Monday, December 24, 2012

“အညာကျေး”

“အညာကျေး”

ဖုံးနှင့်ဖွေးဖွေး၊ အညာကျေးကား
ဟိုးရှေးတုန်းက မြင်ကွင်းလို။

ပြဿဒ်ပမာ၊ ပဒုမ္မာလည်း
ရွာ၏စည်းရိုး၊ အိမ်စည်းရိုး၌
မိုးတိုးမတ်တတ်၊ အမြဲရပ်။

ရေကြည်ကရှား၊ မိုးကပါးလည်း
ရှားပင်ညိုမြ၊ တောလိုထလျက်
အာဂစိတ်ဓာတ်၊ ခါးတံမတ်နှင့်
မီးခတ်တိုင်းတောက်၊ အင်ကြင်းကျောက်သို့ 
ယောက်ျားဘသား၊ အညာဖွား။

မန်ကျည်းတောလည်း
ဟောဟဲလိုက်သူ၊ မောဟိုက်သူတို့ 
နေပူကိုဖျောက်၊ အရိပ်ဆောက်ဖို့ 
ချောင်းကောက်နဖူး၊ သဲဖြူးဖြူးနှင့်
ဖူးလိုက်ပွင့်လိုက်၊ ရွက်နုကိုက်။

တောစပ်နားတွင်
ခြင်းယား တချုံ၊ ခံတချုံနှင့်
ကင်းပုံတသီး၊ ကျီးအာသီး။

တမာပင်လမ်း၊ မြစောင်တန်းလည်း
လေကြမ်းအတိုက်၊ တဖြိုက်ဖြိုက်နှင့်
ပိုက်ကာကြွေဆင်း၊ ရွှေလိုဝင်း။

လှည်းသံအီအီ၊ မြူရီရီနှင့်
ဖုံနီလုံးလုံး၊ ဆူးရစ်ကုန်းတွင်
ရုန်းဟ ယက်ဟ၊ သဲတောမ။

မျက်ခမ်းစပ်စပ်၊ လျှော်ဖိနပ်နှင့်
တန်လှပ်ရိပ်ရိပ်၊ ဆီးပင်ရိပ်တွင်
ဆိတ်ကျောင်းသမား -
ဆီးသီးကောက်၍ ဖြောက်ဖြောက်ဝါး။

သစ်ပင်ပုပျပ်၊ လူပုပျပ်နှင့်
ရေငတ် စာငတ်၊ ပညာငတ်ဟု
အငတ်သုံးပါး၊ ကပ်ဆိုက်ငြားလည်း
ရှားနှင့်ခဲသို့  ရဲသကို။

ခေတ်ကနှိပ်စက်၊ နွေနှိပ်စက်နှင့်
မိုးကနှိပ်စက်၊ လေနှိပ်စက်နှင့်
နှိပ်စက်သမျှ၊ ခံခဲ့ရလည်း
ခံရမှန်းမသိ၊ ငုံးတိတိပင်
သား၏မြေး၏ လက်ထက်ထိ။

ရှေးကဆင်းရဲ၊ ခုလည်းမွဲလျက်
သည်ဝဲမကျွက်၊ သည်ဝဋ်မပြေ
နွေတစခန်း၊ ရေတွင်းကန်းနှင့်
ရွာလမ်းမပြောင်း၊ လှည်းကိုမောင်သည်
ဖုံထောင်းထောင်းနှင့် ပါပေတကား။ ။

တင်မိုး
ရှုမဝ
(၁၄-၂-၇၂ မှ ၂၃-၂-၇၃)

No comments: