Wednesday, February 27, 2013

မျိုးဆက်ရှားပါးမှု


Posted by AF in ဆောင်းပါးများ

အနာဂတ် မြန်မာ့နိုင်ငံရေး လောကတွင် မျိုးဆက်ပြဿနာ ပေါ်ပေါက်လာမည်မှာ စိုးရိမ်စရာ ဖြစ်ပါသည်။ ၆၂ ခုနှစ် အာဏာသိမ်း ပြီးကတည်းက အလားအလာရှိ သော ခေါင်းဆောင်များကို တချို့ အား ဖမ်းဆီးထားခြင်း၊ တချို့ကို တောမခို ခိုအောင် ဖိအားပေးခြင်း၊ တချို့ကို ရာထူး၊ စည်းစိမ်၊ အာဏာ တို့ဖြင့် သိမ်းသွင်းကာ နိုင်ငံရေးမျိုး ဆက်ကိုဖြတ်တောက်ခဲ့လေသည်။

ကျောင်းသားမျိုးဆက်များကို နောင် ခေါင်းမထောင်နိုင်အောင် ရက်ရက်စက်စက် ဖြတ်တောက်ခဲ့ရုံ မက နိုင်ငံရေးမျိုးဆက်များကိုလည်း အကြီးအကျယ် ဖြတ်တောက်ပစ် လိုက်၏။ ၆၂ ခုနှစ် အာဏာသိမ်း ပြီး အာဏာသိမ်းစစ်ကောင်စီကို မထောက်ခံသော ပါတီမှန်သမျှကို ဖမ်းဆီးထောင်ချခဲ့သည်။ သို့သော် ၁၉၆၃ ခုနှစ်တွင် လူမြင်ကောင်း အောင် ဟန်ပြ ပြည်တွင်းငြိမ်းချမ်း ရေး တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ် ခဲ့ပါသည်။ ထိုဆွေးနွေးပွဲမှာ ဘာ သဘောတူညီချက်မှ မရဘဲ လက် နက်ကိုင် တော်လှန်သည့် ပါတီများ ကိုလည်း တစ်ဖက်သတ် ဆွေးနွေးပွဲ ဖျက်ခဲ့သလို တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးပါတီများနှင့် လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖျက်ပစ် ခဲ့လေသည်။ ထိုအချိန်မှစ၍ မြန်မာ နိုင်ငံတွင် အဆိုးရွားဆုံးနှင့် အကြီး မားဆုံး လူဖမ်းပွဲကြီး ပြုလုပ်ခဲ့ပါ သည်။ ထိုသို့လူဖမ်းပွဲများဖြင့် နိုင်ငံ ရေးသမားများကို ဖိနှိပ်မှုအား စစ် ခေါင်းဆောင် ဗိုလ်နေဝင်းမှစခဲ့ပြီး နောက်သူ့အရိုက်အရာ ဆက်ခံ သောစစ်ခေါင်းဆောင်များက ထိုသို့ လူဖမ်းပွဲများနှင့် ပြည်သူများအား ရက်ရက်စက်စက် ဖိနှိပ်မှုများကို ပြု လုပ်ခဲ့ပါတော့သည်။

ထိုအချိန်က အာဏာသိမ်းစစ် အစိုးရနှင့်သူတို့ချမှတ်သော မဆလ ၏ အညမည သဘောတရားကို မထောက်ခံသူ လက်ဝဲ၊ လက်ယာ နိုင်ငံရေးသမားအားလုံးကို တွေ့ရာ သင်္ချိုင်း ဓားမဆိုင်း ကြေညာကာ ဖမ်းဆီးထောင်ချပစ်ခဲ့သည်။ သူတို့ ကို ထောက်ခံသူများ (မထောက်ခံဘဲ ကြားနေသဘောဖြင့် နေခွင့်မရှိ။) အားလုံးမှာ တချို့ကို သူတို့က သူ တို့လမ်းစဉ်အောင်မြင်ရေးနှင့် စစ် အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက် အသုံးချကြလေသည်။ အ မှန်အတိုင်းပြောရလျှင် ထိုအချိန်က အဖမ်းမခံရသော နိုင်ငံရေးသမား များမှာ စစ်ကောင်စီနှင့် ပူးပေါင်းသူ များသာ ဖြစ်ပါသည်။ ယခုအချိန်၌ မည်ကဲ့သို့ပင် အသည်းကောင်း ဟစ်ကြွေးနေပါစေ။ သတင်းစာ ဆရာများမှာလည်း အဖမ်းမခံရလျှင် သူတို့ကို ထောက်ခံသူများသာ ဖြစ် ပါသည်။ နိုင်ငံရေးသမားများ ဆို လျှင် ပြောစရာပင် မလိုခဲ့ပေ။ ထို့ ကြောင့် နောင်အနာဂတ် နိုင်ငံရေး အတွက် မျိုးဆက်များမှာ စတင် ဖြတ်တောက်ခြင်း ခံရပါတော့သည်။ တစ်နည်းပြောရလျှင် ‘နိုင်ငံရေး သားကြောဖြတ်ခြင်း’ ဟု ဆိုရပေ လိမ့်မည်။

သို့သော် ထိုအချိန်က ထောင် ထဲရောက်သွားသော လူငယ် ကျောင်းသားများနှင့် စစ်အာဏာရှင် စနစ်ကို ဒူးမထောက်ဘဲ အဖမ်းခံ ရသော နိုင်ငံရေးသမားဟောင်းများ၊ စာရေးဆရာများ၊ မျိုးချစ်ပုဂ္ဂိုလ်များ မှာ အတတ်နိုင်ဆုံး သူတို့၏ နိုင်ငံ ရေးကို မျှဝေပေးခဲ့ကြ၏။ စစ်အာ ဏာရှင်တို့သည် နိုင်ငံရေးစာပေများ နှင့် မာ့က်စ်ဝါဒ စာအုပ်စာတမ်း အားလုံးကို တွေ့မြင်သမျှ သိမ်း ဆည်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ခဲ့ကြသည်။ ဖက်ဆစ်အာဏာ ရှင်ဟစ်တလာလက်ထက်က ဂိုအာ ရင်၏ လုပ်ရပ်မျိုး၊ တရုတ်ဘုရင် ရှီဝှမ်တီ၏ စာအုပ်မှန်သမျှ မီးရှို့ ဖျက်ဆီးခြင်းမျိုးများ ပြုလုပ်ခဲ့သော် လည်း လွန်ခဲ့သော နှစ်ပေါင်း ၄ဝ၊ ၅ဝ က နိုင်ငံရေးသမားများနှင့် စာ ရေးဆရာများသည် မျိုးဆက် အ ဖြတ်မခံဘဲ သူတို့၏ နိုင်ငံရေးသ ဘောတရားများကို ရှင်သန်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။ ဗြိတိသျှခေတ်နှင့် ပါလီမန်ဒီမိုက ရေစီခေတ်ကဆိုလျှင် စာရေးဆရာ များနှင့် သခင်များသည် ထောင်ထဲ ၌ပင် နိုင်ငံရေးကျမ်းများကို ရေး သားပြုစုခဲ့ကြသည် မဟုတ်ပါ လော။ လူထုဦးလှ၊ မြသန်းတင့်၊ ဗန်းမော်တင်အောင်၊ သခင်မြသန်း စသူတို့သည် ထောင်ထဲ၌ပင် ဝတ္ထု များ၊ ကျမ်းများရေးခဲ့သလို သခင် စိုး၊ သခင်ဗဟိန်း၊ သခင်သန်းထွန်း၊ သခင်နု၊ သခင်သိန်းဖေ စသူတို့ သည် ထောင်ထဲ၌ နိုင်ငံရေးကျမ်း များနှင့်စာအုပ်အများအပြားကို ရေး သားခဲ့ပါသည်။ ရေးသားခွင့်လည်း ရှိခဲ့ပါသည်။

စစ်အာဏာရှင်ခေတ်၌မူ ထိုသို့ အခြေအနေများ လုံးဝမရရှိတော့ ပေ။ သို့သော် မိမိတို့ မှတ်သားထား သမျှ နိုင်ငံရေးသဘောတရားများ၊ ဘဝအတွေ့အကြုံများကို ခဲတံ၊ ဖောင်တိန်၊ ဘောပင်၊ စာရွက်အ လွတ် မရှိသည့်ကြားမှပင် မဂ္ဂဇင်း စာမျက်နှာများပေါ်၌ပင် ဖော်စပ် ထားသော သရက်ခေါက်မင်ဖြင့် ဆေးထိုးအပ်ကလောင်ကို အသုံး ပြု၍ မှတ်တမ်းတင် ရေးသားနိုင်ခဲ့ သည်မှာအံ့မခန်းဖြစ်ခဲ့သည်။ ကိုကိုး ကျွန်းလို တသီးတသန့် အဆက် အသွယ် ဖြတ်တောက်ထားသော ဒေသမျိုး၌ပင် ဆရာမြသန်းတင့် သည် ‘ဒူးရင်းဆန့်ကျင်ရေး’ အိန် ဂျယ်၏ကျမ်းကြီးကို စေ့စေ့စပ်စပ် ဘာသာပြန်နိုင်ခဲ့သည်။ မော်စီတုန်း ၏ ကျမ်းများကိုလည်း ဘာသာပြန် ပေးနိုင်ခဲ့၏။ အစဉ်အလာရှိသော နိုင်ငံရေးသမားကြီးများနှင့် ထိတွေ့ ဆက်ဆံတိုင်ပင် သင်ကြားနိုင်ခဲ့ သဖြင့် ၆ဝ ခုနှစ်များက လူငယ် ကျောင်းသား နိုင်ငံရေးမျိုးဆက်များ မှာ အတွေးအခေါ် နိုင်ငံရေးသဘော တရားများ ပြတ်တောက်သွားခြင်း မရှိခဲ့ပေ။

ထိုမျိုးဆက်များသည် တောထဲ တွင် ဖမ်းမိပြီး ထောင်မှလွတ်သည့် အခါ ထောင်ထဲရှိ မျိုးဆက်များ လည်း ထောင်မှလွတ်သောအခါ စစ်အာဏာရှင် ဖယ်ရှားရေး၊ ဒီမို ကရေစီရရှိရေးကို မစွန့်လွှတ်ဘဲ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပါသည်။ လွတ်မြောက်လာသော စာရေးဆ ရာများကလည်း ပိတ်ပင်တားဆီးနေ သည့် ကြားမှပင်နိုင်ငံရေး စာအုပ် များ၊ နိုင်ငံရေးသဘောတရားပါ သည့် ဝတ္ထုများ၊ နိုင်ငံရေးဆောင်း ပါးများကို အဆက်မပြတ် ရေး သားခဲ့ကြသည်။ ဆရာဒဂုန်တာရာ ဆိုလျှင် စာပေဝေဖန်ရေးများ၊ စာ ပေသဘောတရားများကို သူ၏ ဆောင်းပါးတိုင်း၌ ရေးသားခဲ့သလို သခင်မြသန်း၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ မောင်နေဝင်းစသော စာရေးဆရာများမှာလည်း စစ်အာ ဏာရှင်များ၊ မဆလပါတီအာဏာ ရှင်များနှင့် မပူးပေါင်းဘဲ သူတို့ ယုံ ကြည်ရာကို ဆက်လက်ရေးသား ကာ ပြည်သူအတွက် နိုင်ငံရေးအ လင်းရောင်များ ပေးခဲ့၏။ သူတို့၏ ကျေးဇူးများကို ယနေ့တိုင် ကျွန် တော်တို့ ကျေးဇူးတင်မဆုံး ရှိနေရ ပါသည်။

နိုင်ငံရေးသမားများနှင့် ပြည် သူတွက် ယုံကြည်ချက်ဖြင့် ရေး သားသော စာရေးဆရာများသည် မိမိတို့၏ လမ်းစဉ်၊ လုပ်ငန်းစဉ်နှင့် မိမိတို့၏ဖန်တီးမှုများမှာ ငြိမ်းချမ်း ရေး၊ ညီညွတ်ရေး၊ ဒီမိုကရေစီရေး တို့ကို ဦးတည်၍ ဆောင်ရွက်ကြရ မည်။ ဖန်တီးကြရမည်။ ညီညွတ် ရေးကို ထိပါးသော အသုံးအနှုန်း၊ အရေးအသားများ မပြုလုပ်ရ။ ဒီမို ကရေစီ ဘက်တော်သားအချင်းချင်း သွေးကွဲနိုင်သော စကားများကို စင် ပေါ်တွင် မပြောကြရသလို၊ စာရွက် ပေါ်တွင်လည်း ကလောင်ဖြင့် ရေး သားခြင်း မပြုကြပေ။ ထိုသို့ ညီ ညွတ်ရေး ထိပါးအောင် ရေးသား သော စာရေးဆရာများမှာ ပြည်သူ ကို သွေးခွဲသောသူများ ဖြစ်သွားပေ လိမ့်မည်။

ယခု ၂ဝ၁ဝ မှစ၍ နှစ်ကာလ များအတွင်း မျိုးဆက်ပြဿနာကို နိုင်ငံရေးပါတီများ ရင်ဆိုင်လာရပေပြီ။ အင်အားအတောင့်တင်းဆုံး ဆို သော ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီကြားထဲတွင်လည်း အနာဂတ် တွင် တိုင်းပြည်ကို ခေါင်းဆောင် နိုင်သော ခေါင်းဆောင်မျိုးဆက် ရှားပါးနေသည်ဆိုသည်ကို အမှန် အတိုင်း ဝန်ခံဖို့ လိုအပ်နေပါသည်။ ပြည်ခိုင်ဖြိုး ပါတီမှာ ယခင် မဆလ အမွေနှင့် တပ်မတော်မှမွေးထုတ်ပေး လိုက်သော တပ်မတော်သားဟောင်း များဖြစ်၍ မျိုးဆက်မပြတ်အောင် ကြိုးပမ်းအားထုတ်မှုများ ရှိချင်ရှိနိုင် ပါသည်။ သို့သော် NLD ပါတီမှာမူ ရပ်တည်ခဲ့ရသော ကာလတစ် လျှောက်လုံး၌လည်းပါတီ၏မျိုး ဆက်ဆက်ခံရေးထက် ပါတီပျက်မသွားအောင် ကျားကုတ်ကျားခဲ ထိန်းသိမ်းခဲ့ရသောကြောင့် နောက်မျိုးဆက် ဆက်ခံရေးမှာ အခက်အခဲ ရှိခဲ့လေသည်။ ပါတီဝင်အများစုမှာ ထောင်များထဲ နှစ်ရှည်လများ ကျခံ ခဲ့ရပြီး တချို့မှာ နိုင်ငံခြားသို့ ရှောင် တိမ်းခဲ့ရ၏။ တချို့မှာထောင်ထဲတွင် ကွယ်လွန်သွားခဲ့ကြရသည်။ ၁၉၈၈ ခုနှစ်ကတည်းက နှစ်ပေါင်း အစိတ် အတွင်း NLD အဖို့ ဆက်ခံမည့် မျိုးဆက်ပြဿနာမှာ အခက်အခဲ ဖြစ်နေသည်ကို တွေ့ရှိရသည်။ NLD ပါတီအဖို့အားထားစရာ အဓိကမဏ္ဍိုင်မှာ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်၏။ ဒေါ်အောင်ဆန်း စုကြည်မှာ ယခုအသက် ၆၇ နှစ် ရှိသည်။ နောက် ၁ဝ နှစ် တာဝန်ယူနိုင်လျှင်တောင် အသက် ၇၇ နှစ်ဖြစ်ပြီးပါတီကို ဦးဆောင်ဖို့၊ တိုင်းပြည်ကို ဦးဆောင်နိုင်ဖို့ အသက်အရွယ်က ခွင့်မပြုနိုင်တော့ပေ။ ဒေါ်အောင်ဆန်းစုကြည်နောက် တိုင်းပြည်တာဝန်၊ ပါတီတာဝန်ထမ်းဆောင်နိုင်မည့် မျိုးဆက်လူငယ်များမှာ အဖမ်းဆီးခံ၍ ထောင်ထဲ၌ မိမိတို့ဘဝများပေးဆပ်ခဲ့ရသူများ ဖြစ်သော်လည်း ပါတီတာဝန်၊ တိုင်းပြည်တာဝန်ကို မည်မျှထမ်း ဆောင်နိုင်မည်ကိုကား ကံသေကံမ မပြောနိုင်ပေ။ ဒေါ်အောင်ဆန်းစု ကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်စသော ခေါင်းဆောင်များကို ကျွန်တော်တို့ ယုံယုံကြည်ကြည် ခေါင်းဆောင်နိုင် သူများဟု သတ်မှတ်နိုင်သော်လည်း တခြားသူများကိုမူ ယုံကြည်၍ မရ ပေ။ ထိုသို့ မျိုးဆက်ပြဿနာကို NLD ပါတီအနေဖြင့် ယခုမှစ၍ ဆင်ခြင်သုံးသပ်ဖို့ လိုနေပေပြီ။

နောက် ကျွန်တော်တို့ အားအထားဆုံး နိုင်ငံရေးမျိုးဆက်မှာ ၈၈ မျိုးဆက်ဖြစ်လေသည်။ ၈၈ မျိုး ဆက်ကျောင်းသားများသည် ၁၉၈၈ အာဏာသိမ်းပြီးကတည်းကဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်အာဏာရှင်တို့၏ နိုင်ငံရေးသားကြောဖြတ်ခြင်းကို ခံရလေသည်။ မိမိတို့အတွက် နိုင်ငံရေးဆည်းပူးလေ့လာခွင့်များ၊ လေ့လာနိုင်သော နိုင်ငံရေးသမား ကြီးများ ထောင်ထဲလုံလုံလောက် လောက်မရှိ၍ သူတို့၏နိုင်ငံရေး အတွေးအခေါ်ကို သတ်ပစ်ခဲ့သလို သူတို့ကို နိုင်ငံရေးတာဝန်မယူနိုင်အောင်လည်း နိုင်ငံရေးစိတ်ဓာတ်ကို ချိုးနှိမ်ပစ်ခဲ့လေသည်။ သူတို့သည် နိုင်ငံရေးတက်ကြွသော အရွယ်ကတည်းက ထောင်ထဲတွင်ထည့်ထားခဲ့သည်မှာ ယခုသက်လတ်ပိုင်းအရွယ်ပင် ရောက်ခဲ့သည်။ ယခုနိုင်ငံရေးလုပ်ရန်၊ နိုင်ငံရေးပါတီလုပ်ရန် အကောင်းဆုံးအခြေအနေ ဖြစ်သော်လည်း ၈၈ မျိုးဆက် ကျောင်းသားများမှာ ထောင်မှလွတ်ပြီး ယခု ၂ နှစ်ခန့်ကြာသည်အထိ လူမှုရေးလုပ်ငန်း သံသရာထဲတွင် သာဝဲလည်နေခဲ့ကြရပါသည်။ ပြည်သူကလည်း သူတို့ ဘာလုပ်မလဲဟု စိတ်ဝင်စားကြ၏။ သူတို့က ပွင့်လင်းလူ့အဖွဲ့အစည်းဆိုသော ပါတီ နိုင်ငံရေးမဟုတ်သည့် လူမှုရေးလုပ်ငန်းများတွင်သာ ကုန်လွန်ခဲ့သည်ကိုတွေ့ရ၏။ ထိုအတွက် လူထုကမချင့်မရဲနှင့် အားမလို အားမရ ခံစားနေရပါသည်။ သူတို့အပေါ်မျှော်လင့်ချက်များလည်း လျော့ပါးသထက်လျော့ပါးလာသည်။ ယခုအချိန်ထိ သူတို့နောက်တွင် ကျောင်းသားထုက မျှော်လင့်နေဆဲရှိသလို ပြည်သူကလည်း အားထားနေဆဲ ဖြစ်ပါသည်။ ၈၈ မျိုးဆက် ခေါင်းဆောင်များသည် စာရေးဆရာများအဖြစ် စာပေလောကတွင် ထင်ရှားစပြုလာ၏။ စာပေဟောပြောပွဲများတွင်လည်း သူတို့ကို ပရိသတ်က သောင်းသောင်းဖြဖြ ကြိုဆိုကြ သည်။ ထိုသို့ ကြိုဆိုခြင်းမှာ စာရေးဆရာများဟု ကြိုဆိုခြင်းမဟုတ် ၈၈ မျိုးဆက်ကျောင်းသားများ အဖြစ်၊ စစ်အာဏာရှင်စနစ်ကို ရဲရဲ ဝံ့ဝံ့တိုက်ပွဲဝင်ခဲ့သူများ အဖြစ်၊ သူတို့၏ မျှော်လင့်ချက်ကို ဖြည့်စွမ်းပေးမလားဟု မျှော်လင့်ချက်ဖြင့် ကြိုဆိုကြခြင်းဖြစ်၏။ သူတို့တွင် အတွေးအခေါ် ရှိနိုင်ပါသည်။ စာပေ အနုပညာလည်း ရှိနိုင်ပါသည်။ သူတို့သည် စာအုပ်စာပေများကို ရေးသား၍လည်း အသက် မွေးဝမ်း ကျောင်း ပြုသော စာရေးဆရာများ အဖြစ်လည်း ရှိနိုင်ပါသည်။ သို့ သော် ပြည်သူများက သူတို့ကို ကြိုဆိုအသိအမှတ် ပြုသည်မှာ စာရေးသော စာရေးဆရာများအဖြစ် ကား မဟုတ်ပေ။

ကျွန်တော်တို့သည် ၈၈ မျိုး ဆက်ကျောင်းသားများကို ယခုတိုင်မျှော်လင့်နေဆဲ၊ အားထားနေဆဲဖြစ်၏။ တိုင်းပြည်၏ အနာဂတ်ကို ဖန်တီးနိုင်သူများမှာ သူတို့သာ ဖြစ်သည်ဟု ယုံကြည်နေဆဲဖြစ်ပါသည်။ တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ ညီညွတ် ရေး၊ ဒီမိုကရေစီရေးကို အဓိက ဖော်ဆောင်နိုင်သူများမှာ သူတို့သာ ဖြစ်သည်ဟု ကျွန်တော်ကအားထားနေဆဲ ဖြစ်သည်။ သူတို့ကို နိုင်ငံ ရေး လုပ်စေချင်သည်။ မည်သည့် နည်းလမ်းဖြင့်၊ မည်ကဲ့သို့ပင် လုပ် လုပ် ၈၈ မျိုးဆက်များသည် ကျောင်းသားများ မဟုတ်တော့ပေ။ ကျောင်းဆရာများအရွယ်၊ နိုင်ငံရေး သမားများ အရွယ်ရောက်နေပါ သည်။ သူတို့တွင် အကြီးမားဆုံး သော ဒီမိုကရေစီ တော်လှန်ရေးကြီး ကို ဦးဆောင်ဆင်နွှဲခဲ့သူများ ဖြစ်၍ ကမ္ဘာကလည်း သူတို့ကိုသာ မျှော် လင့်နေကြပါသည်။ ယခု လူမှုရေး လုပ်ငန်းများတွင် သူတို့အားလုံး စည်းစည်းလုံးလုံးရှိသည်ဟု ဆို သော်လည်း တိုင်းပြည်တစ်ခုလုံး ပြည်သူများ လွတ်မြောက်မှု၊ ဒီမို ကရေစီရရှိနိုင်မှု စသော ထင်ရှား ကျယ်ပြန့်သော လှုပ်ရှားမှုများ မဟုတ်၍ ဝေဖန်ဆန်းစစ်ကာ ဝန်ခံ ကြရပေမည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်က သားကြောဖြတ် လိုက်သည့် နိုင်ငံရေးလှုပ်ရှားမှုကို ပြန်လည်တည်ဆောက်ရန် လိုအပ် ပေသည်။ ကွာဟနေသော မျိုးဆက် ပြဿနာများကို အမှန်တကယ် လည်း ဖြတ်သန်းခဲ့သော အတွေ့ အကြုံရှိသော အင်အားရှိနေသော မျိုးဆက်များသည် အမှန်တကယ် လည်း မျိုးဆက်ကွာဟမှု မရှိအောင် ဆောင်ရွက်ရပေလိမ့်မည်။

ထက်မြက်

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

No comments: