မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
ရှေးရှေးတုန်းက ရည်းစားစာ
အင်တာနက်ကြီးရဲ့ ကျေးဇူးနဲ့ ကမ္ဘာတခွင် ပြဲပြဲစင်အောင် လည်ပတ်သွားလာ
ဆက်သွယ်လို့ရနေတဲ့ ခေတ်ကြီးမှာ နထို့ပလို့ရွာက ဂျာအေးတို့ ဗွေးတုတ်တို့လည်း
အိုင်လပ်ဖ်ယူ လောက်ကတော့ မိုးသန်းအိုင်ကန်ဆေး ဖြစ်နေပါပြီ။
ကျုပ်တို့ဗမာတွေလောက် သင်လွယ်တတ်လွယ်တာလည်း ဗမာတွေပဲ ရှိပါလိမ့်မယ်။
ဂျပန်အစ ပန်းကန်ကဆိုတဲ့ ခေတ်တုန်းကလည်း ခွန်းနိချိဝ ယောဒေါရှိ တတ်ခဲ့တာပဲ။
အညာကဆရော်တို့ အိုပတို့ခေတ်ကောင်းလာတော့လည်း အမေရိကမှာရှိတဲ့ ဆူရှီဈေးကွက်ကြီးကို ဗမာတွေကပဲ လက်ဝါးကြီးအုပ်ထားနိုင်ခဲ့သတဲ့။ တရုတ်လူမျိုးတွေ အစေ့ကျရာ အပင်ပေါက်တာက ဝေါ်ပုကျိတောက်ကို တရုတ်လိုအပြင် မပြောတတ်ပဲ လင်ယူသားမွေးလုပ်ခဲ့ကြပေမယ့်
ဗမာတွေဆိုရင်တော့ ထမင်းစားရေသောက် မပြောတတ်ပဲ အာဘာယာဘာလောက်နဲ့တော့
ရေမြောကမ်းတင် အခြေမချတတ်ပါဘူး။ ဒါကြောင့်မို့လို့ နိုင်ငံရပ်ခြားမှာ
အနေကြာသွားတဲ့ ဗမာများဟာ ကိုယ်ရောက်နေရာအရပ်က ဘာသာ စာပေ ယဉ်ကျေးမှုတို့ကို
သိပ်မကြာခင်မှာပဲ အသားကျလက်ခံ လာလေ့ရှိပါတယ်။ နောက်ထပ်မျိုးဆက် တစ်ဆက်လောက်
အဲဒီမှာပေါက်ဖွားလာလို့ကတော့ ဘာပြောကောင်းမလဲ။ အခုခေတ်ကလေးတွေဟာ စိန့်ဗယ်လင်တိုင်းနေ့ဆိုလည်း
ရေရေရာရာ သိလိုက်ကြတာပဲ။ ဟောလိုဝင်းပွဲတော်တဲ့ဟေ့ ဆိုလည်း ကုစားမလား
ပြုစားရမလားလို့ သကြားလုံးလေးတွေ လိုက်တောင်းတတ်ကြတာပဲ။ ခရစ်စမတ်တို့
နှစ်သစ်ကူးတို့ဆိုရင်တော့ ဓမ္မတေးတွေတောင် လိုက်ဆိုတတ်သေးတာ။ မိရိုးဖလာ
ဗုဒ္ဒဘာသာကို ဘယ်လောက်ပဲ စွဲမြဲတယ်ပြောပြော အဖော်ကောင်းရင် ကောင်းသလို
သူများ ဘာသာ စာပေ ယဉ်ကျေးမှုတွေကို ခုံခုံမင်မင် လေ့လာလိုက်စားတတ်ကြပါတယ်။
ဒါကြောင့်မို့လို့ မြန်မာစာ မြန်မာမှုတွေနဲ့ အလှမ်းဝေး အနေစိမ်းမသွားအောင်
ပြန်နွှေးပေးလိုက်ချင်ပါတယ်။ အစစအရာရာ တိုးတက်ခမ်းနားတဲ့ တိုင်းတပါး လူနေမှုပတ်ဝန်းကျင်မှာ ရင်သပ်ရှုမော အံ့သြရင်းကနေ ကိုယ့်ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို တန်ဖိုးမထားပဲ အထင်သေး အမြင်သေးဖြစ်ကုန်မှာလည်း စိုးပါတယ်။ လက်လက်တောက်နေတဲ့ ခရစ်စတယ်ဖန်မီးဆိုင်းတွေရဲ့
ဖမ်းစားမှုကြောင့် ကိုယ့်အိမ်မှာ ဘိုးဘွားလက်ထက် ကတည်းကရှိနေတဲ့
ရွှေစင်န၀ရတ်ပန်းကလပ်တွေကို ဖုန်တသောသောနဲ့ အစုတ်အပြတ်တွေလို့မထင်အောင် အရောင်တင် ဆေးကြောသန့်စင် ကြည့်ကြပါစို့။
နိုင်ငံတစ်ခု လူမျိုးတစ်မျိုးရယ်လို့ ဖြစ်လာရင် ကိုယ်ပိုင်ဘာသာစကား၊
စာပေနဲ့ ယဉ်ကျေးမှုရှိမှသာ အဆင့်အတန်းမြင့်ခဲ့တဲ့ လူမျိုးလို့
အကဲခတ်သတ်မှတ်ပါတယ်။ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါတို့တောင်မှ အဲဒီလို
ကိုယ်ပိုင် ယဉ်ကျေးမှုအမွေအနှစ်တွေ မရှိခဲ့ဘူးလေ။ မြန်မာတွေဆိုတာကတော့
အာရှတိုက်မှာ အင်မတန် လွှမ်းမိုးနိုင်စွမ်းတဲ့ အင်အားကြီးနိုင်ငံနှစ်ခုအကြားမှာ ကိုယ်ပိုင်ဘာသာစကား ယဉ်ကျေးမှုအမွေအနှစ်တွေကို နှစ်ပေါင်းထောင်ချီကျော်အောင်
ထိမ်းသိမ်းလာနိုင်ခဲ့တာ မငြင်းနိုင်ပါဘူး။ စာပေ ကဗျာ၊ လင်္ကာ၊ ရတု၊ ရကန်၊
အဲ၊ အန်၊ လူးတား စတာတွေဟာ ပုဂံခေတ်မှာကတည်းက သေသေသပ်သပ် ပေါ်ထွန်းလာခဲ့တာ
ဘယ်ခေတ်မှာမှ မတိမ်ကောခဲ့ပါဘူး။ ဒီခေတ်မှာကျတော့မှ မှေးမှိန်ပျောက်ကွယ်လုလု
ဖြစ်ရတယ်ဆိုရင် မြန်မာတစ်ယောက်အနေနဲ့ တာဝန်မကျေရာ ကျတော့မပေါ့။ “အဲဒါတွေ
တတ်တော့ရော အလုပ်ရှာရလွယ်လို့လား။ သံချီသံကွေးလောက်မှ အသုံးဝင်တာမဟုတ်”
လို့ အပြောမခံရရင် ကံကောင်း။
အဲသလောက် နားဝေး အနေစိမ်းနေတဲ့
မြန်မာလူငယ်ကလေးတွေကို သူတို့အလွယ်တကူ နားလည်ခံစားနိုင်မယ့်
မြန်မာကဗျာကလေး တစ်စုံနဲ့ မိတ်ဆက်ပေးလိုက်ပါ့မယ်။ လူငယ်ဘာဝ
ချစ်ရေးကြိုက်ရေး လွမ်းရေးမျှော်ရေးတွေကို စာဖွဲ့လာခဲ့တဲ့အထဲမှာ
ဒီကဗျာကလေးနှစ်ပုဒ်ကတော့ စာဆိုတစ်ဦးတည်းက လူနှစ်ဦးအတွက်
အပြန်အလှန်ရေးဖွဲ့ပေးထားတဲ့
ရည်းစားစာ ဆိုပါတော့ကွယ်။ ခေါင်းစဉ်က “ချစ်၍ခေါ်သည်” နဲ့ “ချစ်၍ခေါ်ရာ” တဲ့။
ရေးတာကတော့ စိန္တကျော်သူဦးသြပါ။ (ဆင်ဆာမဖြတ်လိုက်နဲ့ဦးနော်။
ဟိုရုပ်ရှင်မင်းသားနဲ့ ဘာမှ မပတ်သက်ဘူး။ အာမခံတယ်။)
ဘိုးတော်ဘုရားဖြစ်လာမယ့် ပဒုံမင်းသားကလေးက သူ့ငယ်ချစ်
မယ်လွန်းမယ်ကိုပေးဖို့ အကြီးတော်လုပ်တဲ့ ဦးသြကို ရေးပေးစေတဲ့အခါ
မယ်လွန်းမယ်ကလည်း ဦးသြကိုပဲ ပြန်စာရေးပေးခိုင်းပါသတဲ့။ သူတို့
အပြန်အလှန်ပေးစာတွေကို ရေးပေးရရှာတာကတော့ အသက်ခုနှစ်ဆယ်လောက်ရှိနေပြီဖြစ်တဲ့
ဦးသြပါတဲ့။ အဘိုးကြီးအို ခါးကုန်းကုန်းက ဖလန်းဖလန်းထနေအောင်ကို
အရေးကောင်းလိုက်တာ ဒီကနေ့ထိဖတ်ပြီး ကြွေသွားတဲ့လူတွေထဲမှာ သင်လည်းပါလေဦးအံ့
လို့ ကြိုပြောထားလိုက်မယ်။ ဖတ်ကြည့်။
ချစ်၍ခေါ်သည် လိုက်တော်မူခဲ့
မပြောင်းနွဲ့နှင့် အံ့ဖွယ်အတိ
တိုင်းမသိသား ပြည်ကြီးတန်ဆာ
ကန်နန္ဒာမူ ရာဇာများပန်း
မှန်နန်းများရှင် ဖန်စီရင်၍
ညာခွင်ချောင်းရိုး ကိုးဆယ့်ကိုးက
ရေမိုးယှက်လည် စီးလာသည်ကို
ဆီးဆည်သယ်ဖို့ တောင်ကဲ့သို့ပင်
မို့မို့ညိုယောင် သင်းကန်ပေါင်နှင့်
ရေတောင်မောက်သာ လွမ်းဖွယ်သာသည်
ရောက်ခါမြင်တော်မူလိမ့်မည် ….။
ပဒုံမင်းသားဟာ အလောင်းမင်းတရားရဲ့ သားတော်ငယ်တစ်ပါးဖြစ်ပြီး ညီအကိုတတွေ
ကြီးစဉ်ငယ်လိုက် နန်းစံရမယ်လို့ ခမည်းတော် အမှာစကားကို
ဆင်ဖြူရှင်လက်ထက်ကစပြီး အရူးကွက်နင်းလို့ ကိုယ့်သားကိုယ် နန်းတင်ခဲ့ရာက
စဉ့်ကူးမင်း၊ ဖောင်းကားစားတို့နဲ့ နန်းတွင်းရေးတွေ ရှုပ်အလာမှာ
ရွှေဘိုကိုထွက်လို့ ထီးနန်းလုပ်ကြံရပါသတဲ့။ ဒီအခါမှာ ငယ်ရည်းစားဖြစ်တဲ့
မယ်လွန်းမယ်ကို “တူတူလိုက်မလား သွားမယ် မေ” လို့ စိတ်လည်လာအောင် ရွှေဘိုရဲ့
သာယာပုံတွေနဲ့ မြူဆွယ်ဖိတ်ခေါ်တာပေါ့။ ဒီအခါမှာ မယ်လွန်းမယ်ဘက်ကလည်း
မိန်းကလေးတို့ဘာဝ “အေးသာရေ .. ကောက်ရိုးပုံ” လို့ခေါ်လိုက်တာနဲ့
စွေ့ကနဲပါမသွားပဲ “လိုက်တော့ လိုက်ချင်ပါရဲ့။ ဒါပေမယ့်
ပိုင်ပိုင်နိုင်နိုင် လက်ထပ်ထိမ်းမြားရတာလည်း မဟုတ်သေးပဲနဲ့ လိုက်သေးပါဘူး။
နောက်နောင်ခါမှပဲ လိုက်တော့မယ်” လို့ မူတူတူကလေးလုပ်နေတာကို ဒီလို
ရေးဖွဲ့ထားပါတယ်။
ချစ်၍ခေါ်ရာ လိုက်ချင်ပါလည်း
နော်ဇာရွှေကုံး တစ်ခိုင်လုံးကို
လုံးလုံးမယ်ထွေး မပိုင်သေးခဲ့
မဝေးဘူးဆို မြို့မြောက်ဟိုတွင်
မြင့်မိုရ်တောင်လောက် ကန်ပေါင်မောက်နှင့်
ယင်သောက်ရုံမျှ မြူမကျသား
ချမ်းမြရေကြည် ကြာငါးမည်လည်း
ထောပည်ဟင်းရမ်း ဖြူးပြောက်မွှန်းလျှက်
ဆွတ်လှမ်းမလွယ် ကုံးသီသွယ်သို့
လွမ်းဖွယ်သာယာ ကန်တော်မှာသည်
ရောက်ခါမြင်ရပေလိမ့်မည်..။
ဒီကဗျာနှစ်ပုဒ်ရဲ့ ဆိုလိုရင်း အကြမ်းဖျင်းလောက်ကို
နှောင်းခေတ်တေးတွေတုန်းက အောင်ရင်နဲ့ မေဆွိတို့ ပြန်ဆိုထားတဲ့
သီချင်းကလေးလည်း ကြားဖူးကြမလားမသိပါဘူး။ “ချစ်၍ခေါ်မည် လိုက်တော်မူခဲ့
မပြောင်းနွဲ့နဲ့ကွယ် မောင်တို့ဆီ မြို့ကြီးပြကြီးမို့ စည်ကားလွန်းလှတယ်..”
ဆိုတာလေ။ သူကတော့ “ဖေဖေချစ်ရပါစေမယ်” တို့ “မေမေချစ်ရပါစေမယ်” တို့
ပါတာပေါ့။ ဆရာကြီးသော်တာဆွေကလည်း ဆရာမကြီးဒေါ်ကြည်အေးကို
ကဗျောင်ကဗျက်စပ်ပြီး ကျီစယ်ခဲ့တာ ဖတ်ခဲ့ဖူးပါတယ်။ “ချစ်၍ခေါ်မည်
လိုက်တော်မူခဲ့ အရက်လျှော့သောက်” ဆိုတာပဲ မှတ်မိတော့တယ်။
အရင်ခေတ်တုန်းကတော့ တက္ကသိုလ်မှာ အင်မတန်ခေတ်စားတဲ့ ကဗျာလေးတွေ
ဖြစ်မယ်ထင်ပါတယ်။ နားမလည်စရာ ပေါရာဏတွေ လူအထင်ကြီးလောက်စရာ
ခန့်ခန့်ညားညားကြီးတွေမပါပဲ မျက်စိထဲမှာ မြင်ယောင်ခံစားလာစေလောက်တဲ့
အဖွဲ့အနွဲ့တွေနဲ့ ကဗျာလေးမှာ စာပေရဲ့တန်ဖိုး သမိုင်းရဲ့
တန်ဖိုးတွေတင်မကပါဘူး။ မြန်မာလုလင်ပျို၊ လုံမပျိုကလေးတွေရဲ့
ချစ်စရာသိင်္ဂါရဓလေ့လေးတွေကိုလည်း
ထင်ဟပ်စေပါတယ်။ ဗင်းဆင့်ဗန်ဂိုးကို တမ်းလိုလည်း တမ်းကြပါ၊ အိုမာခရမ်ကို
ညွှန်းလိုလည်း ညွှန်းကြပါ။ တဂိုးမျိုးလို့ ကြွေးကြော်လိုကလည်း ကြွေးကြော်ပါ။
မြန်မာကဗျာကလေးတွေကိုတော့ ကြားလည်း မကြားဖူးဘူး လို့
မပစ်ပယ်လိုက်ပါနဲ့နော်။ ကိုယ့်ရင်သွေးကလေးတွေကို
ညအိပ်ယာဝင်ချော့သိပ်တဲ့အခါမှာလည်း
””Old Macdonald had a farm E I E I O …’ လို့မချော့ပဲ “လူကလေးရဲ့
အိပ်ချိန်တန် ဗျိုင်းရှေ့ကပျံ..” လို့ပဲ ချော့ကြရင် မကောင်းဘူးလား။
ဒေါက်တာစိုးမင်း
(မှတ်ချက်။ မျက်ရှုနှစ်ပတ်လည်အတွက် စာမူတောင်းခံခဲ့တဲ့သူတွေအထဲမှာ ဆရာစိုးက စာမူ အစောဆုံး ပို့ပေးခဲ့တဲ့သူပါ။ ဒါပေမယ့် ဘာအမှတ်တရစကားမှတော့ လက်ဆောင်ပါး မသွားဘူး။ )
source: မျက်ရှု ဆောင်းပါး
http://www.myatshu.com/2011/11/01/ရှေးရှေးတုန်းက-ရည်းစားစ/
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ