Saturday, December 22, 2012

လက်ပံတောင်းအသံများ


လက်ပံတောင်းအသံများ  
    လက်ပံတောင်းတောင် အရေးတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော ရဟန်းသံဃာများ၊ ပြည်သူ လူထုများ၊ ကျောင်း သားကျောင်းသူများအား အစိုးရဘက်က အင်အားသုံး ဖြိုခွင်းပြီးနောက် များစွာသော ပြည်သူတို့မှာ ခံစားချက်များ ပိုမိုပြင်းထန်လာ သည်။ ''ဒါကတော့ ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုသလိုပေါ့။ သူတို့က ဟန်ဆောင်နေတာ၊ မျက်နှာဖုံး စွပ်ထားတာပဲ။ သူတို့ ဇာတိရုပ်ကို ပြတာပေါ့။ သူတို့ လုပ်နေကျအလုပ်ကို လုပ်တာပေါ့''
ရန်ကုန်တက္ကသိုလ်မှ ဆရာမတစ်ဦးက ကျွန်တော့်ကို ပြောသည်။
   ''ဦးပိုင်ကို ထိခိုက်နစ်နာမှာကို သူတို့ဘက်က စိုးရိမ်ပုံရပါတယ်။ ဦးပိုင် ဆိုတာကလည်း သူတို့ပဲဆိုတော့ သူတို့အကျိုးစီးပွား ထိခိုက်မှာ စိုးရိမ်ပြီး ဒီလိုပြင်းထန်သွားတာနဲ့ တူပါတယ်''
မြန်မာတိုင်းမ်ဂျာနယ်မှ ထုတ်လုပ်မှု မန်နေဂျာတစ်ဦးက ကျွန်တော့်ကို ပြောသည်။
''ဒီလုပ်ရပ်ကတော့ စက်ဆုပ် ရွံရှာဖွယ်ရာ လုပ်ရပ်ပါ''
နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့က ပြောသည်။
  ''တရုတ်တွေက မဖွယ်မရာပြုပါတယ်။ ကျွန်မတို့ပိုင်နက်ပေါ်မှာ မြေကြီးတွေ ပြိုကျလာတယ်။ အဲဒီနေရာမှာ ကျွန်မတို့ ဆန္ဒပြတော့ သူတို့ကကော့ပြကြတယ်။ ဒါမဖွယ်မရာ အပြုအမူပေါ့။ မြန်မာတွေ ဒုက္ခရောက်တာကို လှောင်ပြောင်ဟား တိုက်နေတာ အဲဒီကြေးနီ စီမံကိန်းက တရုတ်တွေပါ''
ဝက်မှေးရွာသူတစ်ဦး၏ ပြော ပြချက် ဖြစ်ပါသည်။
  ''ဒေါ်စုလာတဲ့အချိန်မှာ ဆန္ဒပြနေတာကို ဒေါ်စုမတွေ့စေချင်တာလား။ ဒေါ်စုတွေ့လို့ တစ်ခုခုပြောလိုက်ရင် ပိုပြီးဆန္ဒပြသူ များပြား လာမလား။ အဲဒီလို တွေးတာ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ဒေါ်စုက ရိုးတယ်။ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်တယ်။ အဲလိုပြောတဲ့ အချက်အလက်ကို သူတို့ဘက်က နင်းဖို့ အကြံအရွယ်ရှိနိုင်တယ်။ ဒီလက်ပံတောင်းအရေးမှာ ဒေါ်စုကို ကျဉ်းထဲကျပ် ထဲ ရောက်အောင် လုပ်လိုက်ပုံ ရပါတယ်''  မီဒီယာလောကမှ မိတ်ဆွေက ပြော၏။ ဒေါ်အောင်ဆန်းစုကြည် သည် ရိုးသားပွင့်လင်းမှု အပြည့်ရှိသည်။ ရင်ထဲရှိ သည့်အရာကို ဖော်ပြတတ်သည်။ အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်၏ အရိုးခံအပေါ်မှာ နင်းပြီး အကွက်ရွေ့ မည်ကို စိုးရိမ်မကင်းသူများ ရှိနေသည်။ ထောင်ချောက်ကို စိုးရိမ်ကြသည်။ ကျော့ကွင်းကို စိုးရိမ်ကြသည်။  Trust နှင့် သွားလိုကြသည်။ Trick တွေက ယခင် အစိုးရလက်ထက်က လည်း များလွန်းခဲ့သည်။ Trick တွေ သုံး မှာကို ပြည်သူ လူထုက စိုးရိမ်နေကြ သည်။ ယုံကြည်မှုနှင့် သွားလိုကြသည်။ လိမ်လည်လှည့် ဖြားမှုနှင့် မသွားလိုကြပါ။ လက်ပံတောင်းတောင်အရေးတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသော သံဃာထုအပေါ် အစိုးရ က အင်အားသုံး၍ ဖြိုခွင်းလိုက်သည်။  မျက်ရည်ယိုဗုံးဟု အစိုးရ က ပြောသည်။ မီးလောင်ဗုံးဟု ခံရသူများ ဘက်မှ တုံ့ပြန်သည်။ သီတဂူဆရာတော်ကြီးသည် အစိုးရ၏ ဖြိုခွင်းမှုကြောင့် ဒဏ်ရာအကြီးအကျယ် ရသွားသော သံဃာတော်များကို သွားရောက်ကြည့်ရှုအားပေးသည်။ ကူညီထောက်ပံ့သည်။ ဒဏ်ရာရ ထားသော သံဃာတော်ကို မြင်ရသောအခါ သီတဂူဆရာတော် စိတ်ထိခိုက်ရ၏။
  ''မျက်နှာကို အက်ဆစ်နဲ့ လောင်းထားသလိုပဲ ကွာ။ အရမ်းဆိုးတယ်။ ဦးပဉ္စင်းတွေရဲ့ မျက်နှာဟာ ခြတောင်ပို့ကြီးလို ဖြစ်နေတယ်။ မျက်နှာဟာ မီးဖုတ်ထားတဲ့ အသားလို ဖြစ်နေတယ်ကွာ။တို့ခံစားချက်၊ တို့သဘောထားကတော့ ဒီလိုလုပ်တာကို မနှစ်သက်ဘူး။ အနာဂတ်အတွက် အန္တရာယ်ကြီးတယ်။ နိုင်ငံတော်ဟာအေးချမ်းသာယာမှုနဲ့ ဆက်သွားလို့ရပါ့မလားလို့ တွေးမိတယ်။ ညီညွတ်မှု နဲ့ ဆက်သွားလို့ ရပါ့ မလားလို့ တွေးမိတယ်။
   အစိုးရရဲ့ ဒီကြေးနီစီမံကိန်းဟာ အရှည်ကို မျှော်ခေါ်တွေးတော လုပ်ကိုင်တဲ့ စီမံကိန်းမျိုး ဖြစ်သင့်တယ်။ အဲလိုမဟုတ်ဘူး။ အရှည် ကို မျှော်ကြည့်တဲ့ ကြေးနီစီမံကိန်း မဟုတ်ဘူး။ ရွာတွေကို ကျေနပ်အောင် ဘယ်လိုလုပ်ပေးမလဲ။ ရွာသူရွာသားတွေကို ကျေ နပ်အောင် ဘယ်လိုရွှေ့ပြောင်း နေရာချမယ်။ ကြိုတင်စဉ်းစားသင့်တယ်။ ရွာသူ ရွာသားတွေက မကျေနပ်ရာက စခဲ့ တာပဲ။ စီးပွားရေး လုပ်ရာမှာ စီးပွား ရေး တစ်ခုတည်းကြည့်ပြီး လုပ်လို့ မရဘူး။ ဘာသာရေးရှုထောင့်၊ ယဉ် ကျေးမှုရှုထောင့်၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်၊ တိုင်းရင်းသားရှု ထောင့်၊ လူမှုရေးရှုထောင့် စတဲ့ ရှု ထောင့်မျိုးစုံကနေ ကြည့်ပြီးမှ ဒီလို စီးပွားရေးလုပ်ငန်းကြီးကို လုပ်သင့် တယ်။ တို့မြန်မာရဲ့ အစဉ်အလာက တောင်ရှိရင် တောင်ထိပ်မှာ ဘုရားလေးတစ်ဆူ တည်ထားမယ်ကွာ။ တရားထိုင်စရာ ဂူလေး ရှိမယ်ကွာ။ ဒါထုံးစံပဲ။ အခု လယ်တီဆရာ တော်ဘုရားကြီးရဲ့ တရားနှလုံး ဆောက်တည်တဲ့နေရာကိုပါ ဖျက်ဆီးလိုက်ကြတော့ မုံရွာမြို့ပေါ်က သံဃာအလုံးအရင်းက မကျေနပ် လို့ ဒီလို လက်ပံတောင်းတောင် စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြကြတာကွ။ ဒါကို မီးလောင်ဗုံးနဲ့ အစိုးရက ဖြိုခွင်းပစ်လိုက်တာကွ။ သံဃာတွေဟာ အက်ဆစ်နဲ့ အလောင်းခံ လိုက်ရသလို ဒဏ်ရာအကြီးအ ကျယ်နဲ့ ဆေးရုံပေါ် ရောက်ကုန်ပြီကွ။ အဲဒီသံဃာတွေကို တို့လာ အားပေးတာပဲ''
အင်တာနက်မှာ ကျွန်တော် ကြားခဲ့ရသော သီတဂူဆရာတော် ဦးဥာဏိဿရ၏အသံ ဖြစ်ပါ သည်။
   ''ဒီမိုကရေစီတွေ ဗျူရိုကရေစီတွေ အသာထားပါဦးကွာ။ လူတွေကို သတ်ဖြတ်တာကို ဘယ်တိုင်း ပြည်ကမှ လက်ခံကြမှာ မဟုတ်ဘူး'' သီတဂူဆရာတော်၏ သ ဘောထား ဖြစ်ပါသည်။ ကိုမင်းကိုနိုင် ပါဝင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က လည်း ဒဏ်ရာရသံဃာများထံသို့ သွားရောက်အားပေးသည်။ ကူညီ ထောက်ပံ့သည်။
  အစိုးရဘက်မှ အင်အားသုံး ဖြိုခွင်းမှုကြောင့် ဒဏ်ရာပြင်းထန် စွာ ရရှိထားသော သံဃာတစ်ပါး အား ကိုမင်းကိုနိုင်က လျှောက်ထား သည်။
''အရှင်ဘုရား၊ ဘယ်လိုခံစား နေရပါသလဲ ဘုရား''
''ကျုပ်ကတော့ အခုပဲ သေပစ်လိုက်ချင်တာပဲ''
ဟု ဒဏ်ရာရသံဃာက ပြန်လည်မိန့်ကြား၏။ ဒဏ်ရာရ သံဃာတော်သည် ဝေဒနာကို ပြင်းထန်စွာ ခံစားနေ ရသည်။ သေခြင်းတရား ကိုပင် လက်ခံကြိုဆိုချင်လောက်အောင် ကြီးမားသောဝေဒနာကို ခံစားနေရသည်။ ၈၈ မျိုးဆက်ခေါင်းဆောင်ကိုမင်းကိုနိုင်သည် ဒဏ်ရာရသံဃာ ၏စကားအတွက် ထိခိုက်ကြေကွဲ သွားရသည်။ တရုတ်နှင့် ဦးပိုင်ပူးပေါင်းဖြို ခွင်းမှုကြောင့် ကျွန်တော်တို့၏ ပဲခူးရိုးမ သစ်တောများလည်း ပြောင်တလင်းခါခဲ့ပါပြီ။ ကျွန်တော်တို့ သစ်တောများ၊ ကျွန်တော်တို့၏ သဘာဝပတ်ဝန်းကျင် တောတောင် များကို ဦးပိုင်နှင့် တရုတ် ပူးပေါင်း၍ ဖြိုခွင်းနေကြ သည်။ ယခုလည်း ကျေးလက်ပြည် သူတွေ အားကိုအားထားပြုရာ အသက်မွေး ဝမ်းကျောင်းရာ တောင်ကြီးကို ဖြိုခွဲသည်။ ကျေးရွာများကို သိမ်းပိုက်သည်။  ရွှေ့ပြောင်း ပစ်သည်။ ထို့ပြင် တောင်ပေါ်မှ သာသနိက အဆောက်အအုံများကို ဖြိုခွဲလာသည်။ ထို့ကြောင့် သံဃာတော်များက ပါဝင်ပတ်သက်လာရ ၏။
  ''ဦးပိုင် ဘယ်သူလဲဆိုတာ ကျွန်တော်တို့အပြင် ပြည်သူတွေ လည်း သိပါတယ်။ ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ လူတစ်စုရဲ့ အကျိုး စီးပွား၊ ဘယ်ဟာ ပိုအရေးကြီးတယ် ဆိုတာ ကျွန်တော်တို့ သိခွင့် တောင်းရမယ်'' ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ သုံးသပ်စကား ဖြစ်ပါသည်။
   ''ဒီလို အင်အားသုံး အကြမ်းဖက်ဖြိုခွင်းတဲ့အပေါ် ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။ ဒါမဖြစ်သင့်ပါဘူး။ ဒီမိုကရေစီ ပြုပြင် ပြောင်း လဲမှု လုပ်နေတဲ့ လမ်းစဉ်မှာ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စပါ''
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ၏ ပြောပြ ချက် ဖြစ်ပါသည်။
''ကျွန်တော် သံဃာနှစ်ပါးနဲ့ တွေ့ခဲ့တယ်။ သံဃာတစ်ပါးဆိုရင် မျက်လုံး ထုတ်ပစ်လိုက်ရတယ်။ ဒဏ်ရာတွေဟာ အတွင်းထိ လှိုက် စားနေတယ်။ ဒါဟာ မျက်ရည်ယို ဗုံးလောက်နဲ့ ဖြိုခွင်းတာ မဖြစ်နိုင် ပါဘူး''
နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဦးကျော်သူ၏ ပြောစကား ဖြစ်ပါသည်။ ဦးကျော်သူလည်း ထိုဒေသသို့ သွားရောက်အားပေး သည်။ ကူညီထောက်ပံ့ခဲ့သည်။
  ကျွန်တော်သည် စစ်တောင်း ရိပ်မွန်မှ ရန်ကင်းသို့ နေ့စဉ် တက္ကစီ စီးဖြစ်နေသည်။ လက်ပံတောင်း တောင်အရေးကို တက္ကစီပေါ် မှနေ၍ ဖုန်းဆက်ဆက် မေးမိတတ် သည်။
''ဒါ သက်သက်ယုတ်မာတာ။ ဘယ်လိုလုပ်ပြီး ယုံလို့ရမှာလဲ။ ဒါ သူတို့အကျင့်ပဲဗျ''
ကျွန်တော် ဖုန်းဆက်သံကြား ၍ တက္ကစီဒရိုင်ဘာက ဝင်ပြော သည်။
''ဘုန်းကြီးတွေကို တောင်းပန်တာမှာ ခံရတဲ့ဘုန်းကြီးလည်း မဟုတ်ဘူးဗျာ။ ဘုန်းကြီးတွေက တရားဟောတာ ပုံပြင်နဲ့ဗျ။ ဒါပေမယ့်
ကျွဲပါးစောင်းတီးဆိုသလိုပေါ့'' နောက်ထပ် ကားမောင်းသူ တစ်ဦး၏ ပြောစကားဖြစ်ပါသည်။ တက္ကစီဆရာမှာလည်း ခံစားချက် ရှိ၏။
ဖြိုခွင်းမှု မဖြစ်မီက ပန်းချီဘို စောသည် ကျွန်တော့်အိမ်သို့ ရောက်လာ၏။ ''နိုင်ငံရေးအကျဉ်းသမား ဟောင်းတွေနဲ့အတူ လက် ပံတောင်းတောင်ကို ရောက်ခဲ့တယ်။ မအေးနက်တို့၊ သွဲ့သွဲ့ဝင်းတို့နဲ့ တွေ့ခဲ့တယ်။  တောင်တွေဟာ မြင်မကောင်း ရှုမကောင်းအောင် ပျက်စီးနေပါပြီ။ ရွာကလူတွေကလည်း စိတ်အချဉ်ပေါက်နေကြပြီ။ ကိုယ် တို့က အနုပညာတွေ၊ ပါဖောင်း မင့်တွေ နဲ့ အားပေးခဲ့တာပါ။ သူတို့ စိတ်ဓာတ်က အင်အားကောင်းပြီး သားပါ''ပန်းချီဘိုစောက ပြောသည်။ အစိုးရက အင်အားသုံး ဖြိုခွင်းမှုအပြီးမှာ ဘိုစောနှင့်ကျွန်တော်မတွေ့ရသေးပါ။ သူ ဘယ်လောက် ကြေကွဲနေမလဲ။
  ''ဒီဝမ်းနည်းစရာကောင်းတဲ့ အဖြစ်သနစ်ကြီးအပေါ်မှာ ဆူပူအုံကြွမှုကိုတော့ မလုပ်ဖို့ ငါ့အနေနဲ့  တိုက်တွန်းချင် တယ်။ နိုင်ငံရေး ဆိုတာ ထောင်ချောက်ရှိသလို ကျော့ ကွင်းရှိတယ်လေ''ရွှေညဝါဆရာတော်၏ မိန့် ကြားမှု ဖြစ်ပါသည်။
ထောင်ချောက်တွေ၊
ကျော့ကွင်းတွေ၊
သတိထား။
ထောက်ချောက်တွေဆင်ထားသည်။ နောက်ကြောင်းပြန်လှည့်လိုသူများ၏ ထောင်ချောက် ဖြစ်သည်။ ဒီမိုကရေစီကို ဟန်ပြ ပြောနေ သူတို့၏ ထောင်ချောက် များ၊ ကျော့ကွင်းများ။ သတိထား။
   ''လက်ပံတောင်းအရေးအတွက် ရန်ကုန်မှာ ဆန္ဒပြကြတဲ့အထဲက ကိုဝေဠု၊ ကိုရဲလင်း၊ ကိုမျိုးချစ်၊ ကို ညီညီ၊ ဒေါ်နော်အုန်း လှ၊ ဒေါ်ရှမ်းမ တို့ကို ဖမ်းဆီးပြီး ကျောက်တံတား တရားရုံးနဲ့ ပန်းဘဲတန်းတရားရုံး မှာ အမှုဆင်ထားပါတယ်''
အင်တာနက်မှာ ကျွန်တော် ဖတ်ရှုခဲ့ရသော ရှေ့နေတစ်ဦး၏ စကားလုံးများ ဖြစ်ပါသည်။
ချောက်မြို့မှာ ဆန္ဒပြနေသည်။
ကြို့ပင်ကောက်မှာ ဆန္ဒပြနေသည်။
မန္တလေးမှာ ဆန္ဒပြနေသည်။
မုံရွာမှာ ဆန္ဒပြနေသည်။
''ဒဏ်ရာရ သံဃာတော်တွေ ရဲ့ ပုံကို ရှေ့မှာချပြီး ထိုင်သပိတ် ဆင်နွှဲတာပါ''
ချောက်မြို့၊ စလင်းကြီး ကျောင်းတိုက်ဆရာတော် ဦးရေဝ တ၏စကား ဖြစ်ပါသည်။
''အကြမ်းဖက်လို့ရတယ်။ စော်ကားလို့ ရတယ်။ မုံရွာနယ်က လူတွေကတော့ လုံးဝ မကြောက် ပါဘူး။ အသားအရေတွေကို ဖျက် ဆီးလို့ရတယ်။ စိတ်ဓာတ်ကို ဖျက်ဆီးလို့ မရဘူး။ သူတို့ကြောက်တာ လက်ပံတောင်းတောင် ပျောက်မှာကိုပဲ ကြောက်တာပါ။ တခြား ဘာကိုမှမကြောက်ဘူး''
  လက်ပံတောင်းအရေးမှာ တက်ကြွစွာ လှုပ်ရှားသူ ကိုသောင်း ထိုက်၏စကားကို အွန်လိုင်းမှာ ကျွန်တော် ကြားရသည်။
မုံရွာမှာ ကျွန်တော့်မိတ်ဆွေ ဆရာဦးအံ့မောင် ရှိသည်။ ဆရာ ဦးဝင်းမောင် ရှိသည်။ ဆရာဓန ထွန်း (မုံရွာ) ရှိသည်။ သူတို့ထံ ကျွန်တော် ဖုန်းဆက်သည်။
  ''ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်လေးစားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်ညှိနှိုင်းဖို့ ဆိုရင်တော့ ကျွန်တော်တို့ မုံရွာနယ်ကို မလာခဲ့ပါနဲ့။ အဲဒါ ကျွန်တော်တို့ ရဲ့ သဘောထားပါ''
ကျွန်တော့် မိတ်ဆွေကြီး ဆရာဓနထွန်း (မုံရွာ) ၏ ပြတ်သား သောအသံ ဖြစ်ပါသည်။
   ''ထိခိုက်ဒဏ်ရာရ သံဃာတော်များကို အမြန်ဆုံး ဝန်ချတောင်းပန်ရမယ်။ အကြမ်းဖက် နှိမ်နင်းသူများကို ထိရောက်စွာ အရေး ယူရမယ်။ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူများကို ချက်ချင်းပြန်လွှတ်ပေးရမယ်'' အမရပူရ၊ မဟာဂန္ဓာရုံ ကျောင်းတိုက်မှ ဘဝအလင်းဆရာ တော် ဦးသောဘိတ၏ အသံ ဖြစ် ပါသည်။
  ''ပြင်းပြင်းထန်ထန် ဆုံးမတာ က တော်တော်အံ့သြဖို့ ကောင်း ပါတယ်။ ဒါကလည်း စနစ်သစ် တစ်ခုကို သွားနေတဲ့ အချိန်မျိုးမှာ ဒီလိုမျိုး ဖြေရှင်းခဲ့တာဟာ ကျွန်မ တို့ သွားချင်တဲ့ နိုင်ငံတော်မျိုးကို နောက်ပြန်ဆွဲတဲ့ ခြေလှမ်းတစ်ခု လို့ မြင်ပါတယ်။ ဒါမျိုးကတော့ လုံးဝ မဖြစ်သင့်ပါဘူး''
ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း၏အသံ ဖြစ်ပါသည်။
''အကောင်းဆုံးဖြေရှင်းနည်းဆိုတာ အခြေခံအားဖြင့် ညှိနှိုင်းပြီး ဆွေးနွေး၊ အပေးအယူလုပ်နိုင်ရမယ်။ အပေးအယူမလုပ်ဘဲဒီ ကမ္ဘာ ကြီးမှာ ဘယ်တော့မှ တိုးတက်မှု ရမှာ မဟုတ်ဘူး။ အပေး အယူဆိုတာ ကိုယ့်ဘက်ကချည်းပဲ အသာယူလို့ မရဘူး''
ဒေါ်အောင်ဆန်းစုကြည်၏ အသံ ဖြစ်ပါသည်။
မောင်ကိုကို (အမရပူရ)

http://www.zaygwet.com/special_report.php?id=171

No comments: