Thursday, February 28, 2013

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြမှု မပြေလည်သေး

လင်းသန့်| February 27, 2013 |

ဂျော်ဒန်နိုင်ငံတွင် မြန်မာအလုပ်သမား ထောင်နှင့်ချီ ရှိသည့် အထည်ချုပ် စက်ရုံတရုံ၌ အလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒပြ တောင်းဆိုနေသည်မှာ ၁၄ ရက်ရှိပြီဖြစ်ပြီး ပြေလည်မှု တစုံတရာ မရရှိသေးကြောင်း သတင်းရရှိသည်။

“ကျနော်တို့ မြန်မာအလုပ်သမားတွေ တောင်းဆိုနေတာက မြန်မာလူမျိုးတွေနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကိုပဲ ကျွေးဖို့၊ ဂျော်ဒန် အလုပ်သမား အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက လူမျိုးရေးခွဲခြား ဆက်ဆံနေတာတွေ ရပ်တန့်ပေးဖို့၊ လက်ရှိ လုပ်အားခ လစာ ၁၅၅ ဒီနာ (အမေရိကန် ဒေါ်လာ ၂၁၈ ဒေါ်လာခန့်) က အရမ်း နည်းလွန်းနေလို့ တလကို ၂၀၀ ဒီနာ ( အမေရိကန် ဒေါ်လာ ၂၈၂ ဒေါ်လာခန့်) အထိ တိုးပေးဖို့တွေလည်း ပါတယ်” ဟု ဂျော်ဒန် ရောက် ဆန္ဒပြ မြန်မာ အလုပ်သမား တဦးဖြစ်သူ ကိုကျော်ဇင်ဦးက ဧရာဝတီသို့ ပြောသည်။

ဂျော်ဒန်နိုင်ငံ Ramtha မြို့ ဟာဆမ်စက်မှုဇုံရှိ အထည်ချုပ် စက်ရုံတခုဖြစ်သော Centuary Miracle Apparel Mfg. Co.,Ltd ၌ မြန်မာ အလုပ်သမားများထဲတွင် အမျိုးသမီး အလုပ်သမ ၁၂၀၀ ကျော်ရှိပြီး အမျိုးသား အလုပ်သမား ၁၀၀ ကျော်ရှိကြောင်း၊ ယခုအထိ ဆန္ဒပြနေသည်မှာ ၁၄ ရက်ရှိနေပြီ ဖြစ်ကြောင်း၊ ဂျော်ဒန်နိုင်ငံတွင် မြန်မာသံရုံး မရှိ၍ အစ္စရေးနိုင်ငံရှိ မြန်မာ သံရုံးကို ဖုန်းဆက် အကူအညီ တောင်းခဲ့ကြောင်း သူက ဆက်ပြောသည်။

“အစ္စရေး သံရုံးက သူတို့အနေနဲ့ ဂျော်ဒန်ကို လူကိုယ်တိုင် လာဖို့ အခက် အခဲဖြစ်နေတော့ သူတို့က ဖုန်းနဲ့ပဲ လှမ်းဖြေရှင်း ပေးပါ့မယ်ဆိုတာ ပြောပါတယ်” ဟု ကိုကျော်ဇင်ဦးက ဆိုသည်။

အစ္စရေးနိုင်ငံရှိ မြန်မာသံရုံးသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ ဆက်သွယ်၍ မရပေ။

အဆိုပါ မြန်မာ အလုပ်သမားများအား ဂျော်ဒန်သို့ ပို့ဆောင်ပေးခဲ့သည့် အလုပ်သမား အေဂျင့်များဖြစ်သော ကိုစိုင်း၊ မနန်း၊ မသူဇာ တို့အား ဆက်သွယ်ကာ ၀င်ရောက် ညှိနှိုင်း ကူညီဖြေရှင်းပေးရန် ကမ်းလှမ်းခဲ့ သော်လည်း ကိုစိုင်းဆိုသည့် အေးဂျင့်ကသာ လာရောက်ကူညီ ဖြေရှင်းပေး နေကြောင်း၊ သို့သော် ပြေလည်မှု တစုံတရာ ယခုအထိ မရသေးကြောင်း သိရသည်။

“ကိုစိုင်းက ပထမ ကျနော်တို့နဲ့ လာညှိနှိုင်းတယ်။ သူကလည်း ဖြေရှင်း ပေးနိုင်တဲ့ အခြေအနေမရှိတော့ မပြေလည်သေးပါဘူး။ သူနဲ့ မပြေလည်နိုင်လို့ အလုပ်ရှင်နဲ့ တိုက်ရိုက်တွေ့ချင်တယ် ပြောခဲ့တယ်။ ကျနော်တို့မှာ ဘာသာ စကား အခက်အခဲလည်း ရှိတယ်။ နောက် ဘာအလုပ်သမား အဖွဲ့အစည်းမှ လည်း ဒီမှာ မရှိဘူး” ဟု ကိုကျော်ဇင်ဦးက ဆိုသည်။

ဂျော်ဒန်ရောက် မြန်မာ အလုပ်သမား ဆန္ဒပြမှုနှင့် ပတ်သက်၍ ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံ၌ ကျွေးမွေးသည့် အစားအသောက် မပြေလည်၍ လူ ၃၀ စတင် ဆန္ဒပြခဲ့ရာ ကြီးထွားလာခဲ့ ကြောင်း၊ အဆိုပါ အလုပ်သမားများ အားလုံးမှာ တရားမ၀င် အေဂျင်စီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သွားရောက်သူများ ဖြစ်ကြောင်း၊ သို့သော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနအနေဖြင့် အဆိုပါ အခက်အခဲများ ပြေလည်ရေး စီစဉ်နေကြောင်း ဖော်ပြထားသည်။

ယမန်နေ့က အလုပ်ရှင်နှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုကြောင့် အလုပ်ရှင် ပါဝင်သည့် အစည်းအဝေးပွဲသို့ အလုပ်သမား ကိုယ်စားလှယ် ၂၁ ဦးကို ဖိတ်ခေါ် ဆွေးနွေးခဲ့သော်လည်း အလုပ်ရှင်ဘက်က မရိုးသားချက်များ ရှိသည့်အတွက် ဆွေးနွေးပွဲ ပျက်ပြယ်သွားခဲ့ကြောင်းလည်း သိရသည်။

ဂျော်ဒန်နိုင်ငံ အလုပ်သမား ဥပဒေအရ ဆန္ဒပြမည်ဆိုပါက ၁၄ ရက် ကြိုတင်ကာ အလုပ်ရှင်ထံ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး နို့တစ်စာအရ ၄၈ နာရီအတွင်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန်နှင့် မ၀င်ရောက်ပါက ပထမ တရက် အတွက် ဂျော်ဒန် ဒီနာ ၅၀၊ နောက်ရက်များတွင် တရက်လျှင် ဂျော်ဒန်ငွေ ၅ ဒီနာအား အလုပ်သမားက ပေးဆောင်ရမည်ဖြစ်ပြီး ဆန္ဒပြသည့် ရက်များ အတွက် လစာပေးမည် မဟုတ်ကြောင်း၊ အလုပ်သမားများအား အလုပ် ဆက်လုပ်ရန် ဆန္ဒမရှိပါက စက်ရုံမှ အပြန်လေယာဉ်လက်မှတ် ၀ယ်ပေးမည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ဂျော်ဒန်နိုင်ငံရှိ အထည်ချုပ် စက်ရုံတွင် အလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒပြနေကြသော မြန်မာအလုပ်သမားများ (ဓာတ်ပုံ – ကျော်ဇင်ဦး)

ဧရာဝတီ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းရှိ မိဘပြည်သူများသို့ ပြောကြားသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း

Friday, March 1, 2013

မိဘပြည်သူများခင်ဗျား

ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ မူဝါဒများနဲ့ လုပ်ဆောင်ချက်များကို အခါအခွင့်သင့်တိုင်း မိဘ ပြည်သူများထံ ရေဒီယိုမှ တဆင့် ဆက်သွယ်ပြောကြားနေကျ ဖြစ်တဲ့အတိုင်း ယခုတကြိမ် မှာလည်း ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ အသိပေး ပြောကြား ရခြင်းဖြစ်ပါတယ်။

ယခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနား ညစာ စားပွဲရဲ့ ထူးခြားချက်များကို ရှေးဦးစွာ ပြောကြားလိုပါတယ်။ လွန်ခဲ့တဲ့ (၆၆)နှစ်၊ ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက် နေ့မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင် များဟာ ပထဝီ အနေအထားအရ ရော ယဉ်ကျေးမှုအရပါ ကြွယ်ဝ စုံလင်လှတဲ့ ပြည်ထောင်စုကြီးတစ်ရပ် ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အခက်အခဲ အဟန့်အတား ပေါင်းစုံရှိနေတဲ့ ကြားထဲကနေ ပင်လုံစာချုပ်ကို ချုပ်ဆို နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော့် အနေနဲ့ ယခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနားဟာ ထူးခြားမှုတွေ ရှိတယ်လို့ ပြောဆိုရခြင်း ကတော့ ဒီအခမ်းအနားမှာ ငြိမ်းချမ်းရေးရဲ့ ရောင်ခြည်သန်းလာမှုနဲ့အတူ ခိုင်မာမှု ရှိလာတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်နိုင်မည့် အလားအလာများကို တွေ့မြင်လာရတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ယခင် ကာလများက အကြောင်းအမျိုးမျိုး အခက်အခဲ အမျိုးမျိုးနဲ့ သဘောထားကွဲလွဲမှု အမျိုးမျိုးတွေကြောင့် စားပွဲတစ်ဝိုင်းတည်း အတူထိုင်ဖို့ အခြေအနေ မပေးနိုင်ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသားပါတီများနဲ့ အဖွဲ့အစည်းများ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် များမှ ဥက္ကဌများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့်အတူ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များလည်း အတူတစ်ကွ မျက်နှာစုံညီ ထူးခြားစွာ တက်ရောက်နိုင်ခဲ့တဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။ အခုလို ပြည်ထောင်စုနေ့ အနှစ်သာရကို ပိုမိုလေးနက်စေတဲ့ ယခုနှစ် ပြည်ထောင်စုနေ့ ညစာစားပွဲဟာ နှစ်ပေါင်းများစွာအတွင်း ထူးထူးခြားခြား ကျင်းပနိုင်ခဲ့တာဖြစ်ပြီး အဲဒီလို ကျင်းပနိုင်ဖို့အတွက်လည်း နှစ်ပေါင်းများစွာ စောင့်စားခဲ့ရပြီး ပေးဆပ်မှုတွေ အလွန်ပဲများပြားခဲ့ရပါတယ်။ အခုလို ကျင်းပနိုင်ခဲ့တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို ကြိုးပမ်း ဆောင်ရွက် နေကြတဲ့ ခေါင်းဆောင်များအကြား တစ်ဦးနှင့်တစ်ဦး နားလည်ယုံကြည်မှု ပိုမိုခိုင်မာလာစေ တာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော့အနေနဲ့ နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့တဲ့ ကာလတစ်လျောက်လုံးမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့သာမက ပြည်သူလူထုတွေနဲ့ပါ ထိတွေ့ ဆက်ဆံခဲ့ရတာဖြစ်လို့ ပြည်သူတွေ ခံစားနေရတာတွေကို ကျွန်တော့ အနေနဲ့ စာနာ နားလည်နိုင်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် ခေါင်းဆောင်တွေ လက်ဆွဲ နှုတ်ဆက်ရုံ၊ ညစာစားပွဲတွေ ကျင်းပနေရုံမျှနှင့် မလုံလောက်ဘူး ဆိုတာ ကျွန်တော့အနေနဲ့ နားလည် လက်ခံထားပါတယ်။ သို့သော်လည်း အခုလို အစပြု တွေ့ဆုံမှုတွေကနေ တစ်ဆင့် ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုတွေ ရယူပြီး ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခြေခံ အုတ်မြစ်တွေ တည်ဆောက် ရမှာလည်း ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖေါ်ဝါရီ (၁၃) ရက်နေ့မှာ ပြည်ထောင်စုနေ့ ညစာ စားပွဲကို တက်ရောက်လာကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနဲ့ ပြည်တွင်းငြိမ်း ချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို မျက်နှာစုံညီ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး တိုင်ပင်ခဲ့ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအတွက် မြန်မာပြည်သူတွေ အနေနဲ့ ပေးနိုင်မယ့် အကောင်းဆုံး လက်ဆောင်တစ်ခုလို့ ပြောလို့ရတဲ့ အမျိုးသားသွေးစည်းညီညွှတ်ရေး ရရှိနိုင်ဖို့ ခိုင်မာတဲ့ ခြေလှမ်းသစ်တစ်ခု လှမ်းနိုင်ခဲ့ပြီဆိုတဲ့ သတင်းကောင်းကိုလည်း ပြောကြားလိုပါတယ်။

ကျွန်တော့အနေနဲ့ ပြည်ထောင်စုနေ့ ညစာစားပွဲကို တက်ရောက်ဖို့ KIO/KIA မှ ခေါင်းဆောင်များကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့အနေနဲ့ ပြည်ထောင်စုနေ့ ညစာစားပွဲကို ကျွန်တော်တို့နဲ့ အတူတစ်ကွ ပျော်ပျော် ရွှင်ရွှင် ကျင်းပလိုစိတ် ပြင်းပြနေမယ်လို့ ယုံကြည်သော်လည်း ကျန်ရှိနေသေးတဲ့ အခက်အခဲအမျိုးမျိုး၊ အကြောင်း အမျိုးမျိုးကြောင့် တက်ရောက်လာနိုင်ခြင်း မရှိကြတာ ကိုလည်း ကျွန်တော့အနေနဲ့ နားလည်ပေးရ မှာ ဖြစ်ပါတယ်။ သို့သော်လည်း ဖေဖေါ်ဝါရီ (၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ် ကနေတစ်ဆင့် KIO/KIA ရဲ့ ရွှေလီဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်များမှာလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ တန်းတူရည်တူရှိမှုနဲ့ ကိုယ်ပိုင် အခွင့်အရေး ရပိုင်ခွင့် စတဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံအဖြေရှာမယ်ဆိုတဲ့ သဘောထား ရပ်တည်ချက်များကို တွေ့ရတဲ့အတွက်လည်း ကျွန်တော့အနေနဲ့ များစွာ ဝမ်းမြောက်မိပါတယ်။ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များနှင့် KIA တပ်ဖွဲ့များအကြား စစ်ကြောင်း အချင်းချင်း လမ်းမှာ တွေ့ဆုံရာမှာလည်း ရင်ဆိုင် တိုက်ခိုက်မှုများ မရှိဘဲ ငြိမ်းချမ်းစွာ ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်လာနိုင်တာကို ဝမ်းမြောက်ဖွယ် တိုးတက်မှုအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လုံခြုံရေး အခြေအနေ ပိုမိုကောင်းမွန် လာတာနဲ့အမျှ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေမှာ အရေးတကြီး လိုအပ်နေတဲ့ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများကိုလည်း စတင်ပို့နိုင်ပြီ ဖြစ်ပါတယ်။ မကြာမီကာလ အတွင်းမှာ KIO/KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ကိုလည်း စတင် တက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ်လို့ ပြည်သူများကို အသိပေး ပြောကြားလိုပါတယ်။ အဲဒီ နိုင်ငံရေး ဆွေးနွေးမှုများကနေ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲအထိ တက်လှမ်းနိုင်ဖို့ အတွက် အတူတကွ ပူးပေါင်းဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်ဟာ အခြားနိုင်ငံများရဲ့ သာဓကများ၊ အတွေ့ အကြုံများနဲ့မတူဘဲ ထူးခြားစွာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၅ ဖွဲ့လောက်နဲ့ တပြိုင်တည်း ညှိနှိုင်းနေရတာ ဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေဟ ပိုမိုကြီးမားတယ်ဆိုတဲ့ အမှန်တရားကို ရိုးသား စွာ လက်ခံထားရမှာ ဖြစ်ပါတယ်။ အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိနေပေမယ့် ဒါတွေကို ကျော်လွှားဖို့ ပြင်းပြတဲ့ ဆန္ဒနဲ့ မှန်ကန်တဲ့ စိတ်ရင်း စေတနာတွေကသာ အဓိက ဖြစ်တယ်လို့ ရှုမြင်ကြောင်း အလေးအနက် ပြောကြား လိုပါတယ်။ တစ်ဆက်တည်းမှာပဲ အဖွဲ့အစည်း မျိုးစုံအနေနဲ့သော်လည်းကောင်း ပြည်သူတစ်ဦးချင်း အနေဖြင့်သော်လည်းကောင်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်းစဉ်များမှာ မိမိတို့ စွမ်းဆောင်နိုင်သည့် ကဏ္ဍအသီးသီးကနေ ပါဝင် ကြိုးပမ်း လုပ်ဆောင်ကြဖို့အတွက်လည်း အစီအမံများကို အဆင့်ဆင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေး အားလုံး ပူးပေါင်း ပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဉ် ပုံပေါ်လာစေရေးနှင့် အနာဂတ်နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ကိုယ်တတ်စွမ်းတဲ့ ဘက်ကနေ ပူးပေါင်း ပါဝင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖေဖေါ်ဝါရီလ (၇) ရက်နေ့မှာ လက်ကျန် အကျဉ်းသား စီစစ်ရေးကော်မတီကို ဖွဲ့စည်းပေးပြီး ဖြစ်ပါတယ်။ အစိုးရ၊ အရပ်ဘက် လူ့အဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များ ပါဝင်တဲ့ ဒီကော်မတီဟာ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒီကော်မတီအနေနဲ့ မတူညီတဲ့ နိုင်ငံရေး ခံယူချက်၊ သဘောထားများကြောင့် ခေတ်စနစ် အခြေအနေအရ အကျဉ်းချခံခဲ့ရသူများကို မိသားစု အသီးသီးနဲ့ ပြန်လည် စုံစည်းနိုင်ဖို့ အခြား ပြည်သူများ တန်းတူ မိမိတို့ဘဝကို လွတ်လပ်စွာ ဖန်တီး ဖော်နိုင်ဖို့နဲ့ အနာဂတ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ပါဝင် လုပ်ဆောင်နိုင်ဖို့ အနေအထားတစ်ခု ပေါ်ပေါက်လာတော့မှာ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို မိဘပြည်သူများထံ သတင်းကောင်းပါးလိုပါတယ်။

ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့လည်း မိမိတို့အစိုးရအဖွဲ့ တာဝန်ယူချိန် ကစပြီး နည်းလမ်း မျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်နေတာကို မိဘ ပြည်သူများ သိရှိကြပြီး ဖြစ်ပါတယ်။ မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုလ်ဘိုင်း ဖုန်းအရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်းမှာ ရောင်းချပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။ ယခုကဲ့သို့ အတိုအစီအစဉ်များကို ဆောင်ရွက်နေတဲ့နည်းတူ များမကြာခင် ကာလမှာလည်း ဆက်သွယ်ရေးကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အစီအမံများ ထားရှိပြီး တစ်စိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေဟာ လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။

လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက် နေပါတယ်။ တစ်နိုင်ငံလုံးမှာ ဘွဲ့ရပြီး လူငယ်တွေ၊ တက္ကသိုလ် ဝင်တန်းအောင်ပြီးသော်လည်း တက္ကသိုလ် ဆက်မတက် နိုင်တဲ့ လူငယ်တွေ၊ တက္ကသိုလ် ဝင်တန်းအထိ ပညာသင်ခွင့် ရခဲ့တဲ့ လူငယ်တွေ များစွာရှိနေပါတယ်။ ဒီလူငယ် တွေ မိမိတို့နိုင်ငံမှာ အလုပ်အကိုင် ရရှိရေးအတွက်၊ စက်မှုဇုန်ကြီးတွေ အလုပ်ရုံ၊ စက်ရုံစုတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ စက်မှုလယ်ယာစိုက်ခင်းကြီးတွေ များစွာလိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်တိုင်းပြည် အတွက် မထိခိုက်စေတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရာမှာ မကြာမီကာလအတွင်း ရောက်ရှိလာတော့ မှာဖြစ်ပါတယ်။ ပြည်ပမှ ရောက်ရှိလာပြီး ရင်းနှီးမြှုပ်နှံလိုသူများ အတွက် အဟန့်အတား အနှောင့်အယှက် မဖြစ်စေရန်၊ ကျွန်တော်တို့ အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက် ပေးကြစေလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ ခေတ်မီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်စေဖို့ဆိုတာ ပြည်တွင်း အင်အားက အဓိကကျသလို အထူးသဖြင့် ယနေ့ကမ္ဘာကြီးမှာ ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေအရ နိုင်ငံများဟာ မိမိ တစ်ဦးတည်းရပ်တည်ဖို့ မဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံ အနေနဲ့လည်း ခေတ်မီတဲ့ နိုင်ငံတကာ ဆက်ဆံရေးပုံစံတစ်ရပ်ကို ပုံဖော်နိုင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်။ ကျွန်တောအနေနဲ့ ကမ္ဘာ့နိုင်ငံများနဲ့ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြည်သူများရဲ့ လူမှုစီးပွား ဘဝတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းရေး ကြွေးမြီကိစ္စများ အပြီးသတ် ရှင်းလင်းနိုင်ရေး စတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ လိုအပ်တဲ့ အကူအညီများရရှိနိုင်ဖို့ ဥရောပနိုင်ငံများကို သွားရောက်နေတာ ဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျား ကျွန်တော့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင် များရဲ့ စိတ်ရင်း စေတနာနှင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းရရှိခဲ့တဲ့ ယုံကြည်မှု တည်ဆောင်နိုင်ခြင်း ဆိုတဲ့ ခိုင်မာမှုတွေနဲ့ မိမိတို့ အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေး အင်အားစုများ၊ စီးပွားရေး လူမှုရေး၊ အင်အား စုများ၊ အရပ်ဘက်လူ့အဖွဲ့အစည်း အမျိုးမျိုး၊ တပ်မတော် နှင့် ပြည်သူလူထု တစ်ရပ်လုံးရဲ့ ပြင်းပြတဲ့ ဆန္ဒတွေ ပေါင်းစပ်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွှတ်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်တဲ့အတွက် အတူ လက်တွဲလုပ် ဆောင်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

ပြုပြင် ပြောင်းလဲမှုများကို ဝိုင်းဝန်းလုပ်ဆောင်ကြရာမှာလည်း ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ လူမှုနိုင်ငံရေး ဘဝများဟာလည်း ကိန်းသေသဘောမျိုး မဟုတ်ဘဲ ကိန်းရှင်သဘောမျိုး လိုက်ပါ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အပြောင်းအလဲများကို လျင်လျင်မြန်မြန် သွက်သွက်လက်လက် Dynamic ဖြစ်အောင် လုပ်ဆောင်ရမှာ ဖြစ်ပြီး ပြောင်းလဲမှုတွေနဲ့ လိုက်လျော ညီထွေစွာ လိုက်ပါပြောင်းလဲဖို့ လိုသလို ပြည်သူတစ်ဦးချင်းစီကလည်း အချင်းချင်း စိတ်ရှည်သီးခံမှု နားလည် ခွင့်လွှတ်မှု စာနာထောက်ထားမှုတွေနဲ့ ပူးပေါင်း လုပ်ဆောင်နိုင်မှု ဆိုတဲ့ စွမ်းရည်များလည်း လိုအပ်မှာ ဖြစ်ပါတယ်လို့ တိုက်တွန်းပြောကြားရင်း နိဂုန်းချုပ်အပ်ပါတယ်.

အမျိုးသမီးတွေအပေါ် လုံခြုံရေးရဲတွေရဲ့ တုံ့ပြန်ပြုမူပုံကို ကင်တာနား အလွန်အမင်းတုန်လှုပ်မိတယ်လို့ မှတ်ချက်ပြု

မအူပင်မြို့နယ် မလက်တိုကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေ အကြား ပဋိပက္ခအတွင်း အာဏာပိုင်တွေဖက်က ကိုင်တွယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက တောင်းဆိုလိုက်ပါတယ်။ ဒီ ကိုင်တွယ်ဖြေရှင်းရာ မှာ ရဲတပ်ဖွဲ့ဝင်တွေဖက်က အမျိုးသမီးတွေကို အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ မှတ်တမ်းတွေကို မြင်ရတော့ သူ့အနေနဲ့ အလွန်ပဲ ထိတ်လန့်တုန့်လှုပ်ရတယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မစ္စတာကင်တာနားနဲ့ ဗွီအိုအေ ဆက်သွယ်မေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မအူပင် မလက်တို ကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေအကြား ပဋိပက္ခ ဓါတ်ပုံမှတ်တမ်းတွေ၊ ဗွီဒီယိုမှတ်တမ်းတွေ အတော်များများ ထွက်လာပါတယ်။ များသောအားဖြင့် အင်တာနက် လူမှုကွန်ယက်မှာ ပျံနှံ့ခဲ့တာပါ။ ရဲလုံခြုံရေးအုပ်စုလိုက် အမျိုးသမီးနှစ်ဦးကို ရိုက်နှက်နေတဲ့ ဗီဒီယိုမှတ်တမ်းကို ကြည့်ရပြီး သူ့အနေနဲ့ အလွန်အမင်းတုန်လှုပ်မိတယ်လို့ မစ္စတာကင်တာနားက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒါဟာ မပြောင်းလဲတဲ့ အရင်တုန်းက အခြေအနေမျိုးဖြစ်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

“တုန်လှုပ်ဖွယ်ရာအချက်ကတော့ ဒီဗွီဒီယိုမှာ ကျနော်မြင်တွေ့ရတာက - ဘေးမှာရပ်ကြည့်နေကြတဲ့ အမျိုးသမီးတွေအပေါ် လုံခြုံရေးရဲတွေရဲ့ တုံ့ပြန်ပြုမူပုံပါပဲ။ ရုတ်တရက် ဒီအမျိုးသမီးတွေကို ရဲဝန်ထမ်းတွေက အကြမ်းဖက်တာ တိုက်ခိုက်တာတွေ့ရပါတယ်။ ကျနော် ထပ်ပြီး ပြောပါရစေ။ ဒါဟာ တကယ်ကို့ တုန်လှုပ်စရာ ကောင်းလှပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့်၊ ရဲဝန်ထမ်းတွေရဲ့ ပြုမူပုံတွေဟာ အရင်စစ်အစိုးရ လက်ထက်က အတိုင်း မပြောင်းသေးဘူးဆိုတာကို တွေ့ရပါတယ်။ ဒါဟာ ကျနော်အတွက်စိုးရိမ်မကင်းဖြစ်မှုပါ။ ဒါကို ပြည်ထဲရေးဝန်ကြီးနဲ့ ကျနော်နေပြည်တော်မှာ တွေ့ဆုံစဉ်ကလည်း တင်ပြခဲ့ပါတယ်။ ရဲတွေရဲ့ အပြုအမူတွေကို လူ့အခွင့်အရေးသင်တန်းပေးပြီး ပြုပြင်ဖို့လိုပါတယ်။ ဒီဗွီဒီယိုကိုကြည့်ခြင်းအားဖြင့် ဒီချိုးဖောက်မှုဟာ မြန်မာနိုင်ငံမှာ စိုးရိမ်စရာအခြေအနေမှာ ရှိနေတာတွေ့ရပါတယ်။”

ပဋိပက္ခကြောင့် ရဲတဦး ဆေးရုံမှာ သေဆုံးပြီး၊ ရဲရော အရပ်သားအတော်များများပါ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ လယ်သမားတွေဖက်ကတော့ ရဲလုံခြုံရေးဖက်က စတင်ရိုက်နှက်လို့ သူတို့ ပြန်ပြီး ခုခံတာပါလို့ ပြောပါတယ်။ ရဲဖက်ကတော့ သူတို့ဟာ ဥပဒေအတိုင်း ကိုင်တွယ်တာပါ လို့ ချေပပါတယ်။ ဒါပေမယ့် အခုအချိန်အထိ မလက်တိုကျေးရွာဖက်မှာ အခြေအနေတွေက တင်းမာနေတုန်းပါ။ မစ္စတာကင်တာနားကတော့ အခု အဖြစ်အပျက်နဲ့ ပတ်သက်လို့ အခုလုပ်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်ပြသွားမယ် လို့ ပြောပါတယ်။

“ကျနော်အနေနဲ့ သေချာပေါက်ပါပဲ ဂျနီဗာမှာ မြန်မာသံအမတ်ကြီးနဲ့တွေ့ဆုံပြီး ဒီကိစ္စကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေကိုလည်း ဒီအကြောင်း ကျနော် အသိပေးတင်ပြမှာဖြစ်ပါတယ်။ ဒါကြောင့် အခုနေအခါမှာ မြန်မာအစိုးရအနေနဲ့ ကမ္ဘာတ၀ှမ်းပြန့်နှံနေတဲ့ ဒီတုန်လှုပ်ဖွယ်ရာကောင်းတဲ့ ဗွီဒီယိုရုပ်ပုံတွေကို အရေးယူဖြေရှင်းဖို့ ကြိုးစားနေလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒီဗွီဒီယိုတွေကို ကြည့်ခြင်းအားဖြင့် ရဲတွေရဲ့ အလေ့အကျင့်တွေပြုပြင်ရမယ်ဆိုတာ သက်သေပြရာ ရောက်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲတွေကြောင့် နိုင်ငံတကာမှာ မြန်မာအစိုးရကို လိုလား လက်ခံမှုတွေ တိုးလာပေမယ့်လည်း တချိန်တည်းမှာ အခုလို ပဋိပက္ခတွေ မကြာမကြာ တွေ့လာရ ပါတယ်။ အထူးသဖြင့်ကတော့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ရာမှာ အထူးသဖြင့် အရပ်သားတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ အရင် အမူအကျင့်တွေ ကို ပြောင်းလဲဖို့ သမ္မတဦးသိန်းစိန်အနေနဲ့ အလေးထားကိုင်တွယ်သင့်တယ်လို့ မစ္စတာကင်တာနား က ပြောပါတယ်။

“လူ့အခွင့်အရေးအခြေအနေတိုးတက်ကောင်းမွန်စေဖို့၊ တချို့နေရာတွေ မှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တာတွေ တွေ့ရတဲ့ သမ္မတ ဦးသိန်းစိန်အနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အလေ့အကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ လက်တွေ့ကျကျ ဆောင်ရွက်သင့်ပါတယ်။ ဒီလိုဆောင်ရွက်တာမျိုး ကျနော် မတွေ့ရသေးပါဘူး။ ဒီကိစ္စသာ မဟုတ်ပါဘူး။ ကြေးနီစီမံကိန်း ပဋိပက္ခဖြိုခွင်းတုန်းကလည်း ရဲက မီးလောင်ဗုံးသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံမှာ တောက်လျှောက်ဖြစ်နေတာတွေ့ရပါတယ်။”

လက်ပံတောင်းတောင်ဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းရေးကော်မတီ ကိုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါတယ်။ ဒီ ကော်မတီအနေနဲ့ မကြာခင်မှာ အစီရင်ခံစာ ထွက်လာမယ် လို့ မျှော်လင့်ထားကြတာပါ။ အခုလို အရပ်ဖက်လူထုနဲ့ လုံခြုံရေးတာဝန်ရှိသူတွေ ထိပ်တိုက်ဖြစ်ကြ တဲ့ ကိစ္စရပ်မျိုးတွေကို အစိုးရတင် မဟုတ်ပဲ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးကော်မတီကလည်း လေ့လာ အဖြေထုတ်ဖို့ တာဝန်ရှိတယ်လို့ မစ္စတာကင်တာနားက ယူဆပါတယ်။

“ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ရမှာ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍကို လေ့လာစုံစမ်းဖို့ တာဝန်ရှိတယ်လို့ ကျနော် ပြောလိုပါတယ်။ ဒီကော်မတီအနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အလေ့အကျင့်တွေကို ဘယ်လိုပြုပြင်ပြောင်းလဲ၇မယ်၊ ဘယ်လိုသင်တန်းတွေ ပေးရမယ်၊ လက်နက်ကိုင်ဆောင်ခွင့် ရှိကြတဲ့ လုံခြုံရေးရဲတွေရဲ့ တာဝန်ဟာ ဘယ်လိုရှိတယ်ဆိုတာကို အစီရင်ခံစာထုတ်ပြန်သင့်ပါတယ်။”

မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ် ၉၆၉ အတွင်းက လယ်မြေဧက ၅၀၀ ကျော်ကို ပုဂ္ဂလိက ကုမ္ပဏီတခုက ၁၉၉၆ ခုနှစ်တုန်းက သိမ်းယူခဲ့တဲ့နောက်၊ အခု အသုံးမပြုဘဲ ထားတယ်ဆိုပြီး လယ်သမားတွေဖက်က သူတို့ မူလ လယ်မြေကို ပြန်ယူဖို့ ခုတ်ထွင်ရှင်းလင်းရာကနေ ပြဿနာတွေ စခဲ့တာပါ။ အင်္ဂါနေ့မှာ အာဏာပိုင်တွေက အဲဒီနေရာမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတဲ့နောက်၊ အဲဒီလယ်မြေတွေမှာ နေရာယူထားတဲ့ လယ်သမားတွေကို အကြမ်းဖက် ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ချိန်မှာ လယ်သမားတွေဖက် ကလည်း ပြန်လည် တိုက်ခိုက်မှုတွေရှိခဲ့ပြီး၊ လုံခြုံရေးတပ်ဖက်က သေနက်ပစ်ဖောက် လူစုခွဲတာတွေ လုပ်ခဲ့ရပါတယ်။

သူရဲကောင်းဓား သံချေးမတက်ပါ

သူရဲကောင်းဓား သံချေးမတက်ပါ

သူရဲကောင်းရဲ့ ဓါးသည် သံချေး ဘယ်သောအခါမှ မတက်တတ်ပါ၊ သူရဲကောင်းသည် ရန်ကုန် 
မော်တင် ကမ်းနားလမ်းဈေး၏ ညသန်းကောင်တွင် စက္ကန့်မလပ် ဖေါက်ဖွားလာသော
 ခြင်ကောင်များကဲ့သို့ မဟုတ်ပါ။

သူရဲကောင်းတို့သည် ဖိနှိပ်မှုမှန်သမျှအား  လောကဓံတရားဟု ကောက်ချက်မဆွဲ၊
 တုန့်ပြန်ရန် လက်ရဲဇက်ရဲရှိသော ၊ မတွေဝေသော သူများဖြစ်၏။

မြန်မာပြည်တွင် သူရဲကောင်းဆိုသူအား မျှော်လင့်နေတတ် စောင့်စားနေတတ်ကြသည်။
 တကယ်အစစ်မှန်သူရဲကောင်းသည် မိမိ၏ ၀ိဥာင် မှာပင် ရှိနေပြီး မိမိသာလျှင် 
သူရဲကောင်းဖြစ်နေသည်။

သက္ကရာဇ် ၁၄၇၈ တွင် မြန်မာဘုရင်၏ပိုင်နက်ကို ကျူးကျော်တိုက်ခိုက်လာသော တရုတ်စစ်သည်တို့ကို မြန်မာဘုရင် မင်းခေါင် (မင်းရဲကျော်စွာ)၏ အကျဉ်းသားအဖြစ် အဖမ်းခံနေရသော မွန်သူရဲကောင်း သမိန်ဗရမ်းသည် မြန်မာစစ်သည်တို့တွင် ထိုးသတ်မည့်သူ မရှိသဖြင့် တရုတ်စစ်သူကြီး ဂါမဏိအား စီးချင်း ထိုးရန် လက်ခံဖို့ စဉ်းစားချိန် တရက်သာရခဲ့၏၊။

မြန်မာဘုရင်မင်းခေါင်းက သူ့တွင် သူရဲကောင်း ရှားနေပြီး တိုင်းပြည်အား လက်နက်အင်အား လူသူအင်းအားဖြင့်သာ အုပ်ချုပ် နေထိုင်ခဲ့သောကြောင့် ယ္ခု တ၇ုတ် စစ်သည်တို့ ၀င်ရောက်လာမှုအား ဖြေရှင်းရန် အကြီးကျယ် အခက်တွေ့နေ၏။ သို့သော် ဘုရင်မင်းခေါင်မှ သူ၏တိုင်ပြည်အား ကာကွယ်ရန် သူကိုယ်တိုင်ပင် မ၀ံ့သာသောအခြေနေအား သမိန်ဗရမ်းမှချက်ခြင်း သတိရကာ 
အင်အားရစေခဲ့သည်။ 
သမိန်ဗရမ်းသည် မွန်လူမျိုးတဦးဖြစ်သော်ငြား တိုင်ပြည် အရေးတွင် မိမိ၏ တာဝန်သိ သစ္စာရှိသော သတ္တိက သူရဲကောင်းတဦး၏ စံ ဟုပင် နားလည် ပြီး တရုတ်စစ်သူကြီး ဂါမဏိနှင့် စီးချင်းထိုးနိုင်ရန် အသင့်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်။

သမိန်ဗရမ်းအဖို့ သူ့ထက် အစစ အရာရာ ချပ်ဝတ် လက်နက် အားအင် အစစအရာရာ
 သာလွန်သော ဂါမဏိအား အကျဉ်းစံနေသော နေရာမှ လေ့ကျင့်ချိန် မရပဲ တရူးထိုး စဉ်းစား 
ဆုံးဖြတ်ခဲ့သည် အသိဥာဏ်မဲ့သူ မဟုတ်ခဲ့ပါ။ သမိန်ဗရမ်း လေ့ကျင့်သော နေရာသည်
 သူ့အားချုပ်နှောင်ထားသော ၁၀ ပေမျှလောက်သာ ကျယ်ဝန်းပြီး အမြင့် ၁၅ ပေလောက်ရှိသော
 သုံးဖက်ပိတ်မြေကျဉ်းသည် သူ၏ သုံးရက်မျှလောက်သာ ကျန်တော့သည့်ကာလအတွက် 
စစ်ရေးလေ့ကျင့် ကွင်းကလေးသဖွယ် လေ့ကျင့်ခဲ့ရသည်။
 
သမိန်ဗ၇မ်း၏ အားသာချက်သည် မျက်လုံးအမြင်အား အလွန်သာလွန်ကောင်းမွန်ပြီး ၊
 တုန်လှုပ်ခြောက်ခြားမှု ကင်းသော စိတ်တည်ငြိမ်မှုရှိသူဖြစ်သည်။ သမိန်ဗရမ်းတွင် 
အများထက်ထူးကဲသော လက်ဝဲလက်ယျာ လက်ဖျံရိုးတို့ တချောင်းစီသာ ပါသော ပါရမီထူးဖြစ်ပြီး၊ သေးငယ်သော အရာများကိုပင် သူ၏လှံဖျားဖြင့် မလွတ်တမ်း ထိခိုက်အောင်
 စွမ်းဆောင်နိုင်သူဖြစ်သည်။

သမိန်ဗရမ်းက သူနှင့် စီးချင်း စစ်ယှဉ်ထိုးရမည်ဖြစ်သော ဂါမဏိအား မတွေ့ဘူးမမြင်ဘူးခဲ့ပါ။ 
သို့သော် သူ၏ ယုံကြည်ချက်သည် သူသည် အမှန်းတရားကို မြတ်နိုးပြီး အမှန်တရားဘက်တွင်သာ အမြဲရပ်လို နေလိုသော ဆုံးဖြတ်ချက်ဖြင့် ရှင်သန်နေသည်ဟု သူက ယူဆလေ့ရှိသောကြောင့် 
ဘာကိုမှ သူမမှုပဲ ရိုးရိုး၇ှင်းရှင်းသာ နေထိုင်တတ်သူဖြစ်သည်။

သမိန်ဗရမ်းအား စီးချင်းထိုးမည့်နေ့တွင် တွေ့ရသော တရုတ် စစ်သူကြီး ဂါမဏိက အားရပါးရ 
ရယ်မောဟားတိုက်ကာ အထင်မြင်သေးပြီး ဟောက်ငန်းမှုများ ပြုလုပ်လေသည်။ သမိန်ဗရမ်းက
 မည်သို့မမျှမတုန့်ပြန် အခြေနေမှန်အားလုံးအား မိမိရန်သူတွင် အသေးစိတ်လေ့လာ 
အကဲခတ်ကာ စစ်ရေးစီးချင်းထိုးကွင်းထဲသို့ ဆင်းလေသည်။ 

တရုတ်စစ်သူကြီး ဂါမဏိသည် နယ်နယ်ရရမဟုတ်ပါ၊ အာရပ်နွယ်တို့သွေးနှင့် ရောစပ်ထားသော
 လူ့ဆင်ရိုင်းကြီး တကောင်ကဲ့သို့ပင် အင်အားကြီးမား ကိုယ်လုံးထွားပြီး မြင်းစီး ဓားခုတ် အလွန်
 ကျွမ်းကျင်သော စစ်သူကြီးတဦး ဖြစ်လေသည်။ သို့သော် သူ၏ အားနည်းချက်မှာ 
တဖက်ရန်သူအား အထင်မြင်သေးတတ်ပြီး မိမိသာလျှင် မဟာ အာဂ သိုင်းလောကသမားတို့၏ 
သူရဲကောင်းအသွင် လုပ်ပြလေ့ရှိကြောင်းကို သမိန်ဗရမ်းမှ သိရှိပြီး ဟန်ရေးတပြပြ
 စစ်မာန်ကြွနေသော ဂါမဏိအား ပထမ စစ်ရေးစီးချင်း ကွင်းပြင်မှာပင် လှည့်ပတ်ကြည့်ရင်း 
ဂါမဏိ၏ အားနည်းချက်အား အသေခြာသိရှိခဲ့ပြီး စစ်စီးချင်း ယှည်သောအခါ တမိနစ်သာ
မကြာလောက်သော ကာလလေးမှာပင် ဂါမဏိကြီးတယောက် မြေသို့ပေါ်သို့ တုံးလုံးပက်လက်
 ပုံခွေကျသွားအောင် ထုတ်ချင်းပေါင် ပစ်သွင်းခဲ့သော သမိန်ဗရမ်း လှမ်းသွားက မျက်နှာချင်းယှဉ်
 ဒုန်းစိုင်းဝင်လာသော ဂါမဏိ၏ ထူထဲသော စစ်ချပ်ဝတ် ဘယ်လက်မောင်းဂျိုင်းအောက်မှ 
ချုပ်ရိုးပြတ်တချောင်းနေရာမှ သမိန်ဗရမ်း၏ အားပြင်းလှသော လှံသွားက နေရာမလွဲ
 ထိုးဖေါက်ကာ ဂါမဏိဆိုသော တရုတ်စစ်သူကြီးးအား တံစိုးထိုးသွားခဲ့လေသည်။

မြန်မာဘုရင် မင်းခေါင်အဖို့ နှစ်ထောင်းအားရဖြစ်ခဲ့ရသည်။  တရုတ်စစ်သည်များရန်မှ 
ကင်းဝေးခဲ့ရသော သူရဲကောင်းတဦးမှ တတိုင်းပြည်လုံးအား ကယ်တင်ခဲ့လေသော 
သမိုင်းသည် မြန်မာပြည်တွင် အလွန်ထင်၇ှားသော မွန်သူရဲကောင်းတဦး၏ 
တိုင်းပြည်ကို ကာကွယ်လိုသော သစ္စာသည် ယနေ့တိုင်ပင် ထင်ထင်ရှားရှားရှိခဲ့လေသည်။

ထိုအခါ ဘုရင်မင်းခေါင်မှ သမိန်ဗရမ်းအား  “ယခုစီးချင်းထိုးပွဲအား မည်သို့သော
 စိတ်ဆန္ဒဖြင့် အသင်ရွေးချယ်သနည်း ?”ဟု မေးခွန်းထုတ်သောအခါ သမိန်ဗရမ်းမှ
 “သူရဲကောင်းတို့၏ ဓားသည် သံချေး ဘယ်သောအခါမှ မတက်တတ်ပါ” ဟု ဖြေကြားခဲ့လေသည်။
ယခု မြန်မာပြည်၏ ဦးပိုင်နှင့် နောက်ဖေးပေါက်က ချမ်းသာလာသူ ခ၇ိုနီများ၏ မြေ 
၊လယ်ယာသိမ်း တိုက်ပွဲတို့တွင်လည်း သမိန်ဗရမ်းကဲ့သို့ပင် လက်ပံတောင်း နှင့် မအူပင်မှ
 တောင်သူလယ်သမားတို့၏ အင်အားသည်လည်း ဘယ်သောအခါမှ သံချေးတက်မည်
 မဟုတ်ပါကြောင်း တင်ပြပါသည်။

ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ် ၆ နာရီ ၂၅ တွင် ရေးသားသည်။
နှစ်သက်လျှင် ၀ိုင်းရှယ်ပေးပါ

မြန်မာ အစိုးရ စစ်တပ် မှ ဘိန်းခြံစိုက်သူများထံမှအခွန် ကောက်နေ

မြန်မာ အစိုးရ စစ်တပ် မှ ဘိန်းခြံစိုက်သူများထံမှ
==========================
အခွန် ကောက်နေ
==========
Myen Hpyen Ni Ka-Ni Hkawn Hta Sha Nga
=========================
ကချင် ပြည်နယ် လီဒိုလမ်း တလျှောက် (Wa Ra Zup)
ဝရာဇွတ် ရွာ အထက်ဘက် မိုးကောင်းချောင်း နှင့် မနား
ချောင်းဆုံ တ၀ိုက် တွင်ခိုးစိုက်ထားသော ဘိန်းခြံများ 
အားမြန်မာ အစိုးရစစ်တပ် (ခ.လ.ရ-၈၆)တပ် စစ်ကြောင်း
မှ (26/2/2013)ရက်နေ့တွင် ခြံ ပိုင်ရှင်များထံမှ ငွေ
လိုက်လံ ကောက်ခံ နေ ကြောင်းသိရှိရပါသည်။
ငွေမပေးနိုင်သော ဘိန်းခြံပိုင်ရှင်များ၏ ဘိန်းခြံများအား
ဖျက်ဆီး ပြီး ငွေပေးနိုင်သောခြံပိုင်ရှင်များ၏ ဘိန်းခြံများ
အား ဖျက်ဆီးခြင်းမရှိဘဲ ချန်ထားကြောင်းလည်း ဒေသခံ
များထံမှထပ်မံသိရှိရပါသည်။
2013 February  (26) ya hta Lido Lam Mayan, 
Wa Ra Zup mare lahta Mogawng hka hte Mana 
Hka mazup mayan kaw Ka-Ni sun lagu galaw 
nga ai ni hpe Myen Asuay Hpyen Dap Hk.L.Y 
(86) Dap kata na hpyen hpung ni gumhpraw 
sa hpyi lahkawn nna gumhpraw lu jaw ai Ka-ni 
sun ni hpe ngam tawn kau nna gumhpraw n-lu 
jaw ai Ka-ni sun ni hpe gaw hkyen jahten kau 
ya ai lam hpe chye lu ai.
Dai shani Manmaw Ginwang, Zai Bru Yang lam 
mayan de mung Myen Asuya Hpyen Dap, 
Manmaw na Balik ni hte Manmaw na Nam Kawn 
Rung ni pawng hpawm n-gun marai (30) ram 
gaw mawdaw (1) hte hpun lagu galaw ai ni hpe 
hkan rim hkawm ai hta  Sun wang kata hkan 
jahkring tawn da ai Mung shawa ni a mawdaw (3) 
hpe mung hpun lagu galaw ai lauban ni na re ngu 
rim la nna Manmaw de gawt la mat wa ya ai lam 
hpe chye lu ai.

တရုတ်နိုင်ငံ၏ မြန်မာမဟာဗျူဟာ အချိန်အဆအလွဲ

China’s Strategic Misjudgement on Myanmar (By Yun Sun)
Thursday, February 28, 2013

စာတမ်း ရေးသားပြုစုသူ ယန်ဆန်းသည် ဘေကျင်းတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ အခြေစိုက် နေထိုင်ခဲ့ပြီး International C...risis Group ၏ တရုတ်အရေး လေ့လာသူ တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။

ဤစာတမ်းသည် အမေရိကန် ပြည်ထောင်စု Brookings Institution ရှိ အနောက်မြောက် အာရှ မူဝါဒ လေ့လာရေး ဗဟိုဌာန၌ Visiting Fellow အဖြစ် ထမ်းဆောင်ခဲ့စဉ် အပြီးသတ် ရေးသားခဲ့ခြင်း ဖြစ်သည်။

သူမ၏ သုတေသန ကျမ်းမှာ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဗဟိုဦးစီးစနစ် အုပ်ချုပ်ရေး နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးကို အလေးပေး ပြုစုခဲ့သည်။

ဤစာတမ်းတွင် တရုတ်-မြန်မာ ဆက်ဆံရေး အလှည့် အပြောင်းများ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းစဉ်အပေါ် တရုတ်နိုင်ငံ၏ ခန့်မှန်းချက် အလွဲများ၊ အနာဂတ် အလားအလာများ အကြောင်း ကို ရေးသား ပြုစုထားသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေး အခင်းအကျင်းမှာ  များစွာ အပြန့် ကျယ်လာခဲ့ပြီ ဖြစ်ရာ နိုင်ငံ့အရေး နှင့် မဟာဗျူဟာ အရွှေ့အပြောင်းများ အကြောင်း ဆင်ခြင် သုံးသပ်နိုင်ရန် ဘာသာပြန်ဆို တင်ပြလိုက်ရခြင်း ဖြစ်ပြီး ဤဆောင်းပါးပါ ဖော်ပြချက်များ အားလုံးသည် မူရင်းပြုစုသူ၏ အာဘော်သာ ဖြစ်ပေသည်။

၁။ မဟာဗျူဟာ အလှည့်အပြောင်းများ ဖြစ်ပေါ်ခဲ့ရသည့် ၂၀၁၁ ခုနှစ်

(1. Strategic Changes in 2011)

၂၀၁၁ ခုနှစ်သည် တရုတ်-မြန်မာ ဆက်ဆံရေး သိသိသာသာ အေးခဲ သွားစေခဲ့သော နှစ်တစ်နှစ် ဖြစ်သည်။ မြန်မာ့ပြည်တွင်း နိုင်ငံရေး ထင်မှတ်မထား ခဲ့သော နှုန်းထားများဖြင့် လျင်မြန်စွာ ပြောင်းလဲလာ ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံရှိ အကျိုးစီးပွားရော အနာဂတ် မဟာဗျူဟာ စီမံကိန်းများကိုပါ ပြင်းထန်စွာ စိန်ခေါ်လာသည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။

၂၀၁၁ ခုနှစ် မတ်လအတွင်း နိုင်ငံတော်သမ္မတကြီး ကျမ်းသစ္စာ ကျိန်ဆိုမှု အပြီး မကြာခင်မှာပင် တရုတ် နိုင်ငံသည် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ မဟာဗျူဟာမြောက် မိတ်ဖက်အဆင့်သို့ တိုးမြှင့် နိုင်ခဲ့သည်။ ယင်းမဟာဗျူဟာ မိတ်ဖက် လက်တွဲခြင်း၏ အဓိက အချက်များမှာ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ စွမ်းအင် သယ်ယူပို့ဆောင်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စသည့် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ အခြေခံ စဉ်းစား ချက်များသာ ဖြစ်နေကြောင်း တွေ့ရှိရသည်။

ယင်း Blue Print သည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် အစဉ်အလာ ချစ်ကြည်မှု ပေါ်တွင် နောက်ထပ် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုကို ထပ်ဆောင်း မြှင့်တင်လိုက်ခြင်းပင် ဖြစ်သည်။

နိုင်ငံတော် သမ္မတကြီး အာဏာလွှဲပြောင်း ရယူခဲ့ပြီး ရက်သတ္တပတ် ခြောက်ပတ် အကြာတွင် တရုတ်နိုင်ငံ၏ ဗဟို စစ်ကော်မရှင်မှ နံပါတ်(၄) ခေါင်းဆောင် မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ်ခဲ့ပြီး  ယင်းနောက် နှစ်ပတ်အကြာတွင် မဟာဗျူဟာ မြောက်ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် Comprehensive Strategic Cooperation Partnership ကို ထူထောင်နိုင်ခဲ့သည်။

တစ်ဆက်တည်းမှာပင် ယူနန်ပြည်နယ် အစိုးရသည် အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ ယူနန်နှင့် မြန်မာ ပေါင်းကူးတံတား ထိုးနိုင်ရန် ရည်ရွယ်သော Bridge Campaign ကို စတင် ဆောင်ရွက်ခဲ့သည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ကာလရှည်ကြာ နိုင်ငံရေး ထောက်ခံမှုများ ပေးအပ်ခဲ့ခြင်း အတွက် အတုံ့အလှည့် အားဖြင့် ဒေသတွင်း ပူးပေါင်းဆောင် ရွက်ရေးဖိုရမ်များ၊ အဓိကအားဖြင့် အာဆီယံ အစည်းအဝေး များတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်များ၊ တောင်တရုတ် ပင်လယ် အရေးကိစ္စအပေါ် မြန်မာနိုင်ငံ၏ ထောက်ခံမှုများ ရရှိအောင် ဆောင်ရွက်ခဲ့သည်။

သို့သော်လည်း ၂၀၁၁ ခုနှစ် သြဂုတ်လ နောက်ပိုင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အပေါ် အမျက်ထွက်စရာ ကိစ္စရပ်များ ဆက်တိုက် ဆိုသလို ပေါ်ပေါက်လာခဲ့သည်။ အငြင်းပွားဖွယ် မြစ်ဆုံဆည် တည်ဆောက်မှု ဆိုင်းငံ့ခြင်းနှင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး
ကောင်းမွန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခြင်း၊ အထူးသဖြင့် အမေရိကန် နိုင်ငံနှင့် အပြုသဘော ဆက်ဆံမှုများ ရောက်ရှိလာခြင်း တို့ကြောင့် တရုတ် နိုင်ငံက မြန်မာနိုင်ငံကို သစ္စာရှိ မိတ်ဆွေနိုင်ငံအဖြစ် မှတ်ယူထားခဲ့မှု များအပေါ် ပြင်းထန်စွာ တုန်လှုပ် သွားစေခဲ့သည်။ ၄င်းအပြင် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ချမှတ်ထားခဲ့သော အုတ်မြစ်များကို လှုပ်ခါသွားစေခဲ့သည်။ အကျိုးဆက်အားဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပေါ် ထားရှိခဲ့သော မျှော်မှန်းချက်များကို ပြန်လည် သုံးသပ် လာခဲ့ရပြီး
မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနှင့် မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သော ကတိကဝတ် များကို ပြင်ဆင် ရေးဆွဲလာခဲ့သည်။

တရုတ်နိုင်ငံ၏ သံခင်းတမန်ခင်း နောက်ပြန်ဆုတ်သွားမှု တို့သည် မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲ အလွန် နိုင်ငံရေး အခင်းအကျင်း အပေါ် တင်ကြိုမျှော်လင့် သုံးသပ်ချက်များ လွဲမှား သွားခဲ့ခြင်းက အဓိကကျနေ သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှ မြစ်ဆုံဆည် ရပ်ဆိုင်း လိုက်သည့် ကာလအထိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းသည် ကြီးကြီး မားမား ပြောင်းလဲနိုင်ဖွယ်ရာ မရှိဟူ၍ မျှော်မှန်း ထားခဲ့ကြသည်။

တရုတ် ခေါင်းဆောင်များ သည် မြန်မာပြည် တွင်းရှိ ဒီမိုကရက်တစ် အရှိန်အဟုန်ကို လျှော့တွက် ခဲ့ကြပြီး ယင်းအရှိန်အဟုန်သည် မြန်မာနိုင်ငံ စစ်ခေါင်းဆောင်ဟောင်း များအား ပြုပြင်ပြောင်းလဲ လိုစိတ်များ တိုးမြှင့် ဖြစ်ပေါ်လာစေခဲ့သည်။

တရုတ်နိုင်ငံ၏ ရှုမြင်ချက်တွင် စစ်ဘက် ခေါင်းဆောင်များ အနေဖြင့် ၄င်းတို့၏ အာဏာ ဆုပ်ကိုင်ထားရှိမှု ကို မည်သည့် အခါမှ အလျှော့ပေးမည် မဟုတ်ဟူ၍ ရှုမြင်ထားပြီး အရပ်သား အစိုးရသစ် အနေဖြင့်လည်း စစ်အစိုးရနှင့် ကြီးကြီးမားမား ကွာခြားဖွယ်ရာ မရှိနိုင်ဟူ၍ မျှော်မှန်း ထားခဲ့ကြသည်။

ဒုတိယအချက် အနေဖြင့် တရုတ် နိုင်ငံသည် မြန်မာနိုင်ငံကို ထိတွေ့ ဆက်ဆံနေသော အမေရိက၏ စေ့စပ် ညှိနှိုင်းမှု ကျဆုံးမည်ဟူ၍ သတ်မှတ် ထားပြီး ၂၀၁၀ ရွေးကောက်ပွဲများ ကျင်းပပြီးစီးသွားသည့် အချိန်၌ ဝါရှင်တန် အစိုးရက ယင်းရွေးကောက်ပွဲများ တရားမျှတမှု မရှိသလို လွတ်လပ်မှုလည်း မရှိဟူ၍ ထုတ်ပြန် ကြေညာလိုက်သည့် အခါ အမေရိကန်နှင့် ဆက်ဆံရေး ရပ်တန့် သွားပြီဟု ထင်မြင် ယူဆခဲ့ ကြသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ စီးပွားရေး၊ မဟာဗျူဟာမြောက် အရွှေ့အပြောင်းများနှင့် နမူနာယူ၍ လိုက်လျောညီထွေဖြစ်စေ  ရန်အတွက် နိုင်ငံရေး အပြောင်းအလဲများနှင့် စီးပွားရေးပြုပြင် ပြောင်းလဲမှုများကို နှေးကွေးစွာဖြင့် တဖြည်းဖြည်းချင်း ဆောင်ရွက်သွား မည်ဟူ၍လည်း တရုတ်နိုင်ငံရှိ မူဝါဒ လေ့လာသုံးသပ်သူ အများစုက ထင်မြင် ယူဆခဲ့ကြသည်။

ယုတ်စွအဆုံး ဆိုရလျှင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပေါ် မူလ ရှိပြီးဖြစ်သော နိုင်ငံရေးသြဇာနှင့် စီးပွားရေး အရ လွှမ်းမိုးမှုတို့ကို မြှင့်တွက် ခဲ့ကြပြီး မြန်မာပြည်သူများ၏ တရုတ် ဆန့်ကျင်ရေး တွန်းအားကို
လျှော့တွက်ခဲ့ကြသည်။ အဆိုပါ လျှော့တွက်မှု များကြောင့်ပင် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်မူဝါဒ အပေါ် ယုံကြည်မှုများကို ပျက်ပြား သွားစေပြီး ကတိကဝတ်များ ပြိုကွဲ သွားစေသည့် ဖြစ်ရပ်များ
ဖြစ်လာစေခဲ့သည်။

၂။ မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ အခြေခံ အကျိုးစီးပွားများ

2. China’s Basic Interest in Myanmar

မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ သတ်မှတ်ထားရှိသော တရုတ်နိုင်ငံ ၏ အခြေခံ အကျိုးစီးပွား များတွင် အခြေခံအကြောင်းရင်း သုံးချက်ပါ ရှိသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) နယ်စပ်ဒေသ တည်ငြိမ်ရေး Border Stability
(၂) စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု Economic
(၃) စွမ်းအင် သယ်ယူပို့ဆောင်ရေး လမ်းကြောင်း Energy Transportation Route

ယင်းတို့အနက် နယ်စပ်ဒေသ တည်ငြိမ်ရေးမှာ ထိပ်တန်းဦးစား ပေးဖြစ်သည်။ (၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း ဘေကျင်းနှင့် ကူမင်းရှိ တရုတ်အရာရှိ များနှင့် တွေ့ဆုံ မေးမြန်းချက်များအရ) ၂၀၀၉ ခုနှစ် ကိုးကန့်အရေး ကိစ္စတွင် နယ်စပ်ဒေသရှိ တိုင်းရင်းသား အဖွဲ့အစည်း များအကြား ရန်လိုမှုများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို တရုတ် အစိုးရမှ သတိပြုမိ ခဲ့ကြသည်။ အဆိုပါ ပဋိပက္ခတွင် ဒုက္ခသည် ၃၇၀၀၀ ကျော်ကို တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ယူနန်ပြည်နယ် အတွင်း ခိုလှုံ လာစေခဲ့ပြီး နယ်စပ်ဒေသများ တစ်လျှောက် တည်ငြိမ်မှု ထိန်းသိမ်း ထားရှိရန် တရုတ် အာဏာပိုင်များအား ဖိအားများ ဖြစ်ပေါ် လာစေခဲ့သည်။

၂-၁။ နယ်စပ်ဒေသ တည်ငြိမ်ရေး

2.1 Border Stability

၂၀၁၀ ရွေးကောက်ပွဲများ မတိုင်မီ ဖြစ်ပေါ်ခဲ့သော ကိုးကန့်အရေး အခင်းသည် တိုင်းရင်းသား အရေးကိစ္စများ၏ ဖြေရှင်းချက်တစ်ရပ် အနေဖြင့် ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းရေး Peaceful Negotiation ကို အလေးပေး လာစေခဲ့သည်။ အဆိုပါ ပဋိပက္ခ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား နေပြည်တော် အစိုးရမှ လက်နက် စွန့်လွှတ်စေပြီး နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အတင်းအကျပ် ပြောင်းလဲစေခြင်းများ ဆက်လက် လုပ်ဆောင်လာပြီး အကျိုးဆက် အားဖြင့် စစ်ရေး ထိပ်တိုက် တွေ့ဆုံမှုများ ဖြစ်ပေါ်လာမည်ကို တရုတ်နိုင်ငံ အနေဖြင့် စိုးရိမ်ပူပန် လာစေခဲ့သည်။ ထိုသို့ ဆိုးကျိုးများကို ရှောင်လွှဲနိုင်စေရန် အတွက် တရုတ် အစိုးရသည် ယင်း၏ သံတမန်ရေး သြဇာကို အသုံးချခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်ရှိ အဓိက လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသော KIA နှင့် UWSA တို့နှင့် နေပြည်တော်အစိုးရ အကြား တိတ်တဆိတ် ကြားဝင် ဆောင်ရွက်လာခဲ့သည်။ ငြိမ်းချမ်းမှုကို ရအောင်ယူ၊ တွေ့ဆုံဆွေးနွေးမှု များမြှင့်တင် Persuading for Peace and Promoting Talks မဟာဗျူဟာကို တရုတ် ဗဟိုအစိုးရ နှင့် ပြည်နယ်အစိုးရ များတွင် ကျင့်သုံး ဆောင်ရွက်လာခဲ့သည်။ တရုတ်ထိပ်တန်း ခေါင်းဆောင် များသည်လည်း နယ်စပ်ဒေသ များ၌ ငြိမ်းချမ်းရေး နှင့် တည်ငြိမ် အေးချမ်းမှုများ ထိန်းသိမ်းထားရှိရေး အတွက် မြန်မာ ခေါင်းဆောင်များကို လူသိထင်ရှား လက်ချာ ပေးခြင်းများ ဆောင်ရွက် လာခဲ့သည်။
(တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ၂၀၀၉ ခုနှစ် ထုတ်ပြန် ချက်များ၊ ဘီဘီစီ၏ ၂၀၁၀ ခုနှစ် ဖော်ပြချက်များ၊ တရုတ် သတင်းဌာန ၏ ၂၀၁၀ ထုတ်ပြန်ချက်များ)။

ယူနန်အရာရှိ များသည်လည်း KIA ခေါင်းဆောင်များ၊ UWSA ခေါင်းဆောင် များနှင့် တွေ့ဆုံကြသည့် အခါတိုင်း စစ်မဖြစ်စေရေး နှင့် သည်းခံ ညှိနှိုင်းရေးတို့ကို တွင်တွင် ကျယ်ကျယ် ပြောကြားပြီး ဆွယ်တရားဟော Lobby လုပ်ခဲ့ကြသည်။
(၂၀၁၁ ခုနှစ် ဇူလိုင်လ အတွင်း ကူမင်းမှ အရာရှိများနှင့် တွေ့ဆုံ မေးမြန်းခန်းများ)။

၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ငြိမ်းချမ်း တည်ငြိမ်သော အာဏာ လွှဲပြောင်းမှုများ တွေ့မြင်ရခြင်းကို တရုတ်နိုင်ငံက ဝမ်းမြောက် ဝမ်းသာ ဖြစ်ခဲ့ကြသည်။ ဤသို့ ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းနိုင် ခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ထားရှိသော တရုတ်အစိုးရ၏ ရပ်တည်ချက်များ အပေါ် သက်ရောက် မှုများ ဖြစ်ပေါ် လာစေခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ သစ္စာရှိ မိတ်ဆွေရင်း
ဖြစ်ပြီး တိုင်းရင်းသား ပဋိပက္ခများ ဖြေရှင်းရာတွင် တရုတ် နိုင်ငံ၏ အကူအညီကို လိုလားနေသည် ဟူသော ယူဆချက်များ အရ တရုတ်အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ  အပေါ် ထားရှိသော ရပ်တည်ချက် မှာလည်း ရှေ့မတိုးနောက်မဆုတ် အနေအထားကို ထိန်းသိမ်းခြင်း မှသည် အမျိုးသားပြန်လည် ပေါင်းစည်းရေး ဆီသို့ သိသိသာသာ ပြောင်းလဲ လာခဲ့သည်။ ဤယူဆချက် အသစ်ကို
ဘေကျင်းနှင့် ယူနန်ရှိ မြန်မာ့အရေး ကျွမ်းကျင်သူ ထိပ်တန်း ပညာရှင် များက ထပ်ခါတလဲလဲ ပြောကြားခဲ့ကြသည်။
(တိုင်းရင်းသား စည်း လုံးညီညွတ်ရေး သည် နေပြည်တော် အစိုးရ၏ အခြေခံ အခွင့်အရေး ဖြစ်သည်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ယင်းတို့ လက်ဝယ်ရှိ ကိုယ်ပိုင် ရပ်တည်ခွင့်နှင့် လက်နက် ကိုင်ဆောင်ထားမှု တို့ကို ထာဝရ ထိန်းသိမ်းထားနိုင်ရန် မျှော်မှန်းနိုင်မည် မဟုတ်ဟူ၍ ဘေကျင်းနှင့် ကူမင်းရှိ အစိုးရ အရာရှိများက ၂၀၁၁ ခုနှစ် ဇူလိုင်လ အတွင်းက ပြောကြား ခဲ့ကြသည်။)

အထက်ပါ အတွေးအမြင်သည် ၂၀၁၁ ခုနှစ် ဇွန်လနောက်ပိုင်း မှစ၍  KIA နှင့် တပ်မတော် အကြား လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်၍ ထားရှိသော တရုတ်နိုင်ငံ၏ မူဝါဒကို အစဉ်အဆက် လွှမ်းမိုး ထားခဲ့သည်။

အကြီးအကျယ် မလိုလားဟန် ပြသခဲ့ပြီး နယ်စပ် တည်ငြိမ်ရေးကို နေပြည်တော်မှ အလေးထားရန် အပြင်းအထန် တောင်းဆိုခဲ့ သော  ကိုးကန့် အရေးကိစ္စနှင့် မတူညီဘဲ တရုတ် အစိုးရသည် ဒုက္ခသည် များ စီးဝင်လာနိုင်သော နယ်ခြား ဒေသများ၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကင်းလှည့် ချထားခြင်းများ တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး သည်းခံစိတ်ရှည် ရန်နှင့် စေ့စပ် ညှိနှိုင်းရန် တောင်းဆို ခဲ့ကြသည်။
(၂၀၁၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲမှ)။ သို့သော်လည်း နေပြည်တော် အစိုးရနှင့် စေ့စပ် ညှိနှိုင်းရာတွင် ကြားမှ ဒိုင်လူကြီး အနေဖြင့် ပါဝင် ဆောင်ရွက်ပေးရန်
ပြောကြားခဲ့သော KIA ၏ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့သည် (Dongfangwang 2011)။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၏ ပြဿနာ များကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်များ KIA အဖွဲ့နှင့်
ဝေးကွာ ခဲ့ရခြင်းတွင် အကြောင်းရင်းများ များစွာ ရှိနေ သည်။ ပထမဆုံး အချက်မှာ စစ်ဘေးသင့် ဒုက္ခသည်များမှာ လိုင်ဇာရှိ KIA ဌာနချုပ် အနီးတွင်သာ စုဝေးခိုလှုံလျက်ရှိပြီး တရုတ်နိုင်ငံ အတွင်း အရေအတွက် များစွာ စီးဝင်လာခဲ့မှု မရှိခြင်းပင်ဖြစ်သည်။ ယင်းအကျိုး ဆက်ကြောင့် နယ်စပ်ဒေသ တည်ငြိမ်ရေးအပေါ် တရုတ်အစိုးရ၏ စိုးရိမ်ပူပန်မှု များကို လျော့နည်း သွားစေခဲ့သည်။
(၂၀၁၁ ခုနှစ် ဇူလိုင်လ အတွင်း KIA အရာရှိများနှင့် ရွှေလီတွင် တွေ့ဆုံ မေးမြန်းချက်အရ)။

ဒုတိယအချက်မှာ တရုတ်နိုင်ငံဘက်မှ ရှုမြင်ချက်အရ ရှမ်းပြည်နယ် အတွင်း တရုတ်နိုင်ငံမှ ဆောင်ရွက်လျက် ရှိသော တာပိန်ဆည် စီမံကိန်း ကို ထိန်းချုပ်ရန် အတွက် တပ်မတော်အား KIA က တိုက်ခိုက်နေခြင်း သည် တရုတ်နိုင်ငံကို ကြားဝင် လာစေရန် ဆောင်ရွက်နေခြင်းဖြစ်သည် ဟူ၍ ဖြစ်သည် (Dong Fang Zao Bao 2011)။ KIA တပ်ဖွဲ့များက တရုတ်နိုင်ငံ၏ စီးပွားရေး အကျိုးအမြတ်များ အပေါ် လေးစား အလေး ထားမှု နည်းပါး နေခြင်းသည် ကချင်ပြည်နယ် အတွင်း တရုတ်နိုင်ငံမှ ဆောင်ရွက်လျက်ရှိသော မြစ်ဆုံဆည် စီမံကိန်းအား ဆန့်ကျင်မှုများ ပိုမိုဖြစ်ပေါ် စေခဲ့သည်။
(၂၀၁၁ ခုနှစ်အတွင်း ဘေကျင်းနှင့် ကူမင်း တို့တွင် တွေ့ဆုံ မေးမြန်းမှုများ အရ)။

တတိယအချက်အနေဖြင့် KIA ၏ နိုင်ငံရေး ရပ်တည်ချက်များကို တရုတ်အစိုးရက လက်တွေ့မကျဟု ရှုမြင်ထားသည်။ KIA သည် သီးခြားလွတ်လပ်သော နိုင်ငံထူထောင် ရေးကို အဆုံးစွန် လိုလားနေပြီး အစိုးရနှင့် ပဋိပက္ခ ဖြစ်နေခြင်းသည် နေပြည်တော် အစိုးရကို စေ့စပ် ညှိနှိုင်းရာတွင် အလေးသာမှု ရရှိစေရန် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံက သုံးသပ် ထားသည်။

(နောက်အပတ် ဆက်ပါမည်)

မှူးဇော်

The Voice Weekly

ဘင်္ဂလီများအား တူရကီမှ နေအိမ်များအခိုင်အမာဆောက်လုပ်ပေးမည်ကို စစ်တွေမြို့သူ မြို့သားများကန့်ကွက်

----------------------
ထိုသို့ ဆောက်လုပ်ပေးခြင်းသည် ရခိုင့်မြေပေါ်တွင် ဘင်္ဂလီများအင်အားပို လာအောင်လုပ်ပေးခြင်းဖြစ်သည့်အပြင် ၈၂ ဥပဒေအတိုင်းစစ်ဆေးပြီးမှ သာ အိမ်နှင့်ထားသင့်သူများကို ထားပြီး အိမ်နှင့်မထားသင့်သူများကို တန်း လျားဖြင့်သော်လည်းကောင်း၊ အခြားသင့်တော်သောနေရာများတွင် သော် လည်းကောင်း ထားခွင့်ပေးမည်ဖြစ်သည်။

သို့သော်လည်း တူရကီ၏ ယခုလုပ်ရပ်များသည် မြန်မာနိုင်ငံအစိုးရကို သိက္ခာချနေသကဲ့သို့ဖြစ်နေပြီ သူတို့လက်နှင့်သူတို့ လာရောက်အိမ်ဆောက် မည်ဆိုသည်မှာ ရခိုင်ပြည်နယ်အား တူရကီ နိုင်ငံ အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ခြင်းပင်ဖြစ်ပါသည်။
ယင်းကိစ္စအား စစ်တွေမြို့သူ မြို့သားများအားလုံးနှင့် ရခိုင်ပြည်သူ ပြည် သားများအားလုံး ကန့်ကွက်လိမ့်မည်ဖြစ်သည်။

ယခုကဲ့သို့ဆောင်ရွက်နေခြင်းသည် နောက်ထပ်တစ်ကြိမ်ပြဿနာဖြစ် လာမည်ကို စိုးရိမ်သည့်အတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်းလည်းသိရ သည်။
ရခိုင်ပြည်သူတစ်ရပ်လုံး ကန့်ကွက်သွားမည်ဖြစ်ကြောင်းလည်းသိရ ပါသည်။
နည်းလမ်းပေါင်းစုံသုံးကာ ဘင်္ဂလီများ၏ အခွင့်အရေးတစ်ခုတည်းကို သာ အလေးထားပြောဆိုနေသော တူရကီနိုင်ငံသည် 0IC ၏လမ်းညွန်ချက်အ တိုင်းပြုလုပ်နေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် သွေးချောင်းစီးအောင် လုပ် ဆောင်ခြင်းသာ ဖြစ်သည်။ နောက်ထပ် တစ်ကြိမ်ဖြစ်လာလျင် မည် သူ တာဝန်ယူမည်နည်းဟူသောမေးခွန်းများကို မေးရတော့မည်။

အစိုးရကို နည်းအမျိုးမျိုးသုံးပြီးပြောဆိုကာ ရခိုင်ပြည်နယ်အားဘင်္ဂလီ ပြည် နယ်ဖြစ်အောင် လုပ်ဆောင်နေသည်မှာ တူရကီများသာဖြစ်သည်။
ယင်းအတွက် ရခိုင်ပြည်သူ ပြည်သားများသည် မကြာခင်နေ့များတွင် ဆန္ဒထုတ်ဖော် ကန့်ကွက်ကြမည်ဟုလည်း သတိရှိရပါသည်။
_____

RSV

တူရကီနိုင်ငံမှ တစ်ဘက်သတ်အနေအထားဖြင့် ဘင်္ဂလီများကို အိမ်ဆောက်ပေးမည့်အစီအစဉ်များအား စစ်တွေမြို့သူ မြို့သားများ ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စာတင်မည်။ နိုင်ငံသားဖြစ်ခွင့်မဖြစ်ခွင့်ကို ဦးစွာဆောင်ရွက်ပြီးမှ စိစစ်လက်ခံမည်ဟုဆို

=============================
တူရကီနိုင်ငံမှ ဘင်္ဂလီများကိုသာ သီးခြား၊ တစ်ဘက်သတ်အနေအထားဖြင့် လုံးချင်းနေ အိမ်ဆောက်ပေးမည့်အစီအစဉ်များအား စစ်တွေမြို့သူ မြို့သားများ ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စာတင်ရန်ရှိကြောင်းနှင့် နိုင်ငံသားဖြစ်ခွင့်မဖြစ်ခွင့်ကို ဦးစွာဆောင်ရွက်ပြီးမှ စိစစ်လက်ခံသွားမည်ဟုလည်း မြို့မိမြို့ဖိများနှင့် ဒေသခံပြည်သူတစ်ရပ်လုံးက သဘောတူကြောင်းသိရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီးသက်ဆိုင်ရာ ပြည်ထောင်စုအစိုးရသို့ ကန့်ကွက်စာတင်ပြထားပြီးဖြစ်သော်လည်းတူရကီ အဖွဲ့သည် လုပ်ငန်းများဆောင်ရွက်ရန် ရှေ့တိုးလာသဖြင့် ဆန္ဒဖော်ထုတ်ရန်စီစဉ်ပြင်ဆင်လျက်ရှိပြီးမကြာခင် တွင် သက်ဆိုင်ရာဌာနသို့ တရားဝင်ခွင့်ပြုချက် တောင်းရန် စာတင်မည်ဟုလည်းသိရသည်။
'' လုံးဝကိုလက်ခံလို့မရတဲ့အတိုင်းအတာထိရောက်နေပြီလို့ မြင်တယ်။ သူတို့လုပ်ချင်သလို လာလုပ်ကြတယ်။ ဒါဟာ စည်းလုံးရေးကိုဖောက်ဖျက်တာဖြစ်တယ်။

 ဘယ်လို့မှ လက်ခံလို့မရဘူး။ တိုင်းရင်းသားတွေသဘောမတူဘဲ ဆောက် လုပ်ရင် ပြည်နယ်အစိုးရမှာရော၊ ပြည်ထောင်စုအစိုးရမှာရော တာဝန်ရှိတယ်။ နောက်တစ်ကြိမ်ပြဿနာဖြစ်မလာ ဘူးလို့ ဘယ်သူတာဝန်ယူမလဲ။ အဲဒါအရေးကြီးတယ်။ တူရကီနိုင်ငံဟာ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီနိုင်ငံဖြစ်လာ အောင် တွန်းအားပေးနေတာဖြစ်တယ်။ ပထမတော့ ရှေးဦးသူနာပြုပုံစံနဲ့ဝင်လာတယ်။ နောက်တော့ အိမ်ဆောက် ဖို့အထိဖြစ်လာတယ်။ သူတို့လုပ်ရမှာက ကျန်းမာရေးစောင့်ရှောက်မှုတွေပါ။ အခုက နိုင်ငံရေးကိုပါ ၀င်ရောက်စွက် ဖက်နေပြီ။ ဒေသတွင်းပြဿနာကို ဒေသတွင်က လူတွေရဲ့ သဘောထားက အရေးကြီးတယ်။ သူတို့ဒီလောက် စေတနာရှိရင် ကချင်မှာအိုးမဲ့အိမ်မဲ့တွေအများကြီးပါ ။ 

သွားဆောက်ပါလား။ ပြီးတော့ ဂီရီမုန်တိုင်းဖြစ်ပြီးချိန်၊ နာဂစ်မုန်တိုင်းဖြစ်ပြီးချိန်မှာ သူတို့ဘာလုပ်နေကြလဲ။ ဘယ်သူမှဝင်မလာဘူး ။ အခုကုလားတွေနဲ့ ဖြစ်တော့ ချက် ချင်း ၀င်လာကြတယ်။ သွေးထိုးလှုပ်ဆော်တာ သူတို့ဘဲဖြစ်နိုင်တယ်" ဟု ဒက္ခောင်းကျောင်း နွေးနွေးပွဲသို့ တက်ရောက် ခဲ့သူ တစ်ဦးက ပြောပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး၂၀၁၂-ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့ မွန်းလွဲ နှစ်နာရီတွင် ဒက္ခောင်းကျောင်း၌ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြရာတွင်၊ ကုလားများကို နိုင်ငံသား ဟုတ်မဟုတ် စိစစ်ခြင်းမပြုဘဲ အခိုင်အခန့် လုံးချင်းအိမ်များ ဆောက်လုပ်ပေးခြင်းကို ဆန္ဒထုတ်ဖော် ကန့်ကွက်ကြမည် ဖြစ်ကြောင်း ဆုံးဖြတ်ကြသည်ဟုသိရသည်။

ယင်းဆုံးဖြတ်ချက်အတိုင်း ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စာရွက်စတမ်းများပြင်ဆင်နေကြပြီဖြစ်သည်ဟုသိရ သည်။ တူရကီနိုင်ငံမှ မဆင်မခြင်အိမ်များဆောက်လုပ်ပေးခြင်းသည် ၈၂ ဥပဒေအတိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှုပ် ထွေးအောင် ပြင်ဆင်နေခြင်းဖြစ်ပြီး ပြဿနာမဖြစ်ဖြစ်အောင် ဖမ်းတီးနေခြင်းဖြစ်ကြောင်းလည်း သုံးသပ်ကြပါသည်။
ဒေသခံတိုင်းရင်းသားများကို လုံးဝအရေးမစိုက်ဘဲ လုပ်ချင်သည်များကို ဇွတ်လုပ်နေသော တူရကီနိုင်ငံသားများ အနေဖြင့် ဆင်ခြင်သင့်ပြီဟုလည်းပြောဆိုကြသည်။ 

ထို့အတူပင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း သူတို့၏ဆန္ဒ များကို လိုက်လျောပေးနေခြင်းများအား လျော့ချသင့်ကြောင်းနှင့် ရှေ့ရေးများကို ပြည်သူများနှင့်အတူ ပူးပေါင်းဆောင် ရွက်သင့်ကြောင်းလည်း နိုင်ငံရေးလုပ်နေသူများက သုံးသပ်ကြသည်ကိုတွေ့ရသည်။
နေအိမ် ၄၀၀၀ ကျော်အပြင် ဆေးခန်းများ၊ စာသင်ကျောင်းများလည်း ထည့်သွင်းဆောက်လုပ်မည်ဟုသိရသည်။ မူလက အိမ်ခြေမဲ့များသည် ယခုအခါတွင် အိမ်ခန်းများနှင့် မည်သည့်အလုပ်မျှမလုပ်ဘဲ စားသောက်နေရသည်။ ယင်း သို့စားသောက်နိုင်အောင်လည်း တူရကီအဖွဲ့မှ ထောက်ပံ့ထားသည်ကိုတွေ့ရသည်။ ရေကန်အသင့်ကြာ အသင့်ဖြစ်ခဲ့သည်။

တိုင်းရင်းသားများကို စော်ကားရန်အခွင့်အလမ်းများစွာ ရရှိလာသည်။ ယင်းအတွက် ပြဿနာများဖြစ်အောင် အမြဲ ကြိုးစားနေသော ဘင်္ဂလီများအား နေရာချထားရေးသည် ကလေးကစားကစရာမဟုတ်ဘဲ လွန်စွာအရေးကြီးသော ကိစ္စရပ်များသာဖြစ်ကြောင်းလည်း ဒေသခံများနှင့်မြို့မိမြို့ဖများက ပြောဆိုပါသည်။
_____

Black Angle

ဧရာဝတီတိုင်း တောင်သူလယ်သမားတို့၏ သတင်းစာရှင်းလင်းပွဲ

၂၈၊၂၊၂၀၁၃နေ့၊နေ့လည် ၁၂း၀၀ နာရီက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်များမှ ၀ါဝါ၀င်းကုမ္ပဏီလီမိတက်မှ သိမ်းယူထားသော လယ်ဧကများစွာပြဿနာများ အတွက် လယ်မဲ့ယာမဲ့ ဆင်းရဲဒုက္ခခံ တောင်သူလယ်သမားများဘက်မှ သတင်းစာရှင်းလင်းပွဲကို ညောင်တုန်းမြို့နယ်၊ကျွန်းဦးအုပ်စု၊အုတ်ကျင်းကျေးရွာရှိ ငှက်ပျောကျွန်းခတ္တိယတာဘောင်အနီးတွင် ကျင်းပခဲ့ကြသည်။ မိမိတို့မိဘဘိုးဘွားစဉ်ဆက် ဓားမဦးချလုပ်ကိုင်ခဲ့ကြသော လယ်ယာမြေများကို အကျိုးတူ ရေနက်ကွင်း ဖော်ထုတ်ရေးစီမံကိန်း အကြောင်းပြချက်ဖြင့်၊၀ါဝါ၀င်းကုမ္ပဏီလီမိတက်မှ မျှတမှုမရှိသော လျှော်ကြေးငွေဖြင့်လည်းကောင်း၊တချို့ကို လျှော်ကြေးငွေလုံးဝ မပေးခြင်းဖြင့်လည်းကောင်း(၁၉၉၉) ခုနှစ်က အဓမ္မသိမ်းယူခဲ့ပါသည်။ လယ်မဲ့ယာမဲ့ဘ၀ဖြင့် ဆင်းရဲဒုက္ခခံစားနေရသော တောင်သူလယ်သမားများ၏ အကြိမ်ကြိမ်တင်ပြ တောင်းဆိုမှုများကြောင့် မြေစာရင်းဦးစီးဌာနက ၀ါဝါ၀င်းကုမ္ပဏီလီမိတက်မှ ကိုယ်စားလှယ်များ၊သတင်းမီဒီယာများရှေ့မှောက်တွင် ကြားနာစစ်ဆေး ညှိနှိုင်းပေးခဲ့ပါသည်။အမှုမှန်လည်း ပေါ်ပေါက်ခဲ့သဖြင့် ၀ါဝါ၀င်းကုမ္ပဏီလီမိတက်မှ လျှော်ကြေးပေးရန် (၉၊၁၂၊၂၀၁၂)နေ့က သဘောတူခဲ့ပါသည်။သို့သော်လည်း ယနေ့အချိန်အထိ မည်သည့်လျှော်ကြေးငွေမှ မရရှိသေးသဖြင့် ယခုလိုသတင်းစာရှင်းလင်းပွဲကျင်းပရခြင်းဖြစ်ပါသည်။ —  
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ နိုင်ငံလုံးဆိုင်ရာညီလာခံ

မီဒီယာများ ညီလာခံသတင်းတက်ရောက်ယူနိုင်ရန်အတွက် ဖိတ်စာများ ထုတ်ယူနိုင်

၂၀၁၃ ခုနှစ်၊ မတ်လ (  ၉ ) ရက်တွင် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ရွေဂုံတိုင်လမ်းမ ၊ တော်ဝင်နှင်းဆီတွင် ကျင်းပတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ နိုင်ငံလုံးဆိုင်ရာညီလာခံ ဖွင့်ပွဲအခမ်းအနားကို တက်ရောက် သတင်းယူနိုင်ရန်အတွက် E.Mail ဖြင့်သော်လည်းကောင်း ၊ တယ်လီဖုန်းဖြင့်ဆက်သွယ်သော်လည်းကောင်း၊ ဆက်သွယ်ထားရှိသော သတင်းမီဒီယာများ ၂၀၁၃ ခုနှစ် ၊ မတ်လ (၂ - ၃ ) ရက်နေ့ နံက် (၁၀)နာရီမှ (၁၂)နာရီ အတွင်း သတင်းအချက်အလက်ဆပ်ကော်မတီ ( တော်ဝင်နှင်းဆီ ) တွင် လာရောက်ထုတ်ယူနိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ။

နိုင်ငံလုံးဆိုင်ရာညီလာခံတွင် သတင်းတက်ရောက်ယူမည့် သတင်းမီဒီယာများသို့ ..............................

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံကို ၂၀၁၃ခုနှစ်၊ မတ်လ (၈၊၉၊၁၀)ရက်များတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ် မည်ဖြစ်ပါသည်။

ညီလာခံဖွင့်ပွဲကျင်းပသည့် (၂၀၁၃ ခုနှစ် မတ်လ (၉) ရက်နေ့တွင် သတင်းဌာနများ သတင်းရယူနိုင်ရန် ဖိတ်ကြားလွှာများကို မတ်လ (၂၊၃၊၄)ရက် များတွင် တော်ဝင်နှင်းဆီရှိ ညီလာခံကျင်းပရေးသတင်းနှင့် ပြန်ကြားရေးဌာနတွင် နံနက် ၁၀း၀၀ နာရီ မှ ညနေ ၃း၀၀ နာရီအတွင်း လာရောက်ရယူနိုင်ပါသည်။

မှတ်ချက်။ ။လုံခြုံရေးနှင့် နေရာအခက်အခဲကြောင့် သတင်းဌာန တစ်ခုလျှင် နှစ်ဦ်းသာ ဖိတ်စာနှင့် တကွကြွရောက်ပေးပါရန်။

ဆက်သွယ်ရန်။ ။ www.nldcongress.com
Email: info@nldcongress.com
Tel: (+95) 1 – 860 30 90, (+95) 1 – 860 30 91
fax: (+95) 1 – 860 30 70
 
နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တက်ရောက်လာမည့် ညီလာခံ ကိုယ်စားလှယ်များ လိုက်နာရန် .................

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
အမှတ် (၉၇/ခ) အနောက်ရွှေဂုံတိုင်လမ်း၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊
ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်
ရက်စွဲ - ၂ဝ၁၃ခုနှစ်၊ ဖေဖော်ဝါရိလ (၂၆)ရက်

ကြေညာချက် - ၂ဝ၁၃ခုနှစ်၊ မတ်လ ၈၊၉၊၁၀ရက်နေ့များတွင် ကျင်းပတော့မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တက်ရောက်လာမည့် ညီလာခံ ကိုယ်စားလှယ်များ လိုက်နာရန် အောက်ပါ စည်းကမ်းများကို ချမှတ်လိုက်သည်။

၁။ ညီလာခံ ကိုယ်စားလှယ်များသည် ညီလာခံ၏ ရွေးချယ်မှု အဆင့်ဆင့်တွင် အခြားသူများအား မည်သူ့ကို ဆန္ဒမဲပေးရန် သို့မဟုတ် မဲမပေးရန် စည်းရုံးခြင်း မပြုရ။ ထိုသို့ စည်းရုံးမှုမျိုးကို တိုက်တွန်းခြင်း၊ အားပေးခြင်း၊ ကူညီခြင်း မပြုရ။

၂။ ညီလာခံ ကိုယ်စားလှယ်၏ လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ကို ထိခိုက်စေမည့် အပြုအမူ၊ အပြောအဆိုမျိုးကို မပြုလုပ်ရ။

၂၆.၂.၂ဝ၁၃ရက်နေ့တွင် ကျင်းပသော ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင် ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ညီလာခံကျင်းပရေးဗဟိုကော်မရှင်

ဖြန့်ဝေခြင်း
ညီလာခံကိုယ်စားလှယ်အားလုံး
 
 ညီလာခံဖွင့်ပွဲအခမ်းအနားအား Sky NET ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မည်

၂၀၁၃ ခုနှစ် မတ်လ (၉) ရက် နေ့တွင် ကျင်းပမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံဖွင့်ပွဲအခမ်းအနားကို Sky NET ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သွားမည်ဖြစ်ပြီး ၊ Myanmar International , Up to Date Channel များတွင်လည်း ၀င်ရောက်ကြည့်ရှု့နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။