Saturday, December 22, 2012

ကလေးဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်နှင့် တွေ့ဆုံခြင်း

Written by  သန့်ဇင်ဦး

ယခင်တစ်ပတ်က The Voice Weekly တွင် သတင်း ဖော်ပြခဲ့သော ရန်ကုန်မြို့ ကလေးဆေးရုံရှိ ဝန်ထမ်းများကို ဒလမြို့နယ်သို့ ပြောင်းရွှေ့ ခိုင်းခဲ့သော အကြောင်းအရာနှင့် ပတ်သက်၍ ရန်ကုန် ကလေးဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်ကို မေးမြန်း ဖော်ပြအပ်ပါသည်။
Voice  :  ကလေးဆေးရုံမှာ ပြိုကျ သွားတဲ့ အဆောင်က ဝန်ထမ်းတွေကို ဒလပို့တာနဲ့ ပတ်သက်ပြီး အရင်ဆုံး သိပါရစေ ဆရာ။

Dr.TH  :  တိုက်ပြိုကျတဲ့ သူတွေနေဖို့ အတွက် ဆရာတို့က ဒလမှာ အိမ်ခန်း ၂၀ ရှိတယ်။ အဲဒီအိမ်ခန်း ၂၀ က ရန်ကုန် ဆေးရုံကြီးက ရထားတဲ့အခန်းတွေ။ ဆရာ ခဏချေးတာ။ ခဏချေးတဲ့ ဟာက ဒီအိမ် ခန်း ၂၀ က ပျက်နေတယ်ပေါ့။ ပျက်နေတာကို ဆရာတို့က ပြင်လိုက်တယ်။ ပြင်လိုက်ပြီးတော့ ဒီပြိုကျတဲ့ အဆောင် က မိသားစု ၂၀ ကို ပို့ဖို့လုပ်ထားတာ။ ပြိုကျသွားတဲ့ အဆောင်က အခန်း ၂၀ ဆိုပေမယ့် မိသားစုက ၂၀ မကဘူးပေါ့။ အဲဒီတော့ ဆရာတို့က မေးတယ်။ ဘယ်သူသွားချင်လဲ ပြောပေါ့။ ပထမပြန်ဖြေတာ ဘယ်သူမှ မသွားချင်ဘူးတဲ့။ ဘယ်သူမှ မသွားချင်လို့ မရဘူး။ ဆရာတို့က ယာယီ မှာပေးထားတဲ့ နေရာက မိသားစုငါးစု လောက် စုပြုံ နေလို့မရဘူးလို့။ နောက် ဓမ္မာရုံမှာလည်း ဆရာတို့က စုထားရတာ။ ဓမ္မာရုံက ဝါတွင်းဆို ဘုန်းကြီး တွေကို ဆွမ်းကပ်ဖို့က ရှိလာပြီ။ နောက် ဆရာ တို့က တစ်နေရာတည်းမှာ မိသားစုငါးစု ကို လိုက်ကာ လေးတွေ ချထားပြီးထား ရင် လူမှုရေး ပြဿနာလေးတွေ ရှိလာနိုင်တယ်။ ဆရာတို့ အိမ်ခန်းတွေကလည်း ပြင်တာတော့ ပြီးသွားပြီ။ အဲဒီတော့ ပို့ဖို့ ဘယ်သူ သွားချင်လဲ မေးတော့ ဘယ် သူမှ မသွားချင်ဘူးတဲ့။ ဒါလည်းပုံမှန်ပဲ။ တစ်သက်လုံး ကုန်းပေါ်မှာ နေလာတဲ့ လူက ရေကို ဖြတ်ပြီး သွားရမယ် ဆိုတော့ ဘယ်သူ သွားချင်မလဲ။ ဒါလည်း ဆရာနားလည်တယ်။

ဒါပေမဲ့ ဒီတိုင်း နေလို့တော့မရဘူး။ လူကြီးတွေကလည်း စနစ်တကျ နေရာချပေးဖို့ ပြောထားတယ်။ ဒါကြောင့် ရွှေ့ပေးဖို့ ဆရာ ဒီလူတွေအားလုံးကို ခေါ်တယ်။ ပွင့်ပွင့်လင်းလင်းပဲ ဆရာ ပြောတယ်။ မရွှေ့လို့တော့မရဘူး။ ဒီပြို သွားတဲ့ဟာကို ဆရာတို့က အဲဒီနေရာ မှာပဲ တိုက်ဆောက်ပေးမှာ။ ဒီလူတွေကို ပြန်ထားမှာ။ ဒီအတွက် ဆရာတို့က Plan ဆွဲပြီးပြီ။ ဒီနေရာမှာပဲ ဆရာတို့က ခြောက်ခန်းတွဲတိုက် ခုနစ်လုံး ဆောက်မှာ။ တိုက်တစ်လုံးစီမှာ အဝီစိတွင်းနဲ့ ထရန်စဖော်မာ လည်းပါမယ်။ ဆရာတို့ က တိုက်ဆောက်မယ့် ပုံစံ၊ ကုန်ကျစရိတ် အားလုံး တင်ထားတယ်။ ဒီမှာရှိသမျှလူ အကုန်လုံးကို တိုက်မှာပဲ ပြန်ထားမှာ။
Voice  :  ဆောက်လက်စ တိုက်သစ် နားက လေးခန်းတွဲ အိမ်ခန်းကလူတွေ က ပြောပါတယ်။ ဒီဇင်ဘာလ ၁၄ ရက် နေ့မှ မပြောင်းရင် အိမ်ခန်းတွေကို ဆရာက ချိပ်ပိတ်မယ်လို့ ပြောပါ တယ်။ ဟုတ်ပါသလား ခင်ဗျာ။

Dr.TH  :  ချိပ်ပိတ်မယ်တဲ့လား။ ချိပ်ပိတ်စရာ ကျွန်တော့်မှာ ဘာအာဏာရှိလို့ လဲ။ ဒလက အခန်းတွေက သြဂုတ်လ လောက်ကတည်းက ပြင်ပြီးနေပြီဆိုတော့ ဆရာက ပြောင်းချင်လား၊ မပြောင်း ချင်လားဆိုပြီး သူတို့ဆန္ဒ မေးတယ်။ ပြောင်းချင်တဲ့သူ ပြောင်း၊ မပြောင်းချင် တဲ့သူနေလို့ ဆရာကပြောတယ်။ ဒါပေမဲ့ ဆရာက Clause လေး တစ်ခုခံထား တယ်။ တချို့က ဆရာ့ကို လာပြောတယ်။ ဆရာ ဒလတော့ မပြောင်းချင်ဘူး၊ ဖယ် ဆိုရင် ဖယ်မယ်တဲ့။ ကျွန်မတို့ အလုံတို့၊ စမ်းချောင်းတို့မှာ အိမ်ငှား နေမယ်တဲ့။ ဆရာ့တိုက်ပြီးလို့ ရှိရင် ကျွန်မတို့ကို ပြန်ထားပါလို့ ပြောတယ်။ ဆိုတော့ ကျွန်တော် မပေးဘူးလို့ ပြန်ပြောလိုက် တယ်။ သူ့ဟာသူတောင် အိမ်ခန်းငှား နေနိုင်တယ် ဆိုလို့ရှိရင် ဆရာတို့က မပေးဘူး။ ဆရာတို့က ဝန်ထမ်းအိမ်ရာ ဆိုတာ ပိုက်ဆံ မတတ်နိုင်ဘဲ ဆင်းရဲချို့တဲ့ တဲ့သူ တွေကိုပေးတာ။ သူ့ဟာသူ ပိုက်ဆံချမ်းသာ လို့ တစ်နှစ်၊ ၂ နှစ် ငှားနေ ပြီးတော့မှ ဒီမှာပြန်နေမယ် ဆို ဆရာမပေးဘူး။

ဟိုဘက်ကို ပြောင်းဖို့ တချို့ကပြောင်း မယ်လို့ ဆန္ဒပြုတယ်။ တချို့က မပြောင်းနိုင် ဘူးတဲ့။ တချို့က ဟိုဘက်မှာ အိမ်ခန်း ရတယ်။ သူ့ဟာသူ ပြောင်းနေမယ်။ ပြောင်းမနေချင်ဘူး ဆိုတဲ့လူက ပြောင်း မနေပါဘူးလို့ ရေး။ ပြောင်းမနေချင်တဲ့ လူကို ဆရာ အတင်း မတိုက်တွန်းဘူး။ ဒါပေမဲ့ ပြောင်းဖို့ လိုလာတဲ့အချိန်ကျရင် ပြောင်းမနေဘူး ဆိုတဲ့လူတွေက ဒလ အိမ်ခန်း မရဘူး။ ဖျက်ဖို့ လိုလာတဲ့အခါ ကျရင် ဖယ်ပေးရမယ်။ အကုန်လုံးကို ဆရာ သူတို့ရဲ့ဆန္ဒတွေ မေးထားပြီးသား။

သူတို့ရဲ့လက်မှတ်တွေလည်း ယူထားတယ်။ သြဂုတ်လ လောက်ကတည်းက ဆရာ သူတို့ကို ပြောင်းခိုင်းတာ။ ဟိုမှာ ပြင်ပြီး သွားပြီ။ လက်မှတ်လည်း ယူထားပြီးပြီ။ ဝန်ထမ်းတွေ အတွက် အိမ်ခန်းတောင်းတာ ကိုက ဆရာတို့က ရန်ကုန်ဆေးရုံကြီးက ဒလမှာ ရန်ကုန်တိုင်း တစ်တိုင်းလုံး အတွက် ဝန်ထမ်းအိမ်ရာ ဆိုတာရှိတယ်။ ထောင်ချီ ရှိတယ်။ အဲဒီထဲက ဆရာတို့ ဆေးရုံ အတွက်က ရှစ်ခန်းပဲ ရတာ။ အဲဒါ ဆရာက အခန်း ၂၀ ရအောင် မနည်းကို တောင်းထားရတာ။ ရလာတဲ့ အခါမှာ လည်း လူတိုင်းကို ဆရာပေးလို့ မရဘူး လေ။ လျှောက်လာတဲ့၊ ဆန္ဒပြုတဲ့ လူတွေ ထဲကမှ (B) ဆောင်က ပြိုကျသွားတယ်။ အဲဒီ ပြိုကျသွားတဲ့ အဆောင်က လူတွေ ကို ဦးစားပေးတယ်။ ဒုတိယက ဆောက် လက်စ တိုက်သစ်ရှေ့က ဓမ္မာရုံဟောင်း က လူတွေကို ဦးစားပေးတယ်။ ဘာဖြစ် လို့ ဦးစားပေးလဲဆိုတော့ ဓမ္မာရုံဟောင်း ဘေးက တိုက်က မျက်နှာစာက အဲဒီ ဘက်မှာ ရှိတယ်။ အခုဆရာတို့က ဝင်ရင် နောက်ဘက်က ဝင်နေရတယ်။

အဲဒီတော့ ဒီဓမ္မာရုံဟောင်းက လူ တွေကို ထားလို့မရဘူး။ အဲဒီတော့ သူတို့ကို ဆရာက လျှောက်ဖို့ ပြောတဲ့အခါ လျှောက်တဲ့လူ လျှောက်တယ်။ တချို့က လည်း မလျှောက်ဘူး။ မလျှောက်ဘူး ဆိုရင် ဆရာတို့က သူ့မှာ အဆင်ပြေလို့၊ နေစရာရှိလို့ လို့သတ်မှတ်တယ်။ လျှောက်တဲ့လူကိုသာ ဆရာတို့က စဉ်းစားတာ။ မလျှောက်တဲ့ လူကို မစဉ်းစားဘူး။ ဆရာ တို့က ရွှေ့ခိုင်းထားတာလည်း ကြာပြီ။ သြဂုတ်လလောက် ကတည်းက ရွှေ့ခိုင်း ထားတာ။ မရွှေ့ပေးဘူး။ ဟိုဘက်မှာ နေနေတဲ့ လူတွေကလည်း မေးနေပြီ။ ဘယ်သူတွေရွှေ့ပြီးပြီလဲ၊ လာနေဦး။ ဆရာက ပြောတယ်၊ ဆောက်ပြီးပေမယ့် မိုးတွင်းကြီး။ ရေက အတက်အကျရှိတယ်။ ကလေးတွေ သွားပြီး စိတ်ဓာတ်ကျနေ မယ်။ သီတင်းကျွတ် လောက်မှ တောင်း မယ်။ မြန်မာ အနေနဲ့က သီတင်းကျွတ် လောက်ဆို ပြောင်းလို့ရွှေ့လို့ ကောင်း တယ်။ ဆရာ တောင်းပန်ထားရတယ်။

သီတင်းကျွတ်သွားတယ်၊ မပြောင်း ကြသေးဘူး။ တန်ဆောင်တိုင် ပြီးသွား တယ်။ မပြောင်းသေးဘူး။ ရွှေ့ဖို့ လိုလာပြီ။ ရွှေ့ပေးပါ။ သူတို့က နိုဝင်ဘာလ ကုန်ကျမှ ရွှေ့ပါရစေ တဲ့။ ရွှေ့စရာ ပိုက်ဆံ မရှိလို့ လခထုတ်ပြီးမှ လို့ပြောတယ်။ လခထုတ်ပြီးရင်တော့ ရွှေ့လိုက်ကြ။ ဆရာက ဒီဇင်ဘာလထဲမှာ ယိုးဒယား သွားတယ်။ ယိုးဒယားက ပြန်လာရင်တော့ ရွှေ့ပြီးသား ဖြစ်ပါစေလို့ ပြောတယ်။ ပြန်လာလို့ ရွှေ့ပြီးပြီလား မေးတော့ အိမ်ထောင်စု ၁ဝ စုက ရွှေ့သွားပြီ။ ခြောက်စု က တစ်ဝက်တစ်ပျက် ရွှေ့သွားပြီ။ အိမ်ထောင်စုလေးစု ရွှေ့ဖို့ ကျန်နေတယ်။ အဲဒီလေးစုက ရွှေ့ဖို့ကို ဂျီကျနေတာ။ မရွှေ့ဘူး၊ မရွှေ့ချင်လို့မရဘူး။ သူတို့ကို ရွှေ့ခိုင်းနေတာကြာပြီ။ အခုမှ ရွှေ့ခိုင်းတာ မဟုတ်ဘူး။
Voice  :  ဝန်ထမ်းတွေက ပြောတယ်။ ကလေးတွေ ပညာရေး အတွက် ရွှေ့ဖို့ကို ခဏလောက် ဆိုင်းပေးပါလို့ပြောတာ၊ ဆရာက လက်မခံဘူးလို့ ပြောပါတယ်။ ဟုတ်ပါသလား ခင်ဗျား။

Dr.TH  :  ဆရာ့အနေနဲ့က သူတို့ ပညာရေးကို အနှောင့်အယှက် ပေးချင်လို့လည်း မဟုတ်ပါဘူး။ သူတို့ကို အမြင်ကတ်တာ လည်း မဟုတ်ဘူး။ ဒီတစ်ဆေးရုံလုံး အတိုင်းအတာ အနေနဲ့ ဆရာတို့က ဒီဟာကို ပြန်ပြီးတော့ တည်ဆောက်ဖို့ လိုလာပြီလေ။ ဆရာတို့မှာ ဆောက်စရာ နေရာ မရှိဘူးလေ။ သူတို့နေနေတဲ့ ဓမ္မာရုံ အဟောင်းကလည်း ဒီဆောက်လက်စ တိုက်ပြီးလို့ ဆရာတို့ကို အပ်ရင် ဆရာ တို့က ရှင်းရတော့မှာလေ။ ဆရာတို့ ဘာသာဆရာတို့ ရှင်းလို့မရဘူး။ ဒီ ဆောက်လုပ်ရေး အဖွဲ့ရှိတုန်း ရှင်းလိုက် ရင် ကျွန်တော်သက်သာမယ်။ ကျွန်တော့် ဘာသာရှင်းရင် ဒီဟာရှင်းခက ကျွန်တော် ပိုက်ဆံ ပေးရမှာလေ။ ဝင်းခတ် ခိုင်းရဦး မှာလေ။ လူကြီးလာရင်လည်း ကျွန်တော် ပြရဦးမှာလေ။ သူတို့ကို ရွှေ့ခိုင်းထားတာ သူတို့က ဈေးဆစ်နေတယ်။ ဒါကြောင့် ဆရာက ဒီဇင်ဘာလ ၁၄ ရက် နောက်ဆုံး ထားပြီးရွှေ့တော့။ အခုမှပြောတာမဟုတ် ဘူး။ ပြောထားတာကြာပြီ။ ဒီနေ့ပြောပြီး မနက်ဖြန် ရွှေ့ခိုင်းတယ်ဆို ကျွန်တော် မတရားဘူး။ အခုဟာက နှစ်ပေါင်းများ စွာ၊ လပေါင်းများစွာ ပြောထားတာ။

သူတို့မှာ သားသမီးတွေ ရှိတယ်။ ကျောင်းကိစ္စတွေ ရှိတယ်။ ကျွန်တော် နားလည်တယ်။ ကိုယ်ချင်း မစာလို့ ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ ခုနပြော သလို ကျွန်တော့်ဘက်ကလည်း ဒါတွေ ကရှိတယ်လေ။ တစ်ယောက်ကို မရွှေ့ခိုင်းဘူးဆိုရင် နောက်တစ်ယောက်က လည်း ပြောလာမယ်။ အဲဒီမှာရှိနေတဲ့ ဝန်ထမ်း အဘိုးကြီး တစ်ယောက်ဆို ကျွန်တော့်ကို လာကန်တော့ ပြီးတော့ မရွှေ့ရဖို့ လာပြောတယ်။ ကျွန်တော့် အနေနဲ့၊ အုပ်ချုပ်သူ တစ်ယောက် အနေနဲ့ကျ တော့ တစ်ယောက်ချင်းစီ ကိစ္စကို ဖြေရှင်း လို့မရဘူး။ သားသမီးနှစ်ယောက် ရှိရင် တောင်မှ မင်းမှန်တယ်လို့ ပြောလိုက်ရင် မှားတဲ့ ကောင်က ကိုယ့်ကို တွယ်တာလေ။ ဆရာတို့က သူတို့ သဘောတူညီချက် မရှိ ဘဲလည်း မလုပ်ဘူး။ တချို့ အဲဒီအိမ်တွေ ထဲမှာ ပါလာတာရှိတယ်။ ဖျက်ချင်ဖျက်၊ ဒလတော့ မပြောင်းနိုင်ဘူးတဲ့။ အဲဒီလူ တွေကို စာချုပ်နဲ့ကို ဆရာက လက်မှတ် ထိုးခိုင်းထားတာ။ ဆရာ့ဆီမှာ အကုန်ရှိ တယ်။ အားလုံးက မပြောင်းချင်ဘူးပြော တဲ့ဟာလည်းရှိတယ်။ ပြောင်းမယ်လို့ ပြောတဲ့ဟာလည်း မှတ်ထားတယ်။
Voice  :  ပြိုကျသွားတဲ့ အဆောင်က ဝန်ထမ်းတွေက တချို့ကျတော့ ဒလကို ပြောင်းရတယ်။ တချို့ကျတော့ ကျန်းမာရေးဝန်ကြီးရုံး ဘက်မှာ ဆောက်နေခိုင်းတယ် ဆိုတာနဲ့ပတ်သက်ပြီး သိပါရ စေခင်ဗျာ။

Dr.TH  :  ရှိတယ်။ ရှိတယ်ဆိုတာ ဘာလဲဆိုတော့ ဒါက ဘက်လိုက်တယ် လို့ပြောလို့ရတယ်။ နောက်တစ်ခုက လုပ်ငန်း လိုအပ်ချက်အရလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သေချာတာ တစ်ခုတော့ ရှိသေး တယ်။ ဘက်လိုက်တယ်လို့ ပြောလို့ရ တာက ပြိုကျသွားတဲ့ အဆောင်မှာ ဆရာ့ အခန်းမှာ စောင့်နေတဲ့ ကလေးပါတယ်။ ဟိုဘက်က ဂိုဒေါင်တွေထဲမှာ အခန်းကန့် ပြီး သူ့ကိုနေရာ ပေးထားတယ်။ ဘာလို့ ပေးထားတာလဲ ဆိုတော့ ဆရာ ပေးထား တာမဟုတ်ဘူး။ ဒီဟာ ပြိုကျသွားတုန်း က ဆရာမရှိဘူး။ နိုင်ငံခြား ရောက်နေ တယ်။ ဆရာဝန်ကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံခြား ရောက်နေတာ။ ဆရာ ရောက်လာတဲ့အချိန် မှာ ပေးထားပြီးသား ဖြစ်နေပြီ။ ဆရာ ပေးထားတာ မဟုတ်ဘူး။ ဆရာ ရောက်လာတဲ့အချိန်မှာ ကယ်ဆယ်ရေး နေရာချထားရေးက ဆရာကြီး တစ်ယောက်က ပေးထားပြီးသား ဖြစ်နေပြီ။ လူကြီးလုပ် ထားတာကို ဆရာက ပြန်ပြင်တာမဟုတ်ဘူး။ ဆရာ ရောက်လာတဲ့အခါ ခုနက အတိုင်းပြောတယ်။ ဒလပြောင်းရင် တိုက်ပေါ်ကိုပြန်တက်။ ဆရာ လျှောက်ခိုင်းတယ်။ ဒီကလေးတွေက မပြောင်းဘူးလို့ ရေးထားတယ်။ အိုကေရတယ်။ ရေးတာကို ဆရာ မကန့်ကွက်ဘူး။ မပြောင်းရင် ဒီကောင်တွေ တိုက်ပေါ် မတက်ရဘူး။ ဆရာ့ တပည့်မို့လို့ တိုက်ပေါ် တက်ရမယ် ဆိုတာမရှိဘူး။ တိုက်ပေါ် တက်ချင်တဲ့ သူတိုင်းဟာ ဒလ အရင်ပြောင်းရမယ်။ အရင် ပြောင်းတဲ့သူ အရင်တက်မယ်။ နောက်ပြောင်းတဲ့သူ နောက်မှ တက်ရမယ်။ ဆရာ အစည်းအဝေး မှတ်တမ်းနဲ့ကို လုပ်ထားတယ်။ ဘာကြောင့်လုပ်ထားလဲဆို တော့ မတော်တဆ ဆရာတခြားနေရာ ပြောင်းသွားရင် နောက်ရောက်လာမယ့် လူက ကိုးရိုးကားရား လုပ်မှာစိုးလို့။ သဘောက ဘာလဲဆိုတော့ This is the ruld ပဲ။ ဒီ rule အတိုင်း ဆက်လုပ်ရမယ်။
Voice  :  ဒီဇင်ဘာလ ၁၄ ရက်နေ့မှ မပြောင်းပေးရင် ချိပ်ပိတ်မယ်၊ အလုပ် ထုတ်မယ်လို့ ပြောတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဆရာ။

Dr.TH : ဆရာက အလုပ် ထုတ်မယ်လို့ ပြောတာမဟုတ်ဘူး။ သူတို့ကို ခြိမ်းခြောက် လိုက်တာ။ မင်းတို့ဟာ မင်းတို့ မရွှေ့ဘူး ဆိုရင် ငါ့လူနဲ့ ငါရွှေ့မယ်။ သဘော က အိမ်ရွှေ့ဖြစ်အောင် ပြောလိုက်တာ။ မရွှေ့ရင် ငါတို့ကဝိုင်းရွှေ့ပေးမယ်။ ဆရာ သွားချိပ်ပိတ်လို့မှ မရတာ။ ချိပ်ပိတ်တဲ့ အလုပ်က ဆေးရုံအုပ်ကြီး လုပ်လို့ရတဲ့ အလုပ်လား။ အလုပ် ထုတ်မယ်ဆိုတာ လည်း ဆရာက အလုပ် ထုတ်လို့မှမရ တာ။ တစ်အချက် ပြောင်းရမယ်။ ဒလ ပြောင်းရမယ်။ ဒလ ပြောင်းရတဲ့အတွက် ဒီမှာ အလုပ်ဆင်းရတာ အခက်အခဲရှိရင်၊ ရေခြားမြေခြားမှာ နေရတယ်။ စရိတ် ကုန်တယ်။ သူများထက် လစာနည်းရင် ထွက်စာတင်။ ဆရာက ထုတ်ပစ်မယ် လို့ပြောတာ မဟုတ်ဘူးနော်။ ငါ ထုတ်ပေးမယ်။ ဒီ အလုပ်သမားတွေကို အလုပ်ထွက်ခွင့် ပေးနိုင်တဲ့ Authority က ဆရာ့ မှာရှိတယ်။ ဆရာအခု အလုပ်ထွက်ချင် တယ်။ ဆရာအလုပ် ထွက်လို့ မရဘူး။ ဘာလို့လဲ ဆိုတော့ ဆရာ့ကိုယ် ဆရာ အလုပ် ထုတ်ပိုင်ခွင့်ရှိတဲ့ Authority ဆရာ့ မှာမရှိဘူး။ ဆရာ့ကို ထုတ်ခွင့် ရှိတာက ဝန်ကြီးပဲ ရှိတယ်။

သူတို့ထွက်ချင်တယ် ဆိုရင် ထွက်လို့ရအောင် အလုပ်ထုတ် ပေးလို့ရတာ ဆရာ့မှာ ရှိတယ်။ တချို့က ဘာလို့လဲ ဆိုရင် ဘယ်လိုမှ မကိုက်ဘူး။ ဒလကိုလည်း သွားရမယ်။ ဒီမှာလည်း အလုပ် ဆင်းရမယ်။ လစာလေးက ဒီလောက်ကလေးနဲ့ မကိုက်ကြဘူး။ အဲဒီတော့ အပြင်မှာပဲ ထွက်လုပ် ချင်ကြ တယ်။ ဆရာက ထွက်ခွင့်မပေးဘူး။ မင်းတို့ ထွက်ချင်တယ်ဆိုရင် ထွက်စာတင်။ ဆရာ တစ်ယောက်တည်းနဲ့ ထုတ်ပစ်လို့ ရတာမဟုတ်ဘူးလေ။ ထွက်စာ တင်ရင် အဖွဲ့ဖွဲ့မှာ။ သူကတော့ ထွက်စာ တင်တယ်။ စားဝတ်နေရေး မပြေလည်ဘူး။ မိသားစုက ဘယ်လောက်ရှိတယ်။ ဘယ်လိုလုပ်ကြမလဲ။ ဒီဟာတွေ အသေး စိတ်ကို သူတို့ကို ပြောလို့ အဆင်မပြေ ဘူးလေ။ အဆင်မပြေဘူး ဆိုရင် ထွက်စာ တင်။ ထွက်စာတင်ရင် ဆရာတို့က ထုတ်ပေးလိုက်မယ်။
Voice  :  ဆရာ့ကို တိုင်ရင် အာဏာ ဖီဆန်မှုနဲ့ အရေးယူမယ်လို့ ပြောတယ်။ အဲဒါ ဟုတ်ပါသလား ခင်ဗျာ။

Dr.TH  :  ဒါမှန်တယ်။ ဘာဖြစ်လို့ ပြောတာလဲ ဆိုတော့ ဆရာလုပ်တာနဲ့ ပတ်သက်လို့ တိုင်ပိုင်ခွင့် ရှိတယ်လို့ ပြောထားတယ်။ သူ့ဘက်က စဉ်းစားလို့ ဆရာ့ဘက်က မှားနေတယ်ဆိုရင် သူက တိုင်ပိုင်ခွင့် ရှိတယ်။ မတိုင်ရဘူးလို့ မပြောဘူး။ ပစ်စာ မရေးနဲ့။ ပစ်စာရေးလို့ မရဘူး။ ပစ်စာသည် လူကြီးတွေ စိတ်ညစ်တယ်။

လူတစ်ယောက်က ကျွန်တော့်ကို မကျေနပ်လို့ တိုင်တယ်။ တိုင်တဲ့အခါ အဆင့်ဆင့် တိုင်ရတယ်။ ဝန်ထမ်း ဖြစ်နေတာကို။ ဝန်ထမ်း မဟုတ်တဲ့သူဆိုရင် သမ္မတအထိ တိုက်ရိုက် တိုင်လို့ရတယ်။ ဝန်ထမ်းဖြစ်လို့ တိုင်ရင် ဆရာ့ဆီက တစ်ဆင့်၊ တစ်ဆင့် သူ့လမ်းကြောင်း အတိုင်း တိုင်ရတယ်။ လမ်းကြောင်းအတိုင်း တိုင်ရင် ဆရာတို့က ပြန်စစ်ပြီး ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ်။ ဝန်ထမ်း က တိုင်တာပဲ ဖြစ်ဖြစ၊် နစ်နာချက်တွေ ဖြစ်ဖြစ်၊ သတင်းပို့တာ ဖြစ်ဖြစ် အဆင့်ဆင့် တိုင်ရတယ်။ ဆရာကနေပြီး ဝန်ကြီး ကျော်တင်လို့ မရဘူး။ ဆရာ့ရဲ့အထက် မှာ ညွှန်ချုပ်ရှိတယ်။ ဆရာပြောင်းချင် တယ်။ မနေချင်ဘူးဆိုရင် သူ့ဆီတင် ရတယ်။ ဒီလို ဝန်ထမ်းစည်းမျဉ်း အတိုင်း မတင်ဘဲနဲ့ တင်လို့ရှိရင် ဝန်ထမ်းစည်း ကမ်းဖောက် ဖျက်မှုနဲ့ အရေး ယူပိုင်ခွင့် ရှိတယ်။ ဒါဝန်ထမ်းစည်းမျဉ်း အရ ဆရာပြောတာ။ တိုင်လို့ အရေးယူတယ် ပြောတာ မဟုတ်ဘူး။ တိုင်နည်းကိုပါ သင်ပေးထားတာ။ စနစ်တကျတိုင်။ ပစ်စာနဲ့ မပစ်ရဘူး။

No comments: