Wednesday, February 27, 2013

၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မတ်လ ၆ ရက်တွင် ရုံးချိန်းခေါ်ယူထား



Created on Thursday, 28 February 2013 03:56

မြောက်ဥက္ကလာပမြို့နယ်၊ ချယ်ရီစားသောက်ဆိုင်မှ ၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို ဆိုင်ရှင်မှ အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လာမည့်မတ်လ ၆ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးချိန်းထပ်မံ ချိန်းဆိုထားကြောင်း မိန်းကလေး၏ မိသားစုဝင်များက ပြောသည်။

ထိုနေ့တွင် အဓမ္မပြုကျင့်ခံရသည့်အပေါ် တရားလိုပြု တိုင်တန်းသူ ဦးတင်ဌေးကို စစ်ဆေးမည်ဖြစ်ပြီး ယခုရုံးချိန်းသည် တတိယမြောက်ရုံးချိန်းဖြစ်ကြောင်း သိရသည်။

ပထမဆုံးရုံးချိန်းအဖြစ် ဖေဖော်ဝါရီ ၂၀ ရက်က ဆင့်ခေါ်စာဖြင့် တရားလိုဘက်ကို စတင်ခေါ်ယူခဲ့သော်လည်း မိန်းကလေး၏ မိခင်နှင့် တရားလိုပြု တိုင်ကြားသူ ဦးတင်ဌေးထံသို့ အဆိုပါ အကြောင်းကြားစာ ရောက်ရှိလာခြင်းမရှိကြောင်း၊ ဒုတိယရုံးချိန်းတွင် တရားလိုဘက်မှ စစ်ဆေးမေးမြန်းခံရမည့် ဦးတင်ဌေးမှာ ကျန်းမာရေး အခြေအနေကြောင့် သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း အဓမ္မပြုကျင့်ခံရသူ တရားလိုမိန်းကလေး၏ မိခင်ဒေါ်တင်ထွေးက ပြောသည်။

တရားလို မိန်းကလေး၏မိခင် ဒေါ်တင်ထွေးက "ကျွန်မသမီးလေးကို အဓမ္မပြုကျင့်တယ်။ ပြီးတော့ ခိုးမှုနဲ့ ပြန်ပြီးအမှုဖွင့် အရေးယူထားတယ်။ အခုလည်း ကျွန်မသမီးလေးနဲ့ တွေ့ခွင့်မရပါဘူး။ ကျွန်မတို့မိသားစု အနေနဲ့ အရှက်လည်းရတယ်။ သိက္ခာလည်း ကျပါတယ်။ အဲဒီကြားထဲက ခိုးတယ်ဆိုပြီး ဆိုင်ရှင်ရဲ့ဇနီးက ပြန်တရားစွဲသေးတယ်" ဟု ၎င်းတို့မိသားစု၏ နစ်နာမှုများကို ရှင်းပြသည်။

ထိုသို့ အဓမ္မပြုကျင့်ခံရပြီး နောက်ပိုင်းတွင် ဆိုင်ပိုင်ရှင်၏ဇနီးမှ အဆိုပါမိန်းကလေးကို အခြားနေရာများသို့ ရွှေ့ပြောင်းစေခဲ့ကြောင်း၊ မိန်းကလေး၏ မိဘများကိုမူ ပျောက်ဆုံးနေသည်ဟု လိမ်လည်ပြောဆိုခဲ့ခြင်းကြောင့် တရားလိုဘက်မှ အဓမ္မပြုကျင့်ခံရသည့် အမှုအပြင် လူကုန်ကူးမှုပုဒ်မဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်က မြောက်ဥက္ကလာပ မြို့နယ်ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

သို့သော် သက်ဆိုင်ရာ ရဲစခန်းအနေဖြင့် အဓမ္မပြုကျင့်ခံရသည့် ပုဒ်မ ၃၇၆ ဖြင့်သာ အမှုဖွင့်ပေးခဲ့ကြောင်း တရားလိုမိန်းကလေး၏ အမှုကို လိုက်လံကူညီ ဆောင်ရွက်ပေးနေသူ ဒေါ်လေးလေးက ပြောသည်။

ယင်းဖြစ်စဉ်အပေါ် ဒေါ်လေးလေးက "တရားလို ပြုလုပ်တိုင်တန်းတဲ့ဘက်က မိန်းကလေးရဲ့ အမေရော၊ ဦးလေးရောက ဆင်းရဲတဲ့ တောသူတောင်သားတွေဖြစ်တဲ့အတွက် ဥပဒေကြောင်း အရဆိုတာတွေ၊ ဆင့်ခေါ်စာတွေကို နားမလည်ကြပါဘူး" ဟု ပြောကြားခဲ့သည်။

ထိုအမှုကို အရှေ့ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင် တရားသူကြီး (၁) ဦးလှသိန်းမှ လက်ခံစစ်ဆေးပြီး အဓမ္မပြုကျင့်ခံရသူ တရားလိုဘက်မှ ဥပဒေအရာရှိအဖြစ် ဦးတင်မောင်ထွေး၊ ရှေ့နေအဖြစ် ရှေ့နေများကွန်ရက်မှ ဦးအောင်သိန်းတို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ http://www.news-eleven.com/ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

No comments: