မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, February 26, 2013

အခမဲ့ သွားနဲ့ ခံတွင်းကျန်းမာရေး စစ်ဆေးပေး


SFBC Organizers & Friends, မိုးမခဓာတ်ပုံသတင်း၊ ဖေဖော်ဝါရီ ၂၅၊ ၂ဝ၁၃

ဖေဖော်ဝါရီ ၂၄ က ဆန်ဖရန်ဘေးဧရိယာ အရှေ့ဘက်ကမ်း၊ Dixon Landing Family Dental ဆေးခန်းတွင် စေတနာရှင်သွားဆရာဝန် ၂ ဦးဖြစ်သောေ ဒါက်တာမောင်မောင်သော်နှင့်
ဒေါက်တာလှမြိုင်တို့က သွားကျန်းမာရေးအကူအညီလိုအပ်နေသူ မြန်မာလူနာ ၁၉ ဦးအား အခမဲ့ သွားကျန်းမာရေး စစ်ဆေးပေးပြီး ခံတွင်းသန့်ရှင်းရေးကုသမှုများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ စေတနာ့ဝန်ထမ်း ကျန်းမာရေးလှုပ်ရှားမှုကို ဆန်ဖရန်ဘေးဧရိယာ ရှိ မြန်မာစေတနာ ရှင်လုပ်အားပေးများနှင့် ဖွဲ့စည်းထားသော San Francisco Burmese Community Organizers နှင့် မိတ်ဆွေများက ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အဓိကအားဖြင့် အကူအညီလိုအပ်နေသူများမှာ ကျောင်းသားလူငယ်များ၊ အသက်အရွယ်ကြီးသည့် လူကြီးများ ဖြစ်သည်ဟု ဆိုသည်။

ကျန်းမာရေးအာမခံစာရိတ်ကြီးမားသော ဒေသများတွင် နေထိုင်သူများအတွက် သွားကျန်းမာရေး အာမခံကို ဝယ်ယူရန် အခက်အခဲရှိသူများ၊ စောင့်ရှောက်မှု လိုအပ်နေသူများ၊ ဘာသာစကား အခက်အခဲရှိသူများအတွက် ယခုလို မြန်မာဆရာဝန်များက မြန်မာအသိုင်းအဝိုင်းအတွင်းရှိ လူကြီး၊ လူငယ်များအတွက် စေတနာဝန်ထမ်း ဆေးကုသမှု ဒါနပြုသည့်အတွက် လူနာများနှင့် မိသားစုဝင် များက ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြသည်ကို တွေ့ရသည်။

“သာမန်အားဖြင့် ကိုယ်ခန္တာပိုင်းဆိုင်ရာ ကျန်းမာရေးအာမခံ ရှိကြတယ်၊ မရှိတဲ့သူတွေလည်း ရှိ တယ်။ သွားတို့ မျက်စိတို့ကတော့ ယေဘူယျ health insurance ရဲ့အပြင် သီးသန့် ဝယ်ယူရ တာ မျိးဖြစ်တယ်။ ယေဘူယျကျန်းမာရေးအာမခံက တနှစ်တခါ ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ပေး တယ်။ နေမကောင်းရင် ဆေးရုံ၊ ဆေးခန်းပြနိုင်တယ်။ ဆေးဝါး ကုသမှုတွေ ရယူနိုင်တယ်။ သွားကျတော့လည်း ၁ နှစ် တခါ၊ ၂ ခါ လောက် စစ်ဆေးတာ၊ ခံတွင်းသန့်ရှင်းရေးလုပ်တာ၊ ကုသမှု ခံယူတာတွေ လုပ်ရတယ်။ မျက်စိလည်း သူ့အတွက် အာမခံဝယ်ထားရင် ဆရာဝန်ဆီမှာ ပုံမှန် စစ်ဆေးတာ၊ သင့်တော်တဲ့ကုသမှု ခံယူတာ လုပ်နိုင်တယ်။ ဒါပေမယ့် သွားကျန်းမာရေးကတော့ သာမန်အားဖြင့် မပြမဖြစ် အရမ်းဆိုးမှပဲ ဆရာဝန်ဆီ ရောက်တာများတယ်။ အဲသည်တော့ ကာကွယ် တဲ့အဆင့်ကိုကျော်ပြီး ကုသရတဲ့အဆင့်ဆိုတော့ လူနာတွေအတွက် မသက်သာဘူးပေါ့”
ဟု စေတနာဝန်ထမ်း လုပ်အားပေးသူတစ်ဦးက ၎င်း၏ အမြင်ကို ပြောပြပါသည်။

ယခုကဲ့သို့ သွားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကုသမှုပေးရာတွင် သွားနှင့် သွားဖုံးများအား ဓာတ်မှန်ရိုက်ခြင်း၊ သွားနှင့် သွားဖုံး သန့်ရှင်းရေးပြုလုပ်ခြင်း၊ လိုအပ်ပါက သွားနှုတ်ပေးခြင်းတို့ အားလုံးကို အခမဲ့ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ချို့ယွင်းနေသော သွားများ ဖာထေးခြင်း၊ သွား စိုက်ခြင်းနှင့် အရေးကြီးသည့် ကုသမှုတို့ကိုမူ လက်ရှိအခြေအနေတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း၊ သို့သော်လည်း အဆိုပါအခြေအနေများကို လူနာများအား ရှင်းပြခြင်း၊ ကုန်ကျစာရိတ် များကို ခန့်မှန်းပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

“အနည်းဆုံးတော့ ကိုယ့်သွားတွေ အခြေအနေကို အမှန်အတိုင်းသိသွားရတယ်။ နောက်ဆက်ပြီး လုပ်ဆောင်ရမှာတွေကိုလည်း နားလည်သွားတယ်။ ချင့်ချိန်လို့လည်း ရတယ်။ ဆရာတွေနဲ့ ကျွမ်းကျင်သူတွေက ရှင်းပြတော့ ကိုယ်မတတ်နိုင်ရင်တောင်မှ ပြင်ဆင်ဖို့အချိန်ရတယ်။ သည်နိုင်ငံမှာ မလုပ်ဖြစ်လည်း မြန်မာပြည်ပြန်ပြီး လုပ်ချင်လည်း လုပ်ရမှာပေါ့” ဟု လူနာ တစ်ဦး က ၎င်းအမြင်ကို ရှင်းပြသည်။

လုပ်အားပေးများက ဆရာဝန်များ ညွှန်ကြားသည့် ဝေယျာဝစ္စအလုပ်များလုပ်ကိုင်ပေးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ပြုလုပ်ကြသည်ကို တွေ့ရသည်။ လူနာများ မိသားစုများနှင့် စကားလက်ဆုံ ပြောဆိုနိုင်ကြသဖြင့် ကွန်မြူနီတီအတွင်း အချင်းချင်း ရင်းနှီးမှု၊ နားလည်မှုများကိုပါ တည်ဆောက်နိုင်သည်ကို တွေ့ရသည်။

” မြန်မာဆရာဝန်တွေ အများအပြားကလည်း ကုသိုယ်ဖြစ် စောင့်ရှောက် မှု ပေးချင် တယ်။ မြန်မာ မိသားစုတွေထဲမှာ လိုအပ်နေသူတွေလည်း ရှိတယ်။ အခုလိုမျိး တယောက်တလက် တပိုင်တနိုင် ကူညီကြရင် သည်နေရာမှာမှမဟုတ်ဘူး၊ အခြားနေရာတွေ၊ ဆေးခန်းတွေမှာလည်း အခု လို
ဆောင်ရွက်နိုင်တယ်ဆိုတာမျိုး ပြနိုင်တာပေါ့။ နောက်ပြီး နောက်ထပ်စာရင်းပေးလာတဲ့ လူနာတွေ၊ ဆရာဝန်တွေနဲ့လည်း ကျနော်တို့က ဆက်စပ်မှုပေးပြီး အကူအညီတွေ လက်ဆင့် ကမ်းလို့ရမယ် လို့ မျှော်လင့်တယ်” ဟု လုပ်အားပေးတာဝန်ခံတစ်ဦးက သဘောထားကို ပြောပြသည်။

နံနက် ၉ နာရီမှ စတင်ပြီး ဆေးကုသမှုဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီတွင် အားလုံး အောင်မြင်စွာ ကုသမှုပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ကယ်လီဖိုးနီးယားပြည်နယ်နှင့် သွားဆရာဝန်ဆိုင်ရာ အဖွဲ့  အစည်းများက လာမည့်မေလတွင် ဆန်ဟိုးဇေးမြို့၊ မြို့တော်ပြခန်းဆောင်တွင် အခမဲ့သွား ကျန်း မာရေး ကုသမှုကို ဒေသခံအားလုံးသို့ စေတနာဝန်ထမ်းဆောင်ရွက်ပေးမည့် အစီအစဉ် ရှိကြောင်း၊ မြန်မာဆရာဝန်များလည်း သွားရောက် လုပ်အားပေးကြ မည် ဖြစ်ကြောင်း၊ မြန်မာ မိသားစုများလည်း သွားရောက် ကုသမှုခံယူနိုင်ကြောင်း၊ အဆိုပါသတင်းကို ဆက်လက်ပြီး ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

http://moemaka.com/?p=32567
 https://www.facebook.com/cholay.consultant/posts/467258966674589

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ