မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Friday, August 30, 2013

မုတ်သုံအတွေး -ဒေါ်အောင်ဆန်းစုကြည်



30 August 2013

“မုတ်သုံ” ဆိုတဲ့စကားလုံးဟာ ကျမတို့အတွက်တော့ အမြဲနားဝင်ချိုလှပါတယ်။ ကျမတို့ မြန်မာလူမျိုးတွေဟာ မိုးရာသီဆို အတိတ်ဆီကို လွမ်းဆွေးတမ်းတတာထက် ချစ်ကြည်နူးဖွယ်ရာ အဖြစ် မှတ်ယူကြပါတယ်။

ကလေးဘ၀တုန်းက ကျမမွေးဖွားကြီးပြင်းခဲ့တဲ့ အိမ်ဝရံတာကနေပြီး မည်းမှောင်နေတဲ့ ကောင်းကင်ကြီးကို ကြည့်ရင်း ထူထပ်တဲ့ မိုးတိမ်တွေဆီကနေ တ၀ုန်းဝုန်းနဲ့ ရွာချလိုက်တဲ့ မိုးသံတွေကို နားထောင်ခဲ့ပါတယ်။ အဲဒီလို ကြည်လင်တောက်ပတဲ့ မိုးစက်တွေကျလာပြီ ဆိုရင်ဖြင့် သီချင်းအင်မတန် ကြိုက်နှစ်သက်တဲ့ အစ်ကိုဝမ်းကွဲ တစ်ယောက်ဟာ ခေတ်ပေါ်သီချင်း တစ်ပုဒ်ထဲက “အို….ရွှေမိုးရယ် ညိုပြီပေါ့ကွယ်…” ဆိုတဲ့ အပိုဒ်လေးကို ညည်းပါတော့တယ်။ သူညည်းတဲ့ စကားလုံးတွေဟာ ကဗျာ စကားလုံးလား၊ အပျော်သဘောနဲ့ ညည်းတာလားဆိုတာကိုတော့ ကျမလည်း မဆုံးဖြတ်တတ်ခဲ့ပါဘူး။ မိုးတိမ်ညိုနောက်ကွယ်ကနေ အလင်းရောင်ရဲ့ ရိုက်ခတ်မှုကြောင့် ကျလာတဲ့ မိုးစက်တွေဟာ တစ်ခါတလေမှာ ရွှေရောင်တလက်လက်နဲ့ တွေ့မြင်ရတဲ့အတွက် ဒီစကားလုံးနဲ့ ဖော်ကျူးတာဟာ လိုက်ဖက်သင့်တော်တယ်လို့ ကျမအနေနဲ့ လက်ခံပါတယ်။

ဒီလိုမိုးရွာပြီဆိုရင် အတိအကျ ပြောလို့မရတဲ့ အတိတ်က အကြောင်းအရာတွေကို လွမ်းသလိုလို၊ ဆွေးသလိုလို ခံစားကြတဲ့ လူကြီးတွေရဲ့ ခံစားချက်မျိုး ကျမသိပ်ခံစားချင်ပါတယ်။ ဒါပေမဲ့ ခြောက်နှစ်အရွယ်ပဲ ရှိသေးတယ်ဆိုတော့ အတိတ်ကာလဆိုတာ ကလည်း ဘာမှ မည်မည်ရရ မရှိသေးပါဘူး။ မှိုင်းမှုန်နေတဲ့ မုတ်သုံမိုးနေ့ကို မဖော်ပြနိုင်တဲ့ အလွမ်းအဆွေးနဲ့ကြည့်ရင်း ကြီးပြင်းလာခဲ့ပါတယ်။

ကျမ ပထမဆုံး သင်ယူခဲ့ရတဲ့ ကဗျာတွေထဲက မြန်မာကလေးတိုင်း သိတဲ့ ကဗျာဆရာကြီး မင်းသုဝဏ် ရေးသားထားတဲ့ မိုးရာသီ အကြောင်း ကဗျာတစ်ပုဒ်ရှိပါတယ်။
“၀ါဆိုဝါခေါင်ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်…” ဆိုတာပဲဖြစ်ပါတယ်။ ကျမဟာ ကျမရဲ့မိခင်ကို သပြေသီးဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာကို မြင်ဖူးချင်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ သပြေသီးဆိုတာက ရန်ကုန်လိုနေရာမျိုးမှာ အင်မတန်ရှားပါးတော့ နမူနာလေးတစ်လုံးလောက် တောင်ကြည့်ဖို့ မလွယ်ပါဘူး။ ကျမဆယ်ကျော်သက်အရွယ်မှာ ကျမရဲ့မိခင်နဲ့ အတူ အိန္ဒိယကို လိုက်သွားတော့မှပဲ ကလေးဘ၀တုန်းက ကျမ အင်မတန် မြင်တွေ့ချင်လှတဲ့ ကဗျာထဲမှ သပြေသီးမှည့်ကို ကျမရဲ့မိခင်က ပေးနိုင်ပါတော့တယ်။ တစ်နေ့မှာ ကျမ ရဲ့မိခင်ဟာ အထုပ်ဖောင်းဖောင်း တစ်ထုပ်ကို ကျမကိုပေးရင်း သူ့ရဲ့ နှုတ်ခမ်းထောင့်နားက ပါးချိုင့်ကလေးပေါ်အောင် အားပါးတရပြုံးရင်း “ရော့ သမီး၊ သမီးကလေးဘ၀ကတည်းက မေမေ သမီးကို မပေးနိုင်ခဲ့တဲ့ သပြေသီးမှည့်ပဲ” လို့ပြောပါတယ်။

ဒေလီမှာတော့ သပြေသီးကို ဇမ္ဗုလို့ခေါ်ပါတယ်။ ကျမတို့နေတဲ့ လမ်းထောင့်မှာရှိတဲ့ သပြေပင်တွေ သီးတဲ့ အချိန်ရောက်ပြီဆိုရင် တောင်းတွေ အများကြီးနဲ့ ကောက်လို့ရပါတယ်။ ခရမ်းရောင်ရင့်ရင့်နဲ့ ခပ်ရှည်ရှည်မျောမျောရှိပြီး ပြောင်နေတဲ့ ဇမ္ဗုသီးတွေဟာ စားလိုက်ရင်ချိုပြီး နူးညံ့ကာ နှုတ်ခမ်းတွေ၊ လျှာတွေမှာ နီညိုရောင်စွဲပြီး ကျန်ခဲ့ပါတယ်။ အဲဒီတုန်းက ကျမကဗျာတွေ ရွတ်ဆိုရင်း စိတ်ကူးနဲ့ မှန်းခဲ့တာကတော့ ခြေချောင်းလေး တွေကြားထဲမှာ ရွှံ့တွေနဲ့ မိုးရွာထဲ လမ်းလျှောက်နေတာ၊ မိုးအေးအေးထဲ အသားညိုညို၊ ပိန်ပိန်နဲ့ ကလေးမလေး ပျော်ရွှင်နေတာ၊ ကြည်လင်သန့်စင်တဲ့ မိုးရေထဲမှာ လွတ်လပ်မှုရဲ့ အရသာကို ခံစားနေတာ စတာတွေပါပဲ။ ကျမဘ၀မှာ မိုးရေထဲ ရေချိုးရတာလောက် အင်မတန်ပျော်ရတာ မရှိပါဘူး။ ဒါပေမဲ့လည်း ဒီလို ကလေးဘ၀ဟာ ကုန်လွန်ခဲ့ပြီဆိုတာ ကျမသိခဲ့ပါတယ်။

ကလေးလေးတွေက ဆူးချုံတွေကြားတိုးရမှာကိုလည်း မကြောက်၊ မျှော့တွယ်မှာကိုလည်း မကြောက်ဘဲ သူတို့အတွက် အဖိုးတန်လှပြီး အင်မတန် အရသာရှိလှတဲ့ သပြေသီးကောက်ဖို့သွားကြတဲ့ ဆရာမင်းသုဝဏ်ရဲ့ ပျော်ရွှင်ဖွယ်ရာ သီကုံးထားတဲ့ ကဗျာနဲ့ မတူဘဲ နောက်ထပ်သပြေသီးနဲ့ မိုးအကြောင်းဖွဲ့ဆိုထားတဲ့ ကဗျာတစ်ပုဒ်လည်း ရှိပါသေးတယ်။ တစိမ့်စိမ့်ရွာကျနေတဲ့ မိုးနဲ့ပတ်သက်ပြီး လွမ်းဆွေးဖွယ်ရေးဖွဲ့ထားတဲ့ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာဟာ ဗုဒ္ဓ၀င် ဇာတ်တော်ဖြစ်တဲ့ ပဋာစာရီဇာတ်ထဲက ဖြစ်ပါတယ်။ ချမ်းသာတဲ့ လယ်သမားမိဘနှစ်ပါးရဲ့ သမီးဖြစ်သူ ပဋာစာရီဟာ အိမ်မှာ အလုပ်လုပ်နေတဲ့ သူရင်းငှားနဲ့ ခိုးရာလိုက်ပြေးသွား ခဲ့ပါတယ်။ သားနှစ်ယောက်မွေးဖွားပြီးတဲ့နောက် ပဋာစာရီဟာ မိဘနှစ်ပါးကို လွမ်းဆွေး သတိရတဲ့အတွက် သူ့ယောက်ျားဖြစ်သူကို အိမ်ပြန်ပို့ဖို့ ပြောပါတယ်။ အိမ်အပြန်ခရီးမှာတော့ သူမဟာ ကြေကွဲဖွယ်ရာ အဖြစ်အပျက်တွေနဲ့ တွေ့ကြုံခဲ့ရပြီး ယောက်ျားရော သားနှစ်ယောက်ပါ ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူမဟာ အားတင်းပြီး မိဘတွေရှိရာ ပြန်ခဲ့ပေမယ့်လည်း အဖေရော အမေရော အစ်ကိုဖြစ်သူပါ မီးလောင်သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ ကံဆိုးလှတဲ့ မိန်းမငယ်ဟာ ရူးသွပ်သွားကာ ဆောက်တည်ရာမရ တော့ဘဲ ခြေဦးတည့်ရာ လျှောက်သွားနေရာက နောက်ဆုံး ဗုဒ္ဓမြတ်စွာဘုရားနဲ့ တွေ့ပြီး ဗုဒ္ဓက စိတ်ကို ငြိမ်းချမ်းမှုရအောင် ဟောကြားဆုံးမမှပဲ စိတ်တည်ငြိမ်ကာ ငြိမ်ချမ်းမှုရသွားတော့တယ်။ ပဋာစာရီ ကိုသောကမီး လောင်မြိုက်နေသူအဖြစ် မြင်ကြပါတယ်။ ဒါပေမဲ့ လည်းသူမရဲ့ ဇာတ်လမ်းဟာ အင်မတန် ပျော်ရွှင်ကြည်နူးဖွယ်ရာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်လိုက်လို့ပါပဲ။

လင်ယောက်ျားရော သားပါ ဆုံးရှုံးသွားလို့ ပူဆွေးသောကဖုံးလွှမ်းကာ ဆောက်တည်ရာမရဘဲ မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့ သူမရဲ့ပုံကို မိုးနဲ့ မုန်တိုင်း နောက်ခံထားပြီး ရေးဆွဲထားတဲ့ ပန်းချီကားတွေ အများကြီးရှိပါတယ်။

ဒီရုပ်ပုံကားတွေဟာ စိုစွတ်တဲ့ ရာသီဥတုကို ပုံဖော်ပြနေရုံ မကဘဲ နောက်ဆုံးမှာ ပျော်ရွှင်ကြည်နူးဖွယ်ရာ ရလာဒ် ထွက်ပေါ်လာပါတယ်။ လူတွေရဲ့ စိတ်ဓာတ်ဟာ အမြဲလျော့ကျနေတာ မဟုတ်ဘူး ဆိုတာကိုပါ ဖော်ပြနေတယ်လို့ အားလုံးက သိနေကြပါတယ်။

မြန်မာပြည်က၀င်တဲ့ မုတ်သုံအခါ ပွက်ပွက်ဆူမတက်ပူပြင်းလှတဲ့ ဧပြီလရဲ့ အပူဒဏ်ကနေ လွတ်မြောက်ဖို့ အေးမြတဲ့ မိုးကိုပါ သယ်ဆောင်လာပါတယ်။ အခုလို အချိန်အခါမှာပဲ ကျမတို့ တိုင်းပြည်မှာ နှစ်ပေါင်း ၃၀အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ဒီမိုကရေစီ နည်းလမ်းကျတဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။

မြန်မာပြည်သူလူထုဟာ ဆယ်စုနှစ်သုံးခုလောက် နေခဲ့ရတဲ့ အာဏာရှင်စနစ် ဆိုးအောက်က လွတ်မြောက်ပြီး သူတို့ရဲ့ ဆန္ဒတွေကို လေးစားအသိအမှတ်ပြုခံရမယ့် စနစ်ကို ရောက်တော့မယ်ဆိုတဲ့ အသိနဲ့ တာဝန်သိသိ စည်းကမ်းရှိရှိနဲ့ မဲရုံတွေကို သွားပြီးမဲပေးခဲ့ကြပါတယ်။
ဒီမိုကရေစီအခြေခံများနဲ့ အညီ တိုင်းပြည်ကို အုပ်ချုပ်နိုင်မယ့် စနစ်တစ်ခုပေါ်ပေါက်ရန် ဆက်လက်ကြိုးပမ်းနိုင်ရေး အတွက် ရာသီဥတုအသစ်က အားသစ်အင်သစ် လောင်းပေးနေပါတယ်။

အောင်ဆန်းစုကြည်

http://www.dawnmanhon.com/2013/08/blog-post_2753.html#sthash.E0hIRz4j.dpuf

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ