Saturday, December 22, 2012

စစ်ခုံရုံးသို့ အယူခံ ဝင်ခွင့် မရသော တပ်မတော်သား ဖခင် ၏ ဆန္ဒ ဖော်ထုတ်ခွင့် ထပ်မံ ပယ်ချခံရ

စစ်ခုံရုံးသို့ အယူခံ ဝင်ခွင့် မရသော တပ်မတော်သား ဖခင် ၏ ဆန္ဒ ဖော်ထုတ်ခွင့် ထပ်မံ ပယ်ချခံရ
...........................................................................

ပုသိမ်၊ ဒီဇင်ဘာ ၁၈

လူသတ်မှုဖြင့် တရားစွဲ ခံရပြီး နောက် ရှေ့နေဖြင့် အမှု ရင်ဆိုင်ခွင့် မရ၊ အယူခံ ဝင်ခွင့် မရဘဲ ပုသိမ် အကျဉ်းထောင်၌ ပြစ်ဒဏ် ကျခံ နေရသည့် တပ်ကြပ်ကြီး သန့်ဇင်ဦး အတွက် ဖခင်ဖြစ်သူ ဦးရွှေဝါ က ဆန္ဒ ဖော်ထုတ်ခွင့် ကို ယခုလ ၁၈ရက် နေ့က ပုသိမ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးသို့ တင်ပြ ခဲ့ရာ ထိုနေ့ တွင်ပင် ပယ်ချ လိုက်ကြောင်း သိရှိ ရသည်။

ယခုလို ဆန္ဒ ဖော်ထုတ်ခွင့် ပယ်ချ ခံရခြင်းမှာ ဒုတိယ အကြိမ် ဖြစ်ပြီး ပထမ အကြိမ် နိုဝင်ဘာလ ၂၉ နေ့က တင်ပြ ခဲ့သည့်ဆန္ဒ ဖော်ထုတ်ခွင့် ကိုလည်း ဒီဇင်ဘာလ ၁၄ ရက်နေ့က ပယ်ချခဲ့ပြီး ဖြစ်သည်။

ပုသိမ် တက္ကသိုလ် အနီးရှိ ကန်သုံးဆင့် တွင် အဓမ္မ ပြုကျင့် ခံရပြီး သတ်ဖြတ် ခံခဲ့ရသည့် တက္ကသိုလ် ကျောင်းသူ မနီလာထွေး အမှုတွင် သားဖြစ်သူ တပ်ကြပ်ကြီး အား လူသတ် တရားခံ ဖြစ်အောင် ပုသိမ် C.I.D မှ အကွက်ဆင် လုပ်ကြံကာ အမှု တည်ဆောက် ခဲ့သည့် အတွက် ယင်းဖြစ်ရပ် ကို အများပြည်သူ သိစေရန် နှင့် ယင်း အမှုအား ပြန်လည် စစ်ဆေး ပေးရန် ပုသိမ် C.I.D ရုံးရှေ့တွင် မိနစ် ၃၀ကြာ ဆန္ဒ ဖော်ထုတ်ခွင့် တင်ပြ ခဲ့ခြင်း ဖြစ်ကြောင်း ဖခင် ဖြစ်သူ ဦးရွှေဝါက The Voice Weekly သို့ ပြောကြားသည်။
“ကျနော့် သားဟာ တရား ဥပဒေရဲ့ အကာ အကွယ်ကို လုံးဝ မရရှိ ခဲ့ဘဲ ပြစ်ဒဏ် ချမှတ် ခံခဲ့ရတာ ဖြစ်တဲ့ အတွက် သူ့ အမှုကို ပြန်လည် စစ်ဆေး ပေးဖို့ အထက် အဆင့်ဆင့်ကို စာတွေပို့ တိုင်ကြား တယ်။ တင်ပြတယ်။ ဒီ အပေါ်မှာ ပြန်ကြားမှု အရေးယူ ဆောင်ရွက် မှု လုံးဝ မရှိတဲ့ အတွက် လူ့ အခွင့်အရေး ချိုးဖောက် ခံခဲ့ရတဲ့ ကျနော့် သား အတွက် ဆန္ဒ ဖော်ထုတ်ခွင့် တောင်းခဲ့ တာပါ” ဟု သူက ပြောသည်။

ယခု ဖြစ်ရပ် အား ပြီးခဲ့သည့် နိုဝင်ဘာလ က မြန်မာ နိုင်ငံ လူ့ အခွင့်အရေး ကော်မရှင် နှင့် ပြည်ထဲရေး ဝန်ကြီး ဌာန များသို့ စာရေးသား တိုင်ကြား ခဲ့သည်ဟု မိဘ များက ဆိုသည်။
“လူသတ် တရားခံ ဟာ ကျနော့် သား မဟုတ်ဘူး ဆိုတာ လူသက်သေ၊ ပစ္စည်း သက်သေ တွေ ရှိ ပါတယ်။ အခိုင်အမာ ပြောနိုင် ပါတယ်။ ဒါကြောင့် အမှုကို ပြန် စစ်ဆေး ပေးဖို့ တောင်းဆို နေတာပါ” ဟု ဖခင် ဖြစ်သူ ဦးရွှေဝါက ပြောသည်။

အဆိုပါ အမှုတွင် အမိန့် ချပြီး ၆ လ အတွင်း အယူခံ ဝင်ခွင့် ရှိသော် လည်း ၂၀၀၉ ခုနှစ် က အမိန့် ချခဲ့သည့် ယင်း အမှုတွဲကို ယနေ့တိုင် မိတ္တူ ကူးယူခွင့် မရ ခဲ့သည့် အတွက် အယူခံ ဝင်ခွင့် ဆုံးရှုံး ခဲ့ရကြောင်း မိဘများ ထံမှ သိရှိ ခဲ့ရသည်။
“သေဒဏ် ကျခံ နိုင်လောက်တဲ့ အမှုမှာ ရှေ့နေ ငှားခွင့် မရတာ ဟာ ဒါ လူ့ အခွင့်အရေး ချိုးဖောက် တာပါပဲ။ နောက် တစ်ချက်က ပြစ်ဒဏ် စီရင်ပြီး ၆ လ အတွင်းမှာ အယူခံ ဝင်ရမှာ ဖြစ်ပေမယ့် ဒီကလေး အမှု ဖိုင်တွဲကို ၃ နှစ်တာ ကာလ အတွင်း မိတ္တူ ကူးခွင့် မပေးတဲ့ အတွက် အယူခံ ဝင်ခွင့် လုံးဝ မရခဲ့ပါဘူး။ ဒါဟာ လည်း လူ့ အခွင့်အရေး ချိုးဖောက် ခံရတာ ပါပဲ” ဟု ၎င်း အမှုတွဲ ကို လိုက်ပါ ကူညီ ဆောင်ရွက် ပေးနေသည့် လူ့ အခွင့်အရေး ကာကွယ် မြှင့်တင်ရေး အဖွဲ့ - HRDP မှ ကိုဝင်းနိုင် က ပြောသည်။

တပ်ကြပ်ကြီး သန့်ဇင်ဦး (ကိုယ်ပိုင် အမှတ် တ/၃၅၉၉၀၄) သည် မန္တလေး တိုင်း ကျောက်ဆည်မြို့ အခြေစိုက် တပ်မတော် အဆင့်မြင့် နည်းပညာ သုံး ဆက်သွယ်ရေး နှင့် အီလက် ထရောနစ် ပစ္စည်းများ ထုတ်လုပ် ရေးနှင့် သုတေသန ဌာနချုပ် တပ်မှ ဖြစ်ပြီး တပ်မတော် (AGTI) ကျောင်းဆင်း တစ်ဦး ဖြစ်ကာ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၁ရက် နေ့တွင် ကျောင်းသူ မနီလာထွေး အသတ် ခံရမှုနှင့် ပတ်သတ်၍ တပ်ကြပ်ကြီး သန့်ဇင်ဦး အား စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့သည့် အတွက် လက်ရှိ တွင် ပုသိမ် အကျဉ်းထောင် ၌ အကျဉ်းကျ ခံနေ ရသည်။

No comments: