Saturday, December 22, 2012

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ လက်ပံတောင်းတောင်အရေး တောင်းဆိုမှု (၃)ခုပြုလုပ်

မိုးမြင့်ကျော်(မြစ်မခ)
by Myit Makha Mediagroup on 22 Dec, 2012



 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေးနှင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုကြောင့် ဗကသများအဖွဲ့ချုပ် ကျောင်းသား   ခေါင်းဆောင်များ၏ ဖမ်းဆီးခံရမှုအပေါ် ဗကသများအဖွဲ့ချုပ်မှ သဘောထားကြေငြာချက်တစ်ရပ်နှင့် တောင်းဆိုချက်(၃) ရပ် တောင်းဆိုလိုက်သည်။
 
 
တောင်းဆိုချက်(၃)ရပ်မှာ   စီမံကိန်းအား ပြည်သူလူထုဆန္ဒနှင့် အညီဆောင်ရွက်ပေးရန်၊ အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက်၍ သာမန်ဖြေရှင်းမူမျိုးဖြင့် မလုံလောက်ပဲ ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးရန်၊ မတရားဖမ်းဆီးထားမှု၊ ဖမ်းဝရမ်းထုတ်ထားမှုများကို ရပ်တန့်၍ ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ဖမ်းဝရမ်း ထုတ်ထားမှုအား အမြန်ဆုံး ပြန်လည်ရုတ်သိမ်းပေးရန်တို့ ဖြစ်ကြသည်။
 
 
ထိုကြေငြာချက်တွင် လက်ပံတောင်းတောင် ကြေနီစီမံကိန်းနှင့် ပတ်သတ်၍ ဆန္ဒထုတ်ဖော်ပွဲများတွင် သံဃာတော်များ ၊ ပြည်သူများနှင့်အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့်နည်းဖြင့် ပါဝင်ခဲ့ကြောင်း၊ ထိုသို့ဆန္ဒထုပ်ဖော်မှုများတွင် ဦးဆောင် ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်များ တစ်ချို့မှ ပုဒ်မ (၁၈)၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ၀ရမ်းထုတ်ခြင်း၊ ဖမ်းဆီး ထားခြင်းတို့ကို ကန့်ကွက်ကြောင်း၊ စီတန်းလှည့်လည်မှု ဥပဒေ ပုဒ်မ (၁၈)သည် ပြည်သူလူထု၏ သဘောထား ဆန္ဒများထုတ်ဖေါ်ရာတွင် အခက်တွေ့စေကြောင်း၊ ၎င်းအပြင် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသား အခွင့်အရေးများကို ပြန်လည်ချိုးဖေါက်နေသည်ဟု ယုံကြည်သည့်အတွက် ယခုကဲ့သို့ တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
 
 
 “ပုဒ်မ (၁၈)ဟာ ပြည်သူလူထုရဲ့ဆန္ဒနဲ့ လုံးဝကိုက်ညီမှုမရှိဘူးဆိုတာ ပြောချင်ပါတယ်။ ပုဒ်မ(၁၈)ဟာ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခြင်းနဲ့ ပြည်သူလူထုကို ချုပ်နှောင်ထားတဲ့ အကြီးမားဆုံးသော နှောင်ကြိုးဆိုတာလဲ ပြောချင်ပါတယ်။ နအဖ အစိုးရ ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတို့ရဲ့ မူလအခွင်အရေးဆိုတဲ့ အခန်းကဏ္ဍမှာ လက်နက် မပါဘဲ စီတန်းလှည့်လည်ခွင့်၊ မိမိတို့ရဲ့ ဆန္ဒကို ထုတ်ဖေါ်ခွင့်၊ ပေးထားပါတယ် ဟု   ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုမှ ပြောသည်။
 
 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းများတွင် သံဃာတော်များအပေါ် မီးလောင်စေသော ဗုံးများနှင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်ထောင်စုဝန်ကြီးများ၏ အစိုးရအဖွဲ့ကိုယ်စား တောင်းပန်မှုအပေါ် သံဃာတော်များမှ ခွင့်လွှတ်ပေးနိုင်သော်လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနှင့် ဒီမိုကရေစီအခွင့်အရေးများ ဆုံးရှုံး သွားသည်ဟု ခံစားရကြောင်းကိုလည်း သိရသည်။
 
 
ထိုကြောင့် တာဝန်ရှိသော ပုဂ္ဂိုလ်များကို ဖေါ်ထုတ်အရေးယူ ပေးသင့်ကြောင်း၊ အဆိုပါစီမံကိန်းအား ပြည်သူလူထုဆန္ဒနှင့် အညီ ရပ်ဆိုင်းပေးသင့်ကြောင်း၊ ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးများမှာလည်း လုပ်ပိုင်ခွင့်ဘောင်အတွင်းမှနေ၍ နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို ပြန်လည်ချိုးဖေါက်နေကြောင်း ၎င်းက ဆက်ပြောခဲ့သည်။
 
 
ထိုအပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံးစမ်းစစ်ဆေးရေး ကော်မရှင်အား လိုအပ်ပါက ကူညီသွားမည်ဖြစ်ပြီး၊ စုံးစမ်းစစ်ဆေးရာတွင်လည်း ၀င်ရောက် ပံပိုးပေးပြီးစောင့်ကြည့် အကြံပေးသွား မည်ဖြစ်ကြောင်း၊ ကော်မရှင်မှ ထုတ်ပြန်သော ရလဒ်များအား ပြည်သူများနှင့် ကိုက်ညီမူ မည်မျှ ရှိသည့်အပေါ်မူတည်၍ လက်ခံသွားမည်ဟု ကိုကျော်ကိုကိုမှ ယခုလို မှတ်ချက်ပြုပြောကြားခဲ့သည်။
 
 
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နှောင့်ယှက်ပေးတဲ့ လမ်းကြောင်း ကနေသွားမှာ မဟုတ်ပါဘူး။ တတ်နိုင်သမျှ စောင့်ကြည်လေ့လာမယ်၊ လိုအပ်ချက်များရှိနေရင် ဗကသအနေနှင့် အကြံပေးတဲ့အပိုင်းကနေ ပါဝင်သွားပါမယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ချက်တွေအကုန်လုံးကို မှားယွင်းပါတယ်လို့ ငြင်းမှာ မဟုတ်သလို၊ အားလုံးမှန်ပါတယ် လို့လည်း မပြောပါဖူး။ စောပါသေးတယ်။ ထုတ်ပြန်တဲ့ရလဒ်တွေက ပြည်သူနဲ့ ဘယ်လောက် ကိုက်ညီမှုရှိသလည်းဆိုတဲ့ အပေါ်မူတည်ပါတယ်။ ဟု ကျော်ကိုကိုက ပြောသည်။
 
နိုဝင်ဘာလ ၂၉ ရက် မနက် ၃ နာရီကျော်တွင် မုံရွာမြို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်း များအား အစိုးရမှ အင်းအားသုံးဖြိုခွဲခဲ့သဖြင့် သံဃာတော်များ၊ ပြည်သူများထိခိုက် ဒဏ်ရာ ရခဲ့သောကြောင့် ရန်ကုန်၊ မန္တလေး၊ မုံရွာ အစရှိသော မြို့ကြီိးများ၌ တောင်းဆို ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
 
ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့ကြသော ကျောင်းသားများ၊ ပြည်သူများအား ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် ဖမ်းဝရမ်း ထုတ်ထားခြင်း၊ ဖမ်းဆီးထားခြင်းများ ရှိခဲ့သည်။

No comments: