Wednesday, February 16, 2011

ပြည်သူ့ဘက်က အပြတ်လိုက်မယ်၊ တပ်မတော် ကြားနေပါ

(မိုးမခရဲ့ စာပဒေသာ - ပြန်လည်ဆန်းသစ်ခြင်း ကဏ္ဍမှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အထောက်တော် လှအောင်တို့ရဲ့ အင်တာဗျူးကို တဆင့် ပြန်လည် မျှဝေလိုက်ပါတယ်။ ပုံကို မိုးမခမှ ယူပါတယ်။)

မေး ။ ။ ဒီကနေ့ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူတွေအောင်ပွဲ ခံမယ်လို့ ယုံကြည်ပါသလား။
ဖြေ ။ ။ မုချအောင်မြင်ရမယ်လို့ ယုံကြည်ပါတယ်။ ပြည်သူတွေဟာ အမှန်တရားဘက်က ရပ်တည်နေကြတာပဲ။ အမှန်တရားဟာ အောင်မြင်ရမှာပဲပေါ့။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်မှာ ပြည်သူတွေ ရှိနေတယ်လို့ ယုံကြည်သလား။
ဖြေ ။ ။ ပြည်သူတွေနဲ့အတူတူ ကျမရှိနေတာပါ။ ကျောင်းသူကျောင်းသားကလေးတွေနဲ့ အတူ ကျမရှိနေတာပါ။ အခု အရေးအခင်း မပြီးမချင်း ကျောင်းသူကျောင်းသားကလေးတွေနဲ့ အတူတူ ကျမနေမယ်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်ဖို့ စီစဉ်ထားသလဲ။
ဖြေ ။ ။ ပြည်သူတွေ စည်းကမ်းရှိဖို့ အရေးကြီးပါတယ်။ ဒါကြောင့် စည်းကမ်းရှိဖို့ ကျမဆက်လက် နှိုးဆော်မယ်။ စည်းကမ်းရှိတယ်ဆိုတာ တကယ်တော့ ဒီမိုကရေစီပါပဲ။

မေး ။ ။ ဒီကနေ့ ပြည်သူ့အုံကြွမှုကြီးမှာ ကျောင်းသူကျောင်းသားတွေနဲ့ ပြည်သူတွေ စည်းကမ်းရှိတယ်လို့ မြင်ပါသလား။

ဖြေ ။ ။ စည်းကမ်းပိုပိုပြီး ရှိလာပါတယ် ကျမထင်တယ်။ အစက စည်းကမ်းမရှိဘူး။ အခု ပြည်သူလူထုက ပိုပိုပြီးနားလည်လာတယ်။ အနောက်မုခ်မှာကျမ လူထုစည်းဝေးပွဲကြီးလုပ်ပြီးတဲ့အချိန်ကစလို့ “စည်းကမ်းရှိပါ” ဆိုတဲ့ လှုံ့ဆော်မှုကလေးတွေ ထွက်လာတယ်။ အဲဒါ သိပ်ပြီးတော့ ကောင်းပါတယ်။ ဒါလေးတွေနဲ့ လူထုကို သတိပေးနေတဲ့ သဘောပါပဲ။ နောက် ကျမ optimistic ဖြစ်သလားတော့ မသိဘူး။ ဒီအရေးအခင်းတွေကြောင့် နောင် မြန်မာတွေ ပိုပြီး စည်းကမ်းရှိသွားမယ်လို့ မျှော်လင့်တယ်။

မေး ။ ။ လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေဟာ သိကိုဆိုးရွားနေတယ်။ ဒီအခြေအနေကို ထိန်းသိမ်းဖို့ စစ်တပ်က အာဏာသိမ်းဦးမယ်ဆိုရင် တိုင်းပြည် ဘာဖြစ်သွားမယ်ထင်သလဲ။
ဖြေ ။ ။ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ မဖြစ်သင့်ဘူး။ တစ်ခါလဲဖြစ်ခဲ့ပြီးပြီ။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒကိုပြောနေတာပဲ။ ကျနော်မေးတာက စစ်တပ်က အာဏာသိမ်းရင် တိုင်းပြည်ဘာဖြစ်မယ်ထင်သလဲ။ ပြည်တွင်းစစ်ဖြစ်သွားမယ်ထင်သလား။ သွေးချောင်းစီးသွားမယ်ထင်သလား။
ဖြေ ။ ။ သိမ်းတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုပုံမျိုးနဲ့ စစ်တပ်က အာဏာသိမ်းမှာလဲ။ လူထုဆန္ဒကို လိုက်လျောချင်လို့ သိမ်းမှာလား။ ဒါဆိုရင် ပြဿနာမဟုတ်ဘူး။ လူထု ဆန္ဒကို အတိုက်အခံ လုပ်ဖို့ သိမ်းမယ်ဆိုရင်တော့ သိပ်ကို ပြဿနာတက်သွားမယ်ထင်တယ်။ ဆရာကောမထင်ဘူးလား။

မေး ။ ။ ကျနော်က မေးခွန်းထုတ်ဖို့လာတာပါ။
ဖြေ ။ ။ ဒါတော့ဘယ်တရားမလဲ။ ကျမပြန်မေးတာကိုလဲ ဖြေရမှာပေါ့။ လက်ရှိအစိုးရ အာဏာတည်မြဲဖို့ အတွက် လူထုရဲ့ဆန္ဒကိုအတိုက်အခံလုပ်ဖို့အတွက် စစ်တပ်က အာဏာသိမ်းမယ်ဆိုရင် သွေးချောင်းစီးသွားလိမ့်မယ်။ ကျမ အဲဒါကိုပဲ စိုးရိမ်နေတာပါ။ ပြည်သူလူထုက ခံခဲ့ရပြီးဖြစ်ပေမယ့် ထပ်မကွဲစေချင်ဘူး။

မေး ။ ။ ဗိုလ်ချုပ်ဟောင်း အောင်ကြီးနဲ့ ဗိုလ်ချုပ်ဟောင်းတင်ဦးတို့ လူထုအစည်အဝေးပွဲမှာပြောသွားတာနဲ့ ပတ်သက်ပြီး ဘယ်လို သဘောရပါသလဲ။
ဖြေ ။ ။ ဗိုလ်ချုပ်ဟောင်းတင်ဦးရဲ့ မိန့်ခွန်းကိုတော့ မဖတ်လိုက်ရဘူး။ ဗိုလ်ချုပ်အောင်ကြီး မိန့်ခွန်းကိုတော့ ဖတ်လိုက်ရတယ်။ သူပြောတာနဲ့ ပြည်သူလူထု ခံစားရတာနဲ့ နည်းနည်းကွဲနေတယ်။ အဲဒါကို ပြည်သူလူထုဘက်က မကြိုက်နိုင်စရာအကြောင်းရှိနေတယ်လေ။ ကျမကတော့ တပ်မတော်နဲ့ ပြည်သူလူထု ကြားမှာ စိတ်ဝမ်းမကွဲစေချင်ဘူး။ ကျမပြောချင်တာက ပြည်သူလူထုဘက်က ခွင့်လွှတ်လိုက်ပါ။ ခံရတဲ့ဘက်က ခွင့်လွှတ်ရတာကိုး။ ပြည်သူလူထုက တပ်မတော်အပေါ်ဘယ်တုန်းကမှ မပြစ်မှားခဲ့ပါဘူး။


မေး ။ ။ ဒီကနေ လူထုအုံကြွမှုပြဿနာမှာ တပ်မတော် အနေနဲ့ ဘယ်နေရာမှာ နေသင့်တယ်လို့ ယုံကြည်ပါသလဲ။
ဖြေ ။ ။ တပ်မတော် ကြားနေပါ။ ရှုပ်ထွေးနေတဲ့အခြေအနေမို့ လူထုဘက်လည်းမပါနဲ့။ တိတိကျကျ ကြားနေပါ။ အစိုးရဘက်လည်း မပါနဲ့။ အစိုးရနဲ့လူထု ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြပါလိမ့်မယ်။ ဒီတပ်မတော်ဟာ ဖေဖေစတင်တည်ထောင်ပြီး ပြုစုပျိုးထောင်ခဲ့တာပါ။ ဘယ်တပ်ဖွဲ့ တပါတီ၊ ဘယ်တစုံတယောက်ရဲ့ တပ်မှ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့တပ်ပါ။ ပြည်သူတွေရဲ့တပ်ပါ။ တပ်မတော်ဟာ ပြည်သူ့အတွက်သား ဖြစ်စေရမယ်လို့ ဖေဖေ တဖွဖွပြောခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ တပ်မတော်အနေနဲ့ တိတိကျကျ ကြားနေပါလို့ ကျမအတိအလင်း ပြောချင်ပါတယ်။

မေး ။ ။ ကိုယ်တိုင်ခေါင်းဆောင်ပြီး ပါတီဖွဲ့မလား။
ဖြေ ။ ။ မဖွဲ့ဘူး။

မေး ။ ။ သူများဖွဲ့ထားတဲ့ ပါတီကိုရောဝင်မလား။
ဖြေ ။ ။ မဝင်ဘူး။

မေး ။ ။ ဒီမိုကရေစီခေတ်ဝန်ကြီးချုပ်ဟောင်းဦးနုတို့ဖွဲ့တဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ (ယာယီ) ကိုရောဝင်မလား။
ဖြေ ။ ။ လုပ်နေတယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် ကျမကိုဝင်ဖို့ မကမ်းလှမ်းပါဘူး။ ကျမကလည်း ဝင်ဖို့ စိတ်မကူးပါဘူး။ ဘာကြောင့်လဲဆိုတော့ ပါတီဆန်သွားမှာစိုးလို့ပါ။ ပါတီတခုကိုဝင်ပြီး နိုင်ငံရေးလုပ်တာမျိုးကို ကျမ မယုံကြည်ဘူး။ ကျမက စာပေနဲ့ ပဲမွေ့လျော်နေချင်တယ်။ စာပေသမားတွေ၊ အနုပညာရှင်တွေနဲ့ပဲ ပေါင်းသင်းနေချင်တယ်။

မေး ။ ။ သူတို့ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘယ်လို သဘောထားသလဲ။
ဖြေ ။ ။ ဒီမိုကရေစီတိုက်ပွဲ ပိုအောင်မြင်မယ်ဆိုရင် ကျမထောက်ခံရမှာပေါ့။

မေး ။ ။ သူတို့ကြောင့် ပိုအောင်မြင်မယ်ထင်သလား။
ဖြေ ။ ။ အဲဒါတော့ ကျမ မပြောနိုင်သေးဘူး။ သူတို့ဖွဲ့တာ တရက်ပဲ ရှိသေးတာကိုး။ ပန်းတိုင် တခုပဲရှိတယ်။ အဲဒီပန်းတိုင်ဟာ ဒီမိုကရေစီရရှိရေး ပန်းတိုင်ဖြစ်တယ်။ သူတို့ ဘာလုပ်နေတယ်ဆိုတာ ကျမသေသေချာချာ မသိရသေးဘူး။ ဒါကြောင့် ပြောရတာ နည်းနည်းတော့ခက်ပါတယ်။

မေး ။ ။ ပြည်သူတွေ ဆင်နွှဲနေတဲ့ ဒီမိုကရေစီရေးတိုက်ပွဲ အောင်မြင်ပြီးသည်အထိ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မှာ နေမှာလား။
ဖြေ ။ ။ နေမှာပေါ့။

မေး ။ ။ နောင်လဲနေမှာလား။
ဖြေ ။ ။ လုပ်နိုင်တဲ့အထိနေမှာပေါ့။ ကလေးတွေ ပညာရေးပြီးသည်အထိတော့ ဟိုမှာနေပေးဖို့ လိုပါတယ်။ ကျမ အသုံးကျနေတယ်ဆိုရင်တော့ မြန်မာပြည်မှာနေမယ်။

မေး ။ ။ တသက်လုံး အသုံးကျနေမယ်ဆိုရင်ကေ။
ဖြေ ။ ။ တသက်လုံးနေမှာပေါ့ဆရာရယ် ဒါပေမယ့် တခြားအသုံးကျတဲ့လူတွေရှိပါတယ်။ ကျမတယောက်တည်းမဟုတ်ပါဘူး။ ဒီတယောက်တည်း ရှိမှဖြစ်မယ်ဆိုတဲ့ အဖြစ်မျိုးမဖြစ်စေချင်ဘူး။ မနေဘူးလို့ ကျမပြောတာက မြန်မာပြည်မှာ မနေဘူး လို့ပြောတာမဟုတ်ဘူးနော်။ နိုင်ငံရေး လောမှာ မနေဘူးလို့ ပြောတာ။

မေး ။ ။ နိုင်ငံရေးဆက်လုပ်ဖို့ နည်းနည်းမှ ရည်ရွယ်ချက်မရှိဘူးလား။
ဖြေ ။ ။ မလုပ်ပဲ နေလို့ရရင် မလုပ်ချင်ဘူး။ ဒီနိုင်ငံရေးလောကထဲမှာ သိပ်မနေချင်ဘူး။ ဆရာလည်းသိပါတယ်။

မေး ။ ။ မလုပ်ရင်မဖြစ်တော့ဘူး ဆိုရင်ကော။
ဖြေ ။ ။ တိုင်းပြည်အတွက် မလုပ်ဖြစ်ဘူးဆိုရင်လုပ်မယ်။ လုပ်ရင် တသက်လုံးလုပ်မယ်။ မိန့်ခွန်းပြောတာမျိုးတော့ သိပ်ဝါသနာမပါဘူး။

မေး ။ ။ ဒီမိုကရေစီရေးတိုက်ပွဲမှာ ပြည်သူတွေ ဒီထက်ပိုပြီး အုံကြွလာအောင် လှုံ့ဆောင်ပေးဖို့ ရည်ရွယ်ချက်ရှိသလား။ ဥပမာ ရုံးတွေ အလုပ်ရုံတွေ စက်ရုံတွေရှေ့မှာ၊ ရပ်ထဲ ရွာထဲမှာ မိုက်ကရိုဖုန်းကိုင်ပြီး လှုံ့ဆော်တာမျိုး။
ဖြေ ။ ။ ရည်ရွယ်ချက် မရှိပါဘူး။ အားလုံးပြည့်ဝသွားပြီလို့ ကျမထင်ပါတယ်။ ပြည်သူဘက်က အားကြီးနေပါပြီ။ ဒီအားကို စနစ်တကျ သုံးဖို့ပဲ လိုပါတော့တယ်။ ကျမကအဲဒါကိုပိုပြီး အရေးထားပါတယ်။ အားကတော့ကြီးပါရဲ့ အဲဒီအားကို မထိန်းနိုင်ရင် ပေါက်ကွဲသွားရင် ပြည်သူကိုပြန်ထိမယ်။ ပြီးတော့ ဆရာရယ် ဘလောက်ကြာကြာရုန်းကန်ရဦးမယ်ဆိုတာလဲ မသိနိုင်သေးဘူး။ အားမွေးထားပြီ စနစ်တကျ လုပ်သွားသင့်တယ်လို့ ကျမထင်ပါတယ်။ ပြည်သူတွေခြေကုန်လက်ပန်းကျသွားမှာ ကျမ စိုးရိမ်တယ်။ အခုတောင် ကျမတို့အတော် ပင်ပန်းနေကြပါပြီ။

မေး ။ ။ ကိုယ့်ကိုယ်ကို ညှာနေတာလား။
ဖြေ ။ ။ မညှာပါဘူး။ အားမွေးနေတာပါ။ နည်းနည်းကလေး ခြေလှမ်းမှားသွားတာနဲ့ရန်မယ်ရှာပြီး ပြည်သူကို ရန်လုပ်လာလိမ့်မယ်။ အဲဒါမျိုးကို ကျမစိုးရိမ်နေတာပါ။ ပြည်သူ့ဆန္ဒမြန်မြန်ပြည့်ဝမှ တိုင်းပြည်သက်သာမယ်။ ကြာလေ တိုင်းပြည်နာလေပဲ။ ဒါကြောင့် အားမွေးနေတာပါ။

မေး ။ ။ အားမွေးနေတာဟာ အချိန်ဆွဲနေတာနဲ့ မတူဘူးလား။ အချိန်ဆွဲနေရင်သွေးအေးမသွာနိုင်ဘူးလား။
ဖြေ ။ ။ သွေးမအေးပါဘူး။ သွေးပူတုန်းလုပ်တာ စစ်မှန်တဲ့ တကယ့်သတ္တိ မဟုတ်ဘူး။ သွေးအေးအေးနဲ့လုပ်မှ တကယ့်သတ္တိပါ။

မေး ။ ။ အုံကြွနေတဲ့ ပြည်သူတွေမှာ ဘယ်လို အရည်အချင်းရှိသင့်တယ်ထင်သလဲ။
ဖြေ ။ ။ ကျမရဲ့ သဘောကတော့ ပြည်သူလူထုဟာ လိုအပ်လိုဝုန်းခနဲ့ ထလုပ်စရာရှိရင် အသင့်အနေအထားမှာ ရှိရမယ်။ ရုတ်တရက် ရပ်လိုက်မယ်ဆိုရင်လည်း ရပ်လို့ရတဲ့ control power ရှိဖို့လိုပါတယ်။ ရှိလည်း ရှိစေချင်ပါတယ်။

မေး ။ ။ ၂၆ နှစ်ကျော်ကာလအတွင်း ဝန်ထမ်းတွေ အတော် အကျင့်ပျက်သွားတာသတိထားမိသလား။
ဖြေ ။ ။ ဘယ်လိုဟာမျိုးလဲ။

မေး ။ ။ လာဘ်ပေးလာဘ်ယူ ကိစ္စ၊ ရုံးတွေမှာ လာဘ်ထိုးနိုင်မှ ကိစ္စဝိစ္စပြီးတဲ့ကိစ္စ။
ဖြေ ။ ။ သိပါတယ်။ ကျမက အခုလူထု တောင်းဆိုမှုတွေထဲ ဝင်လာကတည်းက စည်းကမ်းရှိရမယ်၊ ညီညွှတ်ရမယ်လို့ ကြွေးကြော်ခဲ့တယ်။ ဒီနှစ်ခု မရှိရင် ဘာမှ လုပ်လို့မရဘူး။ ရှေ့မဆက်နိုင်ဘူး။ စည်းကမ်းရှိရှိ ညီညီညွှတ်ညွှတ်နဲ့ လူတွေရဲ့ စိတ်ကို ပြောင်းပစ်ရမယ်။ လာဘ်ပေးလာဘ်ယူကို ကျမသိပ်မှန်းတယ်။ ဒီတိုင်းပြည်မှာ လက်ဖက်ရည်ဖိုးမပေးရင် ဘာအလုပ်မှ မဖြစ်တော့ဘူး။ ကျမကတော့ တောင့်ခံတယ်။ ၁ နှစ်မှ တခါလာတဲ့ လူဆိုတော့ လက်ဖက်ရည်ဖိုး မပေးဘူး။ အလုပ်တော့ ဖြစ်ပါတယ်။
မေး ။ ။ ဒါတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးကိုးဗျ။

မေး ။ ။ ကျနော်တို့ချင်း မတွေ့ပဲ ၃ ရက်အတွင်း ဘာတွေထူးခြားပါသလဲ။
ဖြေ ။ ။ အစကတော့ ပြည်သူလူထုနဲ့ အစိုးရကြားမှာ negotiator လုပ်ဖို့ ကျမကြိုးစားခဲ့ပါတယ်။ အခုတော့မရတော့ဘူး။ ပြည်သူလူထုဘက်က အပြတ်ရပ်လိုက်ပြီ။ ပြည်သူလူထုဘက်ကို အပြတ်လိုက်တောမယ်။

မေး ။ ။ ပါတီထောင်မှာလား။
ဖြေ ။ ။ မထောင်ပါဘူး။ ပြည်သူဘက်က ပြတ်ပြတ်သားသား ရပ်တာပါ။

မေး ။ ။ ကိုအောင်ဆန်းဦးအခု ဘယ်မှာလဲ။
ဖြေ ။ ။ အမေရိကန် ပြည်ထောင်စုမှာပါ။

မေး။ ။ သူပြန်လာဖို့ အစီအစဉ် ရှိသလား။
ဖြေ ။ ။ မရှိပါဘူး။

မေး ။ ။ ဟိုတလောတုန်းက သူ့အသံသွင်း တိတ်ခွေထွက်တယ်ဆိုတာတို့ ဗန်ကောက်က တဆင့် အသံလွှင့်တယ် ဆိုတာတို့ မြန်မာပြည်သူလူထုကို ပန်ကြားစာ သူက ထုတ်တယ်ဆိုတာတွေကော။
ဖြေ ။ ။ တခုမှ မဟုတ်ပါဘူး။ ဘယ်သူတွေ လျှောက်လုပ်တယ်ဆိုတာ မသိပါဘူး။ ကိုကိုဦးသာ ပြန်လာမယ်ဆိုရင် ပြည်သူတွေ ပိုအားတက်မယ်ထင်ပြီး လျှောက်လုပ်နေကြသလားတော့ မသိဘူး။ မဟုတ်မမှန် လုပ်ကြံတာမျိုးဖြစ်နေလို့ ကျမ သဘောမတူဘူး။ ဗန်ကောက်ကလွှင့်တယ်ဆိုတဲ့ အသံဆရာကြားလိုက်မှာပေါ့။ အဲဒါ ကိုကိုဦးရဲ့အသံ လုံးဝမဟုတ်ဘူး။ နိုင်ငံခြားကအကူအညီတွေယူပြီး ပြန်လာမယ်ဆိုတာမျိုး လုပ်ကြံတာ ကျမလုံးဝ လက်မခံနိုင်ဘူး။ မြန်မာနိုင်ငံက မြန်မာတွေရဲ့ အရေးကို မြန်မာတွေပဲ လုပ်ရမှာပေါ့။

မေး ။ ။ နိုင်ငံခြားရောက်တဲ့ မြန်မတွေ အကြောင်းအမျိုးမျိုးကြောင့် ပြန်မလာနိုင်ကြဘူး။ ပြန်ခွင့်မရကြဘူး။ ဒီအပေါ်ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ ကိုယ့်တိုင်းပြည်အပေါ်မှာ အမှန်တယ် သံယောဇဉ်ရှိတယ်။ ချစ်တယ်ဆိုရင် ပြန်လာကြပါစေ။ ဒါပေမယ့် မှန်တာပြောရရင် တချို့စီးပွားရေးကို ရှေ့တန်းတင်ပြီး ထွက်သွားသူတွေကတော့ တမျိုးပေါ့။ တချို့ကတော့ အကြောင်းအမျိုးမျိုးနဲ့ တိုင်းပြည်ကို ပြန်မလာနိုင်ကြဘူး။ ပြန်မလာနိုင်သူုတိုင်းကို တိုင်းပြည်မချစ်ဘူးလို့တော့ မပြောနိုင်ဘူး။

မေး ။ ။ ကျနော်တို့ တိုင်းပြည်ဟာ ကမ္ဘာကြီးက ပြုတ်ကျကျန်နေခဲ့ပြီလို့ နိုင်ငံခြားစာစောင်တခုမှာ ရေးတာ ဖတ်လိုက်ရဖူးတယ်။ ဗိုလ်ချုပ်အောင်ဆန်းကလဲ သူများခြေလှမ်းတလှမ်းလှမ်းရင် ကျနော်တို့က ၄၊ ၅၊ ၆ လှမ်းလှမ်းမှ တန်ကာကျမယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုအအခြေအနေက ခြေလှမ်း ၃၊ ၄၊ ၅ ရာလှမ်းမှ ဖြစ်နိုင်ပါတော့မယ်။ ဒါကြောင့် နိုင်ငံခြားမှာ ရှိတဲ့ မြန်မာတွေရဲ့ အတတ်ပညာတွေ အတွေ့အကြုံတွေကို အသုံးချရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုသဘောထားပါသလဲ။
ဖြေ ။ ။ အသုံးချနိုင်ရင် ကောင်းတာပေါ့။ တိုင်းပြည်အပေါ်စေတနာ ထားတဲ့ လူဆိုရင် ဆွဲခေါ်နေစရာမလိုဘူး။ သူတို့ဘာသာ ပြန်လာပြီး လုပ်ကြပါလိမ့်မယ်။ တခုတော့ရှိပါတယ်။ ၂၆ နှစ်လုံးလုံးနိုင်ငံခြားမှာ နေပြီး အခုမှနေရာ လာယူကြတယ်လို့ ဒီမိုကရေစီတိုက်ပွဲဝင်သူတွေထဲက ပြောချင်သူ တချို့တလေရှိကောင်းရှိပါလိမ့်မယ်။ အဲဒီလို ဝေဖန်လာရင် သူတို့အနေနဲ့ သဘောပေါက် နားလည်ဖို့ လိုပါလိမ့်မယ်။ ကျမကတော့ စေတနာရှိရင် ဘယ်သူမဆို ပြန်လာစေချင်ပါတယ်။ အဲဒါကို အမြင်မမရှင်းရင် ပြဿနာ ပေါ်လာနိုင်ပါတယ်။

မေး ။ ။ လက်ရှိ အစိုးရဖယ်ပေးပြီး ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့ ပေးဖို့ လူထုအုံကြွမှုကြီးက တောင်းဆိုနေပါတယ်။ သမ္မတ ဒေါက်တာမောင်မောင်က ဖယ်မပေးဘူးလို့ ပြောပါတယ်။ အဲဒီကိစ္စကို ဘယ်လိုလုပ်မလဲ။
ဖြေ ။ ။ ဖယ်မပေးရင် ဖယ်ပေးအောင် ပြည်သူလူထုက လုပ်ရမှာပေါ့။ ပြည်သူလူထုမှာအင်အားရှိနေပြီပဲ။

မေး ။ ။ ကျောင်းသူကျောင်းသားတွေအပေါ် ဘယ်လိုမြင်သလဲ။
ဖြေ ။ ။ သိပ်ရိုးသားတယ်။ သိပ်တော်တယ်။ ဒီမိုကရေစီကို အရမ်းမြတ်နိုးတယ်။ အပြတ်သားဆုံး၊ အတက်ကြွဆုံးတိုက်ပွဲဝင်နေတယ်။

မေး ။ ။ ပြည်သူလူထုကို ဘာပြောချင်သေးလဲ။
ဖြေ ။ ။ စည်းကမ်းရှိပါ။ ညီညွှတ်ပါ။ ဒီမိုကရေစီဦးတည်ချက် မပျောက်ပါစေနဲ့လို့ အလေးနက်ပြောချင်ပါတယ်။

No comments: