Wednesday, August 31, 2011

ပုံပြင်

Gingerbread Man ပုံပြင်

(စကားချီး။ ။ ဒီကနေ့ သားသားရဲ့ ကျောင်းလက်ဆွဲအိတ်လေးထဲမှာ gingerbread man ပုံပြင်စာအုပ်လေး ပါလာပါတယ်။ သားသားတို့ကျောင်းမှာ တပတ်တခါ ပုံပြင်ပြောတဲ့နေ့ရှိတာကြောင့်၊ အဲဒီနေ့မတိုင်ခင်မှာ ကလေးရဲ့ ကျောင်းလွယ်အိတ်ထဲမှာ ပုံပြင်စာအုပ်လေး ထည့်ပေးမယ်လို့ ဆရာမတွေက ပြောပါတယ်။ မိဘက အိမ်မှာ ပုံပြင်စာအုပ်လေးကို ဖတ်ပြရပြီး ကလေးက နောက်နေ့မှာ သူမှတ်မိသလောက် ပြန်ပြောရပြီး၊ ဆရာမက ပုံပြင်လေးတွေကို ပြန်ဖတ်ပြမယ်ဆိုပဲ။ ကလေးတွေရဲ့ မှတ်ဥာဏ်ကို တိုးတက်စေပြီး၊ စကားပြော စွမ်းရည်ကို တိုးတက်စေရုံမက ဆယ်ယောက်ရှိတဲ့ အတန်းဆိုရင် ပုံပြင်ဆယ်မျိုးသိခွင့်ရသွားစေတဲ့ ဒီအစီအစဉ်လေးက စိတ်ဝင်စားစရာပါ။ ၂၁ ရာစုရဲ့ "မိဘဆရာ ပူးပေါင်း၊ ကလေး ပညာကောင်း" အစီအစဉ်လေးတွေက ကျွန်မတို့ ၂၀ ရာစုတုန်းကနဲ့ မတူပဲ ပိုပြီး အားကောင်းလာလေသလား မသိ။။ သားသားရဲ့ ကျောင်းအိတ်လေးထဲက သူ့နာမည်နဲ့ ဖိုင်လေးတဖိုင်ဟာ နေ့စဉ်နေ့တိုင်း ကျောင်းနဲ့ အိမ်ကို အသွားအပြန် ရောက်နေတော့တာပါပဲ။

ဒီဖိုင်လေးထဲမှာ သားရဲ့ တနေ့တာ ကျောင်းသားဘ၀ ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး ကောင်းတယ်၊ ဆိုးတယ် ဆိုတဲ့ တံဆိပ်တုံးလေ ပါလာပါတယ်။ အဲဒါကို ကြည့်ပြီး ကောင်းတယ်ဆိုရင် ကလေးကို မိဘက ချီးကျူးရပြီး၊ ဆိုးတဲ့ တံဆိပ်လေး ပါလာရင်တော့ မိဘက ဆရာမတွေကို အကျိုးအကြောင်းမေးမြန်းပြီး ဆုံးမစကားပြောဖို့ ဖြစ်ပါတယ်။ တံဆိပ်တုံးလေးဘေးမှာ မိဘက လက်မှတ်ထိုးပေးရပါတယ်။ အလားတူပဲ အိမ်စာစာရွက်လေး (အေ၊ ဘီ၊ စီ၊ ဒီ အရေးကျင့်တဲ့ စာရွက်လေး) ပါလာရင်လဲ ကလေးကို အိမ်စာလုပ်ခိုင်းပြီးတဲ့အခါ မိဘက လက်မှတ်ထိုးရပါတယ်။ဒီနေ့တော့ ပုံပြင်စာအုပ်လေးကို ဖတ်ပြပြီးတဲ့အခါ ဖတ်ပြပြီးကြောင်းလဲ လက်မှတ်ပြန်ထိုးပေးရပါတယ်။ ပြီးရင် စာအုပ်လေးကို ကျောင်းလက်ဆွဲအိတ်လေးထဲ ပြန်ထည့်ပေးရမှာ ဖြစ်ပေမယ့် ကျွန်မချက်ချင်း ပြန်မထည့် ဖြစ်ပါဘူး။ ပုံပြင်လေးက စိတ်ဝင်စားစရာ ကောင်းတာကြောင့် ဘာသာပြန် ရေးသားချင်စိတ်လေး ပေါ်လာတာကြောင့်ပါ)

ပုံပြင်လေးကတော့ ဒီလိုပါတဲ့ရှင်။


ဟိုရှေးရှေးတုန်းက ယာခင်းတခုမှာ အဖိုးအိုနဲ့ အဖွားအို ဇနီးမောင်နှံရှိပါတယ်။ သူတို့ဟာ ကြင်နာတတ်တဲ့ ဇနီးမောင်နှံဖြစ်ပေမယ့် သားသမီး မထွန်းကားတာကြောင့် ၀မ်းနည်းစိတ်အားငယ်နေကြပါတယ်။

ကလေးငယ်လေးနဲ့ မိသားစုတွေကို တွေ့တိုင်း "တို့ဆီမှာ သားလေးတယောက်ရှိရင်" လို့ပြောပြီး အဖွားအိုက သက်ပြင်းချလေ့ရှိပါတယ်။

ဒီလိုနဲ့ တနေ့တော့
"ကျွန်မသိပြီ။ gingerbread man ပုံ သားငယ်လေးတယောက် လုပ်မယ်" လို့ အဖွားအိုက ဆိုပါတယ်။

အဖိုးအိုကလဲ သဘောတူတာကြောင့် သူမဟာ မုန့်လုပ်နည်းစာအုပ်လေးကို ထုတ်ပါတယ်။ gingerbread man လေးလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ချိန်တွယ်တိုင်းတာပြီး ရောသမမွှေလိုက်ပါတယ်။

မုန့်ကို နယ်ပြီး သဏ္ဍာန်လေး ဖော်လိုက်ပါတယ်။ နောက်တော့ မီးဖို (Oven)ထဲထည့်ပြီး ဖုတ်ပါတယ်။ သိပ်မကြာခင်မှာပဲ သူတိုရဲ့ မီးဖိုလေးမှာ gingerbread ရနံ့လေး မွှေးကြိုင်လာပါတယ်။

ဒါကြောင့် အဖွားအိုက အဆင်သင့်ဖြစ်ပြီလို့ ဆိုပြီး မီးဖိုတံခါးလေးကို ဖွင့်လိုက်ပါတယ်။

ဒီအချိန်မှာပဲ အလွန်သေးငယ်တဲ့ gingerbread man လေးက မီးဖိုထဲကနေ ခုန်ထွက်လာပါလေရော။

gingerbread man လေးဟာ ကြမ်းပြင်ပေါ်မှာ ပြေးလွှားပြီး ဖွင့်ထားတဲ့ တံခါးကနေ အပြင်ကို ပြေးထွက်သွားပါတယ်။
"ရပ်ပါဦး"
အဖွားအိုက လှမ်းခေါ်တယ်။
"ရပ်ပါဦး၊ ရပ်ပါဦး"
အဖိုးအိုကလဲ လှမ်းပြောတယ်။

ဒါပေမယ့် gingerbread man လေးကတော့ သီချင်းဆိုရင်း လမ်းတလျှောက်ပြေးလွှားသွားပါတယ်။ သူဆိုတဲ့ သီချင်းလေးက
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" ဆိုပဲ။

gingerbread man လေးဟာ နွားတကောင်နဲ့ မြင်းတကောင်ရှေ့က ဖြတ်ပြေးတယ်။
"သင့်ကို ကြည့်ရတာ သိပ်ပြီး အရသာရှိတဲ့ပုံပဲ" လို့ မြင်းက ဆိုတယ်။
နွားကတော့ "လူကလေး၊ ဒီကိုလာ" လို့ ဆိုတယ်။

gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင်ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်းနဲ့ နွားတို့က လိုက်လာတယ်။

ဒီလိုနဲ့ gingerbread man လေးက လယ်ခင်းထဲမှာ အလုပ်လုပ်နေတဲ့ လယ်သမားကြီးရှေ့က ဖြတ်ပြေးတယ်။ လယ်သမားကြီးက
"အွန်း။ တော်တော်ကောင်းမယ့် ပုံပဲ" ဆိုပြီး "လူကလေး၊ ဒီကိုလာ" လို့ ပြောတယ်။

gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ နွားကြီးနဲ့ မြင်းကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင်ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်း၊ နွားနဲ့ လယ်သမားကြီးတို့က လိုက်လာတယ်။

ဒီလိုနဲ့ gingerbread man လေးဟာ ကျောင်းတကျောင်းရှေ့က ဖြတ်ပြေးသွားတဲ့အခါ ကလေးတွေက အော်ကြတယ်။
"တို့တတွေ gingerbread ကို ကြိုက်တယ်။ ဒီကိုလာ၊ လူကလေး" တဲ့။

gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ နွားကြီးနဲ့ မြင်းကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ လယ်သမားကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင် ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်း၊ နွား၊ လယ်သမားကြီးနဲ့ ကလေးတွေက လိုက်လာတယ်။

ဒီလိုပြေးရင်းပြေးရင်းနဲ့ gingerbread man လေးဟာ မြစ်တခုကို ရောက်လာပါလေရော။
သူက မြစ်ကိုဖြတ်ကူးချင်တယ်။ ဒါပေမယ့် ရေစိုမှာလဲ ကြောက်တယ်။
ဒီလိုအခြေအနေကို မြေခွေးကြီးက သတိထားမိသွားပါတယ်။

"ငါ့ရဲ့ အမြီးပေါ်ကို တွယ်တက်လာခဲ့ပါ။ မြစ်တဘက်ကမ်းကို ရောက်ဖို့ ကူညီပေးမယ်" လို့ မြေခွေးကြီးက ဆိုတယ်။
ဒါကြောင့် gingerbread man လေးက မြေခွေးအမြီးပေါ်ကို တက်လိုက်တယ်။
မြေခွေးက အမြီးကို ရေထဲမှာ ဆွဲပြီး ဖြတ်ကူးတယ်။
ပြီးတော့ "ဆောရီးပါ။ ရေမစိုအောင် ကျောကုန်းပေါ် တက်ပါ" လို့ ပြောတယ်။

gingerbread man လေးက ကျောပေါ်ကို တွယ်တက်လိုက်တယ်။
သိပ်မကြာပါဘူး။ ကျောပေါ်မှာလဲ ရေတွေ စိုလာပြန်ရော။

ဒါနဲ့ မြေခွေးက "ဆောရီးပါ။ ခေါင်းပေါ်ကို တက်" လို့ ပြောလိုက်တယ်။

gingerbread man လေးကလဲ ခေါင်းပေါ်ကို ခြေဖျားလေးထောက်ပြီး ဆက်တက်တာပေါ့။
ဒီလိုနဲ့ ခေါင်းပေါ်လဲ ရောက်ရော မြေခွေးက ခေါင်းကို လှုပ်ရမ်းပြီး gingerbread man လေးကို လေထဲမှာ မြှောက်လိုက်တယ်။ ပြီးတော့ gingerbread man လေးရဲ့ ခြေဖျားကို ဟပ်လိုက်ပါလေရော။

gingerbread man လေးရဲ့ လေးပုံတပုံက မြေခွေးပါးစပ်ထဲ ရောက်သွားတယ်။

မြေခွေးက နောက်တချက် ထပ်ဟပ်လိုက်တော့ တ၀က်လောက်ရာက်သွားတယ်။

မကြာပါဘူး။ လေးပုံသုံးပုံလောက် မြေခွေးပါးစပ်ထဲ ရောက်သွားပါရော။

မြေခွေးက နောက်တချက် ထပ်ဟပ်တယ်။

အဲဒီမှာတင် gingerbread man လေးဟာ မြေခွေးပါးစပ်ထဲ လုံးဝ ရောက်သွားပါတော့တယ်။


ရိုးရာပုံပြင်အား ပြန်ပြောသူ- Mairi Mackinnon
ဘာသာပြန်သူ- ခင်မမမျိုး (၃၀၊ ၈၊ ၂၀၁၁)

ရည်ညွှန်းပုံပြင်စာအုပ်။ ။

The Gingerbread Man (Illustrated by Elena Temporin, Retold by Mairi Mackinnon), 2007, Usborne Publishing Ltd.

Gingerbread Man ပုံပြင်.pdfGingerbread Man ပုံပြင်.pdf
34K   View   Download  

ဒေါ်စု မညံ့ပါ

ဒေါ်စု မညံ့ပါ



ဒီတလော ဒေါ်အောင်ဆန်းစုကြည် နဲ့ ကြံ့ဖွတ်အစိုးရ တို့ “နိုင်ငံရေးစကားဝိုင်း” ထဲ ရောက်နေကြတာ အားလုံးအသိပါ။

ဒီလို “နိုင်ငံရေးစကားဝိုင်း” ထဲ ရောက်လာဖို့အကြောင်းက လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ တိုင်းရင်းသား လူမျိုးစုအရေး … စတဲ့ အကျပ်အတည်းတွေ တွေ့နေရာကနေ လျော့ပါး လွတ်မြောက်အောင် “ဟန်ဆောင် စကားဝိုင်း” ဖွဲ့တယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်လောက် ပါတယ်။

ဒီအာဏာရှင်တွေဟာ နိုင်ငံမှာ အကျပ်အတည်းတွေ့တိုင်း ဒီလိုလုပ်လေ့ရှိတယ်ဆိုတာလည်း အားလုံးသိပြီး လောက်ပါပြီ။
ပြီးရင် အရင်အတိုင်း လူ့အခွင့်အရေးကို ဆက်လက်ချိုးဖောက် တာပါပဲ။

အထင်ရှားဆုံးကတော့ ၂၀၀၃ ခုနှစ်၊ မေလ - ၃၀ ရက် ည ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦး တို့အဖွဲ့ကို လုပ်ကြံတာဖြစ်တယ်။
ဒေါ်စု၊ ဦးတင်ဦး တို့ အသက်မသေခဲ့ပေမယ့် အကျယ်ချုပ်ချထားခြင်း ခံလိုက်ရပါတယ်။

အကျယ်ချုပ်လွတ်ရက်စေ့ခါနီးမှ အမေရိကန်နိုင်ငံသား ယက်ထော နဲ့ အပေးအယူလုပ်ပြီး၊ ဒေါ်စု ကို အကျယ်ချုပ် သက်တမ်းထပ်တိုးခဲ့ပါတယ်။ ဒေါ်စု ခမျာ မိအေး(၃)ခါနာ ဖြစ်ခဲ့ရပါတယ်။
လုပ်ကြံတာကိုလည်း ခံရသေး၊ အကျယ်ချုပ်လည်းခံလိုက်ရတဲ့အပြင် အမှုဖန်တီးပြီး သက်တမ်းတိုးခြင်းကိုလည်းခံခဲ့ရပါတယ်။

နအဖ စစ်အာဏာရှင်တွေဟာ ဒီလိုကောက်ကျစ်ယုတ်မာတယ် ဆိုတာလည်း လူတိုင်းအသိပါ။
ဒါကိုလည်း ခံရသူ ဒေါ်စု က သူများထက် ပိုသိနိုင်ပါတယ်။

ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် တို့ ၂၅-၇-၂၀၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီး “နှစ်ဘက်ပူးပေါင်းဆောင်ရွက်မယ်” လို့ဆိုပြီး ကမ္ဘာကို လှည့်စားဦးမယ်ဆိုတာလည်း သိပြီးသားပါ။



နောက်တစ်ဖန် သမ္မတ ဦးသိန်းစိန် က ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်ကို ဖိတ်မန္တက ပြုပြီး ၁၉-၈-၂၀၁၁ မှာ တွေ့ဆုံဆွေးနွေးပြန်တယ်။
ဒါလည်း နိုင်ငံတကာကို “နိုင်ငံတော်အတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း ဆွေးနွေးတယ်” ဖြစ်အောင် ဟန်ပြလုပ်ပြတာပဲ ဖြစ်ပါတယ်။
အနှစ်သာရ ရှိတဲ့ဆွေးနွေးပွဲ မဟုတ်ပါဘူး။

ဒီလို ကြံ့ဖွတ်အစိုးရ အရာရှိ ၂ ဦးက ဒေါ်အောင်ဆန်းစုကြည် ကို ချဉ်းကပ်တာဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် စိတ်ကောင်းစေတနာရှိလို့ မဟုတ်ပါ။

အထက်ဖေါ်ပြပါ အကျပ်အတည်းတွေ လျော့ပါးလွတ်မြောက်အောင်နဲ့ ၂၀၁၄ ခုနှစ် မှာ အာဆီယံ ဥက္ကဋ္ဌ လုပ်ချင်လို့ ဒီလိုဟန်ပြ ဆွေးနွေးပွဲလုပ်တယ် ဆိုတာကိုလည်း အားလုံးသိပြီး သားပါ။
အဓိက ကတော့ သူတို့ အာဏာတည်မြဲရေးအတွက် အကွက်ဆင်တယ်ဆိုတာလည်း သိကြပါတယ်။

ခုလတ်တလော ကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံရေး စိတ်ဝင်စားသူတွေ၊ တက်ကြွသူတွေထဲက တချို့က “ဒေါ်အောင်ဆန်း စုကြည်ဟာ ကြံ့ဖွတ်အစိုးရဘက် ပါသွားပြီလား” ဆိုတဲ့ အတွေးတွေ ဝင်နေတာကို သိရပါတယ်။



ဒီလို စိုးရိမ်လို့ တွေးတာလည်း မှားတယ်လို့ အပြစ်မပြောသင့်ပါ။

ဒါပေမယ့် ဒေါ်စု က ဒီလောက်မညံ့ပါဘူး။ စိတ်ချပါ။
ဒေါ်စု ဟာ ဘယ်တော့မှ ဒီမိုကရေစီဘက်တော်သားတွေနဲ့ ပြည်သူလူထု တရပ်လုံးကို ဒီမိုကရေစီ မရမချင်း ကျောခိုင်းသွားမှာ မဟုတ်ဘူးလို့ ရဲရဲကြီး အာမခံရဲ ပါတယ်။

ဘာကြောင့်လဲဆိုတော့-
၁။ ဒေါ်စု ကိုယ်တိုင် တိုင်းသူပြည်သားတွေရဲ့ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခမျိုးစုံရောက်နေ၊ ခံစားနေရတာ သိရှိတွေ့မြင် နေသလို ဘာ့ကြောင့်၊ ဘယ်သူ့ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာလည်း သိပြီးသားပါ။

၂။ ဒေါ်စု ကိုယ်တိုင်လည်း စစ်အာဏာရှင်တွေကြောင့် အသက်ဘေးက သီသီလေး လွတ်မြောက်လာခဲ့ရတာ (၂)ကြိမ် ထက် မနည်း ကြုံတွေ့ ခဲ့ရတယ်။

၃။ တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်နေရက်နဲ့ ဒေါ်စု ကိုယ်တိုင် ထိန်းသိမ်းခံရတာလည်း သူ့အသက် ထက်ဝက်နီးနီး ရှိနေခဲ့ပြီ ဆိုတာ သူအသိပါ။

၎။ ကြံ့ဖွတ်အာဏာရှင် အပါအဝင် နဝတ၊ နအဖ စစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေး၊ ချမ်းသာကြွယ်ဝရေး အတွက် မြန်မာနဲ့ ကမ္ဘာ ကို အကြိမ်ပေါင်းမြောက်မြားစွာ လိမ်ညာလှည့်စား ဖြားယောင်း လက်တလုံးခြား လုပ်ခဲ့တာ၊ ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေလည်း ဒေါ်စု သိပြီးသားပါ။

ဒါတွေကိုသိပြီး ကိုယ်တိုင်ခံခဲ့ရပြီးဖြစ်လို့ နောက်ထပ်ဒီလိုမျိုး ထပ်မခံရအောင် ကြိုတင်ပြင်ဆင် စဉ်းစားထား ပြီးပြီလို့ ယုံကြည်ပါတယ်။



ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဟာ -
(၁) မြန်မာတစ်နိုင်ငံလုံး စစ်ဖိနပ်အောက်ကလွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့တာ ၂၃ နှစ် ရှိခဲ့ပါပြီ။

(၂) အဲဒီအတွက် ဒေါ်စု ကိုယ်တိုင်လည်း အပင်ပန်း၊ အနစ်နာ၊ အဆင်းရဲခံပြီး လုပ်လာတာ ၂၃ နှစ် ရှိပါပြီ။

(၃) ပြည်သူလူထုအတွက် မိသားစုကိုစွန့်ခဲ့၊ စည်းစိမ်ဥစ္စာကိုစွန့်ခဲ့၊ နောက်ဆုံးအသက်ကိုပါ စွန့်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ၂၃ နှစ် ရှိခဲ့ပြီးမှ ဒီလိုလူယုတ်မာတွေ ကြိုးဆွဲရာ “က” မယ်လို့ မယုံကြည်ပါ။


ဒေါ်စု ရဲ့ ခိုင်မာသော ခံယူချက်၊ မှန်ကန်သော ဆုံးဖြတ်ချက်၊ ရင့်ကျက်သော အတွးအခေါ် အမြော်အမြင် ခိုင်ခိုင်မာမာနဲ့ လုပ်ဆောင်ချက်တွေကို သိရှိတွေ့မြင်နေတာကြောင့် ဒေါ်စု ဟာ တချို့ထင်သလို အာဏာရှင်တွေဘက် ယိမ်းယိုင်မသွားဘူး ဆိုတာ လုံးဝ သံသယ ကင်းပါတယ်။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် သူ့ဘဝကို ၂၃ နှစ် တိုင်တိုင် မြှုပ်ခဲ့ပြီး ကြံ့ကြံ့ခိုင်ခိုင် တိုက်ပွဲဝင်ခဲ့ပြီးမှ ဒီလူယုတ်မာ အာဏာရှင်တွေကို ဒူးထောက်မှာ မဟုတ်သလို ဘယ်တော့မှလည်း ပြည်သူတွေကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဝေးကွာအောင်လုပ်မှာ မဟုတ်ဘူးလို့ ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း တင်ပြအပ်ပါတယ်။


(လေးစာလျှက်ပါ။)

ရွှေပြည်စိုး
၂၉ -သြဂုတ် - ၂၀၁၁

    • Zweleo Thiha “ဟန်ဆောင် စကားဝိုင်း”?? Daw Suu not doing for that, she well knew what she have to do for people of Burma freedom. The Regine may be doing for to hold (not to lost) their power, but not Daw Suu....ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည် ပါတယ်။
      Thank AM
      2 minutes ago ·

Monday, August 29, 2011

ဘယ်သူ တရားခံလဲ

(၂၀၀၇) ခုနှစ်၊ သြဂုတ်လတုန်းက ရေးသားခဲ့ဖူးတဲ့ ၀တ္ထုတိုလေးကို ပြန်လည်မျှဝေပါတယ်။ 

ဘယ်သူ တရားခံလဲ (၀တ္ထုတို)

()

အချိန်ကား (၂၀၀၇) ခုနှစ်၊ သြဂုတ်လ။

ဓာတ်ဆီဈေးတွေတက်လို့ ကားခတွေတက်ကုန်ပြီ“

ဈေးထဲသို့ ပျံ့လွင့်လာသည့် သတင်းစကားကြောင့် မအေးတင် တစ်ယောက် စိတ်ညစ်သွားရသည်။ ကားခတွေ ဈေးတက်သည်ဆိုလျှင် ကုန်ဈေးနှုန်းတွေလဲ လိုက်တက်တော့မှာပဲဆိုသည့် ဘ၀ပေးအသိက ချက်ချင်းဝင် လာ သည်။ ကုန်ဈေးနှုန်းတက်လျှင် အခြားဈေးနှုန်းတွေလဲ လိုက်တက်တော့မည်။ အမေ့ရောဂါအား ပြပေးနေရသည့် ဆရာဝန်ကလဲ ဆေးဝါးတွေတက်သည်ဆိုကာ ဆေးဖိုးဝါးခ ပိုတောင်းတော့မည်။

ဟဲ့အေးတင်၊ ဟိုမှာ မမမြလာနေတယ်လေ“

ဆိုင်ရှင်အစ်မကြီးက လှမ်းအော်ပြောမှ အတွေးဝင်္ကဘာများ ရပ်တန့်သွားသည်။ မမမြဆိုသည်က သူမတို့ စက်ချုပ်ဆိုင်သို့ လာနေကျဖောက်သည်။ သူမအား ပိုက်ဆံချေးပေးနေသူမို့ ကျေးဇူးရှင်ဆိုလဲမမှား။ အတိုးပေးရ သည်ဆိုသော်လဲ အပေါင်မပါပဲ ငွေချေးပေးနေသည်ကပင် ကျေးဇူးကြီးလှသည်။ ငွေဆိုသည်မှာ သူမဘ၀ အတွက်တော့ ငရဲပြည်သို့တိုင် ဆင်းနေသည့် တွင်းနက်ကြီး။

သူမရှစ်တန်းအရောက်တွင် ကုန်စိမ်းသည် အမေကြီး လေဖြတ်ကာ အိပ်ယာထဲလဲသွားသည်။ အမေတခု၊ သမီးတခုဘ၀မို့ ပညာတတ် ဆရာမလေးဖြစ်ချင်သော အိပ်မက်တို့ ပျက်စီးသွားကာ ကြုံရာကျပန်း စလုပ်ရ တော့သည်။ “ကံဆိုးမသွားရာ၊ မိုးလိုက်လို့ရွာ“ ဆိုသည်မှာ အမှန်ပဲလားမသိ။ ရှာဖွေစားသောက်ရသည်မှာ အလွန်ပင် ခဲယဉ်းလှလေသည်။

အမေစုထားသော ငွေပိုငွေလျှံလေးများမှာလဲ ဆေးဖိုးနှင့်ပင် ကုန်သွားသည်မို့ သူမတွင် ဈေးရောင်းရန် အရင်းအနှီး ပင်မရှိ။ နံနက်မိုးလင်းသည်နှင့် အိမ်ရှိ အ၀တ်အစားလက်ကျန်လေးများ၊ ဒယ်အိုးဒယ်ခွက်များယူကာ နေ့ပြန်တိုး အိမ်သို့ သွားရသည်။ အပေါင်ပါလျှင် အတိုးနှုန်းလျော့သည်မို့ ပေါင်လို့ရတာ အကုန်ပေါင်နှံပြီးမှ ငွေချေးရသည်။ ရသည့်ပိုက်ဆံလေးနှင့် အကြော်ဖိုသို့ ပြေးရသည်။

တနေ့လုံး ခြေညောင်းအောင် လမ်းလျှောက်ပြီးသော အခါတွင်တော့ တနေ့တာ တွက်ချေလေးကိုက်လေသည်။ အမြတ်လေးနှင့် ချက်ပြုတ်စရာလေး နဲနဲပါးပါးဝယ်ကာ နေ့ပြန်တိုးအိမ်သို့ ပြေးရပြန်သည်။ နေ့ပြန်တိုးအိမ်လေးတွင် အတိုးအရင်းပေး၍ ကိုယ့်ပစ္စည်း ကိုယ်ပြန်ယူရန်ကလဲ အတော်ပင်ကြာလှသည်။ သူမတို့လို လူတွေက အများကြီး။

အမေ့ကိုကား ဘေးအိမ်မှ နဲနဲဝိုင်းစောင့်ရှောက်ပေး၍ တော်တော့သည်။ သူမတို့ ဘေးအိမ်မှ မစိမ်းကတော့ နှစ်လုံးထီဒိုင်ခံသူဖြစ်၍ အနည်းငယ်ပြေလည်သည် ဆိုရမည်။ ရဲစခန်းမှ ရဲအုပ်မိန်းမနှင့် တွဲလုပ်နေသူဖြစ်၍ အဖမ်းအဆီးလဲ ကြောက်စရာမလိုသဖြင့် အလုပ်ဖြစလေသည်။ ယောက်ျားဖြစ်သူ ကိုတိုးမောင်ကလဲ အိမ်ပွဲစား လုပ်သဖြင့် သူမတို့ ရပ်ကွက်ထဲတွင်တော့ အသင့်အတင့် ချောင်လည်သူများဖြစ်သည်။ သူမအား စက်ချုပ် သင်ရန်လဲ မစိမ်းပဲ တိုက်တွန်းကာ ငွေထုတ်ချေးပေးခဲ့တာဖြစ်သည်။ ကျွမ်းကျင်လာတော့ ဈေးထဲမှ ဆိုင်လေး တဆိုင်တွင် အလုပ်ရသည်။ နေ့ပြန်တိုးအိမ်လေးသို့ သွားစရာ မလိုတော့သဖြင့် အလွန်ပင် ကျေးဇူးတင်ရသည်။

သို့ပေမယ့် တဘက်က အလုပ်ကလေး နဲနဲအဆင်ပြေလာသော်လဲ အမေ့ကျန်းမာရေးအခြေအနေက တစတစ ပိုဆိုးလာသည်မို့ ၀င်ငွေနှင့် ထွက်ငွေကား မမျှလှ။ စားစရိတ်များကလဲ နေ့စဉ်နှင့်အမျှ တက်နေသည်။ စက်ချုပ်ဆိုင်လေးမှ ဖောက်သည်ဖြစ်သော မမမြနှင့် ခင်မင်ရင်းနှီးသွားပြီး နောက်ပိုင်း သူမလိုနေသော ငွေကြေးများကို ထုတ်ပေးနေ၍သာ တော်သေးသည်။

မအေးတင်။ မျက်နှာလဲမကောင်းပါလား။ နေမကောင်းဘူးလား“
မမမြက သူမအား ကြည့်ရင်းမေးသည်။

မဟုတ်ပါဘူးမမမြရယ်၊ ကားခတွေ ဈေးတက်ကုန်ပြီ ကြားလို့ပါ၊ ကျွန်မတို့ ဘ၀မှာ ဘတ်စ်ကားပဲ အားကိုးနေ ရတာ။ ကားကလဲ နှစ်ဆင့်စီးရတယ်။ ကားပေါ်တခါတက် (၁၀၀)ဆိုတော့ တနေ့ကို (၄၀၀)ထွက်နေပြီ။ စားဖို့တောင် နဲနဲပဲကျန်တယ်။ အမေလူမမာနဲ့ ဘယ်လိုလုပ်ရမှာတဲ့လဲ“
အဲဒါကြောင့် ငါပြောတဲ့အလုပ်ကို လုပ်ဖို့ ပြောနေတာပေါ့“

မမမြက ရယ်ရယ်မောမောပြောထာပေမယ့် သူမတကိုယ်လုံးကတော့ ရှက်စိတ်၊ ကြောက်စိတ်နှင့် တုန်သွားရလေသည်။ အပျိုစင်သူမဘ၀မှာ ဒီလိုအလုပ်မျိုးလုပ်ဖို့မပြောနှင့်။ ကြားတာနှင့်ပင် နားကရှက်လှပြီ။

မမမြရယ်။ အဲလိုမျိုးကြီးတော့ မလုပ်ပါရစေနဲ့“
ညည်းစဉ်းစားပေါ့အေ။ ငါ့ဆီမှာလဲ ညည်းယူထားတဲ့ အကြွေးတွေက သိန်းနဲ့ချီနေပြီနော်။ လူမှုရေးအရ မပြောချင်လို့သာ ကြည့်နေတာ“
အတိုးမှန်မှန်ပေးပါ့မယ် မမမြရယ်။ နောက်ဆုံးအချိန်အထိတော့ ရုန်းကန်ကြည့်ချင်သေးတယ်“

()

အမေ၊အမေ၊ ဘာဖြစ်တာလဲ“

အိမ်ထဲသို့ ပြန်ဝင်ဝင်ချင်း ရပ်ကွက်ထဲမှ လူများအား တွေ့ရသဖြင့် အလန့်တကြား မေးမိသည်။ သတိလစ်နေသော အမေ့အား ၀ိုင်းဝန်းပွေ့ထားကြသည်။

အခုပဲ မစိမ်းအော်ခေါ်လို့ရောက်လာတာ။ တို့ရောက်လာတော့ ညည်းအမေက သတိလစ်နေပြီ“
မစိမ်းကော။ ဆေးရုံ။ ဆေးရုံကို မြန်မြန်ပို့ကြရအောင်လေ“
သူမတကိုယ်လုံး သွေးရူးသွေးတန်းဖြစ်ကာ တုန်နေသည်။ အမေ့အသက်ကိုမှ မှီပါ့မလား။

လမ်းထိပ်သွားတယ်။ ကကသွားခေါ်မယ်တဲ့“

အိမ်နားနီးချင်းများ ကောင်းလို့တော်သေးသည်။
ဟဲ့၊ ဘာကြောင်နေတာလဲ။ ဆေးရုံကို ယူရမယ့် ပစ္စည်းတွေထည့်လေ“

ဘေးမှမိန်းမတယောက်ကသတိပေးမှ သတိဝင်လာသည်။ ဆေးရုံကို ယူသွားသည့် ပစ္စည်းတွေ ထည့်ရမည်။ သို့ပေမယ့် အရေးကြီးဆုံး ယူရမည့်အရာ သူမဆီမှာမရှိ။ ငွေ။ ငွေ။ ဆေးရုံသွားရင် ငွေထုတ်ပိုက်သွားဖို့ လိုသည် မဟုတ်လား။

စဉ်းစားနေဆဲတွင် မစိမ်းဝင်လာသည်။
အေးတင်မြန်မြန်လုပ်။ ဘာမှစဉ်းစားမနေနဲ့။ ငါ့မှာပါတယ်“

ကကသွားငှားရင်း သူ့အိမ်သို့ဝင်ကာ တခါတည်း ပိုက်ဆံယူခဲ့ပုံပေါ်သည်။ အမေ့အား ကကကားထဲသို့ အမြန်ဆုံးမတင်ကြရသည်။
ဘယ်ဆေးရုံကို မောင်းရမလဲ“
ကားမောင်းသူကမေးသည်။

ရန်ကုန်ဆေးရုံကြီး“
သူမယောင်အအဖြင့်ဖြေသည်။

ဟဲ့ဒီလိုအခြေအနေမျိုးမှာ ဆေးရုံကြီးသွားလို့ရမလား။ ဆေးရုံကြီးမှာ ဆေးမှ မရှိတာ။ အနီးဆုံး အထူးကုဆေးခန်းကို မောင်းပါ ဦးလေး“
မစိမ်းက၀င်ပြောတော့ သူမ မစိမ်းအားကြည့်မိသည်။ သူမအကြည့်ကို မစိမ်းသဘောပေါက်ပုံရသည်။

ငွေကပြန်ရှာလို့ရပါတယ်အေ။ အမေတယောက်ရဲ့ အသက်က ပြန်ဝယ်လို့မရဘူး၊ ငါစုထားတာလေးတွေရှိတယ်။ နင်ခဏ ယူထားလေ“
မစိမ်းအား ကျေးဇူးတင်စွာကြည့်မိသည်။ အမေတယောက်ရဲ့ သေရေးရှင်ရေးမှာ ငွေရေးကြေးရေးကို စစဉ်းစား ရလောက်အောင် အဖြစ်ဆိုးနေရပါလား။ ကိုယ့်ကိုကိုယ် စိတ်ပျက်ဒေါသထွက်လိုက်တာ။ ငွေ၊ငွေ၊ငွေ။

အထူးကုဆေးရုံမှ ဆရာဝန်များကတော့ ဆေးရုံကြီးမှ ဆရာဝန်များနှင့်မတူပါ။ ဖြတ်လတ်သွက်လက်စွာဖြင့် လိုသည်များကို ချက်ချင်းလုပ်ပေးကြသည်။ လိုသည့်ဆေးဝါးများကလဲ ဆေးရုံထဲမှာတင်ရှိနေသည်။ ငွေမျက်နှာ တော်တော်ကြီးပါကလား။

သို့ပေမယ့် ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါ။

စိတ်မကောင်းပါဘူးဗျာ။ အချိန်နည်းနည်းသာ စောရောက်ခဲ့မယ် ဆိုရင်တော့“တဲ့။

ဆရာဝန်ကြီးပြောလိုက်တဲ့စကားသံအဆုံးမှာ သူမဒူးတွေ ညွှတ်ခွေသွားရသည်။ အချိန်နည်းနည်းသာ စောရောက်ခဲ့ ရင်တဲ့။ သူမနားထဲသို့ သံရည်ပူလောင်းသလို စီးဆင်းသွားသည့်စကား။ အမေ အိမ်ထဲမှာ လေထပ်ဖြတ်ပြီး လဲနေတာ ဘယ်လောက်ကြာသည်မသိ။ အလုပ်မှအပြန်တွင် စီးနေကျကားလိုင်းက ဆီဈေးတက် သည်ကို မ၀ယ်နိုင်ဆိုကာ လိုင်းဆွဲတာရပ်ထားသည်တဲ့။ ကြားကားစောင့်စီးရတာမို့ အိမ်ပြန်ရောက်ချိန်မှာ ပြန်မရောက် လိုက်။ နဲနဲမှောင်လာပြီး၊ သူမတို့အိမ်ဘက်တွင် လူရိပ်လူခြေမတွေ့သဖြင့် မစိမ်းက အိမ်ထဲဝင်ကြည့်တော့မှ အမေ့ကို တွေ့ရခြင်းဖြစ်သည်။ ဒါဆို တကယ်လို့များ ဓာတ်ဆီဈေးတွေ မတက်ခဲ့ဘူးဆိုရင် အမေ့အသက်ကို မှီမှာပေါ့။ အတွေးနှင့်အတူ သူမနာနာကြည်းကြည်း ငိုချမိသည်။

()

ငါလဲခေါင်းမီးတောက်နေပြီ။ သူတို့တောင်းတဲ့ပိုက်ဆံ၊ ငါ့မှာလဲ မကျန်တော့ဘူး။ စားဖို့တောင် အနိုင်နိုင်ဆိုတော့၊ ငါ့ပွဲစားအလုပ်ကလဲ အဆင်ပြေတာမဟုတ်ဘူး“

ကိုတိုးမောင်၏ စကားသံက သူမနားထဲ ၀င်တချက်၊ မ၀င်တချက်။ အမေ့ရက်လည်ပင် မရှိသေးပါ။ ကြမ္မာဆိုးတခုက ထပ်မံဝင်ရောက်လာပြန်သည်။

သည်တခါကိစ္စကား အထူးကုဆေးခန်းမှ ကျသင့်ငွေသာမက အမေ့ဈာပနကိစ္စများကိုပါ ကူညီဆောင်ရွက် ပေးထားသော မစိမ်းအဖမ်းခ ထားရခြင်း။ အထူးစီမံချက်ဆိုကာ မစိမ်းတို့ နှစ်လုံး၊ သုံးလုံးရောင်းသူများ အဖမ်းခံလိုက်ရသည်။ မစိမ်းနှင့် တွဲလုပ်နေသူ ရဲအုပ်မိန်းမတော့ပါမသွား၊ ယခု ရဲများက ပိုက်ဆံတောင်းနေပြီ။ အမှုပေါ့ရန် ငွေပေးမှ ဖြစ်တော့မည်။

ငါ့မိန်းမနင့်အပေါ်ဒီလောက်ကောင်းခဲ့တာ နင်အသိပါဟာ။ နင်ယူထားတဲ့ ပိုက်ဆံတွေပြန်ရမှ ဖြစ်တော့မှာမို့ မလွှဲသာလို့ တောင်းရတာပါ“

ကိုတိုးမောင်က ခခယယပြောတော့ သူမပိုအားနာသွားသည်။ မစိမ်းသည် သူမကျေးဇူးရှင်။ သူမကြောင့် မစိမ်းအား ဒုက္ခမရောက်စေလိုပါ။

နှုတ်ခမ်းကို ဖိကိုက်ပြီး တစုံတရာကို သူမဆုံးဖြတ်လိုက်သည်။
ကိုတိုးမောင်။ နံနက်ဖြန်ကိုစောင့်ပေးပါနော်။ ကျွန်မ၊ မဖြစ်ဖြစ်အောင် ယူလာပေးပါ့မယ်“
နင်ကတိပေးတယ်နော်“
ပေးပါတယ်“

ကိုတိုးမောင်ထပြန်သွားတော့ သူမမျက်ဝန်းထဲမှ မျက်ရည်များ လျှံထွက်လာသည်။

()

ဒီလိုမှပေါ့ကွယ်။ စောစောကတည်းက လိမ္မာရင် ဒီလိုတွေတောင် ဖြစ်လာမှာ မဟုတ်ဘူး။ လိုတဲ့ငွေ ကြိုထုတ်ပေးမယ်လေ။ မင်းဘက်ကသာ ကတိတည်ရမယ်။ ဒီညကစပြီး အိမ်မပြန်နဲ့တော့။ အလုပ်စရမယ်“

မမမြပေးထားသော လိပ်စာသို့လိုက်သွားပြီး သူမဆုံးဖြတ်ချက်အား ဖွင့်ပြောတော့ မမမြပြောသည့်စကား။

ငွေကြေးအတွက် ခန္ဒာကိုယ်ကို ရောင်းစားရတာ လိမ်မာတယ်တဲ့လား မမမြရယ်။ ကမ္ဘာကြီးဘာတွေဖြစ်နေပြီလဲ။ အမေရေ-အမေ့သမီးရဲ့အဖြစ်ဆိုး၊ ဘ၀ဆိုးကို ထကြည့်လှည့်ပါဦး အမေရဲ့။

တကယ်တမ်းနဖူးတွေ့၊ဒူးတွေ့ကြုံမှ မမမြသည် အဆက်အသွယ်ပွဲစား လုပ်နေသည်တင်မဟုတ်ပဲ အိမ်တွင်ပင် ပြည့်တန်ဆာခန်းဖွင့်ကာ လုပ်ကိုင်နေသူဖြစ်ကြောင်း သိရတော့သည်. ပေါက်သည့်နဖူးကား မထူးတော့ပြီ။ သူမလိုပင် လှေလှော်ရင်းနစ်နေကြသူများကိုလဲ တွေ့ရှိရလေသည်။ သူမ၏ ကနဦးည ဖောက်သည်သည် အသက်အရွယ် ကြီးရင့်လှပြီဖြစ်သော စစ်ဘက်အရာရှိတစ်ဦးဖြစ်လေည်။ ကိုယ့်အသက်ကိုပင် ကိုယ်မအားနာ၊ ကိုယ့်သမီး အရွယ်လေးနှင့် လာပျော်ပါးနေသည့် မျက်နှာကြီးကို မြင်ရသည်မှာ ရွံ့ရှာဖွယ် ကောင်းလိုက်ပါဘိခြင်း။ ထိုသူပြန်သွားတော့ ခေတ်ပျက်သူဌေးတစ်ဦးအား မမမြက ထပ်သွင်းလာသည်။ နောက်ဆုံးတော့ သူမ၏ ပထမဆုံးအပျိုရည်ပျက်သည့်ညသည် စက်ဆုပ်ဖွယ်ကောင်းစွာပင် ပြီးဆုံးသွားခဲ့ရသည်။

နံနက်မိုးလင်းခါနီး ပြိတ္တာလို သတ္တ၀ါများ ထသွားကြသောအခါတွင်မှ သူမတို့အားလုံး အိပ်ခွင့်ရခဲ့လေသည်။ သူမဘေးမှ ခင်ခင်ဆိုသူ ကောင်မလေး ကြိတ်ငိုနေသဖြင့် တိုးတိုးတိတ်တိတ်မေးကြည့်တော့ ညက ဖောက်သည်တယောက်အား စိတ်ဆိုးအောင် လုပ်မိသဖြင့် မမမြက ကြိမ်လုံးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ထားတာ ခံရသည်တဲ့။ သူမ၏ ရှေ့ဘ၀ခရီး အတွက် ရင်လေးသွားရသည်။

ငယ်စဉ်တုန်းကတော့ ကြားဖူးပါသည်။
ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနဲတတ်သည်“တဲ့။
သူမက မီးကိုမှ တိုးချင်သည့် ပိုးဖလံမဟုတ်ပါ။ ဒီအိမ်ထဲမှာရှိနေသော ဘ၀တူ မိန်းကလေးများမှာလဲ ပိုးဖလံတွေ မဟုတ်ကြပါ။ ဒီလိုအလုပ်မျိုးကို ဘယ်လို လူစားမျိုးက လိုလိုချင်ချင် လုပ်ချင်ပါမတဲ့လဲ။ သို့ပေမယ့် မီးကိုမှ တိုးရသည့် ပိုးဖလံဘ၀မျိုးရောက်အောက် အခြေအနေများက တွန်းပို့ခဲ့လေပြီ။

သွားပို့ပြီး ချက်ချင်း ပြန်လာနော်။ ထွက်ပြေးမယ်တော့ မကြံနဲ့။ ငါ့လက်ထဲက လွတ်တဲ့လူ အခုထိ မရှိသေးဘူး“

လိုနေသော ငွေကြေးများကို ထုတ်ပေးလိုက်သော်လဲ ခြိမ်းချောက်စကားနှင့် ဖြစ်သည်။ သူ့လက်ခုပ်ထဲမှ ရေဖြစ်နေပြီဆိုတော့ သူပြုသမျှနုရတော့မည်ပေါ့။ ငွေထုပ်ကို ပိုက်ပြီး ကားနှစ်ဆင့်စီးကာ နေအိမ်သို့ ပြန်ရသည်။ အ၀တ်အစားအချို့ကို အိတ်ထဲထည့်သိမ်းပြီး၊ ကိုတိုးမောင်အိမ်သို့ ၀င်ကာ ပိုက်ဆံပေးရသည်။ ခရီးထွက်မည် ဖြစ်ကြောင်းပြောရသည်။ သူမဘာဖြစ်နေသည်၊ ဘာလုပ်နေသည်ကို ရပ်ကွက်ထဲမှ လူအများ မသိစေလိုပါ။ ရှက်စရာကောင်းလိုက်သည့်ကိစ္စ။ သူမသည် မိန်းမကောင်းပီသစွာ ကြီးပြင်းခဲ့ရသူလေးပါ။

အ၀တ်အစားအိတ်ကို လက်တဘက်ကဆွဲရင်း မမမြဆီသို့ အပြန်ခရီးအတွက် သူမခြေလှမ်းများက လေးကန် ထိုင်းမှိုင်းနေလသည်။ မသွားလို့လဲမဖြစ်။ မမမြသည် အလွန်ကြောက်စရာကောင်းသော မိန်းမကြီးဖြစ်ကြောင်း သူမသိခဲ့ရပြီးပြီ။ ဘာပဲဖြစ်ဖြစ် နဲနဲတော့ အချိန်ဆွဲထားချင်သေးသည်၊ ငရဲခန်းမှ ခဏဖြစ်ဖြစ် လွတ်နေရင်လဲ အမြတ်ပေါ့၊ လှိုင်ဈေးဘက်သို့သွားရန် သူမစဉ်းစားလိုက်သည်။

()

ဘာကြောင့်ဒီအခက်အခဲတွေ ရောက်နေကြတာလဲ။ ကျွန်မတို့ပြည်သူလူထုဟာ ကြောက်နေလို့။ အဲဒါကို မကြောက်နဲ့။ မကြောက်ရင် ကျွန်မတို့ရဲ့ အခက်အခဲတွေ အားလုံးဟာ လမ်းပွင့်သွားလိမ့်မယ်“

ဦးတည်ရာမဲ့၊ စိတ်ညှိုးနွမ်းစွာ လျှောက်နေသော သူမသည် လှိုင်ဈေးကြီးအရှေ့တွင် ကြားလိုက်ရသော အသံကြောင့် ခြေလှမ်းတို့ တုန့်ကနဲ ဖြစ်သွားသည်။ ခုနက ကိုယ့်အပူနှင့် ကိုယ်မို့ သတိမထားမိ။ ယခုမှ ဈေးကြီး ရှေ့တွင် လူအများ စုဝေးနေတာ သတိရမိသည်။ မိန့်ခွန်းသံများကို သေချာစူးစိုက်၍ နားထောင်မိသည်။

လောင်စာဆီဈေးနှုန်းကျဆင်းရေးဟာ အစိုးရမှာ တာဝန်ရှိပါတယ်“

ဒီစကားသံကို ကြားလိုက်ရတော့ သူမဆတ်ကနဲဖြစ်သွားသည်။ စောစောက အချိန်အထိ သူမဘ၀၏ ဆိုးဝါးလှစွာသော အဖြစ်အပျက်များ၏ တရားခံသည် မမြင်ရသော ကံကြမ္မာဟု သူမထင်ထားခဲ့သည်။ ယခုမှ တရားခံအစစ်ကို ရှာတွေ့တော့သည်။

ဟုတ်သည်။ အကယ်၍များ လောင်စာဆီဈေးတွေ ထိုရက်များက ခုန်တက်မသွားခဲ့ဖူးဆိုလျှင် သူမဘ၀အခြေအနေ ဤမျှ ဆိုးချင်မှ ဆိုးမည်။ အမေ့အသက်ကိုလဲ ကယ်ချင်ကယ်နိုင်ခဲ့မည်။

မိမိတို့ရဲ့ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေအတွက်“

မိန့်ခွန်းသံများက ဆက်လက်ထွက်ပေါ်နေသည်။ မိန့်ခွန်းသံများ ကြားရမှ သူမကျောင်းမပြီးခဲ့ရခြင်း၊ ဆေးရုံတွင် အမေတို့လို ဆင်းရဲသားလူမမာများအား ကုသပေးရန် ဆေးမရှိခြင်းများသည် လူတစ်ယောက်၏ အခွင့်အရေးများ ဆုံးရှုံးနေခြင်းဖြစ်ကြောင်း သူမသိလိုက်ရသည်။

အကယ်၍ အခမဲ့ပညာရေးစနစ်သာ ရှိခဲ့လျှင် သူမပညာရေး ဆုံးခန်းတိုင်ခဲ့လိမ့်မည်။ အကယ်၍ ပြည်သူ့ဆေးရုံမှာ ဆေးဝါးများသာ ရှိလျှင် အမေ့ကို ဆေးကုဖှို့ ဤမျှအထိ ငွေကုန်ချင်မှ ကုန်မည်။ အတွေးနှင့်အတူ တရားခံများအပေါ်တွင် တစတစနာကြည်းလာသည်။

ဟုတ်တယ်။

ငါ့အမေသေတာ-ဒီအစိုးရကြောင့်
ငါ့ဘ၀ပျက်တာ-ဒီအစိုးရကြောင့်။

အတွေးနှင့်အတူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိသည်။

လောင်စာဆီဈေးတက်တာကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေကိုယ်စား ကျွန်တော်တို့တွေ လမ်းလျှောက်ပေး နေတာပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်ဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်“

မိန့်ခွန်းသံက ဆက်လက်ထွက်ပေါ်လာသည်။

ပါမယ်။ပါမယ်။ ဒုက္ခမျိုးစုံရောက်ခဲ့ရတဲ့ ပြည်သူတွေကိုယ်စား ငါလဲ ပါဝင် ဆန္ဒပြမယ်။ အဲဒီအစိုးရဆိုတဲ့ တရားခံကြီးကြောင့် ပျက်ခဲ့ရတဲ့ ငါ့ဘ၀အကြောင်း လူတွေသိအောင် ပြောပြရမယ်။ မကောင်းတဲ့လူကို မကောင်းသလို ဖော်ထုတ်ပြရမယ်“

ရင်ထဲမှ ထွက်ပေါ်လာသော ခိုင်မာသော ဆုံးဖြတ်ချက်နှင့်အတူ လမ်းလျှောက် ဆန္ဒပြနေသော လူအုပ်ကြီးထဲသို့ သူမတိုးဝင်လိုက်ပါတော့သည်။


(မတရားအာဏာသိမ်းအစိုးရ၊ ရွေးကောက်ခံ အာဏာရှင်အစိုးရ၊ ရွှေရည်စိမ်အစိုးရ အသွင်အမျိုးမျိုးဖြင့် သက်ဆိုးရှည်နေသော စစ်အာဏာရှင်စနစ်ဆိုးကြီး ပျက်သုဉ်း၍ စနစ်ဆိုးကြောင့် ဘ၀ပျက်ရသူများ လျော့နည်း ပပျောက်စေရန် ရည်သန်လျက်)

ခင်မမမျိုး (၂၃၊ ၈၊ ၂၀၀၇)



ဘယ်သူတရားခံလဲ (၀တ္တုတို).pdfဘယ်သူတရားခံလဲ (၀တ္တုတို).pdf
56K   View   Download  

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၂


သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၂

ကံဆိုးချင်းတော့ မြစ်လယ်တည့်တည့်မှာ စစ်သင်္ဘောကြီးတစီး ရပ်ထားတာကို တွေ့လိုက်ရပါတယ်။

“ဘုရားရေ။ သွားပြီထင်တယ်။ ဒီတခါတော့ ဆန္ဒပြပွဲအတွင်းမသေဘဲ ရေလယ်မှာ ပစ်သတ်ခံရတော့မယ်ထင်ပါတယ်” လို့ စိတ်ထဲက အတော်စိုးရိမ်ပြီး ဘုရားတလိုက်မိပါတယ်။ ဒါပေမယ့် ကံကောင်းတယ်လို့ ပြောရမလား၊ တမင် သိရက်နဲ့ လွှတ်ပေး လိုက်တာလားတော့ မပြောတတ်၊ အဲဒီသင်္ဘောကြီးက တချက်မှမလှုပ်ဘူး။ ဆလိုက်မီးနဲ့ ထိုးပြီး သတိပေးတာမျိုးလည်းမရှိဘူး။

minthamee_three_004ရင်တမမနဲ့စီးလာရတဲ့ လှေခရီးဟာ မနက် ၅ နာရီခွဲလောက်မှာတော့ စော်ဝရွာကို ဆိုက်ပါတယ်။ အဲဒီမှာ သေနတ်ကိုင်ထားတဲ့ ဗကပ ဆိုတာကို ကျနော့်ဘဝမှာ ပထမဆုံးအကြိမ်မြင်ဖူးပြီး ထားဝယ်က ကျောင်းသားတချို့လည်း သူတို့နဲ့အတူ ရှိနေတာကို အံ့သြစွာတွေ့လိုက်ရပါတယ်။ လက်နက်ကိုင် တော်လှန်ရေးအတွက် စိတ်ကူးယဉ်နေတဲ့ (တကယ်ကတော့ အဲဒီအချိန်အထိ လက်နက်ကိုင် တော်လှန်ရေးဆိုတဲ့ လှပတဲ့ စကားလုံးမျိုး အတိအကျမသုံးတတ်သေးပါ) ကျနော်ဟာ ဗကပ - ရဲဘော် ၃ ဦး ကိုင်ထားတဲ့ လက်နက်တွေကို အသေအချာကြည့်မိပါတယ်။ အဲဒီတုန်းက ဂျီသရီး လောက်ကိုသာ အဝေးကနေ မြင်ဖူးသေးတဲ့ အတွက် သူတို့ကိုင်ထားတဲ့ လက်နက်ကို ဘာအမျိုးအစားမှန်း ကျနော်မခေါ်တတ်ပါဘူး။ KNU နယ်ထဲ ရောက်ဖူးတဲ့ ကျနော့်ဘေးက ကျောင်းသားတဦး ပြောတာကတော့ နေ၀င်း စတင်းကတလက်။ AK 47-ခေါက်ဒင်က တလက်နဲ့ M 79 လောင်ချာက တလက်ဖြစ်တယ် ဆိုတာကို သိခဲ့ရပါတယ်။

တကယ်တမ်း ပြန်စဉ်းစားမယ်ဆိုရင်တော့ ကျနော်တို့ သက်စွန့်ဆံဖျား သွားခဲ့တဲ့ အဲဒီ တညတာ လမ်းကြောင်းဟာ ဘေးကနေ ကြည့်နေသူအတွက် ရယ်ချင်စရာ ဖြစ်နေနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု ကျနော်တို့ ရောက်နေတဲ့ စော်ဝရွာနဲ့ ထားဝယ်မြို့ဟာ ၅ မိုင်လောက်ပဲ ကွာပြီး စက်ဘီးနဲ့ လာမယ်ဆိုရင် နာရီဝက်အတွင်းရောက်နိုင်တဲ့ နေရာဖြစ်နေလို့ပါ။

ဒါပေမယ့် ကိုယ်သွားရမယ့် လမ်းကြောင်းကို ကြိုမသိတာရော၊ စစ်တပ်က ဂိတ်တွေကို ပိတ်ထားတာရော အခြေနေ တွေကြောင့် ၅ မိုင်ခရီးကို သက်တောင့်သက်သာ စက်ဘီးလေး၊ ဆိုင်ကယ်လေးနဲ့ မသွားနိုင်ဘဲ ထားဝယ်မြစ်ကိုဖြတ်ပြီး ၃၊ ၄ မိုင်ဝေးတဲ့ အနောက်ဘက်က ကျနော်တို့ရွာဆီ လှေတတန်၊ မြင်းလှည်းတတန်နဲ့ အရင်လာ၊ အဲဒီကနေ ၁ဝ မိုင်ခရီးကို ညကြီးမင်းကြီး လမ်းပြန်လျှောက်၊ တမိုင်ကျော်လောက် ကျယ်မယ့် ပင်လယ်ဝကို လက်လှော်လှေတွေနဲ့ ဖြတ်ပြီးမှ ဒီရွာလေးကို ခဲရာခဲဆစ် လာခဲ့ရတာကိုက ဒီခရီးစဉ်ဟာ စနစ်တကျ ပြင်ဆင်ထားတာမဟုတ်ဘဲ အရေးပေါ် သင့်သလို သွားခဲ့ရတယ်ဆိုတာ ထင်ရှားနေပါတယ်။

တကယ်ကတော့ ဒီရွာကိုရောက်တာနဲ့ ဗကပ ထိမ်းချုပ်နယ်ထဲ ရောက်ပြီလို့ မဆိုနိုင်သေးပါဘူး။ စစ်တပ် တပ်စုတစု အခြေစိုက်တဲ့ ရှင်မုတ္တီးကျေးရွာနဲ့ ရဲစခန်းတခု အခြေစိုက်စိုက်တဲ့ ပေါက်တိုင်းတံတား ကြားမှာ စော်ဝရွာက ရှိနေတဲ့အတွက် လုံခြုံရေးအရ ဘယ်လိုမှစိတ်မချရပါဘူး။ ဒါကြောင့် စော်ဝရွာကနေ ထွက်ပြီး ထားဝယ် - သရက်ချောင်း ကားလမ်းမကို ဖြတ်ဖို့ ပြင်ရပါတယ်။ တညလုံး အသံတိတ်စွာနဲ့ လျှို့ဝှက်သဲဖို ခရီးကို ဖြတ်လာခဲ့တဲ့ ကျောင်းသားတွေဟာ ဒီမနက်မှာကျတော့ မနေ့ကလို အသံမတိတ်တော့။ ထားဝယ်မြို့ပေါ်ကနေ စော်ဝဆီ ဒီမနက်ရောက်လာသူတွေနဲ့ သတင်းမေးရင်း၊ ဟိုပြောဒီပြော လုပ်ရင်းနဲ့ အသံတွေက နည်းနည်းဆူညံနေလို့ မနည်း ထိမ်းချုပ်ခိုင်းရပြီး မနက် ၈ နာရီ လောက်ကျမှ ကားလမ်းမကိုဖြတ် နိုင်ခဲ့ပါတယ်။

ကျောင်းသားတွေ ကားလမ်း ဖြတ်ကူးပုံကလဲ ကြည့်ပါဦး။ ဗကပ စစ်သားတွေရဲ့ အကြံပေးချက်အရ ၃ ယောက် တစုလောက် ခွဲပြီး ကားလမ်းကိုဖြတ်ပြေး၊ ပြီးတော့ ကားလမ်းရဲ့ ဟိုမှာဘက်က ယောင်းမော်ရွာထဲကိုဝင်ကြတာ။


အားလုံး စနစ်တကျနဲ့ လျှို့ဝှက်တဲ့ စစ်ကြောင်းတခုလို ပြင်ဆင်ထားပေမယ့် တကယ်ကတော့ အဲဒီလို ကျနော်တို့ ပြေးနေတာကို လမ်းဘေးကနေ ထိုင်ကြည့်နေတဲ့ ရွာသားတွေက အများကြီးပါ။ မနက် ၈ နာရီဆိုတော့ ရှင်မုတ္တီး ဈေးက ဖွင့်နေပြီ ဖြစ်တဲ့အပြင် စော်ဝနဲ့ ထားဝယ်ကြား ဆိုင်ကယ်နဲ့ အသွားအပြန် လုပ်နေတဲ့ ကျောင်းသားတွေကို အားလုံးက ရိပ်မိတဲ့ အတွက် အခုလို လာကြည့်နေတာ ဖြစ်ပုံရပါတယ်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကံကောင်းတာကတော့ ရှင်မုတ္တီးက စစ်တပ်ရော၊ ပေါက်တိုင်း တံတားဂိတ်က ရဲ တွေရော၊ နောက်တခါ အဲဒီ ရဲစခန်းရှေ့ ညောင်ဇင်ရွာက စစ်တပ်တွေပါ နည်းနည်းမှ လှုပ်ရှားတာ မတွေ့ရပါဘူး။ ဒါဟာ ကျနော်တို့ အစီအစဉ်တွေ သိပ်လျှို့ဝှက် သေသပ်လွန်းလို့ စစ်တပ်က မသိတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ အခြေနေအရ လွတ်ပေး ထားလိုက်တာ၊ ဒါမှမဟုတ် အမိန့်မရလို့ စခန်းထဲကနေ မထွက်တာမျိုး ဖြစ်ဖို့များတယ်လို့ တွက်ဆမိပါတယ်။

လျှို့ဝှက်သိပ်သည်းမှု ရှိလှတဲ့ ကျနော်တို့ ကျောင်းသားစစ်ကြောင်း အကြောင်းကို ရှင်မုတ္တီးတဈေးလုံးနဲ့ လမ်းသွားလမ်းလာ အားလုံး သိသွားပြီး ကျနော်တို့အတွက် ထမင်းထုပ်တွေ လာပို့ကြပါတယ်။ နောက်တခါ စော်ဝ - ထားဝယ် အသွားအပြန် လုပ်နေတဲ့ ဆိုင်ကယ်စီးသူတွေရဲ့ ကောင်းမှုကြောင့် အထက ကျောင်းသားတွေ အများစုပါတဲ့ နောက်ထပ် ကျောင်းသား ၄၀၊ ၅၀ လောက် ထားဝယ်ကနေ ထွက်ပြီး ကျနော် တို့ဆီ ထပ်ရောက်လာပြန်ပါတယ်။ အဲဒီညက ကျနော်တို့ စခန်းချဖြစ်တဲ့ ယောင်းမော်ရွာမှာ ကျောင်းသားအင်အား ၁ဝဝ လောက်ဟာ ရွာလယ်မှာ တရုန်းရုန်းဖြစ်နေပြီး အိမ်တိုင်းက ထမင်းဖိတ်ကြွေး ကြ၊ သူ့အိမ်မှာတည်းပါ၊ ငါ့အိမ်မှာတည်းပါဆိုပြီး ဖိတ်ခေါ်ကြနဲ့ အဲဒီညဟာ အရင်ညလို မျိုး ပင်ပန်းမှု မဖြစ်ခဲ့ပါဘူး။

နောက်တနေ့ မနက်စောစောမှာတော့ ကျနော်တို့ ညအိပ်တဲ့ ယောင်းမော်ရွာရဲ့ရှေ့က ကင်းရှေ့ဆိုတဲ့ရွာရဲ့ မူလတန်း ကျောင်းမှာ လူစုပြီး တော်လှန်ရေး ခရီးရှည်အကြောင်း ဟောပြော၊ တောတွင်းခရီးကို စတင်ဖို့ ပြင်ပါတယ်။

“တောလမ်းခရီးက ကြမ်းမယ်။ ၃၊ ၄ ရက်သွားမှ KNU နယ်မြေဆီ ရောက်မယ်၊ အဲဒီကမှ ထိုင်းနယ်စပ်ကို နောက်ထပ် ၃၊ ၄ ရက် ထပ်သွားရမယ်၊ ခရီးကြမ်းမယ်၊ ထမင်း ငတ်နိုင်တယ်၊ ငှက်ဖျားမိမယ်၊ တိုက်ပွဲနဲ့လည်း တိုးနိုင်တယ်။ ဒါကြောင့် အသေအချာ စဉ်းစားဆုံးဖြတ်ကြပါ ဆိုပြီး ဗကပ အရာရှိ တဦးက ပြောပါတယ်။ အဲဒီနောက် ကျနော်တို့လည်း ဒီတိုင်း ဆိုရင်တော့ မိန်းကလေးတွေ လိုက်လို့မဖြစ်ဘူးထင်တယ်၊ မိန်းကလေးအားလုံး ဒီမှာပဲနေခဲ့တော့၊ ကျန်တဲ့လူတွေ ခရီးဆက်မယ် ဆိုပြီး စီစဉ်ပါတယ်။

အဲဒီမှာ မိန်းကလေးတွေကို တောထဲခေါ်သင့်၊ မသင့်နဲ့ ပတ်သက်ပြီး သဘောထားကွဲမှု စတာပါပဲ။

ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း တယောက်တမျိုးစီ ပြောပြီးတဲ့နောက် ကျောင်းသူ ၁၀ ယောက်ကျော်နဲ့ အဲဒီကျောင်းသူ တွေနဲ့ မခွဲနိုင်တဲ့ ကျောင်းသား ၂ဝ လောက်ဟာ အဲဒီရွာမှာကျန်နေခဲ့ပါ တော့တယ်။


“ဖွန်ကြောင်တဲ့ကောင်တွေ နေခဲ့ကွာ။ အသက်စွန့် တော်လှန်ရေး လုပ်ပါမယ်ဆိုမှ ဖွန်ကြောင်တဲ့ကောင်က ရှိသေး” ဆိုပြီး လှောင်တဲ့ သူကလှောင်၊ ကျန်တဲ့လူက ကျန် ဖြစ်ခဲ့ပါတယ်။

“ကျမတို့လည်း တော်လှန်ရေး လုပ်ခွင့်ရှိတာပဲ။ အမျိုးသမီးဖြစ်လို့ တောထဲလိုက်ခွင့် မပြုဘူးဆိုတာကတော့ တရားမျှတမှု မရှိဘူး” ဆိုပြီး ကျောင်းသူတဦးက ဆွေးနွေးပွဲအတွင်း ပြောခဲ့တာကိုလည်း ကျနော် မှတ်မိနေဆဲဖြစ်ပါတယ်။

နောက်ပိုင်း ကျနော်တို့ မင်းသမီးစခန်းရောက်ပြီး ကံပေါက်နဲ့ ပုလောဘက်က လာတဲ့ ကျောင်းသူ ၁၀ ဦးကျော်ကိုတွေ့တော့ မှပဲ အမျိုးသမီးတွေကို မခေါ်ဘဲ ချန်ထားခဲ့တာ မှားပြီလို့ တွေးမိကြပါတယ်။

တကယ်ကတော့ ဒီလိုကျန်ခဲ့သူတွေထဲမှာ အားလုံးဖွန်ကြောင်ပြီး ကျန်နေသူတွေတော့ မဟုတ်ပါဘူး။

ကျနော်တို့ ရွာကဆို ၃ ဦးပါလာပေမယ့် တဦးက သူ့မိသားစု ကိစ္စရှိသေးတယ်။ ကျနော်နဲ့အတူ ချက်ချင်း လိုက်လို့ မဖြစ်သေးဘူး ဆိုပြီး ဒီရွာမှာ ကျန်နေခဲ့ပါတယ်။ အလားတူ တခြားကိစ္စတွေနဲ့ ချန်နေခဲ့သူတွေလည်း ရှိနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ ခိုင်ထူးရဲ့သီချင်း “တွေဝေလမ်းခွဲ” ဆိုပြီး သူတို့ကို ထားရစ်ခဲ့လို့ ကျနော်အပါဝင် ကျန်တဲ့လူ ၅ဝ ကျော်ကတော့ ဗကပ လမ်းပြနဲ့အတူ တောတွင်းခရီး ကြမ်းကိုစတင်ခဲ့ပါပြီ။

အဲဒီမှာ တောတွင်းခရီး စပြီ၊ တောခိုပြီဆိုပေမယ် ကျနော်တို့ လက်ထဲမှာ ဘာတွေပါလာသလဲ ဆိုတာကိုလည်း ကြည့်ပါဦး။ ကျနော်ဆိုရင် ရွာမှာ ညစဉ်ကင်းစောင့်ရင်း အဆင်သင့်ပြင်ထားတဲ့ လွယ်အိတ်တလုံး၊ အဲဒီထဲမှာ စောင်ပါးပါးလေး တထည်နဲ့ လောက်လေးခွတခု၊ ကိုယ်ပေါ်မှာတော့ စက်ဘီးစီး အင်္ကျီတထည်။ အဲဒီပေါ်မှာ ဂျင်းဂျက်ကင်တထည်၊ အောက်မှာက ပလေကပ် လုံချည်၊ ဖိနပ်က မြမာလာ ကတ္တီပါဖိနပ်။ ကျန်တဲ့သူတွေလည်း ဒီလိုပါပဲ။ အ၀တ်တထည် ကိုယ်တခုနဲ့ ထွက်လာသူတွေချည်း ဖြစ်ပြီး ကျောပိုးအိတ်နဲ့ စနစ်တကျ ပြင်လာသူကို ကျနော်မတွေ့မိဘူး။

တောတွင်းခရီး ဆိုပေမယ့် တကယ့်တောထဲကို ရောက်သေးတာမဟုတ်ဘဲ ဗကပ သြဇာလွှမ်းတဲ့ တောရွာတွေကို ဖြတ်သွားရတဲ့ ခရီးသာ ဖြစ်ပါတယ်။ ထားဝယ်မြို့ကနေ ၇ မိုင် ၈ မိုင် သာဝေးတဲ့ ဒီဒေသမှာ တောရွာတွေ ဒီလိုရှိနေမှန်း၊ ဗကပ လက်နက်ကိုင်တွေက ဒီရွာတွေကို ထိမ်းချုပ်ထားမှန်း ကျနော် လုံးဝ ကြိုမသိခဲ့ပါဘူး။ တောရွာတွေ ဆိုတဲ့အတိုင်း ကားလမ်းက မရှိတော့ လှည်းလမ်းနဲ့ လူသွားလမ်းတွေ အတိုင်း ကျနော်တို့ ကျောင်းသားစစ်ကြောင်းကြီး လျှောက်လာခဲ့ပါတယ်။

တောင်အဆင်းအတက် မရှိသေးဘူး ဆိုပေမယ့် ချောင်းတချို့ကိုဖြတ်ရတာ၊ မိုးက တဖွဲဖွဲ ရွာနေတာကြောင့် အ၀တ်အစား တွေက ရေစိုတဲ့အပြင် မြမာလာဖိနပ်ကြောင့် မိုးရေထဲမှာ ချော်လဲတာ၊ ဖိနပ်ကြိုပြတ်တာတွေ စဖြစ်ခဲ့ပါတယ်။

ဗကပ ဒေသမှာ ကျနော် မှတ်မှတ်ရရဖြစ်ခဲ့တဲ့ နောက်တချက်ကတော့ ရွာသားတွေဟာ ဆင်းရဲကြပြီး ထားဝယ်မြို့နဲ့ မြို့ဝန်းကျင်က ရွာတွေလို စားသောက်ရေး အဆင်မပြေတာပါ။ ဗကပ ထားဝယ်ခရိုင် ရုံးစိုက်တဲ့ မကဲ ကျေးရွာကိုမရောက်မီ တောင်ဇင်းရွာမှာ ကျနော်တို့ ညအိပ်ပြီး နောက်တနေ့ မနက်စာ ကြွေးတော့ နွားနို့ရယ်၊ ထားဝယ်ငါးပိထောင်းနဲ့ ထမင်းပန်းကန် ရယ်ပဲ တွေ့ရလို့ ဘယ်လိုစားရမှန်း မသိခဲ့ပါဘူး။ နောက်တခါ ညနေစာကို ၄ နာရီလောက်မှာ ကျွေးပြီး ညစာ မကျွေးတော့ပါဘူး။ ဒါဟာ ဒီဒေသက ရွာတွေရဲ့ ထုံးစံမှန်း နောက်မှသိရပြီး ကရင်ရွာတွေနဲ့ တောတွင်းကာလ ၁ဝ နှစ်ကျော် လုံးလုံးမှာလည်း တနေ့ ထမင်း ၂ နပ်နဲ့ပဲ တင်းတိမ်ခဲ့ရပါတယ်။

တခြားဒေသတွေမှာ တနေ့ ထမင်းဘယ်နှခါ စားသလဲ ကျနော်အသေအချာ မသိပေမယ့် ကျနော်တို့ ရွာတွေမှာတော့ တနေ့ ထမင်း ၃ ခါ စားကျင့် ရှိခဲ့ပါတယ်။ မနက် လယ်ထဲမဆင်းခင် ထမင်းကြမ်းစား၊ နေ့လယ် ၁၁ နာရီမှာ နေ့လယ်စာနဲ့ ညနေ ၆ နာရီမှာ ညစာစားပါတယ်။ နောက် ထမင်းစားပွဲပေါ်မှာ ထားဝယ်ငါးပိ ထောင်းဘူး အမြဲတမ်း ရှိနေပြီး အဲဒါကို ဒီတိုင်းစားမလား၊ သံပုရာသီး ညှစ်ပြီး ဒါမှမဟုတ် ပအုန်းရည်နဲ့ ငါးပိဖျော်လုပ်မလား၊ ငါးပိဖုတ်ပြီး ဆီးဆမ်း၊ ကြက်သွန်နီနဲ့ စားမလား။ စသဖြင့် စားလေ့ရှိပါတယ်။ နောက်နေ့ နေ့လယ်စာနဲ့ ညစာမှာ ငါးပိတမျိုးမျိုးနဲ့ တို့စရာအပြင် ဟင်းချိုတမျိုး၊ အသားဟင်းတမျိုး။ ဒါမှမဟုတ် ငါးဟင်းတော့ ပါကြပါတယ်။ ဒါပေမယ့် အခု ကျနော်ပြောနေတဲ့ ဗကပ ရွာတွေမှာတော့ ငါးပိနဲ့ တို့စရာကိုသာ ပြင်ပေးထားတဲ့အတွက် တခုခု ထပ်ပြင်နေဆဲထင်ပြီး ၃ မိနစ်လောက် ထမင်းမစားသေးဘဲ ကျနော်တို့ထိုင်စောင့် နေပါတယ်။ နောက်ပိုင်းမှ သဘောပေါက်ပြီး ပြုံးခဲ့ရတာတွေကို အခုထိ သတိရနေဆဲပါ။

ဒါပေမဲ့ တောခိုရင် ငတ်မယ်ပြတ်မယ်လို့ ပြောထားတဲ့အတွက် ဒီလိုစားရတာကိုတောင် ကျေးဇူးတင်ရမှာပါ။ ဒီလိုနဲ့ ဟင်းမပါတဲ့ ထမင်းကိုစားပြီး ခရီးဆက်၊ တောစပ်ကိုကျော်၊ ရွာတွေကိုဖြတ်၊ ချောင်းတွေကိုကူးပြီး မွန်းလွဲပိုင်းမှာတော့ ဗကပ ထားဝယ်ခရိုင် ရုံးစိုက်တဲ့ မကဲ ကျေးရွာကို ရောက်ပါတယ်။ အဲဒီမှာ ပစ္စည်းမဲ့ အလံတော် တူ - တံစဉ် ဆိုတာတွေကို စ တွေ့ရပါတော့တယ်။

Wednesday, August 17, 2011

တစ္ဆေ ဦးသိန်းစိန် ကခြောက်တဲ့ အန္တရာယ်

ပြည်ပရောက်တွေ ပြန်လာခဲ့ကြ လို့ ဖိတ်ခေါ်တိုင်းလဲ မယုံကြဖို့ 

၈လေးလုံးအရေးတော်ပုံကြီးကိုစစ်တပ်က ဖြိုခွင်းတယ်။ ကျောင်းသား ၁သောင်းခွဲကျော်နယ်စပ်ဒေသတွေကို ထွက်ပြေးလာတယ်။ ထွက်ပြေးလာတဲ့သူတွေ က လက်နက်ရှာပြီး ပြန်တိုက်မယ်ဆိုတဲ့ကြီးမားတဲ့  ရည်ရွယ်ချက်တွေနဲ့ ပါ။  တောထဲရောက်တော့ အခြေနေက ပြည်တွင်းမှာလို မဟုတ်ဘူး။ စိန်ခေါ်မှုအသစ်တွေ ။ မမျော်လင့်ထားတာတွေ။ တချို့ စိတ်ဓါတ်ကျလာတယ်။ တချို့ အားမလျော့ဘူး။ 
ဒီအခြေအနေကို စစ်အစိုးရက အခွင့်ကောင်းယူတယ်။ ပြန်လာခဲ့ကြ။ ခွင့်လွတ်တယ်။ နိင်ငံရေးလုပ်ခြင်ရင် 
ပြည်တွင်းမှာလုပ်လို့ ရတယ် ဆိုပြီး မိန့် ခွန်းတွေ သတင်းစာရှင်းလင်းပွဲတွေနဲ့ အဆက်မပြတ် 
ဖိတ်ခေါ်ခဲ့ပါတယ်။  ပြည်တွင်းမှာ နိင်ငံရေးပါတီတွေ တည်ထောင်လှုပ်ရှားခွင့်ကိုလည်း ခုထက်ပေးထားပါတယ်။ ကျောင်းသားတွေကို ထိုင်းနိင်ငံ တပ်ခ် ခရိုင် စစ်တပ်လေဆိတ်ကနေ တပ်မတာ်
လေယျဉ်နဲ့ အခေါက်ခေါက်အခါခါ သယ်ပြီး ပြန်ပို့ ပါတယ်။  ပြန်တဲ့သူတွေတော်တော်ရှိတယ်။ တချို့ က အလံထောင်ပြီး ချီတက်ပြီးတော့တောင်ပြန်သွားလိုက်ကြသေးတာ။ ပုံမှာမြင်တဲ့အတိုင်းပေါ့။ 
ဒီအချိန်က ကျောင်းသားအများစုက နယ်စပ် ကရင် ၊ မွန် နဲ့ ကရင်နီစခန်းတွေမှာ ။ ကြိုဆိုရေးစခန်းတွေက
တပ်ခရိုင်နဲ့ ကန် ချနပူရီ မြို့ တွေမှာဖွင့်ထားတာ ၊ ပြန်ချင်တဲ့ကျောင်းသားတွေပြန်နိင်ဖို့ အတွက် ထိုင်းရဲတွေက ကူညီတယ်။ ကျောင်းသားတယောက်ကို ပြန်ပို့ ပေးတဲ့  ထိုင်းရဲကို စစ်အစိုးရကဘတ်ငွေ ၅ ထောင် ဆုပေးပါသေးတယ်။ ဘတ်ငွေ ၅ ထောင်ပေးမယ်ဆိုတာကိုလဲ တရားဝင်သတင်းစာတွေမှာကြေညာတာ။  ပြန်ချင်သူတွေ ၊ စိတ်မခိုင်သူတွေအတွက်ပျော်စရာကြီါ်ပေါ့ 
အကြောင်းပြချက်တွေကလဲရှိတယ်။ 
မာမီကိုလွမ်းပြီ၊ အမေ့ကိုသတိရတယ်။ ပြည်တွင်းမှာနိင်ငံရေးလုပ်လို့ ရပြီ။ ကရင်တွေဆိုးတယ်။ ကျောင်းသားတွေကွဲနေတယ်။ စသဖြင့်တွေပေါ့ဗျာ။  ကျနော်တို့ ဘာမှ မပြောပါဘူး။ 
ပြန်ချင်တဲ့သူတွေ ပြန်ပါစေ ပေါ့။  ပြန်လာတဲ့သူတွေကို အစိုးရရဲ သတင်းစာတွေ တီဗွီတွေမှာသူရဲကောင်းတွေလို ဖေါ်ပြကြတယ်။ ကျန် ခဲ့တဲ့ ကျနော်တို့ ကိုတော့  အစွန်းရောက်စစ်သွေးကြွ၊ ကရင့်နောက်လိုက်။


ယုံ လို့  ပြန်မိတဲ့ သူ တွေ ရှိခဲ့တယ်။

ဗိုလ်ချုပ်စောမောင်နဲ့  ဗိုလ်ချုပ်ခင်ညွန့် က ကိုယ်သားသမီးလိုသဘေား ထားတယ် 
ပြန်လာခဲ့ကြပါဆိုလို ပြန်သွားမိတဲ့ ၈၈ တုံးက ကျောင်းသားတွေပါ။ ခုတော့ ဗိုလ်ချုပ်စောမောင်လည်း အသတ်ခံရ ၊ ဗိုလ်ချုပ်ခင်ညွန့် လည်း အဖမ်းခံရ၊ ပြန်သွားတဲ့ကျောင်းသားတွေ ထဲ လည်းမြောင်းထဲရောက်ပေါ့။ လက်နက်ကိုင်နယ်စပ်ကိုရောက်ပြီးမှာ ပြန်သွားတဲ့သူတွေထဲမှာ မင်းသား သီဟတင်စိုး နဲ့  ထူးအိမ်သင် (ခ) ကိုငှက်ကြီးတောင် ပါသွားခဲ့တယ်။ 

သီဟတင်စိုးက အရင်က ဗကသ က ။ တော်လှန်ရေးကိုဆန်ကျင်တဲ့ ၀ါဒဖြန့် ချီရေးကားတွေ ကို အတော်မသတ်တောင်ရိုက်လိုက်သေးတယ်။  ထူးအိမ်သင်ကတော့ ဧရာဝတီလို သီချင်း နဲ့  တော်လှန်ရေးသီချင်းတွေနဲ့  တိုင်းပြည်အတွက်  ပြန်လည် အလုပ်အကြွေးပြုခဲ့တယ်။

တပ်မတော်စေတနာအမှန်ကို သိခဲ့ပြီး ပြီ။

အမြင်မှန် ရပါပြီ  တပ်မတော်ရဲ့ စေတနာအမှန်ကို သိပါပြီ  ဆိုပြီ မိဘတွေကို ကန် တော့တဲ့သူကန် တော့ကြ။ 
သူတို့ ပြန်သွားတဲ့အခါမှာသူတို့  ဆုံးဖြတ်ချက်မှန်ကန်ကြောင်း  တောထဲမှာကျန်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေမကောင်းကြောင်းမဟာမိတ် တွေမကောင်း ကြောင်းကို သူတို့ ပြောရပါတယ်။ 
သူတို့ ကိုသင်ပေးထားတဲ့စကားတွေမှာ 
၁- တပ်မတော်ကို မိဘ လို ပုံဖေါ်ရတယ်။ 
၂-သူတို့ ကိုသူတို့ ရိုးသားသူတွေ၊ အပေါင်းသင်းမကောင်းလို့ လမ်းမှားရောက်သူ၊ 
၃- တော်လှန်ရေးကိုဆက်လက်တိုက်ပွဲဝင်နေတဲ့ သူတို့ သူငယ်ချင်း ရဲဘော်ရဲဘက်တွေကို 
လူဆိုးတွေ၊ အာဏာရူးသူ၊ စစ်သွေးကြ၊ မိန်းမလိုက်စားသူု၊အရက်သမား စတဲ့ သရုပ်တွေကို ဖေါ်ကြတယ်။ 
၎- မြက်ခင်းသစ်ဆိုတဲ့  မဂဇင်းက တော်လှန်ရေးကိုနည်းမျိုးစုံနဲ့ ထိုးနက်တိုက်ခိုက်တယ်။ 

နစ်ပေါင်း ၂၀ ကြာတော့ ရေနောက်နေတဲ့သမိုင်းက ကြည်လင်လာတယ်။  
ဗိုလ်ချုပ်စောမောင်အသတ်ခံရ၊ ဗိုလ်ချုပ်ခင်ညွန့်  အထိမ်းသိမ်းခံ၊ ပြန်သွားတဲ့ကျောင်းသားတွေမြောင်းထဲရောက်၊ ကိုယ်ကိုကို ငါတော်လှန်ရေးသမား၊ ငါ ၈၈မှာပါခဲ့တယ်လို့ မဆိုရဲကြဘူး။  မြက်ခင်းသစ် ဆိုတဲ့အစိုးရ၀ါဒဖြန့်  စာဆောင်ကိုထုတ်ဝေခဲ့တဲ့  
ဒါရိုက်တာညိုမှိုင်းဝေ ဟာ ထွက်ပြေးရတယ်။ ငွေလိမ်မှုနဲ့ အဖမ်းခံရတယ်။ အေဘီအက်စ်ဒီအက်နဲ့ ကိုမိုးသီးဇွန် နဲ့အေဘီကခေါင်းဆောင်တွေ ကို ထိုးနက်တိုက်ခိုက်ခဲ့တဲ့    စိုင်းထီးဆိုင် သီဆိုခဲ့တဲ့ ပါပီမ ဆိုတဲ့ဇတ်ကား ထဲက မင်းသားတွေ မင်းသမီးတွေ လူပုံအလည်မှာမျက်နှာမဖေါ်ဝံကြဘူး။ 


ခုတခါလည်း ဦးသိန်းစိန်က ၈၈ နောက်ပိုင်းထွက်သွားသူတွေကို  ပြန်လာခဲ့ကြပါ ဆိုတော့ ။   

၁- ဦးသိန်းစိန် အတွက် တောင် စိုးရိမ်တယ်။ 
၂- ဆွမ်းကြီးလောင်းပွဲဆိုပြီး ပြန်ခြင်တဲ့သူတွေကိုလည်း သတိထားကြဖို့   သမိုင်းမှာဒီလိုတော့ရှိခဲ့တယ်ဆိုတာကို ရိုးသားစွာ အသိပေးခြင်တယ်။ 
၃- ကိုယ်လုပ်စရာရှိတာတွေဆက်လုပ်ကြဖို့ ပါပဲ။ 






ဦးသိန်းစိန်က ပြည်ပရောက် ပြန်လာဖို့ ဖိတ်ခေါ်


မနေ့ က ကြပ်ပြေးမှာလုပ်တဲ့ အစည်းဝေးမှာ  ဦးသိန်းစိန်က ၁၉၈၈ခုနှစ် နောက်ပိုင်းအကြောင်း
အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားအားလုံး အမိနိုင်ငံသို့ ပြန်လာခွင့်ပြုလိုက်ကြောင်း ပြောသွားပါတယ်။
သူမိန့် ခွန်းနဲ့ ပတ်သက်လို့ ကိုမိုးသီးဇွန်က  ပြည်ပက ၈၈ နောက်ပိုင်းထွက်သူတွေကို  ပြန်လာဆိုရင် ၊ ပြည်တွင်းအဖမ်းခံနေရတဲ့ ၈၈ တွေ ကို ဘာကြောင့် မလွတ် သေးတာလဲ လို့ ဆိုပါတယ်။
သူမိန့် ခွန်းမှာ တော်ရုံတန်ရံ အပြစ်ကို ခွင့်လွတ်တယ်ဆိုတာကိုကရှင်းနေတယ်ဗျ  တော်ရုံတန်ရုံမကတွေတော့ မလာနဲ့ပေါ့ဗျာ ။  
မင်းကိုနိင်နဲ့  တကွ အဖမ်းခံရတဲ့ နိင်ငံရေးအကျဉ်းသားတွေ  ကို ပြန်လွတ်ပေးဖို့ ကိစ္စနဲ့  တိုင်းရင်းသားဒေသတွေမှာ စစ်ဆင်နေတာတွေကို ရပ်ဆိုင်းဖို့ ကိစ္စတွေမပါတာက ထူးခြားနေပါတယ်လို့ ဆိုပါတယ်။

နိင်ငံရေးအကျဉ်းသားတွေလွတ်ပေးတဲ့ကိစက ပိုမိုအရေးကြီးကြောင်း အစိုးရက ပြုပြင်ပြောင်းလဲမှုတွေကို တကယ်ဆန္ဒရှိနေပြီဆိုတာကို တကယ်ပြသရာဖြစ်ကြောင်း ဆိုပါတယ်။
ဦးသိန်းစိန်ကဒီမိန့် ခွန်းကိုကြပ်ပြေး နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သော ပြည်တွင်းစီးပွားရေးနှင့် လူမှုရေးနယ်ပယ်အသီးသီးမှ တာဝန်ရှိသူများကို ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခြင်းဖြစ်ပါတယ်။