Monday, February 25, 2013

စုံစမ်းစစ်ဆေးရေး ကော်မရှင် (Commission of inquiry) အကြောင်း တစေ့တစောင်း


by Khin Ma Ma Myo on Thursday, February 14, 2013 at 10:45pm ·



(၂၀၀၁) ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့မှာ ကမ္ဘာ့သမိုင်းကို လှုပ်ခါသွားစေခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြီးဖြစ်ပွားချိန်တုန်းက ကမ္ဘာ့ကုန်သွယ်ရေး စင်တာကို လေယာဉ်ပျံတစင်း ၀င်တိုက်ပြီးချိန်အထိ၊ မူလတန်းကျောင်းတခုမှာ ကလေးတွေကို စာဖတ်ပြဖို့ သွားနေတဲ့ အမေရိကန်သမ္မတဖြစ်သူက "ဒါဟာ ပိုင်းလော့ရဲ့ အမှားဖြစ်မှာပါ" လို့ မှတ်ချက်ပေးနေခဲ့ပါတယ်။ အဲဒီလေယာဉ်ဟာ ပြန်ပေးဆွဲခံထားရပြီးဖြစ်တဲ့ လေယာဉ်ဆိုတာကို အမေရိကန်သမ္မတ မသိခဲ့ပါဘူး။ ဒုတိယသမ္မတဖြစ်သူက အိမ်ဖြူတော်က ပုံမှန်အစည်းအဝေးအတွက် ထိုင်ခုံမှာ စထိုင်ဆဲမှာပဲ ကိုယ်ရေးအတွင်းရေးမှူးက တီဗွီဖွင့်ကြည့်ဖို့ ပြောလို့ ကြည့်လိုက်တော့မှ ဒုတိယလေယာဉ်ပျံ တစင်း ၀င်တိုက်တာကို ရုပ်မြင်သံကြားကနေ မြင်လိုက်ရပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ရှေ့နေချုပ်ဇနီးသည်ကိုယ်တိုင်က လေယာဉ်တစင်းပေါ်မှာ ခရီးသည်ဖြစ်နေတာကြောင့် သူ့အမျိုးသားကို ဖုန်းဆက်ပြောခဲ့ပေမယ့်၊ တရားသူကြီးချုပ်ကို ဖုန်းဆက် အကြောင်းကြားလို့ မရခဲ့ပါဘူး။ နံနက် () နာရီ၊ (၁၉) မိနစ်က စပြီး လေယာဉ်ပြန်ပေးဆွဲမှုတွေ အစဉ်လိုက် ဖြစ်ပွားနေခဲ့ပြီး၊ နံနက် (၁၀) နာရီခွဲမှာ ပင်တဂွန်စစ်ဌာနချုပ်ကို တိုက်ခိုက်ပြီးချိန်ကျမှ ကာကွယ်ရေးဝန်ကြီးကို အိမ်ဖြူတော်က အဆက်အသွယ် ရခဲ့ပါတယ်။ လေယာဉ်တွေ ပျောက်နေမှန်း သိပေမယ့် လေကြောင်းတာဝန်ရှိသူတွေက နံနက် ကိုးနာရီအထိ သင့်လျော်တဲ့ အကြောင်းကြားမှုတွေ၊ အရေးပေါ်အခြေအနေနှိုးဆော်မှုတွေ မရှိခဲ့ပါဘူး။ လေကြောင်းနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ FAA Representative ကို အိမ်ဖြူတော် အရေးပေါ် အစည်းအဝေးက နံနက် (၁၀) နာရီခွဲကျမှ ရှာတွေ့ခဲ့ပါတယ်။ (၂၀၀၁) ခုနှစ်၊ ဇန်န၀ါရီလ (၂၀) ရက်ကနေ စက်တင်ဘာ (၁၀) ရက်နေ့အထိ ကာလအတွင်းမှာ စီအိုင်အေဒါရိုက်တာက သမ္မတနဲ့ နေ့စဉ်တွေ့ပြီး အစီရင်ခံရတဲ့ President's Daily Brief (PDB) တွေထဲမှာ ဘင်လာဒင်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ (၄၀) ကျော် ရှိခဲ့ပါတယ်။ အထူးသဖြင့် သြဂုတ်လ () ရက် အစီရင်ခံစာမှာ ဘင်လာဒင်ဟာ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ချပြီး ဆိုတဲ့ အစီရင်ခံစာ ပါပါတယ်။ သို့ပေမယ့် သမ္မတက "ဒီအစီရင်ခံစာအရ ဘင်လာဒင်ဟာ အန္တရာယ်ရှိတယ်လို့သာ သူသိရကြောင်းနဲ့ အကယ်၍ အမေရိကန်ပြည်ထောင်စုအတွင်းမှာ ဘင်လာဒင်ရဲ့ မြေအောက်ဆဲလ်တွေ ရှိနေကြောင်း သိရရင်တော့ သူ့အနေနဲ့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှု ရှိကောင်းရှိခဲ့လိမ့်မယ်" လို့ ဆိုပါတယ်။ ဒီလို သမ္မတရဲ့ အားနည်းချက်၊ ကမ္ဘာကျော်ထောက်လှမ်းရေးအဖွဲ့များရဲ့ အားနည်းချက်တွေက အစပြုလို့ သင်ခန်းစာ ယူဖွယ်ရာ အားနည်းချက်တွေ၊ အမှားအယွင်းတွေကို ပြည့်ပြည့်စုံစုံနဲ့ မှန်မှန်ကန်ကန် ဖော်ပြထားတာ ကတော့ စာမျက်နှာ (၅၀၀) ကျော်ရှိတဲ့ 9/11 Commission Report မှာ ဖြစ်ပါတယ်။ အများပြည်သူနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားလာခဲ့ရင် (သို့မဟုတ်) အများပြည်သူအကျိုးအတွက် မူဝါဒများ ချမှတ်ရာမှာ သတင်းအချက်အလက်များ လိုအပ်လာခဲ့ရင်၊ အစိုးရများက ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် (Commission of Inquiry) တွေ ဖွဲ့စည်းရပါတယ်။ ရံဖန်ရံခါမှာလဲ ပြည်တွင်းရေး ပဋိပက္ခတွေ ပြင်းထန်နေချိန်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မျိုးတုံးသတ်ဖြတ်မှုများနဲ့ စပ်လျဉ်းပြီး နိုင်ငံတကာ အဖွဲ့အစည်းများက စုံစမ်းရေးကော်မရှင်များ ဖွဲ့စည်းစုံစမ်းလေ့ရှိပါတယ်။


စုံစမ်းစစ်ဆေးရေး ကော်မရှင် ဆိုရာဝယ်


စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုတာကို သတင်းအချက်အလက်များ ရယူရန် အစိုးရများမှ ဖွဲ့စည်းသော အရေးပေါ် အကြံပေးအစုအဖွဲ့များလို့ အဓိပ္ပာယ်ဖွင့်ဆိုထားကြပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေရဲ့ တာဝန်ကတော့ သက်ဆိုင်ရာ အချက်အလက်များကို စုစည်းပြီး၊ သင့်လျော်တဲ့ အကြံပြုချက်များကို အစိုးရအဖွဲ့သို့ တင်ပြရန် ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ သွင်ပြင်လက္ခဏာတွေကို (၁၂) ရာစုခေတ်မှာ အင်္ဂလိပ်ဥပဒေ ကျင့်ထုံးများမှာ စတင်တွေ့ရှိလာရကြောင်း ဥပဒေသမိုင်းပညာရှင်များက ဆိုထားကြပါတယ်။


စုံစမ်းစစ်ဆေးရေး ကော်မရှင် အမျိုးအစားများ


စုံစမ်းစစ်ဆေးရေးကော်မရှင်တွေရဲ့ အဓိက တာဝန်ကတော့ သက်ဆိုင်ရာ အစိုးရကို သတင်း အချက်အလက်များ အစီရင်ခံရေး ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေကို ယေဘုယျအားဖြင့် အမျိုးအစား နှစ်မျိုး ခွဲခြားသတ်မှတ်နိုင်ပါတယ်။ ပထမအမျိုးအစားကတော့ အစိုးရမူဝါဒများ (ဥပမာ- အဆင့်မြင့်ပညာရေး မူဝါဒ၊ နိုင်ငံတကာကုန်သွယ်ရေး မူဝါဒ) စတာတွေကို ပြဌာန်းရေး၊ ပြင်ဆင်ရေး၊ ဆန်းစစ်ရေး (သို့မဟုတ်) အကောင်အထည်ဖော်ဆောင်နေသော ၀န်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်များကို စစ်ဆေးရေး စတာနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်များ စုစည်းရေး ဖြစ်ပါတယ်။ ဒုတိယအမျိုးအစားကတော့ အများပြည်သူရဲ့ အကျိုးကို တစုံတရာ ထိခိုက်စေသော ဖြစ်ရပ်တခုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရတဲ့ ကော်မရှင်ဖြစ်ပါတယ်။ ဒီလိုစုံစမ်းစစ်ဆေးရာမှာ မည်သို့မည်ပုံ ဖြစ်ပွားခဲ့တယ်၊ ဘယ်လိုအားနည်းချက်တွေ၊ အမှားအယွင်းတွေ ရှိခဲ့တယ် စတာတွေကို လေ့လာစုံစမ်းပြီး၊ သင့်လျော်တဲ့ အကြံပြုချက်များ (recommendations) များကို အစိုးရထံ အစီရင်ခံရတာ ဖြစ်ပါတယ်။


စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း


တိုင်းပြည်အများစုမှာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြဌာန်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အက်ဥပဒေများ ရှိပါတယ်။ ဒီအက်ဥပဒေအရ စုံစမ်းစစ်ဆေးရေး ကော်မရှင်များကို နိုင်ငံတော်အကြီးအကဲ (သမ္မတ၊ ၀န်ကြီးချုပ်) များက ဖွဲ့စည်းပေးရပါတယ်။ ဒီလို ဖွဲ့စည်းရာမှာ အများပြည်သူရဲ့ အကျိုးစီးပွားအတွက် လိုအပ်တဲ့ မူဝါဒများ (သို့မဟုတ်) ဖြစ်ရပ်စုံစမ်းမှုများအတွက်သာ ဦးတည် ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။


အင်္ဂလန်က စုံစမ်းစစ်ဆေးရေးကော်မရှင်တွေမှာတော့ မူဝါဒရေးရာနဲ့ ပြည်သူ့အုပ်ချုပ်ရေးရာများကို စုံစမ်းလေ့လာရေးအတွက် Royal Commissions များကို တာဝန်ပေးအပ်ပြီး၊ ဖြစ်ရပ်စုံစမ်း စစ်ဆေးမှုများ အတွက် tribunals of inquiry က တာဝန်ယူရပါတယ်။ Royal Commissions များကို အစိုးရအဖွဲ့ အကြီးအကဲများက ဖွဲ့စည်းပေးရပြီး၊ tribunals of inquiry များကိုတော့ The Tribunals of Inquiry (Evidence) Act 1921 ဥပဒေပါ လုပ်ထုံးလုပ်နည်းများ အတိုင်း ဖွဲ့စည်းရပါတယ်။


အချို့နိုင်ငံများမှာတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်များ ဖွဲ့စည်းရာမှာ ပါလီမန်မှ တိုက်ရိုက် ပါဝင်ပတ်သက်မှု (direct parliamentary involvement ) လုပ်ဆောင်လို့ရပါတယ်။ ဒီလိုလုပ်ဆောင်ချက်အားဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့သင့်မဖွဲ့သင့်၊ မည်သို့သော terms of reference များထားရှိသင့်မသင့်၊ ကော်မရှင်တွင် မည်သို့သော ပုဂ္ဂိုလ်များ ပါဝင်သင့်မသင့်ကို ပါလီမန်က တိုက်ရိုက် ဆုံးဖြတ်နိုင်တဲ့အတွက် ပြည်သူလူထုအကျိုးစီးပွားကို ပိုမိုကိုယ်စားပြုနိုင်တယ်လို့ အဆိုပြုသူ တွေလဲ ရှိပါတယ်။


ဖွဲ့စည်းပုံသဏ္ဍာန်


ကော်မရှင်အဖွဲ့ရဲ့ ဖွဲ့စည်းပုံသဏ္ဍာန်ဟာ အချက်သုံးချက်အပေါ်မှာ မူတည်ပါတယ်။ ပထမတချက်က ဥပဒေပြဌာန်းချက်များဖြစ်ပြီး၊ ဒုတိယတချက်ကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတဲ့ instruments များ ဖြစ်ပါတယ်။ တတိယအချက်ကတော့ ကော်မရှင်အဖွဲ့ဝင်များဆိုင်ရာ အစီအမံများ ဖြစ်ပါတယ်။ ဒီအစီအမံများမှာ အသက်အရွယ်၊ လူမှုအဆင့်အတန်း၊ ပညာအရည်အချင်း၊ အတွေ့အကြုံ စတာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။


ယေဘုယျအားဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အတွင်းရေးမှူးတို့က ဦးဆောင်ပြီး စီမံကွပ်ကဲရမှာ ဖြစ်ပါတယ်။ ပါဝင်ရမယ့် ကော်မရှင်အဖွဲ့ဝင် အရေအတွက်ကတော့ စုံစမ်းစစ်ဆေးရမယ့် အကြောင်းအရာနဲ့ သဘောသဘာဝ အပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှု ရှိပါတယ်။ ကော်မတီ ဖွဲ့စည်းပြီးတာနဲ့ ကော်မတီရဲ့ ပထမဦးဆုံး လုပ်ဆောင်ရတဲ့ အလုပ်ကတော့ The rules of commission ကို ရေးဆွဲပြဌာန်းခြင်း ဖြစ်ပါတယ်။ ဒီလိုရေးဆွဲပြဌာန်းချက်ကို သတင်းစာမှတဆင့် အများပြည်သူကို အသိပေးဖို့ လိုအပ်ပါတယ်။ ဒီလိုအသိပေးရာမှာ ကော်မရှင်ရဲ့ သက်တမ်းကာလကိုလဲ ထည့်သွင်း ဖော်ပြရမှာ ဖြစ်ပါတယ်။




ကော်မရှင်သက်တမ်းကာလ


ကော်မရှင်ဖွဲ့စည်းရာမှာ သမ္မတ (သို့မဟုတ်) ၀န်ကြီးချုပ်ကဖြစ်စေ၊ ကော်မရှင်ဖွဲ့စည်းပြီးနောက် The rules of commission ထုတ်ပြန်ကြေငြာရမှာ ဖြစ်စေ၊ ကော်မရှင်ရဲ့ သက်တမ်းကာလကို အများပြည်သူကို အသိပေးဖော်ပြရမှာ ဖြစ်ပါတယ်။ ဒီလိုဖော်ပြထားခြင်းမရှိရင် အများပြည်သူရဲ့ အပြည့်အ၀ ယုံကြည်ကိုးစားမှုကို ရရှိမှာ မဟုတ်ပါဘူး။ သတ်မှတ်ကာလအတွင်း ကော်မရှင်အစီရင်ခံစာ မထွက်နိုင်ခဲ့ရင် သမ္မတနဲ့ ညှိနှိုင်းပြီး အချိန်တိုးမြှင့်နိုင်ပါတယ်။ ဖြစ်ရပ်ရဲ့ အတိမ်အနက် (သို့မဟုတ်) မူဝါဒရဲ့ အတိမ်အနက်ပေါ် မူတည်ပြီး ကော်မရှင်သက်တမ်းကာလတွေ ကွဲပြားခြားနားပါတယ်။ ပုံမှန်အားဖြင့် သုံးလမှ ကိုးလ ကြာမြင့်တတ်ပါတယ်။


ကော်မရှင်ဝန်ထမ်း (Commission Staff) များ ခန့်ထားခြင်း


(၂၀) ရာစုနှောင်းပိုင်း တတိယ ဒီမိုကရေစီလှိုင်းလုံးကြီးနဲ့အတူ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်လာခဲ့တဲ့ တိုင်းပြည်တွေ (ဥပမာ- အရှေ့ဥရောပနဲ့ အာဖရိက တိုင်းပြည်တွေ) မှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆိုတဲ့ စကားလုံးက အတော်ပဲ ရေပန်းစားခဲ့ပါတယ်။ ဘယ်လိုအတိုင်းအတာ၊ အတိမ်အနက်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ရတယ်ဆိုတဲ့ တိုင်းတာမှုစံနှုန်းများကလဲ မရှိတဲ့အတွက် အသေးအမွှား ပြဿနာလေးများက အစပြုလို့ စုံစမ်းစစ်ဆေးရေးကော်မရှင်များ ဖွဲ့စည်းခဲ့ကြပြီး၊ ကော်မရှင်တွေ မှိုလိုပေါက်အောင် ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ကော်မရှင်များ ဖွဲ့စည်းခြင်းကသာ အဖတ်တင်ပြီး၊ ထိရောက်တဲ့ အစီရင်ခံစာ ပေါ်ထွက်လာမှုက အတော်နည်းပါးခဲ့ပါတယ်။ အဓိက ပြဿနာကတော့ Command သာရှိပြီး၊ Staff မပါတဲ့ ပြဿနာ ဖြစ်ပါတယ်။


စစ်ဘက်ဆိုင်ရာနယ်ပယ်မှာ command and staff ဆိုတဲ့ စကားလုံး ရှိပါတယ်။ Command နဲ့Staff ဆိုတာ ယှဉ်တွဲ ရှိရပါတယ်။ Command ရှိပြီး၊ Staff မရှိရင်၊ Staff ရှိပြီး Command မရှိရင် စစ်ဘက်ဆိုင်ရာ အဖွဲ့တွေတင် မကပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး နယ်ပယ်မှာရှိတဲ့ ဘယ်လိုအဖွဲ့အစည်းမျိုးရဲ့ လုပ်ဆောင်မှုတွေမှ ထိရောက်စွာ အောင်မြင်မှာ မဟုတ်ပါဘူး။ စုံစမ်းစစ်ဆေးရေးကော်မရှင်များရဲ့ လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှုမှာလဲ ဒီအတိုင်းပဲ ဖြစ်ပါတယ်။


ကော်မရှင်ဖွဲ့စည်းပြီးချိန်မှာ The rules of Commission ကို ရေးဆွဲပြီး၊ အသိပေးကြေငြာပြီးတာနဲ့ Commission Staff ကို ဖွဲ့စည်းရပါတယ်။ ကော်မရှင်အဖွဲ့ဝင်များက ဦးဆောင်လမ်းညွှန်မှုများပေးခြင်း၊ လုပ်ငန်းစဉ်များ ချမှတ်ပေးခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာမှာ ပေါ်ထွက်လာသော အခက်အခဲများကို ညှိနှိုင်းဖြေရှင်းပေးခြင်း၊ ဘဏ္ဍာရေးဘတ်ဂျက်များ ချပေးခြင်း၊ အကြံဥာဏ်ပေးခြင်း၊ ညှိနှိုင်း အစည်းအဝေးများ ကျင်းပခြင်း စတာတွေကို လုပ်ဆောင်ရမှာဖြစ်ပြီး၊ လုပ်ငန်းများကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရမှာက Commission Staff များ ဖြစ်ပါတယ်။


Commission Staff မှာ အမှုဆောင်ဒါရိုက်တာ၊ လက်ထောက်အမှုဆောင်ဒါရိုက်တာ၊ General Counsel နဲ့ ကျွမ်းကျင်ပညာရှင်များကို ခန့်ထားတာဝန်ပေးအပ်ရမှာ ဖြစ်ပါတယ်။ မူဝါဒရေးရာဆိုင်ရာ စုံစမ်းရေးကော်မရှင်မှာ မူဝါဒရေးရာ ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများ၊ သုတေသနလက်ထောက်များ ပါဝင်သင့်ပြီး၊ ဖြစ်ရပ်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာတော့ Principal Investigator ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ယူနစ်၊ သုတေသီများနဲ့ ကျွမ်းကျင်ပညာရှင်များ ပါဝင်တဲ့ Analyst Team၊ အစီရင်ခံစာ ရေးသားရန် Publication ယူနစ်၊ လူထုဆက်ဆံရေး အရာရှိ၊ ဘဏ္ဍာရေးအရာရှိ၊ ညှိနှိုင်းဆောင်ရွက်ရေး အရာရှိ၊ စာရွက်စာတမ်းများနှင့် အင်တာဗျူးမှတ်တမ်းများဆိုင်ရာ မော်ကွန်းအရာရှိ စတာတွေ ပါဝင်သင့်ပါတယ်။ အခြေအနေအရ လိုအပ်ပါက သမိုင်းရေးရာ ပညာရှင်၊ ဥပဒေပညာရှင်၊ စီးပွားရေးပညာရှင် စတာတွေပါ ပါဝင်သင့်ပါတယ်။


ကော်မရှင် အစီရင်ခံစာ ထုတ်ပြန်ခြင်း


ကော်မရှင် ၀န်ထမ်းများရဲ့ လေ့လာတွေ့ရှိချက်များ၊ ဆန်းစစ်ချက်များ၊ သုတေသနမှတ်တမ်းများ ပေါ်မူတည်ပြီး၊ လိုအပ်ပါက ဥက္ကဌအပါအ၀င် ကော်မရှင်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီးချိန်မှာတော့ တွေ့ရှိချက်များကို အခြေခံပြီး အစီရင်ခံစာ မူကြမ်းကို ကျွမ်းကျင်ပညာရှင်များပါဝင်တဲ့ Publication ယူနစ်က ရေးသားရမှာ ဖြစ်ပါတယ်။ ဒီမူကြမ်းကို ကော်မရှင်အဖွဲ့ဝင်များထံ ပေးပို့ပြီး၊ နောက်ဆုံး အတည်ပြုချက်ကျလာချိန်မှာ ကော်မရှင်အစီရင်ခံစာကို အစိုးရထံကို တင်ပြရမှာ ဖြစ်ပါတယ်။


ကော်မရှင်အစီရင်ခံစာမှာ ယေဘုယျအားဖြင့် Executive Summary ၊ နိဒါန်း၊ နောက်ခံအခြေအနေ၊ ဖြစ်ပွားခဲ့မှုများ (သို့မဟုတ်) မူဝါဒ ဆန်းစစ်ချက်များ၊ အမှားများ၊ အားနည်းချက်များနှင့် ချို့ယွင်းချက်များ၊ တာဝန်ခံမှုဆိုင်ရာ mechanisms များ၊ အကြံပြုချက်များ၊ အကြံပြုချက်များအား အကောင်အထည် ဖော်ဆောင်နိုင်ရန် လုပ်ဆောင်နိုင်သည့် စီမံချက်များ စတာတွေ ပါဝင်လေ့ရှိပါတယ်။


အချို့နိုင်ငံတွေမှာတော့ အစီရင်ခံစာကို အစိုးရထံ ပို့ဆောင်ချိန်မှာပဲ၊ မိတ္တူကို ပါလီမန်ကိုလဲ ပို့ဆောင်လေ့ရှိပါတယ်။ ပါလီမန်မှာ တင်သွင်းပြီး၊ ပါလီမန်အမတ်များရဲ့ လက်ထဲကို ဖြန့်ဝေပြီးချိန်မှာတော့ လုပ်ထုံးလုပ်နည်းအရ ဒါဟာ အများပြည်သူပိုင်စာရွက်စာတမ်း (public document) ဖြစ်လာပါတယ်။ ဒီအခါမှာ အများပြည်သူကို ဆက်လက်ဖြန့်ဝေမှု လုပ်ဆောင်လေ့ရှိကြပါတယ်။


နိဂုံး


စုံစမ်းစစ်ဆေးရေးကော်မရှင်များ ပေါ်ပေါက်လာရခြင်းဟာ အများပြည်သူရဲ့ အကျိုးစီးပွားအတွက် ဖြစ်ပါတယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးရေးကော်မရှင်များက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာများဟာ ပြည့်စုံ၊ မှန်ကန်ထိရောက်ပြီး၊ အများပြည်သူ အကျိုးစီးပွားကို ဦးတည်တဲ့ အစီရင်ခံစာများ ဖြစ်ဖို့ အလွန်ပဲ အရေးကြီးလှပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာမှာ အမှားများ၊ အားနည်းချက်များ၊ ချို့ယွင်းချက်များကို ထုတ်ဖော် ထောက်ပြလေ့ ရှိကြပါတယ်။ ဒါဟာလဲ အမှားများကို ဝေဖန်ထောက်ပြ အပြစ်ဖို့ရန် မဟုတ်ပဲ၊ ဒီလို အဖြစ်အပျက်မျိုးတွေ (သို့မဟုတ်) မှားယွင်းတဲ့ မူဝါဒတွေ နောက်တဖန် ထပ်မံ မဖြစ်ပေါ်ရေးအတွက် လုပ်ဆောင်လေ့ရှိခြင်း ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။



ခင်မမမျိုး (၁၄၊ ၂၊ ၂၀၁၃)

No comments: