မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Thursday, October 17, 2013

ပျောက်ဆုံးဖို့ အန္တရာယ်ကြုံတွေ့လာနှိုင်တဲ့ နိုင်ငံတော်ရဲ့ သဘာဝအမွေတစ်ခု


မာင်ထွန်းလွင်(မိုးလေ၀သ)

ပက္ခဒိန်တစ်ခုမှစခဲ့တဲ့ သမိုင်းကြောင်းတစ်ခ။

၁၉၈၃ ခုနှစ်တွင် ပန်းရိုးမ နှင့်ရွှေမင်းဝံပက္ခဒိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ရှိ တွင်းတောင်အင်းရဲ့ ဓါတ်ပုံပါရှိခဲ့ပါတယ်။ အဲဒှဓါတ်ပုံကို ထိုအချိန်က မော်လမြိုင်တက္ကသိုလ် အဏ၀ါသိပ္ပံဌာနမှ ကထိက ဒေါက်တာမင်းသိန်း က တွေ့မြင်ခဲ့ပါတယ်။ ဓါတ်ပုံမှာ မြင်တွေ့ရတဲ့အနေအထားအရ တွင်းတောင်အင်း တွင် စပီရူလိုင်းနားစိမ်းပြာရေညှိများ ရရှိနှိုင်ကြောင်း သုံးသပ်မိခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ဒေါက်တာမင်းသိန်း ဦးဆောင်ပြီး မော်လမြိုင်တက္ကသိုလ် အဏ၀ါသိပ္ပံဌာနမှ ကျောင်းသူကျောင်းသာေးတွဟာ သုတေသနလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြပါတော့တယ်။ တဆက်တည်းမှာဘဲ ထုတ်လုပ်မှု နဲ့ အသုံးချမှု လုပ်ငန်းတွေကိုပါ သုတေသနပြု လုပ်ဆောင်ခဲ့ကြပါတော့တယ်။
၁၉၈၅ ခုနှစ် ၀န်ကြီးဌာနကိုယ်စားလှယ်များပါဝင်ပြီး ထပ်မံသုတေသနလုပ်ငန်း များဆောင်ရွက်နှိုင်ရန် လေ့လာစိစစ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရက်ခဲ့ကြပြန်ပါတယ်။ ဒီနောက် ၁၉၈၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၁)ရက် နေ့မှာ စက်မှုဝန်ကြီးဌာန မြန်မာနိုင် ငံဆေးဝါးလုပ်ငန်းစက်ရုံ(BPI)မှာဘဲ စပီရူလိုင်းနားဌာနခွဲတစ်ခု အဖြစ် စတင် ထူထောင်နိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ လက်တွေ့လုပ်ငန်းတွေ ဆောင်ရွက်နှိုင်ဖို့ တွင်းတောင်မှာဘဲ စခန်းချပြီး စပီရူလိုင်းနား(Spirulina)များကို တွင်းတောင်အတွင်းမှ စတင် ဆယ်ယူပြီး ထုတ်လုပ်ရေးကို ဆောင်ရွက်ခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ်၊ဇန်န၀ါရီလမှာ စပီရူလိုင်းနား အဟာရဆေးပြားများကို ပရိုဗီမင် (Provimin) အမှတ်တံဆိပ်နဲ့ ပြည်တွင်းဈေးကွက် များမှာ စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှစတင်ပြီး ဂျာမဏီနိုင်ငံ IGV GmbH ကုမ္ပဏီနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက် မှုတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အကျိုးအမြတ်အနေနဲ့တော့ အရည်အသွေးထိန်းသိမ်းမှုတွေနဲ့ အာမခံနည်းစံနစ်များ (QC & QA)ကို ၂၀၁၀ ခုနှ်မှစတင်ကာ နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့အညီ ကျင့်သုံးနှိုင်ခဲ့ပါတယ်။ ဂျာမန်ပညာရှင်များကလည်း ယနေ့အချိန်အထိ အကြံပေးများ အဖြစ်ဆောင်ရွက်ပေးနေကြပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီ ထုတ်လုပ်လာနှိုင်ပြီဖြစ်တဲ့ စပီရူလိုင်းနား(Spirulina) ရေညှိခြေညက် နဲ့ ဆေးပြားတွေကို ဂျာမဏီ၊ ကိုရီးယား၊ ဘယ်လ်ဂျီယံ၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ မလေးရှား နိုင်ငံများကို တင်ပို့ရောင်းချနှိုင်ခဲ့ပြီး နိုင်ငံတော်အတွက် နိုင်ငခြားဝင်ငွေကို ရှာဖွေပေးနှိုင်ခဲ့ပါတယ်။

လုပ်ငန်းများတွင်ကျယ်လာတာနဲ့အမျှ လုပ်ငန်းများကိုလည်းတိုးချဲ့လာနှိုင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်၊ ဇွန်လ(၆) ရက်နေ့မှာတော့ စစ်ကိုင်းမြို့နယ်၊ခိုတောင်ကျေးရွာ အနီးမှာ မြန်မာ့စပီရူလိုင်းနားစက်ရုံ အမှတ်(၃) ဆေးဝါးစက်ရုံ(စစ်ကိုင်း)ကို သီးခြားထပ်မံတည်ဆောက်နိုင်ခဲ့ပါတယ်။ ပရိုဗီမင်အပါအ၀င် စပီရူလိုင်းနား ထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ရောင်းချနှိုင်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ မြန်မာ့စပီရူလိုင်းနားမျိုး(strain)ဟာ ကမ္ဘာအရပ်ရပ်ရှိ အခြားသော စပီရူလိုင်းနား မျိုးများထက် ဗိုင်းရပ်စ်ပိုးဟန့်တားနှိုင်စွမ်းတွင် ပိုမိုသာလွန်အားကောင်းကြောင်း ဂျာမဏီနိုင်ငံမှာ ပြုလုပ်တဲ့ သုတေသန စမ်းသပ်ချက်အရ တွေ့ရှိရမှုစာတမ်းကို ထုတ်ပြန်နှိုင်ခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ မလေးရှား နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ကိုင်းဆေးဝါးစက်ရုံ အမှတ်(၃)ကို နိုင်ငံတကာအသိအမှတ်ပြု (GMP) လက်မှတ်ကို အပ်နှင်းပေးခဲ့ပါတယ်။ ယခုအခါမှာတော့ ၂၀၁၂ ခုနှစ်ဧပြီလ(၁)ရက်နေ့မှ စတင်ကာ စက်မှုဝန်ကြီးဌာန ၊ဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်း နှင့် ဇွန်ဆေးဝါးလီမီတက်တို့ အကျိုးတူပေူးပေါင်းကာ စစ်ကိုင်း၊ ဇွန်ဆေးဝါးနှင့်စားသောက်ကုန် ထုတ်လုပ်ရေး လီမီတက်အမည်နဲ့ ဖက်စပ်ဆောင်ရွက်လျက် ရှိနေ ပါတယ်။

ပတ်ဝန်းကျင်ထိခိုက်မှုရဲ့အကျိုးသက်ရောက်မှုတွေ

တွင်းတောင်မှ နှစ်အလိုက် စပီရူလိုင်းနားထုတ်လုပ်မှု(မက်ထရစ်တန်ပေါင်း)ကို စတင်ထုတ်လုပ်သည့် ၁၉၈၇-၈၈ မှစတင်ကာ လက်ရှိကာလ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်ကုန်အထိ လေ့လာခဲ့ရာတွင် စပီရူလိုင်းနား ထုတ်လုပ်မှုမှာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်ထုတ်လုပ်မှုများမှာ အံအားသင့်ဘွယ်ရာ ကျဆင်းလာခဲ့တာကို တွေ့ကြရပါတယ်။ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွက် ထုတ်လုပ်မှု မက်ထရသ်တန် ၁၄၀၊ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ထုတ်လုပ်မှု မက်ထရစ်တန် (၁၃၈)ခန့်ရှိနေခဲ့ရာမှ ၂၀၁၁-၁၂ ဘဏ္ဍာရေး နှစ်တွင် ထုတ်လုပ်မှုမက်ထရစ်တန် (၇၈)ခန့်အထိကျဆင်းခဲ့ပြီး၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် မျာတော့ ပိုမိုဆိုးဝါးလာကာ ထုတ်လုပ်မှု မက်ထရစ်တန်(၂၄)ခန့်သာ ထုတ်လုပ်နှိုင်တော့ကြောင်း တွေ့လာခဲ့ရ ပါတယ်။ (၂)နှစ်ခန့်အတွင်း ထုတ်လုပ်မှု ၈၃% ခန့်အထိ ကျဆင်းလာခဲ့တာကို တုန်လှုပ်ဖွယ်ရာတွေ့ရှိလာရပါတယ်။

ပြဿနာကိုအဖြေရှာကြတဲ့အခါ

အခုလို စပီရူလိုင်းနားတွေ ထုတ်လုပ်မှုကျဆင်းလာရတဲ့အကြောင်းကို သက်ဆိုင်ရာစက်ရုံမှပညာရှင်များက ပဏာမလေ့လာမှုတွေလေ့လာခဲ့ကြရာမှာ အကြောင်းရင်းတစ်ခုကိုရှာတွေ့ခဲ့ကြပါတယ်။ အဲဒါကတော့ တွင်းတောင်အတွင်းမှာ ရှိနေတဲ့ရေမျက်နှာပြင်အမြင့်တွေနဲ့ တွင်းတောင်မှာ ရွာသွန်းခဲ့တဲ့မိုးရေချိန် တို့ကို လေ့လာခဲ့ကြတာဘဲဖြစ်ပါတယ်။ တွေ့ရတာကတော့ ၂၀၀၇ ခုနှစ်လောက်ကစပြီး တွင်းတောင်ရဲ့ ရေမျက်နှာပြင်အမြင့်တွေဟာ ရွာသွန်းတဲ့မိုးရေချိန်တွေထက် ပိုများလာနေတာဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၀၈ ကစပြီး ၂၀၁၃ အထိ ကာလဟာ အဆိုးဆုံးဖြစ်နေတာကိုတွေ့ရပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ (၂)နှစ်တာ ကာလဖြစ်တဲ့ ၂၀၁၁-၁၂ နဲ့ ၂၀၁၂-၁၃ နှစ်တွေဟာ အဆိုးဆုံးဖြစ်နေတာကိုတွေ့ရပါတယ်။ ၂၀၁၁ ခုနှစ်မှာ မိုးရေချိန်ဟာ (၂၀.၈)လက်မခန့်သာ ရှိခဲ့ပေမယ့် တွင်းတောင်ရေမျက်နှာပြင်အမြင့်ကတော့ (၆၅)လက်မရှိနေခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ခုနှစ်မှာ မိုးရေချိန်ဟာ (၁၁.၂)လက်မခန့်သာရှိခဲ့ပေမယ့် တွင်းတောင်ရေမျက်နှာပြင် အမြင့်ကတော့ (၅၄.၄)လက်မရှိနေခဲ့ပါတယ်။

ဒီအနေအထားဟာ တွင်းတောင်အတွင်းရှိ စပီရူလိုင်းနား မွေးမြူမယ့်ရေထဲမှာ pH တန်ဖိုးတွေကို အပြောင်းအလဲဖြစ်လာ (ကျဆင်းလာ)စေပါတယ်။ ဒါဟာ စပူရူလိုင်းနား ဖြစ်ထွန်းစေနိုင်တဲ့ လိုအပ်တဲ့ pH level ကို ထိန်းမထားနိုင်တော့တဲ့ အတွက် စပီရူလိုင်းနား ပေါက်ပွားမှုနှုန်းတွေ ကျဆင်းလာရခြင်းဖြစ်တယ်လို့ စက်ရုံပညာရှင်များက သုံးသပ်ခဲ့ကြပါတယ်။

ဒီရေတွေဘယ်ကလာသလည်း။

မိုးရွာသွန်းမှုတွေလျော့နည်းလာပါလျက်နဲ့ တွင်းတောင်အတွင်း က ရေမျက်နှာပြင် အမြင့်တွေ မြင့်တက် လာနေခြင်းဟာ ရုပ်ဝတ္ထုသဘောအရတော့ ပုစ္ဆာဆန်နေပါတယ်။ ဒိရေတွေ.. ဘယ်ကရောက်လာသလည်း ဆိုတဲ့အမေးကို အဖြေရှာဖို့ လိုအပ်လာပါတယ်။ သဲလွန်စတစ်ခုရလာတာကတော့ အဖြစ်နိုင်ဆုံး အကြောင်းတရားအနေနဲ့ စက်ရုံပညာရှင်များတွေ့ကြရတာကတော့ တွင်းတောင်အနီးမှာ တည်ဆောက် လာခဲ့တဲ့ မြစ်ရေတင်စီမံကိန်းကို သံသယတစ်ခုအဖြစ် တွေ့လာကြရပါတယ်။

ချင်းတွင်းမြစ်ရေတင်စီမံကိန်း

ချင်းတွင်းမြစ်ရေတင်စီမံကိန်းဟာ ချင်းတွင်းမြစ်ရေတွေကို Pump Station 2 ကနေတစ်ဆင့် ရေတွေပေးဝေနေတဲ့ စံနစ်ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ရေမျက်နှာပြင် ရဲ့အမြင့်ဟာ ပင်လယ်ပြင်အထက်အမြင့်ပေ (၂၅၀)ရှိပြီး၊ အဲဒီရေတွေ ကို ရေစုတ်စက်တွေနဲ့ ပင်လယ်ပြင်အထက်အမြင့်ပေ(၄၄၄)ရှိတဲ့ Pump Station 2 ကို တင်ယူပါတယ်။ တစ်နေ့ကို ရေဂါလံပေါင်း (၄၃)သန်းခန့်တင်ယူပါတယ်။ အဲဒီကမှတစ်ဆင့် လယ်ယာမြေ တွေကို တစ်နေ့လျင် 135 acre foot/day (43 million gallon/day) ပြန်လည်ဖြန့်ဝေပေးနေပါတယ်။ အဲဒီဖြန့်ဝေပေးတဲ့ water distribution network area ဟာ တွင်းတောင်ရဲ့ အနီးပတ်ဝန်းကျင်မျာရှိနေတယ်။ ပိုဆိုးတာက တွင်းတောင်ရဲ့ရေမျက်နှာပြင်အမြင့်ဟာ ပင်လယ်ရေပြင် အထက် (၂၅၅)ပေသာ မြင့်တော့ Pump Station 2 အမြင့်အောက်နိမ့်နေတယ်။ ဒီတော့ ပညာရှင်တွေက ရေပေးဝေနေတဲ့ canal line နဲ့ တွင်းတောင်ကြားမှာ အက်ကြောင်း crack line တစ်ခု သို့မဟုတ် နှစ်ခုလောက် ပေါ်လာပြီး အဲဒီ အက်ကြောင်းများမှ တစ်ဆင့် Gravity Flow နဲ့ တူးမြောင်းမှ ရေတွေဟာ တွင်းတောင်ထဲကို စီးဝင်နေတာ ဖြစ်မယ်လို့ အဖြေထုတ်ကြပါတယ်။

ဒီလိုအက်ကြောင်းမျိုးရော ဖြစ်လာနှိုင်သလား။

တွင်းတောင်ဟာ မီးတောင်သေဟောင်းတစ်ခုရဲ့ တွင်းဝဖြစ်တယ်။ ဒါကြောင့် မြေအမျိုးအစားတွေဟာ မီးသင့်ကျောက်(Igneous rock)တွေဖြစ်နေတယ်။ မီးတောင်သေတစ်ခုရဲ့ မိးသင့်ကျောက်တွေနဲ့ ပတ်သက်လို့ အတိတ်က အဖြစ်အပျက်တစ်ခုကို သတိရမိတယ်။ ၁၉၉၈ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ ရာစုနှစ်အတွင်း အပြင်းထန်ဆုံးလို့သတ်မှတ်ရတဲ့ အလွန်ပူပြင်းတဲ့ အယ်လ်နီညိုနှစ် ဖြစ်ခဲ့ တယ်။ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ၁၉၉၇ နဲ့ ၁၉၉၈ ခုနှစ်တွေဟာ အပူချိန် စံချိန်တင်အောင်မြင့်တက်ခဲ့ပြီး မိုးရေချိန်လည်း စံချိန်တင်အောင်နည်းခဲ့တယ်။ တပြည်လုံးအပူဒဏ်ကို အလူးအလဲ ကျောကော့ ခံခဲ့ကြရတဲ့ အလွန်ပူပြင်းခြောက်သွေ့ တဲ့နှစ်ဖြစ်တယ်။ ဒါနဲ့ ၁၉၉၉ ခုနှစ်ရဲ့ နွေလတွေ(မတ်လ၊ ဧပြီလ နဲ့ မေလတွေ) ဟာလည်း အရှိန်မသေသေးဘဲ အလွန်ပူ နေခဲ့ပါတယ်။ ဒါနဲ့ ၂၀၀၉ ခုနှစ် မိုးဦးကျလည်းရောက်ရော ပြန်ကျမိုးလေးတစ်ချက်ရွာလိုက်တာ မိုးတိမ်တောင် ဆိုတော့ ရေတော်တော်ပါသွားခဲ့တယ်။ အဲဒီမှာ ပုပ္ပါးတောင်စောင်းကြီး ရဲ့ ကျောင်းတွေ၊ ဈေးဆိုင်တွေ ရှိတဲ့အခြမ်းက တောင်စောင်းကြီးဟာ အပိုင်းလိုက်ကြီး ပဲ့ပြီး မြေသားနိမ့်ဆင်းကျသွားလိုက်တာ ဘုန်းကြီးကျောင်းတစ်ကျောင်း နဲ့ ဈေးဆိုင်နှစ်ဆိုင် သုံးဆိုင်တောင်ပါသွားတယ်။

ဒီအကြောင်း ကျွန်တော် ကြားသိရတော့ အလွန်စိတ်ဝင်စားသွားခဲ့ပါတယ်။ အဲဒီမှာ ပုပ္ပါး Resort ကို ဆောက်တော့ ပါဝင်ခဲ့တဲ့ မိတ်ဆွေ အင်ဂျင်နီယာတစ်ဥိးက “ဟာ ဆရာ့နှယ်၊ ပုပ္ပါးမှာ ဆောက်လုပ်ရေးလုပ်တော့ မြေကြီးကို ကျင်းတူးရင်း တူရွင်းကို မတိုးဘူး ဆရာရေ။ နောက်မှ ဒေသခံတွေက ကျင်းတူချင်ရင် မြေကိုအရင် မီးဖိုပြီးမီးနဲ့ အရင်ဖုတ်ရတယ်။ နောက်မှ ရေလောင်းချပြီးမှ တူးရတယ်လို့ ပြောတော့မှ အဲဒီ အတိုင်းလုပ်မှ ကျွန်တော်တို့ ကျင်းတူးလို့ရတော့တယ်ဆရာရဲ့” လို့ပြောပါတယ်။ ဒါမီးတောင်မြေရဲ့ သဘာဝတစ်ခုပါလားလို့ မှတ်သား မိတယ်။

၁၉၉၇-၁၉၉၈-၁၉၉၉ နွေတွေဟာအလွန်ပူခဲ့တယ်။ ဒီအပူဒဏ်ကိုခံစားခဲ့ရတော့ ပုပ္ပါးတောင်ခြေရဲ့ မြေသားဟာ မီးနဲ့ဖုတ်ခံရသလိုဖြစ်သွား စေပါတယ်။ အဲဒီမှာ မိုးလေးလည်းရေများများနဲ့ ရွာချလိုက်ရော ပုပ္ပါးမြေဟာ ခံနိုင်ရည်လျော့ကျပြီး ပဲ့ကျ(ကျွံကျ)သွားခဲ့ရတာဖြစ်ပါတယ်။ တွင်းတောင်ဟာလည်း မီးတောင်မြေ ဖြစ်လေတော့ ဒီသဘော ပတ်သက်မှုရှိမရှိကို ဆန်းစစ်သင့်တယ်လို့ ထင်ပါတယ်။

တွင်းတောင်အနီးတ၀ိုက် မိုးရွာသွန်းပုံ

နောက်တစ်ချက်က မုံရွာခရိုင်ရဲ့ မိုးရွာသွန်းပုံ။ ကျောက်ဆည်တက္ကသိုလ် ပထ၀ီဝင် ဌာနမှာ ပါရဂူဘွဲ့ အတွက် စာတမ်းလုပ်နေတဲ့ ညီမတစ်ဝမ်းကွဲတစ်ဦးရှိပါတယ်။ သူ့ရဲ့လေ့လာမှုအရ ချင်းတွင်းမြစ်အနောက်ဖက် မုံရွာ၊ ချောင်းဦး၊ အရာတော်၊ ဘုတလင်မြို့တွေနဲ့ ချင်းတွင်းမြစ် အရှေ့ဖက်မှာရှိကြတဲ့ ကနီ၊ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲမြို့တွေရဲ့ မိုးရွာသွန်းပုံတွေကိုလေ့လာတဲ့အခါမှာ မိုးအများဆုံးက ချောင်းဦး၊ ဒုတိယ အများဆုံးကပုလဲ၊ မိုးအနည်းဆုံးကမုံရွာ လို့ တွေ့ရပါတယ်။( ၁၉၉၀ မှ ၂၀၁၀ အထိကာလမှတ်တမ်း) တွင်းတောင်နဲ့နီးတဲ့ ကနီမြို့ရဲ့ အခြေအနေကို လေ့လာတဲ့အခါမှာ ကနီမြို့ဟာ အဲဒီလေ့လာတဲ့မြို့ (၈)မြို့နယ်ထဲမှာ PCI(Precipitation Concentration Index) 26.99 နဲ့ အများဆုံးဆိုတာကို တွေ့ရပါ တယ်။ PCI>20 ရှိခဲ့ရင် အဲဒီဒေသကို substantial monthly variability မိုးအားပြင်းထန်တယ်၊ လအလိုက် မိုးရွာသွန်းပုံအပြောင်းအလဲများတယ်လို့ သတ်မှတ်ပါတယ်။

ဒီတော့တွင်းတောင်ပတ်ဝန်းကျင်ဒေသဟာ ရာသီဥတုအပြောင်းအလဲဒဏ်ကို ထိရှလွယ်တဲ့ မြေသား ရှိတယ်၊ ရာသီဥတုသဘောအရလည်း လအလိုက် ရာသီဥတု အပြောင်းအလဲအများဆုံး ဖြစ်တဲ့ဒေသဖြစ် နေတယ် ဆိုတာကိုတွေ့ရပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပြဿနာတစ်ရပ်ဖြစ်လာခဲ့ပြီ။

အခုလိုဖြစ်လာရခြင်းမှာ ပြဿနာ(၂)ရပ် ရှိလာပါတယ်။ ပထမပြဿနာ ကတော့ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ လုပ်ငန်းတစ်ရပ်အတွက် ထိခိုက်မှုရှိလာပြီး ၀င်ငွေတွေကျဆင်းသွားနိုင်မှုဘဲ ဖြစ်ပါတယ်။ ဒုတိယအချက် ကတော့ နိုင်ငံတော်ရဲ့ သဘာဝသယံဇာတ အဖိုးတန်ရတနာတစ်ပါး ဆုံးရှုံး ပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်ဖြစ်ပါတယ်။ ကျွန်တော်တို့ တလောက ပြုလုပ်ခဲ့ကြတဲ့အလုပ်ရုံဆွေးနွေးပွဲအတိုင်း ပြောရရင်တော့ ပျောက်ကွယ် တော့မယ့်အမွေ (vanisghing Treasure) တစ်ခု ဖြစ်လာနှိုင်တာမို့ စိုးရိမ်စရာတစ်ခုဖြစ်လာရပါပြီ။

လက်ရှိအခြေအနေမှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သေသေချာချာ အဖြေကိုရှာရဦးမှာ ဖြစ်ပါတယ်။ ဒီတော့ ဒီပြဿနာကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ အားလုံး ၀ိုင်းဝန်း အဖြေရှာကြရတော့မယ်။

ဒါပေမယ့် ကျွန်တော့အနေနဲ့တော့ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ကြ ရာမှာ EIA, SIA တွေ ဘယ်လောက်အရေးကြီးတယ် ဆိုတာကိုပြသနေတဲ့ သင်ခန်းစာတစ်ရပ်လို့သာ ဆိုလိုက် ချင်ပါတော့တယ်။

မောင်ထွန်းလွင်(မိုးလေ၀သ)
ref: www.junepharmaceuticals.com

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ