


ABSDF မြောက်ပိုင်းမှာ အသတ်ခံခဲ့ရသော
ထွန်းအောင်ကျော်ရဲ့ အမေ၏ ရင်ဖွင့်သံ
Post 04 March 2014
By မေသင်္ကြန်ဟိန်(မြစ်မခ)
ဆံပင်တွေဖွေးဖွေးဖြူနေတဲ့ အသားဖြူဖြူ၊ မျက်နှာပေါ်ပေါ်နဲ့ အသက် ၇၀ အရွယ်အမျိုးသမီးကြီးက ၀ှီးချဲပေါ်မှာ ထိုင်လျက်အနေအထားကနေ သူ့ရဲ့ ကွေးနေတဲ့ လက်တစ်ဘက်ကို ခပ်မမမြှောက်ရင်း၊ ဝေသီနေတဲ့ မျက်လုံးတွေကို ခပ်မှေးမှေးနဲ့ ပြောတယ်။
`သားတွေရဲ့ရန်သူဟာအမေ့ရဲ့ရန်သူပဲ အမေ့ကိုသတ်မယ်ဆိုလည်းသတ်။ အမေခံရဲတယ်။ အမေလုံးဝမကြောက်ဘူး မကြောက်လို့တိုင်တာ ပေါ့။ အမေမှာ တိုင်းသူပြည်သားတစ်ယောက် တိုင်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ငွေများတရာနိုင်ဆိုရင်တော့မရဘူးပေါ့လေ။ ဥပဒေအထက်မှာ တစ်ယောက် ယောက်ကရှိနေရင်တော့ ဒီလောကအလကားပေါ့ မဟုတ်ဘူးလား အမေတိုင်တာက ၃၀၂ နဲ့ကို တိုင်ထားတာပဲ`လို့ အမယ်အိုဒေါ်တင်မမက အသံခပ်မာမာနဲ့ တိကျပြတ်သားစွာ ပြောနေတယ်။
ဒေါ်တင်မမဟာ ၁၉၉၂ ခုနှစ် မြောက်ပိုင်းပါဂျောင်စခန်းမှာ စစ်ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော်ရဲ့ မိခင်ဖြစ်ပါတယ်။
သူမဟာ သား ၅ ယောက်ကို မွေးထားတဲ့ မိခင်တစ်ဦးဖြစ်တယ်။ ကိုထွန်းအောင်ကျော်၊ ကိုကျော်စိုးမိုးခေါ် ကိုလတ်၊ ကိုဇော်ရဲမြင့်၊ ကိုဝင်းမြတ်အောင်၊ ကိုဥာဏ်ရည်ထွန်း စတဲ့ သားငါးယောက်ကို လူ့လောကထဲကို ခေါ်လာနိုင်ခဲ့တဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။
ကိုထွန်းအောင်ကျော်က ၁၉၈၈ခုနှစ် အရေးအခင်းကစပြီး မြန်မာ့နိုင်ငံရေးလောကထဲကို ရောက်ရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ သဘောကောင်းခြင်းနဲ့ ဦးဆောင်နိုင်စွမ်းရှိခြင်းတို့ကြောင့် လုပ်ဖော်ကိုင်ဖက်ကျောင်းသားတွေရဲ့ အားကိုးယုံကြည်ခြင်းကို လက်ခံရရှိခဲ့တယ်။
မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲလိုတဲ့ စိတ်ဆန္ဒနဲ့ ကျောင်းသားတပ်မတော် ABSDF ထဲကို ၀င်ရောက်ခဲ့တယ်။ အဲဒီလို ၀င်ရောက်ပြီးနောက်ပိုင်းမှာ ABSDF မြောက်ပိုင်း ပါဂျောင်စခန်းမှာပဲ ကိုထွန်းအောင်ကျော်အပါအ၀င် ကျောင်းသားပေါင်း ၁၀၀ ကျော်ကို ABSDF ကျောင်းသားရဲဘော် အချင်းချင်းဖြစ်ကြတဲ့ မျိုးဝင်း၊ သံချောင်း၊ ရော်နယ်အောင်နိုင်၊ လှဆိုင်းစတဲ့ သူတွေ ခေါင်းဆောင်တဲ့အဖွဲ့ကပဲ စစ်ထောက်လှမ်းရေးလို့စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်ခဲ့ကြတယ်။
၁၉၉၂ ခုနှစ်မှာတော့ ကိုထွန်းအောင်ကျော်၊ မခင်ချိုဦးအပါအ၀င်အခြားကျောင်းသား ရဲဘော် ၁၃ ဦး ၊ စုစုပေါင်း ၁၅ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့(ပြည်ထောင်စု)နေ့မှာ အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတယ်။
၁၉၉၁- ၁၉၉၉၃ ခုနှစ်ထိ ABSDF မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ ကျောင်းသားအချင်းချင်း ထောက်လှမ်းရေးလို့စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်၊ မြောက်ပိုင်းမှာတော့ စုစုပေါင်း အယောက် ၄၀ ကျော် အသတ်ခံခဲ့ရပြီး တောင်ပိုင်း ABSDF မှာလည်း ကျောင်းသားအချို့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ သိရှိရပါတယ်။
အဲဒီလို သားဖြစ်သူရဲ့ မတရားမှုနဲ့ ပတ်သက်ပြီးတော့ ၀ှီးချဲပေါ်ကနေ မထနိုင်ရှာတဲ့ အမယ်အိုက ၂၀၁၃ ခုနှစ်မှာ သားရေမင်းအတွက် အမေကတော့ စလုပ်နေပြီဆိုတဲ့ ကြွေးကြော်သံနဲ့အတူ သားအတွက် တိုက်ပွဲတစ်ခုကို စတင်ခဲ့ကြောင်း ခုလို ပြောပြတယ်။
`အရင်တုန်းက ဘာဖြစ်လို့ မတိုင်သလဲဆိုရင် အရင်ခေတ်အစိုးရရ စစ်အစိုးရလေ၊ တိုင်လို့မရဘူး ခုအစိုးရကိုရော ယုံသလားဆိုရင် မယုံပါဘူး ဒါပေမဲ့ တိုင်လို့ရပြီလို့ ယူဆလို့ တိုင်တယ်။ ဒါ့အတွက် အမေက အထပ်ထပ်အခါခါလျှောက်လွှာတွေတင်ရတယ်။ အကုန်လုံးသွားတယ် သိန်းစိန်ကနေစပြီး တော့အကုန်လုံးပဲ ပါတယ် နောက်ပိုင်း အောင်ဆန်းစုကြည်လည်းပါတယ်။ အကုန်လုံးဆီကို တိုင်ထားတာပဲ။ အဲလို တိုင်ထားပြီးတော့ တစ်ရက်တော့လာစစ်တယ် သူကတော့ ဒလမ လို့ပြောတာပဲ။ CID ကစစ် တယ် တိုင်တာကတော့ရဲပဲတိုင်တာပေါ့ ။ ဒါပေမဲ့ ရဲကမကိုင်ရဲလို့လားမသိဘူးနော် CID ကိုလွှဲတယ် မြစ်ကြီးနား CID ကလာတယ် မန်းလေးရဲစခန်း(၈)ကိုတိုင်တယ် (၈)ကနေပြီးမှ ဝိုင်းမော်စခန်း CID ကိုလွှဲပေးတယ်`
သားရဲ့ မတရားမှုအတွက် အမှုဖွင့်ပေးလိုက်နိုင်တဲ့ မိခင်အိုတစ်ဦးရဲ့ တက်ကြွမှုနဲ့ စိတ်အားထက်သန်မှုကို သူမရဲ့ မျက်ဝန်းတွေထဲမှာ ထင်ထင်ရှားရှားတွေ့မြင်နိုင်တယ်။
အဲဒီမျက်ဝန်းတွေကပဲ သားရဲ့ ငယ်ဘ၀ ဖြစ်စဉ်နဲ့ အဖြစ်အပျက်တွေကို တဖျတ်ဖျတ်အရိပ်တွေပေါ်လာတဲ့ အထိ ပြောပြခဲ့တယ်။
` ဒီကလေးကိုတအား ဂရုစိုက်ရတယ်မွေးခဲ့ရတယ်။ သူကစိတ်ဇွဲကြီးတယ်။ ငယ်တုန်းကတည်းက သူကစားနေတာ တစ်ခုခုကို ယူဖယ်လိုက် လို့ရှိရင်မျက်လုံးနဲ့ကြည့်ထားတာပဲ ကြည့်ထားပြီးလို့ရှိရင် လေးဖက်ထောက်ဘဝနဲ့ကို အဲ့ဒီကိုရောက်အောင် သွားတာပဲ ။ အသက်ကြီးတဲ့ထိ အဲ့လိုစိတ်ဇွဲရှိတယ်။ ကြီးတဲ့ခါကျတော့ အနုပညာကို ဝါဒနာပါတာပေါ့ ။ ဂစ်တာကျွမ်းကျင်တယ်။ ပေါ့ ဟိုင်းဝေးစတားတွေဆိုရင်အရမ်းတီးတတ်တယ်ပေါ့ နောက်တော့အသင်းအဖွဲ့ထောင်တော့မယ်ဆိုတော့ ကီးဘုတ်ထိုင်ဖို့ရာအတွက် Piano သင်ချင်တယ်တဲ့ Piano ဝယ်ပေးပြီးတော့ဆရာကိုအိမ်ခေါ်သင်ပေးတယ် အဲ့ဒါကိုကျွမ်းကျင်ပြီဆိုတော့ ကီးဘုတ်ထိုင်ဖို့လွယ်သွားပြီလေ သူအသင်းအဖွဲ့တစ်ခုထောင်တယ်။ အဖွဲ့ကလူတွေကိုတော့ မမှတ်မိတော့ဘူး ။ အရေးခင်းမတိုင်ခင်လောက်ကပေါ့ ဂစ်တာတီးတဲ့သူကသူ့ဝိုင်းထဲမှာပါတော့ သူကကီးဘုတ်ထိုင်တာ ပေါ့ သူကအစုံတော့တတ်ပါတယ်`လို့ သူမက ပြောပါတယ်။
အနုပညာလုပ်ငန်းတွေကိုဝါသနာပါတဲ့ သားကြီး ခုလို နိုင်ငံရေးလောကထဲကို ရောက်ရှိသွားရတာက 1988ခုနှစ် ငွေစက္ကူသိမ်းလိုက်တဲ့ ဦးနေ၀င်းအစိုးရကြောင့်လို့မိခင်ဖြစ်သူက ပြောပါတယ်။
`ဦးနေဝင်းကြောင့်ရောက်သွားတာပေါ့ ဦးနေဝင်းက ငွေစက္ကူကိစ္စလေ အဲ့တော့ သူက GTI ရောက်နေပြီ အဲ့ဒါတွေကပေါ်ပေါက်လာတဲ့အခါ ကျတော့ သူ့သူငယ်ချင်းတွေက ကျောင်းအိပ်ကျောင်းစားတွေက စားစရာမရှိ နေစရာမရှိ အိမ်ပြန်စရာမရှိအဲ့လိုတွေဖြစ်ကုန်တာတအားဒုက္ခရောက်ကုန်တာ။ အဲဒီ့အချိန်မှာအကုန်လုံးဆင်းရဲ ဒုက္ခရောက်တယ် သူ့သူငယ်ချင်းတွေလည်းရောက်တယ် ငွေးအကြပ်အတည်းဖြစ်ကုတ်တာပေါ့ ဖြစ်ကုန်တဲ့ ခါကျတော့သူမနေတော့ဘူး စိတ်ကအဲ့လိုဖြစ်သွားတာပေါ့ နဂိုကလုပ်နေတဲ့နိုင်ငံရေးသမားကြီးလည်းမဟုတ် ပါဘူး`လို့ မိခင်ဖြစ်သူက ပြောပါတယ်။
ABSDF ကျောင်းသားတပ်မတော်ထဲကိုလည်း တိုင်းပြည်ရဲ့အကျိုး ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲလိုတဲ့ စိတ်နဲ့ တောခိုခဲ့ခြင်းဖြစ်ကြောင်း၊ တောခိုခဲ့စဉ်ကတည်းက သားဖြစ်သူကို အိမ်မက်မက်လေ့ရှိကြောင်း ပြောပြပါတယ်။
`အမေကအတွေးအာရုံနဲ့အိပ်မက်မက်တတ်တာလေးတွေတော့ရှိတယ်။ တွယ်တာမှုကလည်းရှိတော့ပေါ့ နော်။ သူတောထဲ စသွားတုန်းကတော့ ဆင်နဲ့ကြိုတယ်ဆိုတော့ အော်ဟန်ကျတယ်ပေါ့။ နောက်သူ တောထဲမှာပဲ ဥက္ကဋ္ဌအဖြစ် အရွေးခံရတယ်ဆိုတော့ သူရေချိုးနေတယ် ရေချိုးပြီးတော့ တစ်ခါလုံခြည်အဖြူဝတ်တယ်ဆိုတာကို တွေ့ရတယ် အိပ်မက်အရဆိုလို့ရှိရင် လုံခြည်အဖြူဝတ်တယ်ဆိုလို့ရှိရင် အကြီးအကဲဖြစ်ပြီ ရေချိုးတယ်ဆိုတာ ကျန်းမာရေး ကောင်းတယ် အဲ့ဒီလိုအယူအဆရှိတယ် ။ အဲ့တော့ အမေကအိပ်မက်နဲ့ အဲ့လိုကောက်လို့ရတယ်လေ။ အင်း… သူဒုက္ခဖြစ်ပြီဆို တော့အမေဘယ်လိုအိပ်မက်တွေမက်တုန်းဆိုတော့ အိမ်ရှေ့ကမြောင်းထဲရေပြစ်ပြစ်တွေထဲမှာ သူကရင်ခေါင်းလောက်အထိနစ်နေတယ် လို့မြင်တယ်။ သူ အဲ့ဒီလိုဖြစ်တယ် ဒါအမေ့ရဲ့အာရုံနဲ့သိတဲ့အသိပေါ့နော် နောက်ပြီးတော့လမ်းလယ် ခေါင်မှာကင်းမြှီးကောက်ကြီးထောင်နေတယ် အဲ့လိုမက်တော့ အော် ငါ့သားတော့ဒုက္ခဖြစ်နေပြီဆိုတာကိုသိ တယ်`
မိခင်တစ်ယောက်နဲ့ သားတစ်ယောက်ရဲ့ ဆက်နွယ်ခြင်းတွေမှာ ကိုထွန်းအောင်ကျော်နဲ့ သူ့မိခင်ဒေါ်တင်မမတို့ကတော့ စိတ်အတွေးတွေ၊ အိပ်မက်တွေနဲ့ ဆက်သွယ်နေတယ်လို့ သိရပါတယ်။ ကိုထွန်းအောင်ကျော် ပါဂျောင်မှာ အသတ်ခံရပြီးချိန်မှာတော့ မိခင်ဖြစ်သူရဲ့ စိတ်ထဲမှာ အလိုလိုသိနေခဲ့ပေမဲ့ သူ့သားသေဆုံးသွားပြီလို့ အလွယ်တကူ လက်ခံလို့မရခဲ့ပါဘူး။
`နောက်တော့ သူအသတ်ခံရပြီဆိုတော့ အိုကေကလာပြောတယ် အုန်းကြိုင် အုန်းကြိုင်ဆိုတာကဆွေမျိုးနီးစပ်တော်တဲ့ကလေးပါပဲ သူလည်းတောထဲမှာပါသွားတာ သူလာပြောတော့ အမေ မယုံဘူး။ ဒီက အမေပဲ မရအရမွေးထားရ တဲ့ကလေးပါ အမေမယုံဘူးလို့ပြောတာ ။ အဲဒါကို အိုကေ ကအဲ့လိုပြောတော့မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး နဲ့ဇွတ်ငြင်းတာ တကယ်တော့မဖြစ်စေချင်တာပေါ့ ။ ကိုယ့်စိတ်ထဲမှာအဲ့လိုမဖြစ်စေချင်ဘူးပေါ့နော် အဲ့တော့ သားအကြီးလည်းဖြစ်တယ်အားလည်း အားကိုးတယ်လေ`
အမယ်အိုကြီးအသံက တိမ်ဝင်သွားပေမဲ့ မျက်လုံးတွေကတော့ တောက်ပနေဆဲဖြစ်တယ်။ အမယ်ကြီးကတစ်ဆက်တည်းမှာပဲ သူ့ရဲ့ ခံယူချက်နဲ့ သဘောထားကို ပြောပါတယ်။
`သားတွေရဲ့ရန်သူဟာအမေ့ရဲ့ရန်သူပဲ အမေ့ကိုသတ်မယ်ဆိုလည်းသတ်မှာပဲ အမေခံရဲတယ် သူတို့မသတ်လည်းသေမှာပဲလေ မွေးကတည်းကကိုသေဖို့ပြေးနေတာလေ တစ်နေ့သေကြမှာကြီးပဲ အကုန်သေ ရမှာပဲ သတ်တဲ့သူတွေလည်းသေမှာပဲ မျိုးဝင်တောင်မှလူမိုက်မို့လို့ လက်တွေ့သတ်တဲ့လူဒါလည်းနူတ်ပိတ်ခံရ တယ်လေ အမေလုံးဝမကြောက်ဘူး၊ အဲဒါကြောင့် အမေတိုင်တာ ၃၀၂ နဲ့ကို တိုင်တာ`
သားဖြစ်သူ့ရဲ့ မတရားအသတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာကို တိုင်ကြားထားခဲ့ပေမဲ့ အစိုးရအနေနဲ့ တုန့်ပြန်မှု မရှိဘူးဆိုရင်တော့ သတင်းမီဒီယာတွေကနေပဲ မတရားမှုတွေကို ဖွင့်ချပြီး သားအတွက် တတ်နိုင်သမျှ ဆောင်ရွက်ပေးတော့မယ်လို့ အသက် ၇၀ အရွယ်အမေအိုက ပြောပါတယ်။
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ