Monday, February 18, 2013

ကမ်းနီးငါးဖမ်းလှေ၏ ပိုက်များအား ၀ါးလတ်လှေ မှ ပိုက်ဆွဲရင်း ပြတ်တောက်စေခဲ့

(၁၄-၂-၂၀၁၃) ရက်နေ့ နံနက် (၉) နာရီခန့် အချိန်တွင် ကျွန်းစုမြို့ ပထက်ကျေးရွာမှ ရေလုပ်သား ဦးဇော်နိုင်သည့် ကျွန်းစုမြို့နယ် ကွမ်းသီးကျွန်း အနီး ရေပြင်တွင် ရေအောက် ပိုက်ချ ငါးဖမ်းနေစဉ် သီတာ ရေလုပ်ငန်း ကုမ္ပဏီပိုင် လှေအမှတ် (၄၂) လင်းဖြိုးအောင် ၀ါးလတ်လှေသည် ပိုက်ဆွဲရင်း ဦးဇော်နိုင်၏ ငါးဖမ်းပိုက်များအား ငြိတွယ် ပြတ်တောက် စေခဲ့ကြောင်း သိရှိရသည်။

ဦးဇော်နိုင်သည် ၄င်း၏ ငါးဖမ်းပိုက်များ မဆုံးရှုံး စေရေးအတွက် အချိန်မီ ကြိုတင် သွားရောက် အချက်ပြ တားဆီး ခဲ့သော်လည်း လင်းဖြိုးအောင်လှေမှ အသံချဲ့စက်ဖြင့် ဒရွက်ဆွဲပိုက်တင် မပေးနိုင်ကြောင်း ပြောဆို ခုတ်မောင်းခြင်း ကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ၄င်း၏ ငါးဖမ်းပိုက်များ ဆုံးရှုံးမှု အတွက် ဦးဇော်နိုင်မှ မြိတ်မြို့၊ မြစ်ငယ်ရပ် သီတာ ကုမ္ပဏီသို့ (၁၆-၂-၂၀၁၃)ရက်နေ့ (၀၉၀၀) နာရီခန့် သွားရောက် တိုင်ကြားရာ ယခု ဖြေရှင်း မပေးနိုင်ကြောင်း၊ လင်းဖြိုးအောင် လှေပြန်ရောက်မှ ရှင်းပေးမည် ဖြစ်ကြောင်း၊ (၁)လ ခန့်စောင့် ရအုံးမည် ဖြစ်ကြောင်း၊ ၄င်းလှေ တက်မကိုင် (ခ) ပဲ့နင်းမှာ ဦးမိုးလွင် ဖြစ်ပြီး ဖုန်းနံပါတ် 098769367 ဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူက ရှင်းပြခဲ့ကြောင်း သိရှိရပါသည်။

ထိုဖြစ်စဉ်ကြောင့် ငါးဖမ်းပိုက်များ ဆုံးရှုံးသူ ဦးဇော်နိုင်မှာ လှေပြန် မထွက်နိုင်ဘဲ ရေခဲဖိုးနှင့် ၄င်း၏ အလုပ်သမား များ လုပ်အားခအတွက် အခက်အခဲ ဖြစ်ပေါ်လျက် ရှိကြောင်း သတင်း ရရှိသည်။

တနင်္သရီတိုင်း အတွင်း ရေလုပ်ငန်း ကုမ္ပဏီများမှ ၀ါးလတ် ငါးဖမ်းလှေကြီး များသည် ငါးရရှိရေးကို အဓိကထားပြီး ကမ်းနီးတွင် ၀င်ရောက် ငါးဖမ်းမှု ဆောင်ရွက်နေခြင်း များကြောင့်
ကမ်းနီး ပင်လယ်ပြင် အနှံအပြားတွင် တစ်ပိုင် တစ်နိုင်လုပ်ကိုင် စားသောက်နေသော တံငါ လှေငယ်များနှင့် မကြာခဏ ပဋိပက္ခများ ဖြစ်ပွားလျက် ရှိသည်။

No comments: