မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
Wednesday, September 13, 2017
ရခိုင်အရေးတွင် မြန်မာအစိုးရအပေါ် စာနာထောက်ခံသည့် နိုင်ငံတကာ ကာကွယ်ရပ်တည်မှုအချို့ရှိလာ
==============================
ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ဘင်္ဂါလီအရေးအပေါ် မြန်မာအစိုးရကိုင်တွယ်မှုအပေါ် နိုင်ငံတကာမီဒီယာ အများအပြားနှင့် အစိုးရများက ဝေဖန်ထောက်ပြမှုများ ရှိနေသော်လည်း တစ်ချိန်တည်းတွင် မြန်မာ နိုင်ငံဘက်က ကာကွယ်ရပ်တည်မှုအချို့ ရှိလာခဲ့သည်။
အထူးသဖြင့် ရခိုင်ပြည်နယ်အရေးသည် ပြင်ပကမ္ဘာမှ ဝေဖန်ရန်ခက်ခဲလွန်းပြီး ရှုပ်ထွေးလွန်းသည့် အခြေအနေတစ်ရပ်အဖြစ် အလေးအနက် ထောက်ပြမှုများ ရှိလာသည်။ ဩစတြေးလျဝန်ကြီးချုပ်ဟောင်း ကီဗင်ရုဒ်က မြန်မာ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းသည့် ပြဿနာ တစ်ရပ်ကို ရင်ဆိုင်နေရကြောင်း လက်တွေ့ကျကျလက်ခံပြီး သူ့အပေါ် အထင်မှားဝေဖန်မှုများ မပြုလုပ်သင့်သေးကြောင်း ထောက်ခံ ပြောကြားသည်။
ဩစတြေးလျ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင် တာဝန်ယူဖူးသည့် ရုဒ်က ‘‘ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်ပုံချပြီး ဖိအားပေး ဝေဖန်နေတာကို သတိပြုမိပါတယ်။ သူဟာ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် တစ်ယောက်ပါ။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဆယ်စုနှစ်တွေ ကြာမြင့်တဲ့အထိ အနစ်နာခံကြိုးစားခဲ့သူ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ သူ့ကို ဝိုင်းပြီး အပြစ်ဖို့နေမယ်ဆိုရင် လမ်းကြောင်းမှားနေပါတယ်။ မရင့်ကျက်လွန်းရာကျပါလိမ့်မယ်’’ ဟု သတိပေးခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ သက်တမ်းနုနယ်သော ဒီမိုကရေစီအစိုးရအပေါ် လွန်လွန်ကျွံကျွံဝေ ဖန်ထိုးနှက်နေပါက ဒီမိုကရေစီ ဖော်ဆောင်မှုအပေါ် ကြီးမားစွာထိခိုက်သက်ရောက်သွားလိမ့်မည်ဟုလည်း ရုဒ်က ထောက်ပြခဲ့သည်။ ‘‘မြန်မာနိုင်ငံ ရှေ့ဆက်ရမယ့်ခရီးက အရှည်ကြီးကျန်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရဲ့တိုးတက်ကြီးပွားရေးကဏ္ဍတွေအတွက် လုပ်စရာ အများကြီးရှိသေးတယ်။ ဒါပေမဲ့ ဘင်္ဂါလီအရေးက အဟန့်အတားတွေ အများကြီး ဖြစ်နေစေတယ်။ ကျွန်တော်တို့ဟာ ရာစုနှစ်ဝက်လောက်ကာလအတွင်းမှာ တစ်ခုတည်းသော ဒီမိုကရေစီအစိုးရတစ်ရပ်ကို စွန့်ခွာလို့ မဖြစ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ လူ့အခွင့်အ ရေးတွေကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ ဖော်ဆောင်ဖို့ အားပေးရမှာ ဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။
မကြာမီက France 24 သတင်းဌာနနှင့် အင်တာဗျူးတွင် အမေရိကန်အစိုးရက မြန်မာနိုင်ငံတွင် Chief of Mission အဖြစ် ခန့်အပ်ခဲ့ဖူးသူ ပရက်စ်လာအန်းကလပ်က ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်ကို အရှိအတိုင်း လက်ခံရန်နှင့် နိုင်ငံတကာအနေဖြင့် ရခိုင်အရေးကို အချက်အလက်မခိုင်မာဘဲ စွပ်စွဲနေမှုများ လုံးဝမလုပ်သင့်ကြောင်း ဝေဖန်ခဲ့သည်။
‘‘ရခိုင်မှာ အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု တကယ်ဖြစ်ခဲ့တာ။ ဒီတိုက်ခိုက်မှုဟာ ပြည်ပကနေလာတယ်။ အကြမ်းဖက်သမားတွေက လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြားကို သတ်ဖြတ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန်ရဲ့ ကော်မရှင်ကတင်ပြတဲ့ အချက်အလက်တွေဟာ ပြဿနာ တွေကို ရေရှည်မှာ ပြေလည်သွားစေမယ်လို့ လက်ခံသဘောတူခဲ့တယ်။ အဲဒါကို ဖျက်လိုဖျက်ဆီးသဘောအနေနဲ့ အကြမ်းဖက်မှု တွေ ပေါ်လာတာ။ ဒါက အကြမ်း ဖက်သမားတွေရဲ့နည်းဗျူဟာတစ်ခုဆိုတာ မေးခွန်းထုတ်စရာ မလိုဘူး’’ဟု သူက ပြတ်ပြတ်သားသား မှတ်ချက်ပေးခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် နိုင်ငံရေးအခြေအနေသည် အလွန်ရှုပ်ထွေးပြီး နားလည်ရခက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ထိလွယ်ရှလွယ်ရှိလွန်းသည့် ပြည်တွင်း နိုင်ငံရေးနယ်ပယ်မျိုး၏ ဗဟိုချက်မှ ထိန်းညှိ ကိုင်တွယ်နေရသည်ကို နားလည်သင့်ကြောင်း အန်းကလပ်က ပြောကြားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာဌာနခွဲ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီက ဒေါ်အောင်ဆန်းစုကြည်သည် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုထောက်ခံချက်များအတိုင်း ရခိုင်ပြည်နယ်တိုးတက်ဖွံ့ဖြိုးရေး ကို အကောင်အထည်ဖော်ရန် အားထည့်ကြိုးစားနေချိန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ စတင် ဖြစ်ပွားလာသည်ကို ထောက်ပြ ဆွေးနွေးခဲ့သည်။
‘‘လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့အစိုးရဟာ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်မှုနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်း ခဲ့တယ်။ ဩဂုတ် ၂၅ ရက်မှာ ကော်မရှင်က အပြီးသတ်အစီရင်ခံစာနဲ့ အကြံပြုတင်ပြချက်တွေကို ကြေညာခဲ့တယ်။ အဲဒီနေ့မှာပဲ အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်လာတာ။ တိုးတက်လာတဲ့ အခြေအနေနဲ့ အချိန်ကိုက်ဖြစ်လာတာပါ’’ဟု မာဖီက ဆိုသည်။ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု အထောက်အပံ့များ ပြန်လည်ရရှိရန် နိုင်ငံတကာ အသိုက်အဝန်းက ရော၊ မြန်မာအာဏာပိုင်များကပါ ပူးပေါင်းကူညီရန် လိုအပ်မည်ဟု ၎င်းက သုံးသပ်ခဲ့သည်။
ထိုအတောအတွင်း တရုတ်ဩဇာကြီးမားသည့် သတင်းစာကြီးတစ်စောင်ဖြစ်သော Global Times ကလည်း မာလာလာယူ ဆွတ်ဖ်ဇိုင်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခြင်းမပြုမီ သင်ယူစရာ များစွာလိုသေး ကြောင်း တုံ့ပြန် ရေးသားခဲ့သည်။ ပါကစ္စတန်နိုင်ငံသူ မာလာလာက ဘင်္ဂါလီမျိုးနွယ်စုများ ဒုက္ခရောက် နေခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထိုက်ကြောင်း လူသိရှင်ကြား ဝေဖန်ခဲ့သည်။ မာလာလာသည် ပါကစ္စတန်တွင် အမျိုးသမီးငယ်များ ပညာသင်ယူခွင့်ရရှိရေး တက်ကြွလှုပ်ရှားခဲ့ပြီး အသက်အငယ်ဆုံး နိုဗယ်ငြိမ်းချမ်းရေးဆုရှင်အနေဖြင့် မှတ်တမ်းဝင်ခဲ့သည်။
Global Times က မာလာလာအနေဖြင့် သူကဲ့သို့ပင် နိုဗယ် ငြိမ်းချမ်းရေးဆုရှင် တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို Twitter ပေါ်တွင် လက်လွတ်စပယ် ဝေဖန်ခြင်းမပြုမီ ရခိုင်ပြည်နယ် ပြဿနာများနှင့်ပတ်သက်၍ အခြေခံကျကျ လေ့လာဆန်းစစ်သင့်ကြောင်း ရေးသားထားသည်။ ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော ပဋိပက္ခများသည် အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာမှ စတင်ကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် ထိုအခြေအနေအတွက် မဖြစ်မနေ တုံ့ပြန်ခဲ့ရခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်သမားများ အစပြုခဲ့သည့် ကိစ္စသည် ဘင်္ဂါလီများကို သာမကဘဲ ဒေသခံရခိုင်တိုင်းရင်းသားများကိုပါ ထိခိုက်စေခဲ့ ကြောင်း တရုတ်သတင်းစာက ထောက်ပြခဲ့သည်။
ထို့အပြင် ရခိုင်ပြည်နယ်အရေးသည် အလွန်ရှုပ်ထွေးပြီး အချိန်တိုအတွင်း ဖြေရှင်းရန် မဖြစ် နိုင်သည်ကို မာလာလာအနေဖြင့် လေ့လာသဘောပေါက်ရန် လို ကြောင်း၊ နောက်တစ်ချက်မှာ ငယ်ရွယ်သည့် နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် မိန်းကလေးသည် တာလီဘန်တို့၏ လက်ချက်ကြောင့် အသက်ဘေးနှင့် နီးစပ်လွန်းသည့် အန္တရာယ်မျိုး ကြုံခဲ့ဖူးကြောင်း၊ မွတ်စလင်အစွန်းရောက်အကြမ်းဖက်သမားများ၏ ကြမ်းတမ်းရက်စက်မှုနှင့်ပတ်သက်၍ ကိုယ်တိုင် ကိုယ်ကျ ခံစားနားလည်နိုင်ဖွယ် ရှိနေကြောင်း ရေးသားထားခဲ့သည်။
မာလာလာသည် သူအပြစ် တင်နေသောသူသည် ငြိမ်းချမ်းရေး၏ အနှစ်သာရကို အမှန်တကယ် နားလည်ခံစားတတ်မှုမရှိဟုယူဆပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးဖန်တီး တည်ဆောက်နိုင်သူတစ်ဦး၏ ဟန်ပန်မျိုးဖြင့် ဝေဖန်ပြောဆိုခြင်းများမပြုမီ သင်ယူစရာများစွာ ကျန်နေဆဲဖြစ်ကြောင်း၊ မာလာလာသည် မွတ်စလင်အစွန်းရောက်များ၏လက်ချက်ကြောင့် ၂၀၁၂ က သေဘေးနှင့်အလွန်နီး စပ်ခဲ့ဖူးရာသူ အဓိက ပစ်မှတ်ထားသင့်သူသည် မွတ်စလင်အစွန်းရောက် အကြမ်းဖက်လှုပ်ရှားမှုများသာ ဖြစ်သင့်ကြောင်း Global Times က တန်ပြန်ထောက်ပြ ဝေဖန်ခဲ့သည်။
===========
7Day News journal
via ဖေအောင်
@K(MSK)
http://7daydaily.com/story/107299
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ