မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
(Move to ...)
မည်သူမဆိုလွတ်လပ့်စွာကူးယူနှိင်သည်။
Members of the Burmese community protest outside the Toronto Star office
Fear, loathing and lies in Rakhine state
This is racism, not Buddhism
Shedding light on Myanmar’s sectarian strife
▼
ဆရာမတင် တပည့်မခံချင်ကြသူများ
03 May 2013 ပါမောက္ခရွှေရိုး James Scott ယေးတက္ကသိုလ် (James Scott ကိုယ်တိုင် ဗမာလို ရေးသားသည်။) အပိုင်း ၁
ကျွန်တော်ဒီနေ့ဟောပြောမှာက အရှေ့တောင်အာရှမှာရှိတဲ့ တောင်ပေါ်ဒေသတွေရဲ့
အကြောင်းပဲ ဖြစ်ပါတယ်။ အဲဒီဒေသတွေဟာ အရမ်းကျယ်ပြန့်ပါတယ်။ ဗီယက်နမ်ကနေ
ကမ္ဘောဒီးယားမြောက်ပိုင်း၊ လာအိုနိုင်ငံအားလုံး၊ ယိုးဒယားမြောက်ပိုင်းနဲ့
မြန်မာနိုင်ငံမြောက်ပိုင်း၊ အိန္ဒိယအရှေ့မြောက်ပိုင်း၊
တရုတ်ပြည်အနောက်တော...င်ပိုင်း ယူနန်၊ ကွေကျိုးနဲ့ကွမ်းရှီးပြည်နယ်တွေ
အဲဒါတွေအားလုံး ဒီဒေသကြီးမှာ ပါကြတယ်။ အဲဒီဒေသကြီးဟာ စတုရန်းကီလိုမီတာ
၂သန်း၅သိန်း ကျယ်ဝန်းပါတယ်။ အဲဒီမှာ လူဉီးရေ သန်း၁ဝဝလောက် နေထိုင်ကြပါတယ်။
အဲဒီဒေသကို ဇိုးမီးယား Zomia လို့ နာမည်ပေးကြည့်ရအောင်။ အဲဒီနာမည်ကို
ကျွန်တော်ပေးတာ မဟုတ်ဘူး။ ပါမောက္ခ Leach ဆီက ဌားသုံးထားတာပါ။ အဲဒီ
ဇိုးမီးယားဒေသဟာ နိုင်ငံ ၈နိုင်ငံရဲ့ နယ်စပ်ဒေသအဖြစ်နဲ့ တည်ရှိပါတယ်။
ခင်ဗျားတို့ သတိထားမိကြမလားတော့ မသိဘူး။ ဇိုးမီးယားရဲ့သဘောက
နယ်နိမိတ်အပိုင်းအခြားတွေ (boundary) တွေါကို ဂရုမစိုက်ပါဘူး။ ၁၉
ရာစုနှစ်အထိ အဲဒီနယ်နိမိတ် (boundary) တွေ မရှိကြသေးပါဘူး။ အဲဒီမှာနေတဲ့
တောင်ပေါ်သားတွေကလည်း ဒီနယ်နိမိတ် (boundary) တွေကို ဂရုမစိုက်ပါဘူး။
အဲဒီတော့ ဒီတောင်ပေါ်သားတွေလိုပဲ ကျွန်တော်တို့ နယ်နိမိတ်တွေကို ခဏလောက်
မေ့ထားလိုက်ကြရအောင်။ ဒီ ဇိုးမီးယားရဲ့ သဘောတရားဟာ ရှင်းပါတယ်။
ဒါပေမယ့် တခြားတဘက်မှာ အငြင်းပွားစရာတွေလည်း ရှိနေပြန်တယ်။ ဇိုးမီးယားဟာ
ကမ္ဘာပေါ်မှာ အစိုးရတွေရဲ့ အုပ်ချုပ်ရေး သိပ်မရောက်သေးတဲ့ အကြီးဆုံးနေရာ ၁ခု
ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နေ့ရက်တွေဟာ မကြာခင်
ကုန်ဆုံးတော့မှာပါ။ လွန်ခဲ့တဲ့ နှစ် ၁၅ဝဝလောက်ကို ပြန်ကြည့်ရင်
ကမ္ဘာပေါ်မှာရှိတဲ့ လူများစုကြီးဟာ ဒီလိုပဲ အုပ်ချုပ်သူ မရှိဘဲ နေခဲ့ကြတာကို
တွေ့ရပါလိမ့်မယ်။ အခုအချိန်အထိ ယိုးဒယားနဲ့
ဗီယက်နမ်မြေပြန့်သားတွေဟာ အဲဒီတောင်ပေါ်သားတွေကို သူတို့ရဲ့
သက်ရှိထင်ရှားရှိနေသေးတဲ့ ဘိုးဘေးဘီဘင်တွေအဖြစ် မြင်ကြပါတယ်။
တောင်ပေါ်ဒေသကို သွားတာဟာ ကိုယ့်လူမျိုးတွေ အတိတ်က ဘယ်လိုနေခဲ့ကြတယ်ဆိုတာကို
သွားပြီး လေ့လာတာနဲ့ ပုံစံတူပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့
အဲဒီလို မမြင်ပါဘူး။ အဲဒီလူတွေဟာ အဲဒီတောင်ပေါ်မှာ အမြဲတမ်းနေလာကြတဲ့ လူတွေ
မဟုတ်ကြပါဘူး။ ပိုပြီး တိတိကျကျပြောရရင် သူတို့ကို မြေပြန့်လွင်ပြင်တွေကနေ
ထွက်ပြေးသွားကြတဲ့ လူတွေအဖြစ် မြင်ပါတယ်။ ဒီတော့ ကျွန်တော်မေးချင်တာက သူတို့ဘာလို့ ဒီလို ထွက်ပြေးကြတာလဲ။ တကယ်တော့ သူတို့ဟာ မြေပြန့်က အုပ်ချုပ်သူတွေကို ကြောက်လို့ ထွက်ပြေးကြရတာပါ။ သူတို့ ထွက်ပြေးရတဲ့ အကြောင်းရင်း ၃ခု ရှိတယ်။ ၁။ စစ်မတိုက်ချင်လို့ ၂။ စစ်ကနေ ထွက်ပြေးချင်လို့၊ ပြီးတော့ ၃။ အုပ်ချုပ်သူတွေအတွက် အလုပ်မလုပ်ပေးချင်လို့ ဆိုတဲ့ အကြောင်းတွေပဲ ဖြစ်ပါတယ်။
များသောအားဖြင့် သူတို့ဟာ ဟန်ဗဟို အစိုးရကနေ ထွက်ပြေးကြတယ်။ သူတို့ရဲ့
ဘဝနေပုံထိုင်ပုံတွေ ဘာထူးခြားမှုရှိသလဲဆိုတော့ သူတို့ဟာ လိုအပ်ချက်အရ
မဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဒီလိုနေဖို့ ရွေးချယ်ခဲ့ကြတာ
ဖြစ်ပါတယ်။ ပထမဆုံး ပြောချင်တာက သူတို့ဟာ တခြားကလာတဲ့
အုပ်ချုပ်သူတွေကို ရှောင်ရှားခဲ့ကြတယ်။ နောက်တစ်ခုက သူတို့ရဲ့
လူ့အဖွဲ့အစည်းအတွင်းမှာပဲ အစိုးရအုပ်ချုပ်ရေးထူထောင်တာကိုလည်း
ရှောင်ရှားခဲ့ကြတယ်။ သူတို့နေခဲ့တဲ့နေရာတွေက တောင်ပေါ်အဝေးကြီးမှာရှိလို့ မြေပြန့်က အစိုးရအုပ်ချုပ်သူတွေအနေနဲ့ ရောက်အောင်သွားဖို့ ခက်လှပါတယ်။
တခါ တောင်ပေါ်သားတွေ ရွှေ့ပြောင်းတောင်ယာ လုပ်ကြတယ်။ သူတို့ရဲ့
စိုက်ခငါ်းတွေကို ခဏခဏ ပြောင်းကြတယ်။ ရွာတွေကို ခဏခဏ ရွှေ့ကြတယ်။
ဒါ့ကြောင့် အုပ်ချုပ်သူတွေ အခွန်လိုက်တောင်းဖို့ ခက်သွားတယ်။ သူတို့
စိုက်တဲ့ အသီးအနှံက မြေကြီးအောက်မှာ သီးတယ်။ ဥပမာ အာလူး၊
ပီလောပီနံလိုဟာမျိုး။ အဲဒီသီးနှံတွေဟာ ရင့်မှည့်ပြီး နောက်ပိုင်းမှာလည်း
မရိတ်သိမ်းသေးဘဲ ပစ်ထားလို့ရတယ်။ တောင်ပေါ်သားတွေ ဒီလိုနဲ့ အန္တရာယ်ကနေ
အချိန်မရွေး ရှောင်တိမ်းနိုင်တယ်။ လိုအပ်ရင်လည်း တောထဲမှာ အမဲလိုက်၊
သစ်သီးသစ်ဉတွေ ခူးစားပြီး အသက်ဆက်ရှင် နိုင်ကြတယ်။
ဇိုးမီးယားဆိုတာ လွန်ခဲ့တဲ့ နှစ် ၂ဝဝဝ အတွင်းမှာ လူတွေ သူတို့ကို
အုပ်ချုပ်မယ့်သူတွေဆီကနေ ထွက်ပြေးတိမ်းရှောင်ပြီး လာရောက်နေထိုင်ခဲ့ကြတဲ့
နေရာအရပ်၁ခု ဖြစ်ပါတယ်။ ဒီတိမ်းရှောင်လာကြတဲ့ထဲက
တော်တော်များများဟာ အစပိုင်းတုန်းက မြေပြန့်မှာနေခဲ့ကြတဲ့ လူတွေဖြစ်ပါတယ်။
သူတို့ရဲ့ ပုံပြင်ဇာတ်လမ်းတွေထဲမှာ သူတို့ရွှေ့ပြောင်းလာခဲ့ကြတဲ့
သမိုင်းကို တွေ့နိုင်ပါတယ်။ သူတို့ရဲ့ ပုံပြင်တွေအရဆိုရင်
ဒီတောင်ပေါ်သားတွေဟာ အရင်တုန်းက မြေပြန့်မှာ နေခဲ့ကြတယ်။ သူတို့ကို
အုပ်ချုပ်တဲ့ ဘုရင်ရှိတယ်။ သူတို့မှာ စာပေ အရေးအသားလည်း ရှိတယ်ဆိုတာ
သိနိုင်ပါတယ်။ အေဒီ ၁၄ဝဝ အထိတော့ အဲဒီမှတ်တမ်းတွေကို
ရှာဖို့မလွယ်ဘူး။ ဒါပေမယ့် အေဒီ ၁၄ဝဝ နောက်ပိုင်းမှာတော့ အဲဒီ
အထောက်အထားတွေဟာ ရှင်းရှင်းလင်းလင်း ရှိလာပါတယ်။ Ming
မင်းခေတ်နဲ့ Qing ချင်းခေတ်တွေမှာ စစ်မက်ထူပြောတယ်။ အတိုက်ခံရတဲ့ Hmong
မှုန်း လူမျိုးတွေ Mien မြန် လူမျိုးတွေနဲ့ တခြားလူမျိုးတွေဟာ တောင်ပေါ်ကို
တက်ပြေးကြတယ်။ သူတို့ဟာ ၁၉ ရာစု အလယ်ပိုင်းမှာ Taikping ထိုက်ဖင်
အရေးတော်ပုံရယ်၊ Yunan ယူနန် နဲ့ Guizhou ကွေ့ကျိုး ပြည်နယ်တွေမှာ
ဖြစ်ပွားခဲ့တဲ့ Miao မြောင် သူပုန်နဲ့ Penthay ပန်းသေး သူပုန်ရန်ကြောင့်
ထပ်ပြီး ပြေးရပြန်တယ်။ ကျွန်တော်တို့ တွေ့ရတဲ့ အစောဆုံး
အခြေချသီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အထောက်အထားတွေဟာ လွန်ခဲ့တဲ့ နှစ်
၈ဝဝဝ ထက် မစောပါဘူး။ အခြေချစိုက်ပျိုးရေးက လူတွေနဲ့ စားစရာတွေကို
တစ်နေရာထဲမှာ စုပေးတယ်။ အဲဒီလိုနဲ့ အုပ်ချုပ်မှုစနစ်
ဖြစ်ပေါ်လာပါတယ်။ အဲဒီမြို့ပြနိုင်ငံတွေဟာ မြေပြင်ပေါ်မှာ အစက်အပြောက်
ကလေးတွေသာသာ ရှိတာပါ။ အဲဒီမြို့ပြနိုင်ငံတွေရဲ့ သြဇာအာဏာဟာ သူတို့ရဲ့
ပတ်ဝန်းကျင် ကီလိုမီတာ ၂ဝဝ လောက် အတွင်းမှာပဲ ရှိပါတယ်။ အဲဒါထက် မပိုပါဘူး။
အဲဒီနယ်ပယ်ရဲ့ အပြင်ဘက်မှာရှိတဲ့ လူတွေနဲ့ ထုတ်ကုန်ပစ္စည်းတွေကို
ထိန်းချုပ်လို့ မရနိုင်ပါဘူး။ သူတို့ဟာ အရမ်းကို ဟိုဟိုဒီဒီ
ပြန့်ကြဲနေပါတယ်။ အဲဒီနေရာတွေကို သွားပြီး ထိန်းချုပ်မယ်ဆိုရင်လည်း
အကျိုးအမြတ် မရနိုင်ပါဘူး။ မြို့ပြနိုင်ငံတွေဟာ ဒီအပြင်ဘက်နေရာတွေကနေ
အခွန်အတုပ်တွေ မရကြပါဘူး။ ရောမ၊ တရုတ်နဲ့ မောရိယ (အိန္ဒိယ၊
Chandragupta) အစောပိုင်း အင်ပိုင်ယာတွေက အဲဒီအပြင်ဘက်ပိုင်း နေရာတွေကို
လူရိုင်းတွေနေတဲ့နေရာလို့ ခေါ်ကြပါတယ်။ တိုင်းပြည်တွေရဲ့
နယ်နိမိတ်ဟာ အမြဲတမ်းလူရိုင်းတွေနဲ့ နယ်နိမိတ်အစပါပဲ။ လူရိုင်းတွေနဲ့
အုပ်ချုပ်မှုရှိတဲ့ တိုင်းပြည်တွေရဲ့ ဆက်ဆံရေးက ၂မျိုးပဲ ရှိတယ်။
ပထမ အမျိုးအစားကတော့ ကုန်သွယ်ရေးပဲ ဖြစ်တယ်။ အစောပိုင်း တိုင်းပြည်တွေဟာ
တောင်ပေါ်က ထုတ်ကုန်တွေကို ကိုယ်တိုင်စားသုံးဖို့ရော တခြားတိုင်းပြည်တွေနဲ့
ကုန်သွယ်ဖို့ပါ လိုအပ်ပါတယ်။ တိုင်းပြည်အပြင်ဘက်က လူတွေကို တိုင်းပြည်တွေက
မအုပ်ချုပ်နိုင်တဲ့အတွက် သူတို့က အဲဒီအပြင်ဘက်က လူတွေကို လွတ်လပ်တဲ့
လူမျိုးတွေအဖြစ်နဲ့ ကုန်သွယ်ရေး လုပ်ကြရတယ်။ သူတို့ရဲ့ ကုန်သွယ်ရေးနဲ့
မျှားရတယ်။ ဒုတိယအမျိုးအစားကတော့ ကျွန်ပြုတာ။ အစောပိုင်း
နိုင်ငံတွေမှာ လူဉီးရေ မများသေးဘူး။ အေဒီ ၁၇ဝဝ မှာ အရှေ့တောင်အာရှရဲ့
လူဉီးရေက တစ် စတုရန်းကီလိုမီတာမှာ လူငါးယောက်ပဲ နေတယ်။ ဒါပေမယ့်
အနီးအနားမှာရှိတဲ့ တရုတ်ပြည်မှာ တစ်စတုရန်းကီလိုမီတာမှာ လူဉီးရေ ၃၅ ယောက်
ရှိတယ်။ အဲဒီကာလမှာ ကျွန်တွေဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ အရေးအပါဆုံးနဲ့
တန်ဖိုးအရှိဆုံး ကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဥပမာ မလေးနိုင်ငံတွေဟာ
ကျေးကျွန်ရှာဖွေ ဖမ်းဆီးပြီး ကျွန်ကုန်ကူးတဲ့ အလုပ်တွေပေါ်မှာ
အခြေပြုခဲ့ကြပါတယ်။ စစ်ပွဲတွေ တိုက်ကြတဲ့ ရည်ရွယ်ချက်ကလည်း လူတွေကို
ကျွန်အဖြစ် ဖမ်းပြီး ခေါ်သွားဖို့ပဲ ဖြစ်ပါတယ်။ နယ်မြေလိုချင်လို့
မဟုတ်ပါဘူး။ ပြီးတော့ အဲဒီဖမ်းထားတဲ့ လူတွေကို စစ်နိုင်တဲ့ တိုင်းပြည်ရဲ့
အလယ်ပိုင်းကို ပြောင်းရွှေ့ နေရာချထားပါတယ်။
အဲဒီ့နိုင်ငံအပြင်ဘက်က လူတွေကို အုပ်ချုပ်သူတွေက ထိန်းချုပ်လို့ မရပါဘူး။
ဒါပေမယ့် အဲဒီလူတွေကို သွားဖမ်းပြီး နိုင်ငံရဲ့ အလယ်ပိုင်းကို ခေါ်လာခဲ့လို့
ရပါတယ်။ အဲဒီနိုင်ငံတွေအားလုံး ကျေးကျွန်တွေ ရဖို့ နည်းလမ်း ၂ လမ်း
သုံးကြတယ်။ ကိုယ်တိုင်သွားဖမ်းရင်ဖမ်း၊ မဖမ်းရင်လည်း
အရောင်းအဝယ်လုပ်ပြီး ရှာချင်လည်း ရှာကြတယ်။ ဉပမာ မန္တလေးနဲ့ အင်းဝမှာနေတဲ့
လူဉီးရေ အများစုဟာ တခြားကနေ ရွှေ့ပြောင်းခံရတဲ့ လူတွေနဲ့ သူတို့ရဲ့
မျိုးဆက်တွေလို့ ပြောကြပါတယ်။ ရှေ့လဆက်ဖတ်ပါ။
ပါမောက္ခရွှေရိုး ခေါ် James Scott ဟာ ယေးတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ နဲ့
မနုဿဗေဒSterling ပါမောက္ခဖြစ်သလို လယ်ယာသိသင်ဌာနရဲ့ ဒါရိုက်တာလည်း ဖြစ်တယ်။
ပါမောက္ခရွှေရိုးဟာ ဗမာပြည်ကို အကြိမ်ပေါင်းများစွာ ရောက်ဖူးသလို သူ့ရဲ့ The
Moral Economy of the Peasant: Rebellion and Subsistence in Southeast
Asia ဆိုတဲ့ စာအုပ်ဟာ ဗမာပြည်က ဆရာစံတောင်သူလယ်သမားအရေးတော်ပုံ၊ ၁၉၃၀
ကမ္ဘာ့စီးပွားပျက်ကပ်က အရှေ့တောင်အာရှက လယ်သမားတွေရဲ့ လူမှုဘဝတွေကို
ဘယ်လိုဂယက်ရိုက်ခတ်ခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှအကြောင်း
လေ့လာတဲ့ ကျောင်းသားတိုင်း မဖတ်မနေရ ဖတ်ရတဲ့ စာအုပ်ဖြစ်တယ်။ သူ့ရဲ့ Weapons
of the Weak: Everyday Forms of Peasant Resistance, The Art of Not Being
Governed: An Anarchist History of Upland Southeast Asia စတဲ့
စာအုပ်တွေဟာ တကမ္ဘာလုံးက Anarchist မင်းမဲ့ဝါဒီတွေရဲ့ သမိုင်းကို
စိတ်ဝင်စားသူတွေ ဖတ်ရှုမှီငြမ်းကြရတဲ့ စာအုပ်တွေဖြစ်တယ်။ အခု
ဆောင်းပါးကို ပါမောက္ခရွှေရိုးကိုယ်တိုင် ဗမာလိုရေးထားတာပါ။ ခေတ်မောင်းကို
ပထမဆုံး ဖော်ပြခွင့်ပေးတဲ့ အတွက် ပါမောက္ခရွှေရိုးကို ခေတ်မောင်းက
ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ