Monday, February 18, 2013

ပြည်တွင်းစစ်တွေ ရပ်ပါတော့


==================
လူတချို့က ကျနော်မျက်ရည်ကျတာကို အံ့သြတယ်။ စစ်ဗိုလ်စစ်သား တွေလည်း နှလုံးသားနဲ့လူပါ။ ငိုတတ်ရယ်တတ် ဝမ်းနည်းကြေကွဲ တတ်ပါတယ်။ အခုတော့ ကျနော့်မှာ ငိုစရာ မျက်ရည်တွေ ခမ်းနေပါပြီ။ ကြေကွဲရလွန်းလို့လည်း ကျနော့် နှလုံးသားဟာ ထုံကျင်ယောင်ကိုင်း လို့နေပါပြီ။

ကျနော်ဟာ ကော်သူလေးက စစ်ဗိုလ်တဦးပါ။ ဒါပေမယ့် စစ်ကို ကျနော်မုန်းပါတယ်။ စစ်ပွဲတွေ ရှိနေသ၍ အပြစ်မဲ့ပြည်တွေ သေကြပျက်စီး နေကြဦးမျာပဲဆိုတာ ကျနော်လက်ခံပါတယ်။ ကျနော်တို့ ပြည်သူတွေ ဒုက္ခ သုက္ခတွေ ခံစားရတာကိုမြင်တိုင်း စစ်ကိုနာကျည်း မုန်းတီးမိတယ်။ ကျနော့်နည်းတူ ကျနော့်တို့ပြည်သူတေါမငိုတတ်မရယ်တတ်ကြတော့ ဘူးထင်ပါရဲ့။ ကျနော်နဲ့ ဆုံခဲ့ရတဲ့မိန်းခလေး တဦးကတော့ သူ့ဘဝမှာ ငိုလို့ဝသွားပြီတဲ့။ သူမငိုနိုင်တော့ဘူး။ ဒါကြောင့်လည်း သူ့အမေနဲ့ ညီမလေးတွေရဲ့ အလောင်းကို မြှုတ်တဲ့ နေ့က ခေါ်င်ရည်တွေမူးအောင်သောက်ပြီး အစီအစဉ် မကျတဲ့ ဓမ္မသီချင်းတွေကို သူညည်းနေခဲ့တယ်။သူသောက်နေတဲ့  ခ်ေင်ရည်တွေဟာ သူတို့တောင်ယာသိမ်းဖို့အတွက် သူ့အမေ ကိုယ်တိုင် လုပ်ခဲ့တဲ့ ခေါင်ရည်တွေပါ။

သူဟာ မိသားစု (၇) ယောက်အနက်က ကံကောင်းလွန်းလို့ အသက်ရှင်ကျန်ရစ်သူပါ။ သူတို့ရွာထဲကို နဝတ တပ်တွေဝင်ပစ်တော့ ပထမဆုံး သူ့အဖေဆုံးခဲ့ရတယ်။ သူတို့ ရွာသားအားလုံးလည်း ထွက်ပြေး ခဲ့ရတယ်။ နေရာသစ်တောင်ယာတဲမှာတော့ သူ့အကိုနဲ့ မောင်လေးအသတ်ခံရပြန်တယ်။ နဝတ တပ်တွေ တောင်ယာတဲမှာ နေသူတွေကို သူပုန်တွေလို့ သတ်မှတ်ထားတော့ သူ့အကိုမောင်လေးဟာ အမေးမြန်းမရှိ ပစ်သတ် ခံခဲရတာပါ။ အခုနေရာ မှာတော့ သူ့အမေနဲ့ ညီမလေးနှစ်ယောက် ဆုံးခဲ့ရပြန်ပါတယ်။

အဲ့ဒီနေ့က သူတို့တဲပုန်းလေးမှာ သူမရှိနေခဲ့ဘူး။ သူဟင်းရွက်ရှာနေတဲ့ အချိန်မှာ သေနတ်သံတွေ ကြားရတော့ အမေနဲ့ညီမလေးနှစ်ယောက်အတွက် သူစိတ်ပူခဲ့ရတယ်။ သူတို့နေတဲ့ တဲပုန်းလေးဆီ သူပြန် မလာရဲဘူး။ (၂) ရက်တိတိ တောထဲမှာဘဲ အိပ်ခဲ့ရတယ်။ စစ်သားတွေ ထွက်သွားလောက်ပြီ ထင်တဲ့အချိန်မှ သူပြန်လာခဲ့တယ်။ သူရောက်သွားတဲ့ အချိန်မှာတော့ သူတို့ပုန်းအောင်းနေထိုင်တဲ့  တဲ(၅)လုံးမှာ လူတွေတစ်ယောက်မှ အသက်ရှင်ပြီး ကျန်မနေတော့ဘူး။ ထိတ်လန့်ပြီး ခြေဦးတည်ရာ ထွက်ပြေးရင်း ကျနော်တို့နဲ့ တွေ့ခဲ့ရတယ်။ သူ့အမေ အလောင်းရှိရာ သူရောက်သွားတော့ သူငိုဖို့မေ့နေခဲ့တယ်။

ရန်သူဟာ ကျနော်တို့ လူမျိုးအပေါ် ရက်စက်လွန်းတယ်ဗျာ။ ဘယ်လိုမှ အသက်ရှင်နေထိုင်ခွင့် မရအောင် ကိုဖျက်ဆွူကြတယ်။ လူမျိုးပြုန်းသုတ်သင်မှု လုပ်တယ်ဆိုတာ ထင်ရှားပါတယ်။ စနစ်တကျကို မြေလှန်ဖျက်ဆီး နေခဲ့တာပါ။ ရွာတွေထဲမှာ မနေနိုင်အောင် နည်းအမျိုးမျိုးနဲ့ လုပ်တယ်။ ရွာတွေပျက်ပြီး တောတောင်တွေထဲ ကစဥ့်ကလျား နေထိုင်ကြပြန်တော့လည်း အမေးအမြန်းမရှိ အကုန်ပစ်သတ်တယ်။ စားပင်သောက်ပင် တွေကိုလည်း အမြစ်ကအစ ခုတ်လှဲတယ်။ စားမကုန်သောက်မကုန်တဲ့ ကြက်ဝက်တွေ ကိုလည်း ဟိုတကောင် ဒီတကောင် ပစ်သတ်ပြီး ထားခဲ့ကြတယ်။

ကျနော်တို့ တောင်ပေါ်ရွာက ကြက်တွေဟာ သိပ်ယဉ်ပါးတယ်။ စပါးတဆုပ်လောက် ပက်ကျွေးလိုက် ရင်လူရှိရာကို အားလုံးဝိုင်းလာကြတာ။ ဒီအထာနပ်နေတဲ့ စစ်သားတွေက စပါးတဆုပ်လောက် ပက်ကျွေးပြီး ကြက်တွေကိုဖမ်း လည်လိမ်ချိုးပြီး မြေပေါ်မှာ ဒီအတိုင်းပဲထားခဲ့ကြတာ။ ရွာသားတွေ ရွာနားပြန် ကပ်ချိန် မှာတော့ ပုပ်ပွပြီးလောက်တွေ တက်နေပြီ။ ရွာသားတွေကို အသက်ရှင်ခွင့် မရအောင်ကို သူတို့လုပ်နေကြတယ်။ စက်သတင်းတွေကလည်း ကျနော်တို့ကြားရတာပဲ။ ရွာတရွာကိုသူတို့ဝင်ပြိးရင် အထက်ကို သတင်းပို့တယ်။ ရွာထဲကို ဝင်ပြီးပြီ။ အားငြိမ်ကုန်ပြီ။ ဘာဆက်လုပ်ရမလဲလို့ မေးရင် ဟိုကနေ ပြန်အမိန့်ပေးတာက ‘အားလုံးကို အရောင်ပြောင်းပစ်လိုက်’ တဲ့။ ဒီတော့တရွာလုံးကို မီးတင်ရှို့တော့တာပဲ။

မပြေးမလွှားနိုင်လို့ ကျန်ခဲ့တဲ့လူကိုလည်း လူလိုမသတ်ဘူး။ တဲတလုံးမှာ အသက်(၇၀)ကျော် မျက်မမြင် အဖွားကြီးတယောက် မပြေးနိုင်လို့ ကျန်ခဲ့တယ်။ ဒါကို ကျည်ဆံအကုန်ခံပြီး မပစ်သတ်ဘူး။တဲအောက်ကနေ အသာလေးမီးတင်ရှို့ လိုက်တော့လူဟာ မီးတင်ရှို့ပြီးသား ဖြစ်သွားတယ်။ ကျနော်တို့ ရောက်သွားတော့ လူကတောင့်ပြီး မချိ့မဆန့် အသက်ထွက်နေတာကိုတွေရတယ်။

ဝက်တွေစားပုံကလည်း တကယ်စံနစ်ကျတယ်။ ဝက်တကောင်လုံးကို တံစို့ထိုးကင်ပြီး သားရေမြေမှာခင်းပြိး အတွင်းသားတွေကိုပဲ နှိုက်စားကြတယ်။ မစားချင်တဲ့ ခေါင်းနဲ့သားရေကိုတော့ ဒီအတိုင်း ပဲထားခဲ့တယ်။ ဒါတွေကို ပြန်မြင်ရတဲ့ ပိုင်ရှင်ရွာသားတွေ ဘယ်လိုခံစားရမလဲ ဆိုတာတွေး ကြည့်ကြ ပါတော့။

တောင်ယာစပါးခင်း တွေကို ဖျက်ဆီးကလည်း တကယ့်ကို စံနစ်ကျပါတယ်။ မီးရှို့ဖျက်ဆီးတာမျိုး မလုပ်ဘူး မြေက အစိုဓါတ်ရှိတော့ မီးရှို့ရင်လည်း တပင်နဲ့တပင် မီးကူးဖို့လည်း သိပ်မလွယ်ဘူး။ ဒီတော့ စစ်ကြောင်း(၂) ကြောင်း (၃) ကြောင်းလောက်နဲ့ စပါးခင်းထဲဝင်ပြီး သစ်ခက်တွေနဲ့ လိုက်ရမ်းးပစ်တယ်။ စ ပါးစေ့တွေအကုန်ကြွေကျကုန်တာ ပေါ့။ အဝေးကကြည့်ရင် အိမ်တွေ တိရ စ္ဆာန်တွေမရှိတော့ပေမယ့် စပါးခင်း တွေကျန်သေးတယ် လို့ထင်ရတယ်။ အနီးရောက်သွားတော့မှ စပါးစေ့မရှိတော့ပင်ထောင်တွေ ကိုပဲတွေ့ရ တယ်။ စစ်တပ်ထွက်သွားရင် ထွက်သွားရင် ထွက်ပြေးကြတဲ့ ရွာသားတွေ ဘယ်နည်းနဲ့မဆို သူတို့တဲတွေဆီ ပြန်ကပ်မှာ ဘဲဆိုတာ ရန်သူက တွက်လို့ထိတယ်။ ဒီတော့ တဲတွေနားမှာ တောင်ယာစပါးခင်းတွေထဲမှာ မိုင်းထောင်ထား ခဲ့တယ်။ ပွဲချင်းပြီးသေတဲ့သူနဲ့ မသေမရှင် ဒုက္ခိတဖြစ်ရသူနဲ့ ဘဝတွေပျက်ရတာလည်း များလှပါပြီ။

လူ့အခွင့်အရေးအဖွဲ့တွေ NGO တွေ သတင်းသမားကိုလည်း ကျနော်ပြောချင်ပါတယ်။ ဒီလိုအခြေ အနေ တွေဖြစ်သွားပြီး လေးငါးရက်လောက်ကြာရင် ဒီအဖွဲ့တွေရောက်လာကြပြီး၊ ဗီဒီယိုတွေ ဓါတ်ပုံတွေ အဖြတ်ဖြတ်ရိုက်ကြ၊ အင်တာဗျူးတွေ အမျိုးအမျိုးလုပ်ကြ ပြီးတော့လည်းသူတို့ပြန်သွား ကြတာပဲ။ကျနော်တို့ပြည်သူတွေက လူ့အခွင့်အရေးဆိုတာ မသိဘူး။ သတင်းဆိုတာ ကိုနားမလည်ဘူး။ ကျနော်တို့ပြည်သူတွေ လိုနေတာက ထမင်း၊ ပြည်သူတွေငတ်နေတာကလည်းထမင်း ဘဲ။ ဒါကြောင့် ထမင်းစားရဖို့ကို သူတို့မျှော်လင့်တယ်။ဒီလိုေ မျှာ်လင့်တာလည်း သူတို့အတွက် သဘာဝကျတယ်လို့ထင်တယ်။

သူတို့မျှော်လင့်တာပြန်မရတောလည်း သူတို့ခံစားချက်တွေ သူတို့ဘဝအကြောင်းတွေ ကိုမပြောချင် တော့ဘူး။ ဘဝရဲ့အဖြစ်ဆိုးတွေ ကြေင်္ကဲဖွယ်ရာတွေကို အကြိမ်ကြိမ် ပြောပြနေရတဲ့ကိစ္စကလည်း သူတို့ရင်ကို ဓါးနဲ့မွှန်းသလို သူတို့ခံစားရတယ်။ကျနော်တို့ ပြည်သူတွေရဲ့ ခံစားချက်အပေါ် စာနာလည် သင့်တယ်လို့ထင် ပါတယ်။

နောက်ထပ် သတင်းဆိုးတခုလည်း မကြားချင်ပဲ ကြားခဲ့ရတယ်၊ သားသမီး(၄)ဦး နဲ့ ကိုယ်ဝန်ဆောင် ဇနီးသည် ပစ်သတ်ခံလိုက်ရတဲ့ ရွာသားတဦး ။ သူဒုက္ခသည်စခန်းကို ရောက်တော့ သတင်ူသမားတွေ နိုင်ငံခြားသားတွေက သူ့ကိုမေးခွန်း အမျိုးမျိုးမေးကြတယ်။ ကြာတော့အဲ့ဒီလူ စခန်းကနေ ပျောက်သွားတယ်။ ဘဝတွေနဲ့ရင်းခဲ့ရတဲ့ အဖြစ်အပျက်တွေကို ထပ်ထပ်ခါခါ ပြောပြနေရတော့ သူတို့ဘယ်လိုခံစားနေရမယ်ဆို တာ ကျနော်တွက်လို့ထိပါတယ်။ လူတယောက်မှာ နှလုံးသားအပိုမပါဘူး ဆိုတာ အဲ့ဒီလူတွေ နားလည်ဖို့ကောင်းပါ တယ်။

ကျနော်တွေ့ခဲ့ရတဲ့ ကျနော်တို့ပြည်သူတွေ ဟာ သူတို့အသက်ကို သူတို့အတတ်နိုင်ဆုံး ရှာကြံပြီးတော့ ဆက်နေကြ ရတဲ့ဘဝပါ။တောင်ယာ ခုတ်လို့မရတော့တဲ့အဆုံးမှာ မှိုတို့ မျှစ်တို့ အသီးအရွက်တို့ ဖုတ်တလှည့် ပြုတ်တလှည့် စားကြတယ်။ ဒါပေမယ့် ဘာအသိးအနှံမှ မရနိုင် ဟိုမရောက် ဒီမရောက် ရာသီမှာတော့ သူတို့ ဒုက္ခအကြီးအကျယ် ရောက်ကြတယ်။
ကျနော့်အတွေ့အကြုံအရ ဒီနှစ်အတွင်းမှာ ဆန်တောင်းစားတာ (၂) ခါလောက်ကြုံဘူးတယ် ခရီးသွား ရင်းနဲ့ အမျိုးသမီးတဦး ကျနော်တို့နဲ့ လမ်းမှာလာဆုံတယ်။ သူ့ကလေးတွေ ထမင်းမစားရတာ(၁၀)ရက်ရှိပြီ။ ဖျားလည်းဖျားနေကြတယ်။ သူတို့ပုန်းတဲ့အနီးတဝိုက်မှာလည်း မှိုတို့မျှစ်တို့ တောငှက်ပျောပင်တို့ ရှာလို့မရတော့ ဘူးလို့ ပြောပြတယ်။ ဆန်သွားရှာမယ်လို့ပြောပြီး ထွက်သွားတဲ့ သူ့ယောက်ျားလည်း ပြန်မလာတော့ဘူးတဲ့။ လမ်းမိုင်းပဲနင်းမိသလား။ နအဖ တပ်နဲ့တိုးလို့ အဖမ်းခံရသလား ဆိုတာ သူလည်းသေသေချာချာ မပြောနိုင်ဘူးတဲ့။ ကျနော်နဲ့ ရဲဘော်တယောက်မှာ ဆန်တကြိုးစီပါတယ်။ ဒီတော့ သူကို ဆန်ကြိုးတကြိုးပဲ ကျနော်တို့ပေးနိုင်ခဲ့တယ်။

အဲ့ဒီနေ့က ခရီးဆက်ထွက်ခဲ့ရပေမယ် ကျနော်တို့ စိတ်နှလုံးတွေ လေးလံအုပ်ဆိုင်း လို့နေခဲ့တယ်။ ကျနော်တို့ စိတ်ရှိလက်ရှိအော်ပြီး ငိုပစ်လိုက်ချင်တယ်။ သေနတ်ထမ်းနေတဲ့ ကျနော်ကိုယ် ကျနော်လည်း ရှက်နေမိတယ်။ ကျနော်သေနတ်က ကျနော်ပြည်သူတွေအတွက် ဘာမှအထောက်အကူ မဖြစ်ခဲ့ဘူး။ အသုံးလည်ူမဝင်ဘူး။ ကျနော်တို့ ပြည်သူတွေလိုနေတာက ထမင်း။ ကျနော်တော်တော်လေး ကြေကွဲခဲ့ရတယ်။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် ကျနော် တို့ပြည်သူတွေရဲ့ ဘဝဟာ မတွေးဝံ့စရာပါပဲ။

ကျနော်တို့ အကြိမ်ကြိမ် ကြားရပါတယ်။ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားရင်ကြားစေ့ရေး ဒီမိုကရေစီ အရေး၊ အမျိုးသားတန်းတူရေး၊ လူ့အခွင့်အရေး၊ စတာတွေပေါ့လေ။ဒါတွေက ဘယ်တော့လာမှာလဲ။ အခြေခံပြည်သူတွေဟာ နိုင်ငံဆိုတာကို နားမလည်ကြဘူး။ငြိမ်းငြိမ်းချမ်းချမ်း လုပ်ကိုင်စားသောက်ဖို့လောက် ပဲ သူတို့သိတယ်။ တကယ်တော့ ပြည်သူတွေဟာ အပြစ်မဲ့ပါတယ်။ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေဇာပင် တွေကို သနားကြပါလို့ပဲ မေတ္တာ ရပ်ခံချင်ပါတယ်။

စစ်ပွဲတွေကို ကျနော်မုန်းလှပြီ။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ မတတ်သာလို့ ကိုင်ထားရတဲ့ သေနတ်ကို နာကျည်းမုန်းတီးလှပါပြီ။ ပြည်တွင်းစစ်တွေ ရပ်ပါတော့လို့ပဲ ကျနော်ပြောချင်ပါတယ်။

းးးးးးးးးငါ့သွေးတစက်
ငါ့အသက် တချောင်း
ငါ့အလောင်းမှ
ထောင်သောင်းမြောက်များ
သွေးသစ်ပွားအံ့
ငါကားဘယ်မှာ သေမည်နည်း။

ကိုလေးမောင်(ကိုကိုးကျွန်းအာဇာနည်သူရဲကောင်းတဦး)
http://www.facebook.com/photo.php?fbid=468610039859387&set=a.112335862153475.20938.100001311857578&type=1&theater

No comments: