Saturday, July 20, 2013

ယနေ့အကြိုက်ဆုံးစကားသတင့်းနှင့်ဇူလိုင် (၁၉) နေ့ ရဲ့ အကောင်းဆုံး ဓါတ်ပုံ

ယနေ့အကြိုက်ဆုံးစကား
==============
ဒီနှစ် အာဇာနည်နေ့က ခါတိုင်းနှစ်တွေနဲ့ မတူ ပြည်သူလူထုရဲ့ လေးစားဂါရဝပြုမူက သိသိသာသာ ထင်ထင်ရှားရှားကို အားရစရာကောင်းတယ်။ အုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့ တုန့်ပြန်မှုကတော့ စိတ်ပျက်စရာကောင်းလောက်အောင် လိုအပ်ချက်တွေ များလွန်းတယ်။ ခေါက်ရိုးကျိုးနေတဲ့ မွဲပြာပုဆိုးအကွက်ပဲ ထုတ်ပြသွားတယ်။ ရေဒီယိုကနေ ဥသြဆွဲဖို့ကိစ္စ ဦးသိန်းညွန့်ရဲ့ အမေးကို လွှတ်တော်မှာ လာဖြေသွားတဲ့အဖြေကို နားထောင်ပြီး တာဝန်ယူသိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံစိတ် ဆိုတဲ့ တာဝန်သုံးမျိုးနဲ့ ပတ်သက်လို့ ဘယ်လိုနားလည်ထားလဲလို့ ပြင်မေးကြည့်ရင် ကောင်းမယ်လို့ စိတ်ကူးရမိတယ်။ သူဖြေသွားတဲ့ အသေးစိတ်အကြောင်းကတော့ ပြောချင်စိတ်ကိုမရှိတော့ဘူး။

ဗိုလ်ချုပ်အထိမ်းအမှတ် ရုပ်တုတွေမှာ ပန်းခွေချ အလေးမပြုရဘူးဆိုတဲ့ ဒေသအာဏာပိုင်အမိန့်တွေလည်း ထိုနည်းနှင်နှင်ပဲ။ ခါတိုင်းနှစ်တွေမှာတောင် အိမ်တွေမှာ၊ မ.ထ.သ လိုင်းကားတွေမှာ နိုင်ငံတော်အလံတစ်ဝက်ထူဖို့ ညွှန်ကြားချက်ထုတ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေ ဒီနှစ် ငြိမ်ချက်သားကောင်းနေလိုက်တာ။ သူတို့ဘာမှ မထုတ်တာနဲ့ ကိုရွှေ လိုင်းကားများကလည်း အလံမလွှင့်ကြဘူး။ အလံလွှင့်ရင် လိုင်းပိတ်ခံရမှာ ကြောက်လို့လားတော့မသိဘူး။ သူတို့ကတော့ မ.ထ.သ ဗဟိုက ဘာမှ မညွှန်ကြားလို့တဲ့။ မ.ထ.သ ဗဟိုကလည်း တိုင်းဒေသကြီးအစိုးရဆီကနေ ညွှန်ကြားချက်မလာလို့တဲ့။ တိုင်းဒေသကြီးအစိုးရကိုမေးကြည့်ရင် ပြည်ထောင်စုအစိုးရအဖွဲ့က သီးသန့် ညွှန်ကြားမထားလို့ပါလို့ ဖြေမယ်လို့ ထင်တယ်။ ဗိုလ်ချုပ်နဲ့ အာဇာနည်တွေကို အထက်အဆင့်ဆင့်က ညွှန်ကြားမှ ထပ်ဆင့်အမိန့်ထုတ်ရကောင်းမှန်းသိရင်၊ ညွှန်ကြားချက်လာမှ အလံတစ်ဝက်ထူရကောင်းမှန်းသိရင် ဒီကနေ့ အာဇာနည်နေ့ကို ဘယ်သူ့ညွှန်ကြားချက်မှ မရှိဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် နှင်းဆီပန်းဝေ၊ ဖုန်းတွေအတွက် ဥသြသံဆော့ဝဲလ်ရေး၊ လမ်းဆုံလမ်းခွတွေမှာ လက်ကိုင်အသံချဲ့စက်နဲ့ ဥသြသံပေး၊ အာဇာနည်ဗိမာန်ကို ကိုယ့်ဘာသာ စုဖွဲ့ပြီး လာဂါရဝပြုကြတဲ့ လူငယ်၊ ကျောင်းသားလေးတွေလောက်တောင် တာဝန်သိစိတ်၊ လေးစားစိတ်၊ ဂုဏ်ပြုချင်တဲ့စိတ် မရှိဘူးလို့ပြောရင် လွန်မလား။
 
အာဇာနည်နေ့၌ နိုင်ငံတော် အလံဟောင်းဖြင့် တိုင်တစ်ဝက် တိတ်တဆိတ် လွှင့်ထူခဲ့မှု စခန်းသစ်ကျေးရွာတွင် ဖြစ်ပွား

ဇူလိုင်လ (၁၉) ရက်နေ့ (၆၆)နှစ်မြောက် အာဇာနည်နေ့ တွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ် စခန်းသစ် ကျေးရွာတွင် နိုင်ငံတော် အလံဟောင်း (၉)ခုဖြင့် နေရာ (၉)နေရာတွင် တိတ်တဆိတ် လာရောက်လွှင့်ထူ ထားမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ မနက် (၅)နာရီခွဲ အချိန်ခန့်တွင် စခန်းသစ် ကျေးရွာ အမှတ်(၁) ရပ်ကွက်ရှိ ကျေးရွာ စာကြည့်တိုက်ရှေ့နှင့် ဆံပင်ညှပ်ဆိုင်ရှေ့၊ ပြည်ခိုင်ဖြိုးရုံးရှေ့၊ ကျန်းမာရေး ဆေးခန်း အဆောင်သစ်ရှေ့၊ အထကကျောင်းရှေ့၊ ဆေးရုံကြီးရှေ့၊ ကြေးနန်းရုံးရှေ့၊ ရေဆိပ် တံတား၊ (၃) ရပ်ကွက် သဲသောင်ခုံ၊ အစရှိသော နေရာ (၉) နေရာတွင် ယခင် အလံဟောင်းများ တိုင် တစ်ဝက် လွှင့်ထူထားကြောင်း ရပ်ကွက်သားများမှ သတင်း ပို့လာသဖြင့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက ဖြုတ်ယူပြီး ရုံးတွင် သိမ်းဆည်း ထားကြောင်း သိရသည်။

ထို့အပြင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်များအား ဂုဏ်ပြုသော အားဖြင့်ဟု အစချီကာ '' ၁၉ ဇူလိုင် မမေ့နိုင်၊ အာဏာရှင်တွေ အလံဖြုတ်သော်လည်း မျိုးဆက်သစ်တွေက အလံမဖြုတ်ဖို့ ထိန်းသိမ်း စောင့်ရှောက် ကြပါစို့နှင့် I want to free Democracy ဟူသော စာသားအား အလျား (၂)ပေ၊ အနံ (၁)ပေခွဲခန့် ရှိ ကတ်ထူစာရွက်တွင် ရေးသား ထားသော စာသားများအား ပြည်ခိုင်ဖြိုးပါတီရုံး အ၀င်ဝ တံခါးတွင် တစ်ရွက်၊ အထက ကျောင်းရှေ့ အုတ်နံရံတွင် တစ်ရွက်၊ စာကြည်တိုက် ရှေ့တွင် တစ်ရွက်၊ ကြေးနန်းရုံးရှေ့တွင် တစ်ရွက် စုစုပေါင်း (၄) ရွက် ကပ်ထား သည်ကို တွေ့ရှိရဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ ဖြုတ်ယူ သိမ်းဆည်း ထားကြောင်း သတင်းရရှိပါသည်။
 ဇူလိုင် (၁၉) နေ့ ရဲ့ အကောင်းဆုံး ဓါတ်ပုံ
Credit to: Photo Nay Chy & Htay Tint
 

No comments: