မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Monday, August 5, 2013

၈ လေးလုံး ငွေရတုအခမ်းအနားကို အမျိုးသားလွှတ်တော်က သဝဏ်လွှာပေးပို့


မနက်ဖြန်မှာ စတင်ကျင်းပမယ့် ၈ လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် အခမ်းအနားကို အမျိုးသားလွှတ်တော်က သဝဏ်လွှာတစ်စောင် ပေးပို့ ထားပြီး ပြည်ထောင်စုဝန်ကြီးတွေထဲက ဝန်ကြီးဦးအောင်မင်းနဲ့ ဝန်ကြီးဦးစိုးသိန်းတို့ တက်ရောက်မယ်လို့ အကြောင်းပြန်ထားကြောင်း သိရပါတယ်။

ငွေရတုအခမ်းအနား ဖိတ်ကြားရေး ဆပ်ကော်မတီအဖွဲ့ဝင် ကိုဥာဏ်လင်းက အခမ်းအနားတက်ရောက်ဖို့ အကြောင်းပြန်ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး RFA ကို အခုလို ပြောပါတယ်။

"ဖိတ်စာနဲ့တကွဖိတ်တာ ၄၄ဝဝ လောက်ရှိမယ်၊ ပြီးတော့ အခမ်းအနားတက်မယ်ဆိုပြီးတော့ မနေ့ကအထိကတော့ ၃၂ဝဝ လောက် အခမ်းအနားတက်မယ်ဆိုပြီး အကြောင်းပြန်ပါတယ်၊ ပြင်ပကိုကျတော့ အီးမေး ၄ဝဝ ကျော်ဖိတ်တာ အခုဒီထဲကိုတော့ ၁ဝဝ ဝန်းကျင်လောက်ရောက်နေပြီ၊ တက်မယ့်စာရင်းကတော့ ၅ ထောင်ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်"

အခမ်းအနား ဖြစ်မြောက်ရေးကော်မတီက နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေအပါအဝင် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကိုလည်း ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတွေ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ သံရုံးတွေ၊ လွှတ်တော်ဥက္ကဌတွေ၊ လွှတ်တော်ကဖွဲ့စည်းထားတဲ့ ရေးရာကော်မတီဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်စတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

ငွေရတုအခမ်းအနားကို ပြည်တွင်းပြည်ပက နိုင်ငံရေးအင်အားစုတွေနဲ့ ဧည့်ပရိသတ်ပေါင်း ၅ ထောင်ဝန်းကျင် တက်ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။

နယ်စပ်အခြေစိုက် အဖွဲ့အစည်းတွေဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် အဖွဲ့ဝင်တွေကတော့ ရန်ကုန်ကိုရောက်ရှိနေပြီး၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC နဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက ခေါင်းဆောင်တွေအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ