by Myat Thu on Saturday, February 23, 2013 at 10:32am ·
အမိမြေသို့တစ်ခေါက်
အဲဒီအချိန် ၁၉၉၉ လောက်က ဘန်ကောက်မှာကားတွေကြပ်တဲ့ ပြဿနာအမြဲတက်တယ်။ ကျနော်က ဘန်ကောက်ကနေ ဒက္ကားကိုတိုက်ရိုက်သွားမယ့် လေယာဉ်လက်မှတ်ကိုယူထားတာ။ ကျနော် ပြန်မယ့်နေ့ မှာ တက္ကစီကားက လမ်းမှာကားတွေပိတ်ဆို့ပြီး ကားကြပ်နေတာ မိနစ်လေးဆယ်ကျော်နေပြီး ကားက ဘယ်မှမရွေ့တော့ဘူး။ ကျနော်လည်း လေယာဉ်အချိန်မမီတော့ဘူးဆိုတာကို သဘောပေါက်ပြီး လေယာဉ် ရုံးကိုလမ်းကနေဖုန်းခေါ်ပြီး အဲဒီခရီးစဉ်ကိုရွှေ့လိုက်ရတယ်။ ဘီမန် Biman Bingladesh Airline လေယာဉ် ရုံးမှာသွားပြီး နောက်ထပ်နှစ်ရက်လောက်မှာသွားမယ့် လေယာဉ်နဲ့လိုက်မယ်ဆိုပြီး ပြန်စီစဉ်ရတယ်။
သွားမယ့်နေ့မှာ ထိုင်းနိုင်ငံရဲ့ ဒွန်းမောင်းလေဆိပ်ကိုရောက်ပြန်တော့ ကျနော့ရဲ့ပတ်စ်ပို့ကိုကြည့်တဲ့ ထိုင်း လူဝင်မှုကြီးကြပ်ရေးအရာရှိတယောက်က မြန်မာနိုင်ငံသားပတ်စ်ပို့ကိုင်ထားတယ်ဆိုတာသိတာနဲ့ ခင်ဗျား ရဲ့ပတ်စ်ပို့ကို စစ်ဆေးမှတ်တမ်းတင်ထားချင်လို့ ခနစောင့်ပါဆိုပြီး ပတ်စ်ပို့ကိုယူသွားတယ်။ ကျနော်လည်း ဘန်ကောက်မှာကပ်ခွာလုပ်ပြီး ကိုင်ထားတဲ့ပတ်စ်ပို့အတုနဲ့ဆိုတော့ ဟန်ကိုယ့်ဖို့လုပ်ပြီး ခပ်တည်တည်နဲ့ ရပါတယ်ဆိုပြီး စောင့်နေပေးလိုက်တယ်။ လေယာဉ်ကထွက်ခါနီး အချိန်ကလည်းကပ်နေပြီ။ ဒါက ကျနော် တမင်သက်သက် အပြင်မှာ အချိန်ကိုက်ပြီးမှ ၀င်တန်းစီတာ။ ကျနော့နောက်က သြစတေလျနိုင်ငံက လူငယ်တစ်ယောက်။ နောက်မှာလည်း တန်းစီပြီးစောင့်နေကြတဲ့ လူတန်းကြီးရှိနေတယ်။ ကျနော်လေယာဉ် ပေါ်ကို မတက်ရသေးဘူးဆိုတော့ လေဆိပ်ရဲ့စံနစ်အရ နောက်ကလူတန်းကြီးကလည်း ကျနော့ကိစ္စမပြတ် မချင်းစောင့်ပေတော့ပေါ့။ ကျနော် အေးအေးဆေးဆေးပုံစံနဲ့ပဲ စောင့်နေလိုက်တယ်။ ၁၅ မိနစ် မိနစ် ၂၀ လောက်ဖြစ်လာတော့ ကျနော်က အဲဒီထိုင်းအရာရှိကျနော့အနားပြန်ရောက်လာတဲ့အချိန်မှာ ပြဿနာရှိလား ကျနော့သံရုံးကို ဖုန်းဆက်ဖို့လိုမလားဆိုပြီး ခပ်တည်တည်နဲ့မေးလိုက်တယ်။ အမှန်က အစိုးရဆန့်ကျင်ရေး သမား ကျောင်းသားသူပုန်က ဘယ်လိုသံရုံးကိုသွားဖုန်းခေါ်လို့ဖြစ်မလဲ။ သွားခေါ်တာနဲ့ ထိုင်းကို ဖမ်းခိုင်း တော့မှာ။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ပေါ့လေ။ ခပ်တည်တည်ဘဲ။ သူက ကျနော့မျက်နှာကို အသေအချာ ကြည့်ပြီး ကျနော်က ခပ်အေးအေးဖြစ်နေတော့ သူက ‘ဟာ.. ပြဿနာမရှိပါဘူး။ ဟိုဘက်ရုံးထဲကလူတွေ စစ်ဆေးနေလို့ပါ။ ခနလေးစောင့်ပေးပါ’လို့ ပြန်ပြောတယ်။ အဲဒီအချိန် လေယာဉ် ပေါ်ကိုတက်ရမယ့် အပေါက်ကနေ လေယာဉ်မယ်လေးတစ်ယောက်ထွက်လာပြီး ဘယ်လိုဖြစ်နေတာလဲ။ လေယာဉ်ထွက်ရ တော့မယ် လူတွေကို ဘာဖြစ်လို့ပေးမတင်တာလဲ ဆိုပြီး လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေကို လာပြီး အပြစ် တင်တော့တယ်။ ကျနော်နောက်က တန်းစီစောင့်နေကြတဲ့ နိုင်ငံခြားသားတွေလည်း ဆူဆူညံညံဖြစ်လာကြ ပြီ။ အဲဒီတော့မှ အရာရှိက ကျနော့ရဲ့ ပတ်စ်ပို့နဲ့လေယာဉ်လက်မှတ်ကို ပြန်လာပေးတောင်းပန်ပြီး ခရီးစဉ်မှာ အစစအဆင်ပြေပါစေလို့ ဆုတောင်းပေးတယ်။
ထိုင်းနိုင်ငံကထွက်လာပြီး လမ်းမှာ လေယာဉ်ပေါ်က လေယာဉ်မှူးရဲ့အသံ စပီကာကထွက်လာတယ်။ သူက အခုကျနော်တို့လေယာဉ် မြန်မာပြည်ပေါ်ကနေ အမြင့်ပေ ၃၀၀၀ လောက်က ပျံသန်းနေပါတယ်တဲ့။ ကျနော် အောက်ကိုငုံ့ကြည့်လိုက်တော့ ကျနော့အမိမြေကို တိမ်တိုက်တွေပေါ်ကနေဖြတ်ပြီး မြင်ရတယ်။ ကျနော် ၁၀ နှစ်နီးပါးကိုယ့်တိုင်းပြည်ကိုယ်မပြန်ဖြစ်တာကို စဉ်းစားပြီး အလွမ်းစိတ်လေးတွေဖြစ်လာတယ်။ ဟာ… ရွှေတိဂုံစေတီတော်မြတ်ကြီးကို မိုးပေါ်ကနေပြန်ဖူးမြှော်နေရပါလား။ ကြည့်စမ်း အိပ်မက်ဆန်လိုက်တာ။ အရင်တစ်ခေါက်သွားတုန်းက သတိမထားမိဘူး။ အဲ… အဲဒီအချိန်မှာ လေယာဉ်မှူးကပ္ပတိန်ဆက်ပြောတဲ့ အသံက စပီကာကနေထွက်လာတယ်။ ‘ကျနော်တို့လေယာဉ်ပျံဟာ အခု မြန်မာနိုင်ငံရဲ့ပေ ၁၅၀၀ လောက် ကိုရောက်လာပါပြီ။ နောက်ထပ် ၁၅ မိနစ်အတွင်းမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ မင်္ဂလာဒုံလေဆိပ်ကို ဆင်းပြီး တစ်နာရီရပ်နားမှာ ဖြစ်ပါတယ်’ တဲ့… ကောင်းရော။ အဲဒါမှ ဒုက္ခ။ ကျနော်က ပြီးခဲ့တဲ့ တပ်ဦး ညီလာခံမှာ ဗဟိုကော်မတီအဖြစ်ပူပူနွေးနွေးလေးအရွေးခံထားရတာ။ ဗဟိုစည်းရုံးရေးဌာနတာဝန်ခံဆိုတဲ့ တာဝန်ကလည်း တံဆိပ်တတ်ပေးလိုက်ကြပြီ။ ဘန်ကောက်က ထွက်မလာခင်အထိ ကိုယ်စီးမယ့်လေယာဉ် က တိုက်ရိုက်သွားတဲ့ကောင် Direct Flight မဟုတ်ပဲ လမ်းမှာတစ်ထောက်နားမယ့် လေယာဉ် Stopover Flight ဖြစ်နေလားဘာလား သတိမထားမိခဲ့ဘူး။ အခုလေယာဉ်က မင်္ဂလာဒုံမှာ တစ်နာရီနားမှာဆိုတော့ တစ်ထောက်နားပြီးမှ ဆက်သွားမယ့်လေယာဉ်လေ။ တကဲ့ပြဿနာ။ မထူးပါဘူး မီးစင်ကြည့်ကရမှာဘဲ ဆိုပြီး နေလိုက်ရတယ်။ မင်္ဂလာဒုံလေယာဉ်ကွင်းထဲကို လေယာဉ်လည်းထိုးဆင်းသွားတယ်။
ပုံမှန်နိုင်ငံတကာလေဆိပ်တွေနဲ့မတူ တမူထူးခြားတဲ့ ကျနော်တို့မြန်မာနိုင်ငံရဲ့ ဘုန်းကြီးကျောင်းဟောင်းကြီးနဲ့ တူတဲ့ လေဆိပ်ကြီးကိုလေယာဉ်ဆိုက်သွားတယ်။ ဘုန်းကြီးကျောင်းနဲ့တူတယ်ဆိုတာက လေဆိပ်ကို စူးလစ် မွန်းချွန်တွေနဲ့ အလှဆင်ထားတာကိုပြောတာ။ ဟောင်းတယ်ဆိုတာကတော့ ကိုယ့်မျက်စေ့နဲ့ကိုယ် မြင်သာ ကြည့်ပေတော့။ ကျနော်က လေယာဉ်ပေါ်ကအောက်ကိုမဆင်းဘူး။ ပေပြီးထိုင်နေလိုက်တယ်။ အဲ တခု ကောင်းတာက ကျနော့ရှေ့ကခုံတွေမှာထိုင်နေတဲ့ တရုတ်လူမျိုးတွေလည်းမဆင်းကြဘူး။ သူတို့က နောက်ကိုလှည့်ကြည့်ပြီး ပြုံးပြတော့ ကျနော်လည်း ပြန်ပြီးပြုံးပြဖြစ်တယ်။ ကျနော့ကိုလည်း သူတို့လိုတရုတ် လို့ထင်နေလားမသိ။ လေယာဉ်ဆိုက်ပြီးတာနဲ့ အလုပ်သမားဝတ်စုံအပြာရင့်ရောင်ဝတ်ထားတဲ့ လေဆိပ် အလုပ်သမားတွေ ၁၀ ယောက်လောက် စကားတွေဆူဆူညံညံအော်ဟစ်ပြောပြီး လေယာဉ်ရှေ့ကတက်ပြီး နောက်ဖက်ကိုဆင်းသွားလိုက်၊ နောက်ဖက်ကပေါ်လာပြီးရှေ့ကိုဆင်းသွားလိုက် လုပ်နေကြတော့ ကျနော်တို့ မြစ်ဝကျွန်းပေါ်မှာ သင်္ဘောဆိုက်ရင် ပစ္စည်းဝိုင်းကူထမ်းနေကြတဲ့ လူတွေကိုသတိရတယ်။ သူတို့က လေယာဉ်ပေါ်က ခရီးသည်တွေကို အနှောက်အယှက်ဖြစ်မလားမသိဘူးဆိုတာမျိုးကို ဂရုစိုက်တဲ့ပုံမပေါ်ဘူး။ နောက်ပိုင်း ကျနော် တာဝန်တွေနဲ့ နိုင်ငံတကာခရီးတွေသွားဖြစ်တဲ့အခါ သင်္ဘောဆိပ်ကလူတွေမျိုးလို ကြုံရ တာ မြန်မာပြည်လေဆိပ်တစ်ခုထဲရှိပါလားလို့ နားလည်သွားတယ်။ လူက နဂိုကမှ ကိုယ့်ကိုသိတဲ့ထောက် လှမ်းရေးလို အရာရှိမျိုးနဲ့တွေ့မှာစိုးနေရတာဆိုတော့ ရှေ့ထိုင်ခုံနောက်ကျောက ကပ်အိပ်မှာထိုးထားတဲ့ သူဌေးတွေလောက်သာတတ်နှိုင်တဲ့ ဆွစ်ဇာလန်လုပ် Rolex နာရီတို့၊ တန်ဖိုးကြီးလက်ဝတ်ရတနာတွေရဲ့ ကြော်ငြာကဲ့တလောက်စာအုပ်တအုပ်ကိုဆွဲ၊ စာမျက်နှာတွေကိုလှန်ပြီး သိပ်စိတ်ဝင်စားချင်ယောင်ဆောင် နေရင်း အခြေအနေကိုအကဲခတ်နေရတယ်။
အရေးထဲ ဘန်ကောက်လေဆိပ်ကအထွက်မှာ ထိုင်းအရာရှိတွေရစ်တုန်းက နောက်က ကပ်ရက်ပါလာတဲ့ သြစတေလျနိုင်ငံသား ချာတိတ်တကောင်က ကျနော့ဆီကိုလာပြီး ‘ဟေ့လူ။ ခင်ဗျားနိုင်ငံကိုရောက်နေပြီ။ လာဗျာ၊ အောက်ကိုဆင်းကြည့်ရအောင်’ တဲ့။ ကျနော်က ကျနော့ထိုင်ခုံဘေးကစကားလာပြောတဲ့ ငနဲကို မော့ကြည့်ပြီး ‘အာ…။ ကျနော်က ဒီနိုင်ငံကလူပဲ။ ကျနော့အတွက်ဘာထူးမှာလဲ။ မဆင်းတော့ပါဘူး။’ လို့ ပြောတော့ ဒီလူကပိုဆိုးလာတယ်။ ‘ခင်ဗျားကလည်းဗျာ။ ကိုယ့်နိုင်ငံပဲဗျ။ ဆင်းပါ။ ကျနော်က အောက်က ဆိုင်တွေမှာ အင်္ဂလိပ်စကား ပြောရဆိုရခက်နေမှာစိုးလို့ပါတဲ့။’ ကျနော်က သူ့ကိုဘုကြည့်ကြည့်ပြီး ‘ဟေ့လူ။ ဒါက နိုင်ငံတကာလေဆိပ်ဗျ။ အင်္ဂလိပ်စကားမတတ်ပဲ ဘယ်သူက ဈေးလာရောင်းမလဲ’ လို့ပြောရင်း သူ့ မျက်နှာ ကိုကြည့်တော့ ဒီလူဇဝေဇ၀ါနဲ့ကျနော့ကိုကြည့်နေတယ်။ မထူးတော့ဘူး။ သူ့အနားနဲနဲကပ်ပြီး စကားသံတိုးတိုးနဲ့ ‘ကျုပ်က ဒီနိုင်ငံကအစိုးရကိုတော်လှန်နေတဲ့ ကျောင်းသားသူပုန်တစ်ယောက်ဗျ။ မကြာ သေးခင်က လုပ်ခဲ့တဲ့ကျောင်းသားတပ်ဦးရဲ့ ညီလာခံက ကျနော့ကို ဗဟိုကော်မတီအဖြစ်ရွေးထားတယ်။ ကျနော်အောက်ကိုဆင်းလိုက်လို့ စစ်အစိုးရရဲ့ထောက်လှမ်းရေးတွေဖမ်းမိသွားရင် ကျုပ်ကို အရှင်လတ်လတ် အရည်ခွံနွှာလိမ့်မယ်။ ခင်ဗျားသဘောပေါက်ရဲ့လား။’ လို့ ခပ်တင်းတင်းပြောထဲ့တော့မှ။ ‘ဘုရားရေ။ ဆောရီးပါ။ ကျနော်တကယ်မသိလို့ပါ’ လို့ ပြန်တောင်းပန်ရင်း။ သူလည်း မြန်မာနိုင်ငံကို စစ်ဗိုလ်ချုပ်တွေကို အထောက်အပံ့ဖြစ်မှာစိုးလို့ သူကိုယ်တိုင် သွားမလည်သေးသလို၊ သူ့ရဲ့မိတ်ဆွေအပေါင်း အသင်းတွေ ကိုလည်း သွားမလည်ပတ်ဖို့ပြောထားကြောင်း ပြန်ပြောပြတယ်။ ၀ှီး…. အခုမှဘဲ ဒီလူနဲ့ ကိစ္စပြတ် တော့တယ်။ ကိုယ်လည်း ခပ်တည်တည်နဲ့ ၁ နာရီတိတိ ဆက်ထိုင်နေပြီး။ လေယာဉ်ဆက်ထွက်ဖို့ ဘီးလှိမ့်တော့မှ လွတ်ပြီလို့ စိတ်ချမ်းသာရာရတော့တယ်။ ဒီအဖြစ်မျိုးကို ABSDF က တစ်ခြားရဲဘော်တွေ တစ်ချို့လည်းကြုံဖူးကြတယ်တဲ့။
အန္ဒိယသို့
ဘင်္ဂလားဒေ့ရှ်ရုံးကိစ္စတွေကို ဆက်စီစဉ်ရင်း မူလမိခင်အဖွဲ့အစည်းတာဝန်တွေအပြင် ABSDF လို မြန်မာ အတိုက်အခံအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအတိုက်အခံအဖွဲ့အစည်းပေါင်းစုံပါတဲ့ တပ်ပေါင်းစုကြီး ဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ National Council of the Union of Burma (NCUB) ရဲ့ အနောက်ဖက်ဒေသ တာဝန်တွေကိုပါ အထူးသဖြင့် ABSDF အနောက်ပိုင်းက ခေါင်းဆောင်တွေ၊ ရခိုင် ခေါင်းဆောင်၊ ချင်းခေါင်းဆောင်တွေနဲ့အတူ ပူးတွဲ ထမ်းဆောင်ရတာတွေရှိတယ်။ ဒါတွေက ကျနော် ထိုင်းမှာ သွားတက်တဲ့ ညီလာခံမတိုင်ခင်ကတည်းက။
ဘင်္ဂလားဒေ့ရှ်ရုံးကိုဆက်ထားဖို့အတွက် ငွေရေးကြေးရေးအခက်အခဲတွေရှိလာတယ်။ ဗဟိုကလည်း တောင်ပိုင်းဌာနချုပ်အခြေစိုက်ရာဒေသတွေမှာ လည်းလိုအပ်တဲ့ ဘဏ္ဍာရေးတွေကိုစိုက်ထုတ်နေရတော့ ခက်အခဲတွေများတဲ့အတွက် အန္ဒိယဖက်က ABSDF အနောက်ပိုင်းဒေသရုံးကိုသွားပြီး အဲဒီရုံးကတာဝန်ခံ တွေဖြစ်တဲ့ ကိုလှဌေးတို့ ကိုဇင်နိုင်တို့ကို လည်ပင်းသွားညှစ်ရဖို့ဖြစ်လာတယ်။ ဘာရမလဲ ဘန်ကောက်က မလာခင်ကတည်းက အန္ဒိယကို ၀င်နှိုင်ထွက်နှိုင်အောင် ၆ လ ကြိုက်သလိုဝင်လို့ထွက်လို့ရတဲ့ တရားဝင် ဗီဇာ Multi Visa တစ်ခုကို ဘန်ကောက်အန္ဒိယသံရုံးမှာ သွားယူထားတာ။ အစပိုင်းက ဘင်္ဂလားဒေ့ရှ်မှာ နေရင်း ၆ လ မတိုင်မီမှာ အန္ဒိယကို နယ်စပ်က ရထားနဲ့ဝင်ဖို့ မီသေးတယ်။ အဲဒါနဲ့ ကျနော်လည်း ဘင်္ဂလား ကနေ အန္ဒိယကို နယ်စပ်ကိုဖြတ်ပြီး ရထားနဲ့သွားဖို့စီစဉ်ရတယ်။ နယ်စပ်ကိုရောက်ကတည်းက ရာသီဥတု သိသိသာသာပြောင်းသွားတယ်။ အေးလိုက်တာ စိမ့်နေရော။ လမ်းမှာလည်း ညပိုင်းရထားအတွင်းပိုင်းနံရံ တွေမှာတောင် နှင်းရေတွေသီးနေတယ်။ လူတိုင်းလိုလို လျှောစောင်ပါးလေးတွေထုတ်ခြုံကြတယ်။ ကျနော် လည်း ပါလာတဲ့ တက်ထရက်ပုဆိုးခြုံတာပေါ့။ ဘာရမလဲ။
မနက်ပိုင်း ရထားက အန္ဒိယကိုဝင်လာတယ်။ အလင်းရောင်ကောင်းကောင်းရပြီ။ ညက အေးလွန်းလို့ ပိတ်ထားတဲ့ ရထားတံခါးတွေကို ဖွင့်လိုက်ကြတော့ ၀င်လာတဲ့နေရောင်ခြည်က တညလုံးရေခဲသေတ္တာထဲ ၀င်လိုက်လာရသလိုဖြစ်နေတဲ့လူတွေအတွက် နွေးထွေးမှုနဲ့ အားအင်တွေကိုပြန်ပေးလာသလိုပါဘဲ။ “ဝေး…. ဝေး ဟေးဟေး..” နဲ့ ရထားပေါ်က ကျောင်းသားအရွယ်လူငယ်တစ်စု အသံသေးအသံကြောင်တွေ အော်ဟစ်ပြီး ပွဲကျနေကြတာ။ ဘာပါလိမ့်လို့ ခေါင်းပြူကြည့်လိုက်တော့ ရထားလမ်းဘေးမှာ အန္ဒိယ အမျိုးသား၊ အမျိုးသမီးတွေ အယောက် ၂၀-၃၀ လောက် ဖင်လေးတွေကို ရထားဖက်ကို လှန်ပြီး အီးအီးထိုင် ပါနေကြတယ်။ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း ယောင်္ကျားကြီးတွေကတော့ ရထားဖက်ကိုတောင် စပ်ဖြဲဖြဲနဲ့ ပြန်ပြီးနှုတ်ဆက်နေကြသေးတယ်။ အာ… တော်တော်ညစ်ပတ်တဲ့လူတွေပဲလို့ စဉ်းစားမိတယ်။ ဒီအတွေ့ အကြုံထူးကို ABSDF နယူးဒေလီ အနောက်ဖက်ဒေသရုံးက ကိုဇင်နဲ့မေးကြည့်တော့ သူက “ဟေ့လူ… လမ်းဘေးချီးပါတဲ့ကိစ္စက ဒီမှာ... ဟာသတောင်ရှိသေးတယ်” ဆိုပြီး သူ့ဆီက အန္ဒိယရောက် ပထမဆုံး အချင်းချင်း ရီစရာပြောကြတဲ့ ဇတ်လမ်းကိုနားထောင်ရတယ်။
တစ်ခါက အင်္ဂလန်ဝန်ကြီးချုပ် မာဂရက်သက်ချာက အန္ဒိယကိုသွားလည်တယ်တဲ့။ နယူးဒေလီမြို့တော်က အမျိုးသမီးဝန်ကြီးချုပ် အင်ဒီရာဂန္ဒီရဲ့ ၀န်ကြီးချုပ်ရုံးကိုရောက်တော့ အင်ဒီရာဂန္ဒီက အန္ဒိယနိုင်ငံမှာ အဆင်ပြေရဲ့လား.. ဘာညာမေးတော့၊ မာဂရက်သက်ချာက “သွားရလာရတာကတော့ အဆင်ပြေပါတယ်။ စိတ်အနှောက်အယှက်ဖြစ်ရတာက လမ်းဘေးနဲ့ ပန်းခြံတွေထဲမှာ အီးအီးထိုင်ပါနေတဲ့လူတွေကို တွေ့ရတာ ပါဘဲ။ ဒီအမူအကျင့်က အတော်ရိုင်းပြီး၊ ညစ်ပတ်တဲ့ကိစ္စဘဲ။” လို့ ပြန်ဖြေတယ်။ အင်ဒီရာဂန္ဒီက ဒီကိစ္စကို အမှတ်အတေးလုပ်ထားတယ်တဲ့။ နောက်ပိုင်း အန္ဒိယ၀န်ကြီးချုပ်အင်ဒီရာဂန္ဒီက ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာ အလည်အပတ်ဖိတ်ထားလို့ အင်္ဂလန်ကိုသွားရင်း လန်ဒန်မြို့လယ်ခေါင်က ပန်းခြံ တစ်ခုထဲမှာ အီးအီး ထိုင်ပါနေတဲ့ လူတယောက်ကို ကားပေါ်ကလှမ်းတွေ့ရတယ်။ အဲဒါနဲ့ အန္ဒိယ ၀န်ကြီးချုပ်ကလည်း ဒါအကွက်ပဲ ဆိုပြီး ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာဆီရောက်တော့ မာဂရက် သက်ချာရဲ့ “အင်္ဂလန်မှာ အဆင်ပြေ ရဲ့လား…” ဆိုတဲ့အမေးကို ချက်ခြင်း “သွားရလာရတာကတော့ အဆင်ပြေပါတယ်။ အနေအထိုင်လည်း သက်တောင့်သက်သာရှိပါတယ်။ ဒါပေမယ့်… ကျမ ရှင့်ဆီ လာတော့ လမ်းမှာ ပန်းခြံထဲအီးအီးထိုင်ပါနေတဲ့ လူတစ်ယောက်ကိုတွေ့ခဲ့တယ်။ ဒီလို ညစ်ပတ်တဲ့ အကျင့်မျိုးက ယဉ်ကျေးလှချည့်ရဲ့၊ တိုးတက်လှချည့်ရဲ့ဆိုတဲ့ အင်္ဂလန်နိုင်ငံ လည်းရှိနေတာပါဘဲ” လို့တုန့်ပြန် လိုက်တယ်။ မာဂရက်သက်ချာက အံသြပုံနဲ့ မျက်ခုံးမြင့်တက်သွားပြီး သူ့လုံခြုံရေးဝန်ထမ်းတွေကို အဲဒီပန်းခြံ ထဲက မဖွယ်မရာလုပ်နေတဲ့ကောင်ကို ချက်ခြင်းသွားဖမ်းဖို့ ညွှန်ကြားတော့တယ်။ မကြာခင်ပဲ အင်္ဂလိပ် ရဲတွေက လူတစ်ယောက်ကို ဂုတ်ဆွဲပြီး ဖမ်းလာတယ်။ မာဂရက်သက်ချာက “မင်းက ဘယ်သူလဲ” လို့ မေးလိုက်တော့ အဲဒီငနဲက “ကျုပ်က.. အန္ဒိယနိုင်ငံက အင်္ဂလန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဗျ” တဲ့။
ကျနော်ရောက်တဲ့အချိန်ကလည်း အန္ဒိယမှာ အအေးလှိုင်းတွေစိမ့်ဝင်ရိုက်ခတ်နေတဲ့အချိန်ဆိုတော့ မနက် စောစောနှင်းမှုံတွေကြားထဲမှာ အရိုးကွဲမတတ်အေးတဲ့ အအေးဒဏ်ကို ခံစားရတယ်။ ညအိပ်ရင်လည်း စောင်ခြုံထားရုံတွင်မဟုတ်ဘူး၊ ခြေရင်းဖက်မှာ အပူပေးတဲ့စက်တလုံးကို ချဖွင့်ပြီးတန်းစီအိပ်ကြရတယ်။ မနက်အိပ်ရာကနိုးတော့ အပေါ်ပိုင်းက အေးစက်နေပြီး ခြေထောက်ပိုင်းက စက်ကအပူကြောင့် ပူနေတာ ပေါ့။ တခြမ်းပူတခြမ်းအေးဒဏ်ကြီးနဲ့ အမြဲရင်ဆိုင်နေကြရတဲ့ အနောက်ပိုင်းရုံးက ရဲဘော်တွေရဲ့ဘ၀ကို လေ့လာခွင့်ရခဲ့တယ်။ ဒီထက်ပိုပြီးရင်ဆိုင်မယ်ဆိုရင်တော့ အရက်တစ်လုံးလောက်ဝယ်ပြီး မအိပ်ခင် တယောက်နဲနဲသောက်လိုက်ရင် အတွင်းမှာနွေးသွားတယ်။ ဟေ့… အနွေးထည်တလုံးလောက် သွားဆွဲခဲ့ လို့ဆိုရင် အရက်ထွက်ဝယ်ခိုင်းတာ။ ပထမတော့ အနွေးထည်က ဘယ့်နှယ်လုပ်ပြီး လုံးနေရတာပါလိမ့်ဆိုပြီး လျှောက်တွေးကြည့်နေရသေးတယ်။ အဲဒါက အနောက်ဖက်က အရက်ကိုခေါ်တဲ့ အခေါ်အဝေါ်ပေါ့။
နယူးဒေလီ
ကျောင်းသားအဖွဲ့အစည်းတခုမှာ ဥက္ကဌလုပ်နေတဲ့ ကျနော်နဲ့နာမည်တူရဲဘော်ကြီးတယောက်ကို မိတ်ဆက် ပေးလို့ သိခွင့်ရခဲ့တယ်။ သူနဲ့ကျနော့ကို လူတွေက အမြဲ နာမည်နဲ့လူမှားကြတယ်။ သူက အတော် ဖေါ်ရွေ ပြီး ရက်ရောတဲ့သူပါ။ သူကျနော့ကို စာအုပ်တွေ ရောင်းတဲ့ဈေးတန်းကိုခေါ်သွားပြီး “ခင်ဗျား ပိုက်ဆံ အလုံ အလောက်မပါရင်လည်း ကျနော့ဆီမှာယူပြီးဝယ်ထား၊ ဟိုဖက်မှာ ဒီစာအုပ်တွေရဖို့မလွယ်ဘူးတဲ့”။ မာ့စ်ဝါဒ အပါအ၀င် နိုင်ငံရေးအတွေးခေါ်စာအုပ်စာတမ်းတွေ၊ နာမည်ကြီးကဗျာဆရာတွေရဲ့ ကဗျာစာအုပ်တွေ၊ ဘာသာတရားစာအုပ်တွေသာမက အင်္ဂလိပ်စာလေ့လာရေးစာအုပ်တွေအထိ စာအုပ်စုံတယ်။ တချို့ စာအုပ် တွေဆိုရင် အတော်ဟောင်းနေပြီ။ သူကိုယ်တိုင်က စာဖတ်ဝါသနာ တော်တော်ပါတဲ့လူလို့ တွေးလို့ ရတယ်။ သူတို့ရုံးက အိန္ဒိယကာကွယ်ရေးဝန်ကြီး ဂျော့ဖာနန်ဒတ်စ်ရဲ့ ခြံဝန်းထဲမှာဖွင့်ထားတာဆိုတော့ ပေါင်းသင်း ဆက်ဆံရေးပါ အတော်ဝင်ဆန့်တဲ့လူတွေပါဘဲ။ ကျနော့ကို ကာကွယ်ရေးဝန်ကြီး ဂျော့ဖာနန် ဒတ်စ်နဲ့ မိတ်ဆက်ပေးတဲ့အခါ ၀န်ကြီးက ကျနော့ကို လှိုက်လှိုက်လှဲလှဲလက်ဆွဲနှုတ်ဆက်ပြီး အန္ဒိယမှာရှိနေ တုန်း ဘာအခက်အခဲရှိရှိ သူ့ကိုပြောပါဆိုပြီး သူ့ရဲ့ လိပ်စာကဒ်ကိုထုတ်ပေးတယ်။ လိပ်စာကဒ်ရဲ့ တဖက်မှာ အန္ဒိယ လိုရေးထားပြီး တခြားဖက်မှာတော့ အင်္ဂလိပ်လိုပေါ့။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို သူက တက်တက်ကြွကြွထောက်ခံတဲ့ပုံရှိတယ်။ အန်တီစုကိုလည်း သူအတော်လေး သဘောကျထောက်ခံတဲ့ အကြောင်း ပြောတယ်။
အန္ဒိယနိုင်ငံသား အတော်များများ အင်္ဂလိပ်စကားရတယ်။ အန္ဒိယမှာ အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကား လုပ်ထားတယ်။ လူမျိုးစု ထောင်နဲ့ချီပြီးရှိတယ်လို့ပြောကြတယ်။ အန္ဒိယမြောက်ပိုင်းက လူတွေက အနောက် နိုင်ငံသားတွေနဲ့ ခွဲမရလောက်အောင်တူတယ်။ တခုပဲ၊ အန္ဒိယတွေတချို့က အင်္ဂလိပ်စကားကို အရမ်းအလှ ဆင်ပြီး ကဗျာဆန်ဆန်တွေပြောကြတော့ တခါတလေ နားထဲမှာ တမျိုးကြီးဖြစ်နေတယ်။ ရာဘင်ဒြာ နတ်တဂိုးတို့လို ကမ္ဘာကျော်ကဗျာဆရာတွေ အတွေးအခေါ်ပညာရှင်တွေ အန္ဒိယက အများကြီးထွက် တယ်။
နောက်ပိုင်း အန္ဒိယရုပ်ရှင်ကားတွေမှာ အင်္ဂလိပ်လိုအများကြီးညှပ်ပြောလာကြတာတွေ့ရတယ်။ ဒါပေမယ့်လဲ အန္ဒိယဘာသာစကားကိုပဲ အဓိကပြောကြတာပါ။ အနောက်ဖက် ABSDF ကရဲဘော်ကြီးတယောက်ဖြစ်တဲ့ ဒေါက်တာဘရန်က ကုလားကား (အန္ဒိယရုပ်ရှင်) ကို ရုပ်ရှင်ရုံမှာသွားကြည့်တော့ စကားတတ်ပြီး ဘာသာ ပြန်ပေးနှိုင်တဲ့ ညီငယ်ရဲဘော် ဇော်ဇော်ကို ဘေးမှာထားတယ်တဲ့။ အဲ… ရုပ်ရှင်ထဲမှာ သရုပ်ဆောင်တွေ တယောက်နဲ့တယောက် လက်မောင်းပင့်ပြီး ဒေါသတကြီးအော်ဟစ်နေကြတဲ့အခန်းကို ရောက်တော့ ကိုဘရန်က ဇော်ဇော်ကို ဘာတွေဖြစ်နေကြတာလဲလို့မေးတော့ ဇော်ဇော်က “ရန်ဖြစ်နေ ကြတာဗျ” တဲ့။ “ဟေ့ကောင်… ရန်ဖြစ်နေတာတော့ ငါလဲတွေ့နေရတာဘဲ။ ဘာတွေပြောလို့ ဘာတွေဖြစ်နေတယ်ဆိုတာ လေးလောက်တော့ ပြန်ပေးဦးမှပေါ့” နဲ့ ရုပ်ရှင်ရုံထဲ ဘာသာပြန်ပြဿနာတက် နေပုံလေး ကိုဘရန် ပြန်ပြောပြတာအမှတ်ရသေးတယ်။ သြော် ဘာသာပြန်တဲ့လူက ထိထိမိမိနဲ့ တလုံးထဲချုံ့ပြီး ဘာသာပြန်နှိုင် တာဆိုတော့ ဘာသာပြန်တော်တယ် ပြောရမယ်။
နယူးဒေလီရုံးမှာရောက်နေတုန်း ကျနော့ကို ရဲဘော်တွေက အနားပတ်ဝန်းကျင်က စိတ်ဝင်စားစရာနေရာ တချို့ကို လိုက်ပို့ပေးကြပါတယ်။ ကားဂိတ်တခုမှာ ကားစောင့်နေရင်း ခေါင်းပေါင်းကြီးနဲ့ ပန်ချာပီကြီး တယောက်က ဆေးလိပ်လာတောင်းသောက်တယ်။ ကျနော်ကြားဖူးတာတော့ ပန်ချာပီဆိုတာ ဆေးလိပ် လက်ဆောင်ပေးရင်တောင် စိတ်ဆိုးတတ်ကြလောက်အောင် ဆေးလိပ်မသောက်တဲ့လူတွေတဲ့။ အခုက ဆေးလိပ်တောင်မဟုတ်ဖူး မီးပါညှိပေးလိုက်ရသေးတယ်။ သူလည်း ကျနော့ဆီက ဆေးလိပ်နံ့ရတော့ ဟန်မဆောင်နှိုင်တော့ဘူး ထင်ပါတယ်။
ဒေလီက ရက်ဖို့ Red Fort နန်းတော်ကို ရောက်တယ်။ တချို့ကလည်း ရက်ဖို့ခံတပ်လို့ခေါ်ကြတာရှိတယ်။ မဂိုဘုရင်တွေ စံစားခဲ့တဲ့နေရာတဲ့။ ရှေးလက်ရာမပျက် ထားတာတွေ့ရတယ်။ အကြီးကြီးပဲ။ အန္ဒိယဆိုတာ ကမ္ဘာပေါ်မှာ ကြီးကျယ်တဲ့ယဉ်ကျေးမှုနဲ့ ဗိသုကာလက်ရာတွေရှိခဲ့တဲ့နေရာဖြစ်လို့ ကျနော် တကယ် အဆင့်မြင့်ပြီးလှပတဲ့ ရှေးဗိသုကာလက်ရာတွေကို တအံတသြငေးပြီး လိုက်ကြည့်ခဲ့ရတယ်။ သိပ်ပြီးတော့ လည်း စိတ်ဝင်စားစရာ ကောင်းတယ်။ နံရံပေါ်က ကနုတ်ပန်းတွေကလည်း သိပ်ပြီးအဆင့်မြင့်တာတွေ့ရ တယ်။ အဲဒီခေတ်က ဘုရင်တွေ ဘယ်လောက်ဇိမ်ခံသွားတယ်ဆိုတာ သူတို့နန်းတော်အောက်အထိ မြစ်ရေကို ဖြတ်စီးစေပြီး ကိုယ်လုပ်တော်တွေနဲ့အတူ ရေကစားခဲ့တဲ့ ရေကန်နေရာတွေ၊ ၁၅ ပေလောက်မြင့်တဲ့ တိုင်လေးတိုင်စလုံးမှာ လက်အုပ်ချီပြီး ရပ်နေတဲ့ဟန် ၀တ်လစ်စလစ်အမျိုးသမီး လေးယောက်ပါတဲ့ သစ်သားကုတင်မြင့်ကြီးနဲ့ ကုတင်ပေါ်တက်ရမယ့်လှေကား၊ သန့်ပြန့်အေးစက်နေတဲ့ စကျင်ကျောက်နဲ့ ထုထားတဲ့လက်ရာတွေ၊ ရုပ်ထုတွေ၊ သလွန်နဲ့ ပလ္လင်တွေက သက်သေပြနေတယ်။ တနေ့ခရီးဆိုတော့ သိပ်များများစားစားလည်း မသွားနှိုင်ပါ။ အဲဒီနောက် ဂန္နီကြီးရဲ့ဂူဗိမာန်ကို ရောက်ခဲ့တယ်။ ကွင်းပြင်ကျယ်မှာ ရိုးရိုးအုတ်ဂူတစ်ခုထဲကို ထီးထီး ထားထားတာပါဘဲ။ အနားဝန်းကျင်မှာလည်း ပတ်လည်ဝိုင်းထိုင်နေကြတဲ့လူအုပ်ထဲမှာ အန္ဒိယဗုံနဲ့ ရိုးရာတူရိယာတွေကိုတီးခတ်ပြီး ဂန္နီကြီးကို ဂါရ၀ပြု နေကြတယ်။ မျက်စေ့ထဲမှာ ဘာမှပကာသနမရှိ ရိုးရာဖျင်ကြမ်းဝတ်စုံနဲ့ အမျိုးသားရေးတိုက်ပွဲဝင်နေတဲ့ အန္ဒိယခေါင်းဆောင်ကြီးကို မြင်ယောင်ကြည့်မိတယ်။
တကယ်တော့ ဒီခရီးစဉ်က အဖွဲ့အစည်းရဲ့ တာဝန်တွေနဲ့သွားရတဲ့ခရီးဖြစ်တဲ့အပြင် ကိုယ့်မှာလည်း အပြန် သုံးလေးလ ရုံးဆက်ပြီးဖွင့်နှိုင်ဖို့ငွေလောက်ပဲရှိတော့ သွားချင်ပေမယ့် ဗုဒ္ဓဂါယာဖက်ကို မသွားနှိုင်တော့ စိတ်မကောင်းဘူး။ ကာလကတ္တားမြို့ဖက်ကိုတော့ အပြန်လမ်းကြုံလို့ ၀င်ခဲ့သေးတယ်။
ဒီမိုကရေစီ
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ NCUB အနောက်ဖက်တာဝန်ခံတွေထဲမှာ ချင်းအမျိုးသား တပ်ဦး CNF က ကိုခေါင်ဦးလျှံက ဦးဆောင်ပြီး ပြည်ထောင်စုနေ့အခမ်းအနားတခုကျင်းပသွားဖို့နဲ့ တိုင်းရင်းသားအခွင့်အရေးတွေဆုံးရှုံးနေရတာကို ဖော်ထုတ်ဆန္ဒပြကြဖို့ အစည်းအဝေးတခုခေါ်တယ်။ ကိုလှဌေးက ကျနော့ကိုလည်း ရောက်တုန်းသူနဲ့အတူ အစည်းအဝေးတက်ပေးဖို့ ခေါ်တယ်။
အနောက်ဖက်ဒေသက နယူးဒေလီရောက် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှား နေကြတဲ့အဖွဲ့တွေ ဆုံကြတယ်။ ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားနဲ့ ဆန္ဒပြပွဲအစီအစဉ်ကို ဆွေးနွေးနေရင်း တိုင်းရင်းသားအဖွဲ့တခုက ရဲဘော်တယောက်က ပြည်ထောင်စုနေ့ဆိုတဲ့ခေါင်းစဉ်ကို သူ လက်မခံဘူး ပင်လုံစာချုပ်ချုပ်ဆိုသောနေ့ဆိုတဲ့ခေါင်းစဉ်နဲ့လုပ်မယ်ဆိုပြီး ဆွေးနွေးတယ်။ အဲဒီနေ့ ဘယ်လို လုပ်ကြမယ်ဆိုတဲ့ ခေါင်းစဉ်အထိမရောက်တော့ပဲ အကြိတ်အနယ်ဆွေးနွေးကြတော့တယ်။ ချင်းအမျိုးသမီး အဖွဲ့တွေအပါအ၀င် အများစုက ပြည်ထောင်စုနေ့ဆိုတာက အသုံးအနှုံးအရ ပိုပြီးအဓိပ္ပါယ်ရှိတယ်ဆိုပြန် တော့လည်း အဲဒီ ရဲဘော်ကလက်မခံဘူး။ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးကြတာ တိုင်းရင်းသားအားလုံးပါ တာမဟုတ်ဘူး ဒီတော့ပြည်ထောင်စုနေ့လို့ခေါ်လို့မရဘူး။ အဲဒီလိုလည်းမလုပ်နှိုင်ဘူးဆိုပြီးပြောတယ်။ အစည်းအဝေးလည်း နေ့လည်ပိုင်း ခဏရပ်ပြီး ကော်ဖီနဲ့မုန့်စားရင်း အပြင်မှာဆက်ပြီး ညှိနှိုင်းဘို့ အနား ပေးတယ်။
ကော်ဖီသောက်နေရင်း အစည်းအဝေးကို NCUB အနောက်ပိုင်းအနေနဲ့ ကမကထလုပ်တဲ့ ကိုခေါင်ဦးလျှံက “ကိုမြတ်..။ အခုအစည်းအဝေးက ခေါင်းစဉ်လေးတခုကိုတောင် အတော်လေးအကြိတ်အနယ်ဆွေးနွေးနေ ရတယ်။ ဒီကိစ္စ ပြတ်ပါ့မလား” လို့မေးလာတော့ ကျနော်က “အကို။ ဒီအတိုင်းပဲ မတင်မကျဖြစ်နေမှာပဲ။ မဲခွဲ ဆုံးဖြတ်ပစ်လိုက်လို့လဲမသင့်ဘူးဆိုတော့ ဒါက ဘာမှကျလာမှာမဟုတ်ဘူး” လို့ပြန်ပြောဖြစ်တယ်။ သူက “ဟာ… အဲဒါဆိုဘယ်လိုလုပ်မလဲ။ ကျနော်က စုစုစည်းစည်းဖြစ်ပါစေဆိုပြီး ကော်ဖီတွေ၊ မုန့်တွေဝယ်ပြီး လုပ်ပေးတာ။ ဒီလိုဆိုရင်တော့ ကျနော့ရုံးက ကော်ဖီဖိုး၊ မုန့်ဖိုးတွေ အလကားဖြစ်ပါပြီဗျာ…” လို့ ညည်းရော။ တကယ်လဲ ဒီခေါင်းစဉ်က မကျပဲ ညနေစောင်းတဲ့အထိ အကြိတ်အနယ်ပဲရှိနေတယ်။ ဟိုရဲဘော်က သူဦးဆောင်လာတဲ့ အဖွဲ့လည်းရှိတယ်။ သူ့အဖွဲ့ကလည်း လူနည်းစုပါပဲ။ ကျနော်လည်း မအောင့်နှိုင်တော့ပဲ အများကဆုံးဖြတ်ပြီးလုပ်မယ်၊ အနည်းစုကလည်း အများရဲ့ဆန္ဒကိုလက်ခံရမယ်၊ အနည်းစုရဲ့သဘောထားကို လည်းမှတ်တမ်းတင်ထားမယ်။ ဒါက ဒီမိုကရေစီလုပ်ဟန်ဖြစ်တယ်လို့ ပြောတော့လည်း အဲဒီရဲဘော်က သူကတော့ သူ့ဦးဆောင်ပြီး ပင်လုံစာချုပ်ချုပ်ဆိုသောနေ့ အခမ်းအနားကိုလုပ်မယ်လို့ပြောတယ်။ ကျနော်က ခပ်တည်တည်နဲ့ “ခင်ဗျားတို့ အန္ဒိယဖက်မှာဒီမိုကရေစီရောရှိရဲ့လား” ဆိုပြီး ရမ်းထည့်လိုက်တော့ အဖွဲ့စုံက အန္ဒိယရောက် ရဲဘော်မိတ်ဆွေတွေက သူတို့ဖက်မှာ ဒီလိုပဲညှိနှိုင်းလုပ်ဆောင်ကြရတာပါလို့ ပြန်ရှင်းပြကြ တယ်။ နောက်ကျတော့ ကိုလှဌေးကလည်း ကျနော့ကို “ငါ့လခွေး။ မင်းကပိုပြီး ပြောတာဆိုတာ ပြေပြေပြစ်ပြစ်ရှိမလားလို့ ခေါ်သွားတာ။ ငါ့ထက် ရမ်းသေးတယ်” တဲ့။
နယူးဒေလီမြို့ အဲဒီအထိမ်းအမှတ်နေ့မှာ မနက်ပိုင်း ပြည်ထောင်စုနေ့အခမ်းအနားနဲ့ ဆန္ဒပြပွဲကို အဖွဲ့စုံ အားလုံးလုပ်ဖြစ်ကြတယ်။ အဲ… နေ့လည်ကျတော့ ပင်လုံစာချုပ်ချုပ်ဆိုသောနေ့အခမ်းအနားနဲ့ ဆန္ဒပြပွဲကို ထပ်လုပ်ကြပြန်ရော။ ထူးခြားတာက နှစ်ခုစလုံးကို ဒီလူတွေချည့်ပဲ အတူတူလုပ်သွားကြတာ။ ဘေးကကြည့် ရင် တမျိုးကြီးဖြစ်ချင်ဖြစ်နေမယ်။ ဒါပေမယ့် ဘာကိုတွေ့ရသလဲဆိုတော့ အများစုနဲ့ အနည်းစုရဲ့ မတူညီတဲ့ သဘောထားရှိတယ်ဆိုပေမယ့် အပြန်အလှန်လေးစားမှုကို လက်တွေ့ကျင့်သုံးသွားတာ။ အတိုက်အခံ လုပ်ခဲ့တဲ့ ရဲဘော်နဲ့သူ့ရဲ့အဖွဲ့က မနက်ပိုင်းမှာ လာချင်မှလာမယ်။ ဒါပေမယ့် ကျန်တဲ့မနက်ပိုင်းလုပ်သွားကြတဲ့ အဖွဲ့ပေါင်းစုံကလူတွေက အဲဒီရဲဘော်ရဲ့ပွဲကိုလည်း ပူးပေါင်းပါဝင်ကြတာဆိုတော့ ဒီလူတွေချည့်ပဲ ခေါင်းစဉ် မတူပဲ တနေ့ထဲ နှစ်ပွဲလုပ်သွားကြတာ။ အမှန်က ကျနော့အနေနဲ့ အစကတည်းက အဲဒီကအဖွဲ့တွေရဲ့အနေ အထားကို လေ့လာထားသင့်တာ။ ၀င်ရမ်းထည့်လိုက်မိတာ စိတ်မကောင်းဖြစ်မိသလို ကိုယ်လေ့လာရမှာ တွေ အများကြီးရှိနေပါလားလို့လည်း ပိုပြီးသဘောပေါက်သွားတယ်။ သူတို့အားလုံးက ကျနော့ကို သင်ပေး လိုက်တာပါလားလို့လည်း နားလည်လိုက်တယ်။
ကျနော့ရဲ့ လုပ်ဖော်ကိုင်ဖက် တချိန်ကကျနော့တပ်ရင်းရဲ့ တပ်ရင်းမှူးဖြစ်ခဲ့တဲ့ ကိုဝင်းချိုကြီးက ဒီလိုအနေ အထားမျိုးတွေအကြောင်းပြောတဲ့အခါ “ကျနော်တို့ ဘယ်လိုလူပဲဖြစ်ဖြစ် အထင်သေးလို့မရဘူး။ လမ်းဘေး ကလူဆီကပဲဖြစ်ဖြစ် ကျနော်တို့သင်ယူရမှာတွေ အများကြီးရှိတယ်။ သူတို့သင်ပေးလိုက်တာတွေလဲ အများ ကြီးရှိတယ်။ အဲဒါ ကျနော်တို့ဆရာတွေဗျ။ ကျနော်ကတော့ လေ့လာဆဲပဲ။ လူဖြစ်လာရင် လေ့လာစရာ၊ သင်ယူစရာတွေ မကုန်ဘူးဗျ” တဲ့။ ကိုဝင်းချိုက နေ့လည်ပိုင်းမှာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဝန်းကျင်မှာ ကလေးတွေအတွက် စာသင် ကျောင်းလေးတခုဖွင့်ထားတယ်။ သူ့ကျောင်းကို ဟိုဖက်ကမ်းဒီဖက်ကမ်းက ဆင်းရဲတဲ့မိသားစုတွေက မြန်မာ ကလေးတွေ တက်ကြတယ်။ သူက ညနေပိုင်းမှာ မဲဆောက်က စားသောက်ဆိုင်တွေမှာ ဂစ်တာတီး သီချင်း ဆိုပြီး ရပ်တည်နေတယ်။
xxxxxxxxx
ဆက်ပါမည်.....
No comments:
Post a Comment