုံးပေးအပ်လာသော အကူအညီများမှာ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများ၊ ဒီမိုကရေစီလူ့အခွင့်အရေး စသည်တို့အတွက်ဖြစ်ကြောင်း NGO, INGO နှင့် UN လက်အောက်ခံအဖွဲ့အစည်းများမှ တာဝန်ရှိသူများကပြောသည်။

“အကူအညီအများဆုံးပေးခဲ့တဲ့ကဏ္ဍတွေက ကျန်းမာရေးနဲ့ ပညာရေးများတယ်။ ပြီးတော့ သူတို့တွေက အစိုးရနဲ့ တွဲလုပ်တယ်။ အရပ်ဘက်အဖွဲ့အစည်းကို စီးဆင်းတာနည်းတယ်။ အရင်တုန်းကတော့ အရပ်ဘက်ကိုပေးတာ များတယ်။ ကမ္ဘာ့ဘဏ်ကတောင် အစိုးရကိုပေးဖို့ ဆက်သွယ်လာတယ်” ဟု ပြည်တွင်းအင်န်ဂျီအိုတစ်ခုကို ဦးစီးလုပ်ကိုင်နေသူက ပြောသည်။

“အကူအညီတွေက နိုင်ငံတစ်ခုကို ပြန်ပေးရန် ယေဘုယျအားဖြင့် အစိုးရကို အဓိကပေးကြ တာ များတယ်။ အစိုးရတွေရဲ့ အပြောင်းအလဲကြောင့် ပေးကြတာပေါ့။ အရင်အခြေအနေ ဆို ရင်တော့ အရပ်ဘက်အဖွဲ့အစည်းတွေသာ အဓိကသွားကြတယ်။ အခု လမ်းကြောင်းပြောင်း သွားပြီ” ဟု မြန်မာဖွံ့ဖြိုးမှု အရင်းအမြစ်စင်တာ(MDRI) မှ အကြီးတန်းသုတေသီ ဦးတင်မောင်သန်း က ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုကို ထောက်ခံသည့်အနေဖြင့် ဥရောပသမဂ္ဂက ယူရိုငွေ သန်း ၃ဝ ကို ၂ဝ၁၃ တွင် ကူညီ ပေးအပ်ရန် နိုဝင်ဘာ ၃ ရက်တွင် Myanmar Peace Centre ၌ သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌတို့ လက်မှတ်ရေး ထိုး ခဲ့သည်။ ယူရိုငွေ ၇ဝဝဝဝဝ ကို ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ရန် ကြို တင်ပေးအပ်ခဲ့သည်။

ပညာရေးဝန်ကြီးဌာနက ဦးဆောင်ဖွဲ့စည်းထားသော ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍ လေ့လာသုံးသပ်ရေးအဖွဲ့၏ လုပ်ငန်းများဆောင်ရွက်ရန် အာရှဖွံ့ဖြိုးမှုဘဏ်နှင့် သြစတြေးလျအစိုးရတို့က အောက်တိုဘာလကုန်ပိုင်းတွင် ဒေါ်လာ ၅၇ဝဝဝဝ လှူဒါန်းခဲ့သည်။

ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံ၏ သယံဇာတထုတ်ယူရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရရှိရေး ကန ဦးဆောင်ရွက်ချက် လုပ်ငန်းများ စတင်နိုင်ရန် ဒေါ်လာနှစ်သိန်းခွဲပေးအပ်မည်ဟု ဒီဇင်ဘာ ၁၄ ရက် တွင် ဗြိတိန်ဝန်ကြီး ဟူဂိုဆွိုင်ယာက ကြေညာခဲ့သည်။ အစိုးရ ကလည်း နိုင်ငံတော်သမ္မတရုံး
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဦးဆောင်၍ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဦးဆောင်ကော်မတီကို ဒီဇင်ဘာ ၁၄ ရက် မှာပင် ဖွဲ့စည်းခဲ့သည်။

အမေရိကန်ကလည်း USAID မှတစ်ဆင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအရေး၊ ပွင့်လင်းမြင်သာသော အစိုးရဖြစ်ပေါ်စေရန်၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်လာရန်၊ လူသားချင်းစာနာထောက်ထားသော အကူအညီများပေးရန် အမေရိကန်ဒေါ်လာ သန်း ၁၇ဝ ကို ၂ နှစ်အတွင်း ပေးအပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဒိန်းမတ်နိုင်ငံကလည်း ပညာရေးကဏ္ဍအတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၅ မြို့ နယ် မှ ကျောင်းနေအရွယ်ကလေး ငယ် ၆၅ဝဝဝဝ အတွက် ပညာရေးဆိုင်ရာ အကူအညီများ ပေးအပ် ရန် ၂ဝ၁၂ မှစ၍ လေးနှစ်တာအတွက် ဒေါ်လာ ၄ ဒသမ ၅ သန်း လှူဒါန်းခဲ့သည်။

ထိုကဲ့သို့ပင် အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ အစိုးရနှင့် အဖွဲ့အစည်းများ က အကူအညီများ ယခုနှစ် ပိုင်းအတွင်း တိုး၍ ပေးအပ်ခဲ့သည်။

လက်ရှိ နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ပေးအပ်နေသော အကူအညီများတွင် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ကချင်နှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအတွက် အရေးပေါ်အကူအညီများ၊ စိုက်ပျိုးရေး စသည့် ကဏ္ဍများအတွက် ဖြစ်သည်။ လက်ရှိအစိုးရလက်ထက်တွင်မှ နိုင်ငံတကာမှပေးအပ်သော အကူအညီများတွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၊ အရပ်ဘက် အဖွဲ့အစည်းများ ခိုင်မာ ဖွံ့ဖြိုး လာစေ ရန်၊ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးလာစေရန်၊ ငြိမ်းချမ်းရေး၊ မြေယာအခွင့်အရေး စသည့် ကဏ္ဍများအတွက် ပေးအပ်လာသော အကူအညီများဖြစ်သည်။

“လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့အကူအညီတွေပေးတာ များလာတယ်။ လက်ဝဲဝါဒီဆန်တဲ့ အခွင့် အရေးတောင်းဆိုတဲ့ အဖွဲ့တွေကို အလှူရှင်တွေ စိစစ်ဖို့ လိုပါတယ်။ အခွင့်အရေးတောင်းဆိုတဲ့ အဖွဲ့တွေလည်း လိုအပ်ပါတယ်။ ဒါပေမဲ့ ဆူပူအောင်လုပ်မဲ့ လက်ဝဲဝါဒီဆန်တဲ့ အဖွဲ့တွေကို မပေး သင့်ဘူး” ဟု အင်န်ဂျီအို တစ်ခုမှ တာဝန်ရှိသူတစ်ဦးက သူ ၏ အမြင်ကိုပြောသည်။

လက်ရှိအခြေအနေတွင် ဝန်ကြီးဌာနများနှင့် တွဲ၍လုပ်ကိုင်ရသော အိုင်အင်န်ဂျီအို အချို့မှာ ယခင်ကထက် လုပ်ရကိုင်ရ ပိုကျပ် လာကြောင်း သတင်းရရှိသည်။ “ဝန်ကြီးဌာနတွေက တစ်ဌာနနဲ့ တစ်ဌာနမတူဘူး။ ဆက်ဆံရတာ ခက်တာတွေရှိတယ်။ အိုင်အင်န်ဂျီအိုတွေ ကို အကောင်းမမြင်တဲ့ လူကြီးတွေနဲ့တွေ့ရင် ပိုဆိုးတယ်။ ဒါပေမဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ အားကောင်းနေ တယ်” ဟု အင်န်ဂျီအို တစ်ခုမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများက အစိုးရကို တိုက်ရိုက် အကူအညီများ ပိုမိုပေးအပ် လာ
သော် လည်း အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုနှင့် အရပ်ဘက်အဖွဲ့အစည်းများသို့ ပေးအပ်သော အကူ အညီများမှာလည်း ယခင်နှင့်နှိုင်းစာလျှင် လျော့မသွားပေ။ အကူအညီပေးရန် စိတ်ဝင်စားမှုနှင့် ကူညီမည်ဟု ပြောကြားမှုများမှာ ယခင်ထက် ပိုများလာကြောင်းလည်း အထက်ပါ အဖွဲ့အစည်းများ မှ တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် ယခုနောက်ပိုင်း ယူအင်န်လက်အောက်ခံအဖွဲ့ အစည်းများနှင့် အစိုးရပူးပေါင်း ဆောင် ရွက် မှုနှင့် နားလည်မှုမှာ ယခင်ကထက်ပိုရလာကြောင်းလည်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဒေသ ခံပြန်ကြားရေးအရာရှိ အေးဝင်းက ပြောသည်။

အစိုးရသို့ အကူအညီများ တိုက်ရိုက်ပေးအပ်ရာတွင် မည်မျှထိရောက်အောင် ကိုင်တွယ်ဆောင် ရွက်နိုင်မည်လဲဆိုသည့် အချက်က အရေးကြီးကြောင်း အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများကပြောသည်။ “ဒီမှာမေးခွန်းထုတ်တာတွေရှိတာကတော့ အစိုးရ က ဘယ်လောက်ထိ ကောင်းအောင်လုပ်နိုင်မှာလဲ ဆိုတာပဲ။ ဘာကြောင့်လဲဆိုတော့ အုပ်ချုပ် မှုညွှန်ကိန်းတွေကို ကြည့်ရင် မြန်မာက များစွာနိမ့်ကျတယ်။ အကျင့်ပျက်ခြစားမှုကို ကြည့်ရင် လည်း မြင့်မားနေတာကို တွေ့ရတယ်။ အရပ်ဘက်အဖွဲ့အစည်းမှာတော့ အကူအညီတစ်ခု ပေးမယ် ဆိုရင် ထိရောက်အောင် သုံးစွဲမှုရှိ၊ မရှိဆိုတာ တိုင်းတာဖို့ အစကတည်းက အတွေ့အကြုံတွေရှိ တယ်” ဟု ဦးတင်မောင်သန်း က ပြောသည်။

ယခုနှစ် နှစ်လယ်ပိုင်းက ဖွဲ့စည်းခဲ့သော နိုင်ငံခြားအကူအညီအထောက်အပံ့ စီမံခန့်ခွဲရေး ဗဟို
ကော်မတီနှင့် လုပ်ငန်းကော်မ တီကို နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၂၅ ရက် တွင် ပြန် လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

အကူအညီနှင့် အထောက်အပံ့များ၏ ၇ဝ ရာခိုင်နှုန်းကို မိမိ နိုင်ငံအတွက် အကျိုးရှိအောင် အသုံးပြု ရန်လိုအပ်ကြောင်း၊ သို့မဟုတ်ပါက အလှူငွေများကို အချို့အဖွဲ့အစည်းများက ၆ဝ ရာခိုင်နှုန်း အထိ ပြန်ယူသွားသည်ကို တွေ့ရှိရကြောင်း ယခုနှစ် ဇွန်လ ၂ဝ ရက်တွင် ကျင်းပသော နိုင်ငံခြား အကူအညီအထောက်အပံ့များ စီမံခန့်ခွဲရေးကော်မတီ ပထမအကြိမ်အစည်းအဝေး တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

နိုင်ငံတကာမှ ပေးအပ်သော အကူအညီများကို အစိုးရအပြင် ယူအင်န်လက်အောက်ခံ အဖွဲ့အစည်း များ၊ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုနှင့် အရပ်ဘက်အဖွဲ့အစည်းများက မြန်မာပြည်သူများ အကျိုးရှိရန် တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းရန် မှန်ကန်စနစ်ကျစွာ သုံးစွဲနိုင်မှုမှာ အရေးကြီးဆုံးဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူများက ပြောသည်။

“လောလောဆယ်တော့ အကူအညီတွေက ၀င်ဖို့ တာစူနေတယ်။ အရင်ကထက် များတာမှန်တယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့် ရင်တော့ နည်းနေသေးတယ်” ဟု ဒေါက်တာ တင်မောင်သန်း က ပြော သည်။

See Translation

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ