Saturday, December 22, 2012

“နောင်တို့ပျော်ရာမြေ”


by Soe Min on Saturday, December 22, 2012 at 4:40am ·
          “ကျိုးဆော့ ကန်းမော့” ဆိုတာ အလကားထားခဲ့တဲ့ ရှေးလူကြီးစကားတော့ မဟုတ်ပါဘူး။ လက်ကျိုးသွားလို့ ပလာစတာကိုင်ပြီး ငြိမ်ငြိမ်နေပါ မောင်စံဖားရယ်လို့ အတန်တန်တားတဲ့ကြားထဲက ခြေမကျိုးသေးတော့လည်း မနေမနား တသွားတည်း သွားမိပြန်တယ်ဗျ။ ဟိုကလာငှား နေ့မအား ဒီကလာငှား ညမအားဆိုတာ အခုမှပဲ ခွပ်ကဲ ကွက်တိ ငြိတော့တယ်။ ဟိုရခိုင်အိမ်က ကိုဂျေဆင်ကြီး သီချင်းလာဆိုမတဲ့ဆိုလည်း သွားကြည့်လိုက်ရ၊ တစ်ရာဖိုးသောက်ပြီး ရွာရိုးလျှောက်ကြစို့ဆိုတဲ့ ဟိုလူသည်လူတွေခေါ်တော့လည်း ပြေးတွေ့လိုက်ရနဲ့၊ ဂျင်ခြေကိုလည်လို့။ လက်ကဘယ်လိုမှ မလှည့်နိုင်လို့သာ ထားခဲ့ရတယ်။ ဆေးရုံကလူနာတွေ မခွဲနိုင်မစိတ်နိုင်တဲ့အတွက် စိတ်မကောင်းခြင်းကြီးစွာဖြစ်ရတာလည်း ခဏခဏပါ။ အဲဒီအခိုက်အတန့်အတွင်းမှာ သူငယ်ချင်းတစ်ယောက်က သားရှင်ပြုမယ်ဆိုလို့ သူ့ဇနီးသည်ဇာတိမြေ တောင်ငူမြို့ကိုဖိတ်တဲ့အခါ ကိုယ်ကလည်း ကိုယ့်အာရုံနဲ့ကိုယ် စိတ်ဝင်စားမိတာနဲ့ ရောက်မိပြန်ပါရော။ အရင်က နေ့တ၀က်လောက်သွားရတဲ့ခရီးကို အခုတော့ အမြန်လမ်းမကြီးကျေးဇူးနဲ့ ၄ နာရီအတွင်း ရောက်လေသတည်းပေါ့။ ဒါတောင် ဒေးဗစ်ချန်းသိုင်းကွက်နဲ့ ခပ်ဖြေးဖြေး မောင်းသွားတာကိုး။ လူတွေက အရင်အကျင့်အတိုင်းပဲ မပြောင်းလဲသေးပါဘူးလို့ ဘယ်လိုပဲ ပေကပ်ငြင်းဆန်နေပေမယ့်လည်း မြို့တွေကတော့ အရင်ကနဲ့ ဘာမှ မဆိုင်အောင် ပြောင်းလဲသွားခဲ့တာ အမှန်ပါ။
          တောင်ငူကို ပထမတစ်ကြိမ်ရောက်စဉ်က အရေးအခင်းကျောင်းပိတ်ထားခိုက် အကိုတစ်ယောက်ရဲ့ ကုမ္ပဏီမှာ စာရေးဝန်ထမ်းအဖြစ်နဲ့ ပဲဝယ်ပြောင်းဝယ် ထွက်စဉ်ကပါ။ သစ်ကိစ္စလည်းပါတာပေါ့။ အဲဒီအချိန်တုန်းက တော်တော်လှမ်းသေးတဲ့ ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်က မြို့တွေရွာတွေဟာ အခုအခါမှာတော့ တစ်ခုနဲ့တစ်ခုဆက်မတတ် စည်ကားတိုးပွားနေပါပြီ။ အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် ရုံးစိုက်ရာမြို့မို့လို့ ဗျူဟာအချက်အချာကျတဲ့နေရာ လို့ အလွယ်တကူသိနိုင်ပေမယ့်လည်း တောင်ငူဆိုတာ ကရင်ပြည်နယ်အထက်ပိုင်း၊ ကယားပြည်နယ်နဲ့ ပဲခုးရိုးမရဲ့ ၀င်ပေါက်ထွက်ပေါက်တစ်ခုလို့ သိတဲ့သူတော့ သိပ်မရှိပါဘူး။ ပထ၀ီအနေအထားအရဆိုရင် ဆင်သေ၊ ပေါင်းလောင်း၊ ငလိုက်ချောင်းတို့ ပေါင်းဆုံဖြစ်တည်လာတဲ့ စစ်တောင်းမြစ်ကြီးထဲကို ခပေါင်းချောင်း စီးဝင်လာတဲ့နေရာမှာ မြို့တည်ထားပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ အညာမြေလတ်ရာသီဥတုနဲ့ ဆန့်ကျင်စွာ စိမ်းလန်းအေးချမ်းသလောက် တောနဲ့တောင်စွယ်  ရေဝေရေလဲများနဲ့ သာသာယာယာလည်း ရှိပါတယ်။ ဆွာ၊ ရေနီ၊ စစ်တောင်း၊ ခပေါင်းဆိုတဲ့ ပထ၀ီထဲကနံမယ်တွေဟာ မဆလခေတ်တုန်းက အလုပ်သမားလူတန်းစားတွေ တော်တော်ရင်းနှီးခဲ့ဖူးသလို စစ်တပ်ထဲကလူတွေလည်း မစိမ်းကြတဲ့ဒေသတွေဖြစ်ပါလိမ့်မယ်။ သစ်ကုန်သည်၊ ပဲကုန်သည်၊ ပို့ကုန်ကုမ္ပဏီတွေအတွက်လည်း စားကျက်စိမ်းစိမ်းကြီးတွေ ဖြစ်ပါတယ်။
          တောင်ငူမှာ အဘဖြစ်နေတဲ့ အတန်းဖော်သူငယ်ချင်းကြီးကလည်း သူငယ်ငယ် ဗိုလ်ကလေးမီးသွေးဘ၀တုန်းက ရောက်ခဲ့တဲ့ တောင်ငူနဲ့ အခုလက်ရှိတောင်ငူဟာ ဘာမှမဆိုင်အောင် ကွာခြားသွားပြီဖြစ်တဲ့အကြောင်း သက်သေထူပါတယ်။ အရင်ကဆို ညနေစောင်းလို့ ရန်ကုန်ကိုဖုန်းခေါ်ချင်ရင် နှစ်ဆောင်ပြိုင်ရွာကနေ မြို့ထဲအရောက် ခြေသလုံးတောင့်အောင် စက်ဘီးကလေးနဲ့ ချမ်းချမ်းစီးစီး လာပြောရတာ။ အခုတော့ အင်တာနက်တွေ၊ ဖုန်းတွေနဲ့ဆိုတော့ အိုးမကွာ အိမ်မကွာ ထိုင်ရာမထ ကွန်တက်ရနေပြီတဲ့။ ဟုတ်ပါရဲ့။ အဲဒါကြောင့်ပဲ ဆယ်နှစ်ကျော်ကျော် အဆက်အသွယ်ပြတ်နေတဲ့ သူအချင်းချင်း မရောက်ရောက်အောင် လာတွေ့လို့ ရသွားတာပေါ့။ ဆက်သွယ်ရေးဝန်ကြီးဌာနကြီးရဲ့ အံမခန်းတိုးတက်မှုကြီးပါပဲလို့ ထောပနာပြုချင်ပေမယ့် ဖုန်းတစ်လုံး သိန်းလေးငါးဆယ် ပေးဝယ်ထားရတဲ့သူတွေ မျက်စောင်းထိုးမှာကြောက်လို့ ပြောရဲပါဘူး။ ကားတစ်စီး သိန်းလေးငါးထောင်ပေးဝယ် ရင်းနှီးထားရတဲ့သူတွေထက်စာရင် တော်သေးတာပေါ့နော်။ အဲဒါကြောင့် ပြောတာ။ မတူရင်မတုပါနဲ့လို့။ သူများတွေ သိန်းလေးငါးထောင်က လက်မှတ်လေးတစ်ချက်ထိုးလိုက်ရုံပဲ။ ကိုယ့်မှာ လူနာတစ်ယောက် ကြည့်ခတစ်သောင်းရရင်တောင် လူလေးငါးသောင်းပြည့်ဖို့ ဘယ်လောက်ကြည့်ယူရမယ်ထင်သလဲ။
          ရင်းနှီးပေးဆပ်မှုတွေနဲ့ ထိုက်သင့်တဲ့နေရာ အဆင့်အတန်းတစ်ခုကို ရောက်နေပြီဖြစ်တဲ့ သူငယ်ချင်းကြီးဆီကလည်း ဆီမန်းမန်းသလို ညီးညူသံတွေ ကြားရတာပါပဲ။ သူ့ခမျာ ၀က်လည်းမွေးရ၊ ကြက်လည်းမွေးရ၊ ကင်းလည်းစစ်ရ၊ နေ့မအားညမအား အလုပ်တွေများလွန်းလို့ ဆေးကုတဲ့ဆရာဝန်ဘ၀ကိုသာ ပြန်လိုချင်ပါသတဲ့။  အဲလိုကျတော့ ကိုယ်ကလည်း ငါးသလောက်ပြုံးလေး ပြုံးပြရတာပေါ့။ ဆရာဝန်ဆိုတာက ဘယ်နေရာက ဘာရရ မရရ၊ ဘယ်သူကျေးဇူးတင်တင် မတင်တင်၊ ဆေးကုနေရရင်ကို အလိုလို ပျော်မွေ့နေတတ်ပြီးသားပါ။ တကယ်တော့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်လေ။ ဗိုလ်လုပ်ချင်တဲ့သူက ဗိုလ်သင်တန်းတက်မယ်။ ဆရာလုပ်ချင်တဲ့သူက ဆရာအတတ်သင်သွားမယ်။ ဆေးကုချင်တဲ့သူက ဆရာဝန်လုပ်တာ ဘာဆန်းသလဲ။ (စီးပွားရှာချင်တဲ့သူကတော့ အာဏာရှိတဲ့သူကို အိပ်ထဲထည့်ဖို့ ကြိုးစားရမှာပေါ့နော်)။ ကဲ ပြန်လှည့်ဦးစို့ဗျာ။ တောင်ငူကိုလွန်ပြီး နေပူတော်ရောက်လုနီးနေပြီ။
          လက်ရှိတောင်ငူမြို့ကတော့ လူရှုပ်ရှုပ်၊ ကားရှုပ်ရှုပ်၊ ဆိုင်ကယ်ရှုပ်ရှုပ် နဲ့ တော်တော်ကို စည်စည်ကားကားပါ။  ဘဏ်အဆောက်အဦအကြီးကြီးတွေတောင် လေးငါးခုတွေ့ခဲ့မိတယ်။ ဘီယာဆိုင်၊ အင်တာနက်ဆိုင်တွေလည်း အများကြီးပဲ။ ပုဂ္ဂလိကဆေးရုံတောင် သုံးလေးခုတွေ့တယ်။ ဒါကြောင့်လည်း တောင်ငူရောက်တဲ့ တို့အကိုဆရာကြီးတွေ ထိုင်ထိုင်သွားတာ ထင်ပါရဲ့။ တော်ဝင်ကေတုမတီဆိုတဲ့ အဆင့်မြင့်ဟိုတယ်အကြီးကြီးလည်း တွေ့ခဲ့သား။ ရတနာပုံနေပြည်၊ ဟံသာဝတီနေပြည်တော်တို့နဲ့ ပုံစံချင်းမတူခြားနားတဲ့ ဗိသုကာလက်ရာကိုတွေ့ရပါတယ်။ ကမ္ဗောဇသာဒီနန်းတော်ရာလို လင်းနို့သားငါးရာ ပျော်စံရာ ဖုန်နန်းဆောင်ကြီးအဖြစ် ပြတိုက်သက်သက်ထားတာထက်စာရင် နေ့စဉ်သန့်ရှင်းရေး၊ စီမံခန့်ခွဲမှုနဲ့ ဟိုတယ်ပုံသဏ္ဍာန် ထိန်းသိမ်းထားတာ ပိုအသက်မ၀င်နိုင်ဘူးလား လို့ တွေးမိပါတယ်။ သမိုင်းကြောင်းလေးပါ၊ ယဉ်ကျေးမှုကလေးပါ စိတ်ဝင်စားဖွယ် ဖြစ်လာတာပေါ့။ ဒါပေမယ့် ဟိုတယ်ရဲ့အတွင်းပိုင်း အနုစိတ်ပြင်ဆင်မှုကတော့ ယိုးဒယားက ကျွမ်းကျင်သူ ပညာရှင်တွေ လက်ရာကိုမမီဘူးလို့ သိရပါတယ်။   တောင်ငူရဲ့ ထူးခြားချက်ကတော့ ကြေးရုပ်ထုကြီးတွေ များတာပါ။ မြို့တွင်းမြို့ပြင် လမ်းဆုံလမ်းခွတွေထားဦး အဲဒီဟိုတယ်ထဲမှာတောင် သုံးလေးရုပ်တွေ့ခဲ့ပါတယ်။ ကြေးရုပ်ဆိုပေမယ့် တကယ့်ကြေးသွန်းအစစ်မဟုတ်ပဲ ပလာစတာရုပ်ကြီးတွေကို ကြေးရုပ်သဏ္ဍာန် လုပ်ထားတာလို့ ထင်ပါတယ်။ မကြာသေးခင်က ပြီးသွားတဲ့ မြို့သက်တမ်း ၅၁၂နှစ်ပြည့် မွေးနေ့လိုပဲ လွတ်လပ်ရေးအောင်ပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပမလို့ ပြင်ဆင်နေကြလေရဲ့။ သူနဲ့အတူ ထီးပြိုင်နန်းပြိုင် ရှိခဲ့တဲ့ ဟံသာဝတီ၊ အင်းဝတို့လို မြို့ပျက်သွားပြီးမှ ပြန်တည်ထားတာ မဟုတ်ပဲ တဆက်တစပ်တည်း ရှိနေခဲ့တဲ့ ပဒေသရာဇ်နိုင်ငံငယ်တစ်ခု လို့ထင်ပါတယ်။ မြို့ထဲကရေကန်ဟောင်းကြီးကို ပြန်ဆည်လိုက်တဲ့အခါ တောင်ငူရှင်ဘုရင်တွေ လွှတ်ထားတဲ့ ဧရာမကမ္ဘာလိပ်ကြီးတွေ ဖမ်းမိတယ်လို့ ပြောကြပါတယ်။ ဟိုတယ်ရဲ့နံဘေးမှာ မူလနန်းမြို့ရိုးအဟောင်းကြီးတွေ ရှိနေဆဲလို့ဆိုပြီး မြန်မာ့နည်းမြန်မာ့ဟန်အတိုင်း ဟိုတယ်ဆောက်ဖို့ လယ်ယာမြေတွေသိမ်းလိုက်တဲ့ သတင်းလည်း ကြားလိုက်မိပါတယ်။ ကောလာဟလလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်။ လူတွေက သူများချမ်းသာရင် မနာလိုဖြစ်ကြစမြဲ မဟုတ်လား။ (တော်တော်ကြာ တောင်ငူမှာ လာဖွနေမစိုးလို့)
          တောင်ငူမှာရှိတဲ့ တန်ခိုးကြီးဘုရားတွေထဲမှာ တစ်နိုင်ငံလုံးကသိတာကတော့ အရှေ့တောက မြတ်စောညီနောင်ဘုရားနှစ်ဆူပါ။ မြတ်စွာဘုရားဆီမှာ ဗျာဒိတ်ရတဲ့ လင်းနို့ညီအကိုက ရှင်မြတ်၊ ရှင်စော မင်းသားညီနောင်အဖြစ်နဲ့ ဓါတ်တော်မွေတော်တွေကို အပြိုင်အဆိုင် ဘုရားတည်ကြတာ လို့ ဘုရားသမိုင်းမှာ ဖတ်ခဲ့ရပါတယ်။ ပုဂံမှာ နရပတိစည်သူနန်းတက်တော့ အိပ်မက်အရ တောထဲမှာလိုက်ရှာရာက စေတီကုန်းနှစ်ဆူကို ပြန်လည်ပြုပြင်တည်ထားတယ်လို့ဆိုပါတယ်။ ဘုရားမှာ ထူးထူးခြားခြား ကြက်ရုပ်ကလေးတွေ ကိုင်ထားတဲ့ နတ်ရုပ်တွေကိုမြင်လို့ မေးကြည့်တော့ ဒီဒေသဟာ ဘုရားလောင်းကြက်မင်းဘ၀က ညီနောင်နှစ်ဖော် ကျင်လည်ခဲ့ရာအရပ် လို့ ပြောပါတယ်။ မန္တလေးက ရွှေကြက်ယက်၊ ရွှေကြက်ကျ ကြက်ညီနောင်ဘုရားနှစ်ဆူနဲ့ ဘယ်လိုဆက်စပ်သလဲတော့ မသိပါဘူး။ ဒီလိုကြက်ရုပ်တွေ အများအပြားတွေ့ခဲ့ဖူးတာကတော့ အယုဒ္ဓယက နရဆွန်နတ်နန်းမှာပါ။ ရွှေရောင်၊ ငွေရောင်၊ မှန်ကူကွက်ရောင်စုံနဲ့ ကြက်ဖရုပ် အရွယ်ရွယ်အစားစားကို ဥယျာဉ်ကြီးနဲ့တွေ့ရသလို အမှတ်တရ အရုပ်ကလေးတွေပါ ရောင်းပါတယ်။ အစတုန်းကတော့ ကိုယ့်ဆီက ဦးမင်းကျော်လို အရက်နဲ့ကြက်နဲ့ ကစားတဲ့မင်းလားလို့ ထင်ခဲ့မိပါတယ်။ ခုတစ်ခေါက် တောင်ငူရောက်တော့မှ သူလည်းပဲ ဘုရင့်နောင်က ခေါ်မွေးစားထားဖူးတယ်ဆိုတော့ သူ့အဖေဇာတိ ဒီနေရာကို ရောက်ခဲ့ဖူးမယ် ထင်ပါရဲ့။ (တချို့ကလည်း တူတော်တယ်လို့ အမျိုးစပ်တယ်) ဒီဒေသက  ရွှေကြက်ကလေးတွေကို အမြတ်တနိုးထားတဲ့ ပဋ္ဌာန်းဆက်ကလေးလည်း ပါသွားလို့ နေမှာပေါ့။ ဘုရင့်နောင် နတ်ရွာစံတော့ နန္ဒဘုရင်လက်ထက်မှာ ဘုရင့်နောင်သင်ပေးတဲ့ စစ်ပညာနဲ့ ထောင်ထားခြားနားတယ်ဆိုပေမယ့် ဘုရင့်နောင်ကိုတော့ တော်တော်ချစ်တယ်လို့ ကြားဖူးပါတယ်။ သူတို့ဆီမှာ စစ်ကြိုခေတ်တုန်းက ဘုရင့်နောင် နံမယ်နဲ့ ထိုင်းစကားပြော ရာဇ၀င်ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားတောင် ရိုက်ကူးခဲ့ကြပါသတဲ့။
          ဒီလိုနဲ့ ဆက်တွေးမိတာက တောင်ငူမြေဆိုတာ ညီနောင်သားချင်းတွေ ချစ်ချစ်ခင်ခင် ကြီးပြင်းကြတဲ့ မြေပါလား လို့ သတိထားမိသွားပါတယ်။ သို့သော်လည်း တောင်ငူမင်းဆက်ရဲ့ အစမှာတော့ သ၀န်ကြီး၊ သ၀န်ငယ် မင်းညီနောင်နှစ်ပါး အချင်းချင်း လုပ်ကြံလို့နန်းတက်ခဲ့တာ နောက်ဆုံး မင်းကြီးညိုရောက်တဲ့အထိပဲတဲ့။ အဲသလို ညီနောင်သားချင်း သားအဖ တူဝရီးချင်း သွေးမြေကျအောင် သတ်ဖြတ်စိုးစံနေကြရတော့ ဘယ်မင်းလက်ထက်မှာမှ အလွန်ဆုံး သုံးလေးနှစ်ထက်ပိုပြီး နန်းမစံနိုင်ခဲ့ဘူး။ မင်းကြီးညိုရဲ့ ရင်သွေး တပင်ရွှေထီးနဲ့ မင်းကြီးဆွေကမွေးတဲ့ ဘုရင့်နောင်ဖြစ်လာမယ့် ရှင်ရဲထွဋ်တို့ဟာ ကလေးဘ၀ကတည်းက အတူနို့စို့ဘက်အနေနဲ့ ချစ်ချစ်ခင်ခင် ရှိခဲ့ကြတယ်။ အဆင့်အတန်းခွဲခြားတတ်ရင်၊ ရှင်ဘုရင်ကမွေးမှ မင်းသားဆိုတဲ့ မာန်တွေရှိရင် တွေ့ရခဲတဲ့ လူကြီးသားသမီးစရိုက်ကလေး မဟုတ်ဘူးလား။ နှစ်ယောက်သား သက်စွန့်ဆံဖျား ရွှေမောဓောဘုရားပေါ်မှာ နားထွင်းမင်္ဂလာဆင်ယင်ကြတော့ အကြောက်အရွံ့ကင်းတဲ့ သူတို့နှစ်ယောက်ရဲ့ လူငယ်သဘာဝကို သဘောကျမိပါတယ်။ နောင်ကျတော့ အမတော်ဖြစ်သူ သခင်ကြီးနဲ့ ရည်ငံတဲ့အခါ ခမည်းတော်က တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းသုတ်သင်ခိုင်းတော့လည်း ယောက်ဖလောင်းကြီးကို မျက်စိမှိတ်ပြီး လွှတ်ပေးသလား မသိပါဘူး။ ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတော့လည်း ယောက်ဖတော်ရဲ့ ဇာတာလေးယူလို့ ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ပေးခဲ့တာပဲ။ ဖတ်ဖူးကြားဖူးတာကတော့ ဥပုသ်စောင့်နေတဲ့ ခမည်းတော်ဆီ ခစားဝင်တဲ့အခါ ခါးတုတ်ကြီးကို မသင်္ကာလို့ မယ်တော်မိဖုရားခင်နွယ်ကို မေးပြီး သိလည်းသိရော ဥပုသ်ကြီးနဲ့ အခုသွားသတ်စေ တစ်ချက်လွှတ်အမိန့်ပေးတာတဲ့။ မင်းကြီးညိုနတ်ရွာစံလို့ တပင်ရွှေထီးနန်းတက်တော့မှ ၁၄ နှစ်သားပဲ ရှိသေးတယ်ဆိုရင် သူ့ထက် ၃ လပဲ ကြီးတဲ့ ဘုရင့်နောင် ကိုမျိုးအောင်ဖြစ်တုန်းကအရွယ်ဟာလည်း အံ့ဖွယ်သုတပါတကား။ ရှေးကာလသူငယ်များလည်း ခေသောသူ မဟုတ်လို့ ဆိုရမယ်။ ဒါပေသိ ရွှေစည်းခုံဘုရားကျောက်စာမှာတော့ သူတို့လက်ဆက်ခဲ့တဲ့ သက္ကရာဇ်က ဘုရင့်နောင် ၁၉ နှစ်အရွယ်ဆိုတော့ တပင်ရွှေထီးတောင် ဘီယာကြိုက်တတ်နေပြီး တိုင်းပြည်ကို ဘုရင့်နောင်နဲ့ အပ်ထားတဲ့အချိန်ဖြစ်နေပြီ။ ဘရက်ပစ် နဲ့ အိန်ဂျလီနာဂျိုလီလို ကလေးတွေတပြုံကြီးနဲ့မှ မင်္ဂလာဆောင်ရင်တော့ မပြောတတ်ဘူး။ တစ်ယောက်တစ်မျိုးရေးကြတဲ့ ရာဇ၀င်မှတ်တမ်းတွေထဲမှာ တညီတညွတ်တည်း အငြင်းမပွားကြတဲ့အချက်ကတော့ အဲဒီသမီးယောက်ဖနှစ်ယောက်က တော်တော်ချစ်ကြသားပဲ ဆိုတာပါ။   စစ်ပွဲတွေ အတူတိုက်ရင်းနဲ့မှ ဒီနိုင်ငံမှာ သူကလွဲရင် ဘုရင်ပါပဲလို့ ကျေညာပြီး ဘုရင့်နောင်ဘွဲ့ကိုပေးတယ်ဆိုတာ အိမ်ရှေ့အရာ အပ်နှင်းတယ်ဆိုတာမျိုး ငါမရှိတော့မှ လုပ်ချင်တာလုပ်ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။  ဘုရင့်နောင်ဘက်ကလည်း တပင်ရွှေထီးအပေါ် ထားတဲ့သစ္စာဟာ သူမတူအောင်ပါပဲ။ မူးတွေမတ်တွေ ဘယ်လိုပဲ သူ့ကိုနန်းတင်တင် တွင်တွင်ငြင်းလို့ အသူရာနတ်မောင်ကို ဦးမာဃ နန်းချသလိုတောင် မကြံစည်ရက်ဘူး။ ပြောမနိုင်ဆိုမရတဲ့ ယောက်ဖရောင်းရင်းကြီးကို အလိုလိုက်ပြီး နောက်ကြောင်းလုံအောင် ထိန်းထိန်းသိမ်းသိမ်း အုပ်ချုပ်ရှာတယ်။ တောင်ငူသားတွေ အချင်းချင်း တယ်စည်းလုံးကြသကိုး လို့ တစ်ယောက်ယောက်ကပြောလာရင် အံ့လောက်စရာတော့ မဟုတ်ဘူး။
          တောင်ငူကထွက်တဲ့ နောက်တစ်နောင်ကတော့ နတ်သျှင်နောင် ဖြစ်ပါတယ်။ သူကတော့ စာပေဂီတလောကမှာ နံမည်ကျော်သော်ငြားလည်း နိုင်ငံရေး ရာဇ၀င်မှာ နံမည်ကောင်း မရရှာပါဘူး။ ရတုကဗျာ အလင်္ကာကို ဘုရင်တစ်ဆူအဖြစ် လက်ရာမြောက်အောင် အများအပြား ရေးဖွဲ့ခဲ့သော်ငြားလည်း လူပေါင်းမှားတဲ့ ပြည်ပအားကိုး ပုဆိန်ရိုးထဲ ထည့်ထားကြတယ်။ သူက ဘုရင့်နောင်ဘွဲ့ပေးပြီး သွားပေါင်းတာက သန်လျင်က ဒီဘရစ်တို ဖြစ်နေတာကိုး။  ဘုရင့်နောင် နတ်ရွာစံတဲ့အခါ တောင်ငူမှာဘုရင်ခံဖြစ်တဲ့ ဘုရင့်နောင်ရဲ့ညီတော် မင်းရဲသီဟသူက ရခိုင်ဘုရင်နဲ့ပေါင်းပြီး ဘုရင့်နောင်ရဲ့သားတော်ကြီးနန္ဒဘုရင်ကို တိုက်ခိုက်ပါတယ်။ ကြည့်ရတာ တပင်ရွှေထီးလုပ်ကြံခံရတော့ ခြေမဲ့လက်မဲ့နဲ့ ကျန်ခဲ့တဲ့ဘုရင့်နောင်က တောင်ငူကိုဗိုလ်ခြေမပါပဲ သွားသိမ်းခဲ့စဉ်မှာ တောင်ငူဘုရင်ဖြစ်နေတဲ့ မင်းရဲသီဟသူအလွယ်တကူ နန်းစွန့်ပြီး ဘုရင့်နောင်နောက်ပါးက တကောက်ကောက်လိုက်ပါ စစ်တိုက်ပေးခဲ့တာဟာ အိမ်ရှေ့အရာကို မြှော်မှန်းထားလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရှင်ဘုရင်ထုံးစံအရ သားတော်အကြီးကိုကျော်ပြီး ညီတော်ကိုနန်းတင်ရိုးမရှိတော့ နောင်တော်ဘုရားနတ်ရွာစံတဲ့အခါ တူတော်ဆီက ထီးနန်းကို လုပ်ကြံတာပါ။ သူကမှ တူတော်ကို ရက်စက်ရဲသေးရင် သူ့မိဖုရားနဲ့ သူ့သားတော်အိမ်ရှေ့စံ နတ်သျှင်နောင်တို့ သားအမိက နန္ဒဘုရင်ကို ဘယ်ချမ်းသာပေးပါ့မလဲ။  ဒီလိုနဲ့ မင်းရဲသီဟသူလွန်တော့ နတ်သျှင်နောင်ဘုရင်ဖြစ်လာရော။ ဒီအချိန်မှာ အင်းဝက မဟာဓမ္မရာဇာဓိပတိက တောင်ငူကိုလာသိမ်းတဲ့အခါ ဖင်သွေးစုနာပေါက်နေတဲ့နတ်သျှင်နောင်က မြင်းပေါ်တောင်မထိုင်နိုင်လို့ စီးချင်းယှဉ်မထိုးနိုင်ပဲ သစ္စာခံလိုက်ရပါတယ်။ တောင်ငူသား စစ်ဘုရင်ဘ၀ကလာတဲ့ နတ်သျှင်နောင်ဟာ နန်းကျဘုရင်မဖြစ်သော်ငြား စစ်ရှုံးဘုရင်ဆိုတဲ့အဖြစ်ကို ခံနိုင်ရည်မရှိရှာပါဘူး။ သန်လျင်မှာရှိတဲ့ ဒီဘရစ်တိုနဲ့သွားပေါင်းပါတယ်။ ဒီဘရစ်တိုက တောင်ငူကိုလာတိုက်ပြီး သူ့ကို သန်လျင်ခေါ်သွားလေသတဲ့။  စစ်ရှုံးဘုရင်၊ လက်အောက်ခံဘုရင်ကနေ သုံ့ပန်းဘုရင်အဖြစ်ကို ရောက်သွားတဲ့ နတ်သျှင်နောင်အတွက် ရွေးချယ်စရာ ရှိမယ်မထင်ပါဘူး။ ဟိုကသူငယ်ချင်းဆိုတော့လည်း သူငယ်ချင်းပေါ့။ ဘရင်ဂျီဘာသာထဲဝင် ဆိုတော့လည်း ၀င်ပေါ့။ ဒါမှ ဟိုက အင်းဝသားတွေကို ခံတိုက်ပေးမှာကိုး။ လတ်တလောပြဿနာက လွတ်မြောက်မလားလို့ လမ်းအရွေးမှားခဲ့တာကြောင့် သန်လျင်ဈေးလယ်ခေါင်မှာ မရှုမလှကွပ်မျက်ခံရတာ မထောင်းတာပေမယ့် ရာဇ၀င်မှာ နံမည်ဆိုးကြီးနဲ့ တွင်ကျန်ရစ်ခဲ့ရမယ့်အဖြစ်ကို အမြှော်အမြင်မရှိတာက သူ့အတွက် အခါခါ သေရသလို အဖြစ်ဆိုးပါတယ်။ (ဒါကြောင့် နောက်လူကြီးများက အဲလိုအဖြစ်မျိုးကြုံလာရင် အောက်လူတွေကြောင့်ပါ။ အထက်ကအမိန့်ပေးလို့ပါ နဲ့ လွှဲလွှဲချနေကြတာ။ သမိုင်းက ပေးတဲ့ သင်ခန်းစာတွေ ယူတတ်သွားမှကိုး)။
          ညီနောင်သားချင်း ရင်းနှီးစည်းလုံးမှုကြောင့် မြန်မာရာဇ၀င်မှာ အကျယ်ပြန့်ဆုံးနယ်နိမိတ်ရောက်အောင် တိုက်ခိုက်စည်းရုံးနိုင်ခဲ့တဲ့ ရွှေပြည်ကြီးဟာ ဘုရင့်နောင်လွန်တဲ့နောက် ၀ါးအစည်းပြေသလို ဆွေမျိုးသားချင်း အချင်းချင်းသတ်ဖြတ် အာဏာလုကြတဲ့အခါ တောင်ငူ၊ ဟံသာဝတီ၊ အင်းဝတင်မကဘူး။ မြန်မာတစ်နိုင်ငံလုံး ပြိုကွဲသွားရတာပေါ့။ အုပ်ချုပ်ရေးအာဏာဆိုတာ ပစ္စည်းဥစ္စာများ အမွေပေးသလို ငါသေရင် ငါ့သားမြေးများစံစားဖို့။ ရော့ဟဲ့ အင့်ဟဲ့ နဲ့ လွှဲပြောင်းပေးတိုင်း ရတာမှ မဟုတ်ပဲကိုး။ နောက်တက်မယ့် ဆက်ခံသူမှာ အုပ်ချုပ်မှု အရည်အချင်းမရှိရင် ထားခဲ့သမျှကုန်ရောပဲ။ အကြွေးတွေ၊ ပြဿနာတွေ၊ အကျင့်ဆိုးတွေ အမွေအဖြစ်ထားခဲ့ရင်တော့ စဉ်းစားသာကြည့်ပါလေ။ (မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိလျှင် သနားပါ၏။)
          မကြာသေးခင်က ဘုရင့်နောင်ရုပ်ရှင်ဇာတ်ကားကြီးကို ၀န်ကြီးဌာနများဦးဆောင်လျက် ငွေကျပ်သန်းပေါင်းများစွာ  စိုက်ထုတ် ရိုက်ကူးတော့မယ်လို့ ကြားလိုက်မိပါတယ်။ အရင်တုန်းက ယောင်းမမီးရထားစီးထွက်တဲ့ ဇာတ်ကားကြီးလို မျက်နှာမည်းမည်းကြီးတွေနဲ့ ကြည့်ရမှာလား။ အန်ကယ်လေးရဲ့ ကျန်ဇီမင်းလို လဗ်ဆင်းအသားပေး မိန်းမလေးယောက် မပြည့်မချင်း လိုက်ရိုက်ပြမလားတော့ မသိဘူးပေါ့။ ဘာပဲပြောပြော တောင်ငူဆိုတဲ့နံမယ်ကလေး ပြန်ခေတ်စားလာဦးတော့မှာ အမှန်ပဲ။ ယိုးဒယားကို ဘယ်လိုသိမ်းပိုက်လိုက်တာ။ မွန်တွေကို ဘယ်လိုအောင်ပွဲခံလိုက်တာ။ စစ်ရေးဗျူဟာက ဘယ်လို၊ ကမ္ဗောဇသာဒီနန်းတော်ကြီး ခမ်းနားတာက ဘယ့်နှယ်ဆိုတဲ့ အတက်ပိုင်းတွေချည့်ပဲ ဦးစားပေးပြတာဟာ ဇာတိသွေးဇာတိမာန် တက်ကြွစေတယ်လို့ ထင်ချင်ထင်ကြပါလိမ့်မယ်။ ကိုယ်တွေးမိတာကတော့ အကျပိုင်းက သင်ခန်းစာယူစရာကလေးတွေကိုလည်း ဆင်ခြင်နိုင်ရင် ကောင်းတာပေါ့။ စည်းလုံးမှုဆိုတာ အနိုင်တိုက်ခိုက်ပြီး အကြောက်တရားနဲ့ တုပ်နှောင်ထားလို့ မမြဲဘူး။ ညီနောင်သားချင်းဆိုတာ ခွင့်လွှတ်စိတ်ထားရတယ်။ အပြန်အလှန် အလျှော့ပေးရတယ်။ သွေးသားချင်း သစ္စာမတည်တဲ့သူဟာ ဘယ်တော့မှ ဘုန်းကြီးသက်ရှည် မတည်မြဲနိုင်ဘူး။ စသည်ဖြင့် အတွေးနယ်ချဲ့စရာတွေ အများကြီးပါ။ တောင်ငူသွားလည်ပြီး အတိတ်ကိုလှန်သော် လုပ်လိုက်တာ နောက်ဆုံးတော့ တောင်ငူမှာလည်း စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ရှိနေပါလား လို့ သိလိုက်ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရင့်နောင်မင်းတရားကြီး ၀င်စားသလို စိတ်ကြီးဝင်နေတဲ့သူများဟာ တောင်ငူက ရှင်ရဲထွဋ်ရဲ့အပုံတစ်ရာပုံ တစ်ပုံလောက် သဘောထားကြီးနိုင်ပြီလား။ ခွင့်လွှတ်စိတ်မွေးနိုင်ပြီလား။ တိုင်းသူပြည်သားအပေါ်မှာ စေတနာထားနိုင်ပြီလားဆိုတာ မှန်ကြည့်ပြီး မေးခွန်းထုတ်ကြပါဦး။ သူရဲကောင်းတို့ မွေးရာမြေက ဘုရင့်နောင်ကို စံပြုထုတ်လုပ်လိုက်တဲ့ ဗောင်းတော်ငြိတ် စိတ်တော်သိအရုပ်ကလေးတွေမှာ သူရဲကောင်းတို့ရဲ့ ရဲစွမ်းသတ္တိ နဲ့ တိုက်ခိုက်မှုစွမ်းရည်အပြင် သူရဲကောင်းတို့ရဲ့ နှလုံးသားဆိုတာ ဘယ်လိုဘယ်ပုံရှိတယ်ဆိုတာလေးလည်း သဘောမှပေါက်ကြပါ့မလား မသိပါဘူး။ ဘုရင့်နောင်သိမ်းသွားတဲ့ မြေပုံကြီးကို အထုပ်ထွာပြတာထက် အဲသလောက်အကျယ်အ၀န်းက ပြည်သူတွေကို စည်းရုံးသွားတဲ့ ဘုရင့်နောင်ရဲ့ နှလုံးသားကို မြင်အောင်ကြည့်နိုင်ရင် တောင်ငူမြေကိုနင်းရတာ ထူးခြားတဲ့အရသာ ခံစားနိုင်မှာ မလွဲပါဘူး။



No comments: