Sunday, February 17, 2013

သူတို့ခေါ်တော့ဒုက္ခသည်၊ကိုယ့်ကိုယ်ကိုတော့တော်လှန်ရေးသမား။ (၁၂)

သူတို့ခေါ်တော့ဒုက္ခသည်၊ကိုယ့်ကိုယ်ကိုတော့တော်လှန်ရေးသမား။ (၁၂) ကိုညို။

by Ko Nyo on Thursday, February 14, 2013 at 11:15am ·

ကိုညို။

“ဟ.ဟ.ဟာ.ဒါမိုးရေးဘက်သွားတဲ့လမ်းမဟုတ်ဖူးဗျ..လမ်းလွှဲသွားပြီ…ဟာ.ဒါနယူးစန်းသာ ဘက်သွားတာဗျ..ကျနော်ကောင်းကောင်းမှတ်မိတယ်” အိုးအကာအလုံအုပ်ထားတဲ့ထရပ်ကား တာလပတ်မိုးကာရဲ့ တထွာကျော်ကျော်ပြဲနေတဲ့ အပေါက်ကနေ အပြင်ဘက်ကိုတောက်လျှောက်ကြည့်လာတဲ့ ကလေးမြို့က ၀င်းကို ရဲ့ အသံကြောင့် ကားပေါ်မှာအတွေးကိုစီနဲ့ ငြိမ်ငြိမ်လေးပါလာတဲ့ ကျနော်တို့ အားလုံး တုန်လှုပ်သွားတယ်။ “သူတို့ပြောတော့ မိုးရေးကိုပို့ပေးမယ်ဆို” “ဘယ်လိုဖြစ်တာလဲ..ဒီကောင်တွေညာခေါ်လာပြီ” ပူညံပူညံတယောက်တပေါက်ပြောနေကြပြီ။ မူလက မိုးရေးက ကျနော်တို့ခေါင်းဆောင်တွေဆီပို့ပေးမယ်လို့ ကသဲတပ်ရင်းမှုးကကတိပြုတဲ့အကြောင်းကျနော်တို့ သိထားတယ်။ အခုဘယ်လိုဖြစ်တာလဲ?ဲ၊ ဘယ်ကိုပို့မှာလဲ?၊ ဘယ်ခေါ်သွားမှာလဲ? မေးခွန်းတွေနဲ့ အားလုံးဟာ မရေမရာတွေဖြစ်နေတယ်။
၁၉၈၉ဧပြီလ၂၄ ရက်မှာ ကျနော်တို့အားလုံးကို အမိုးအလုံအုပ်ထားတဲ့ စစ်ထရပ်ကားကြီးနှစ်စီးပေါ်လူ၈၀ကျော်လောက်ကိုခွဲတင်ပြီး ကသဲစစ်သားလက်နက်ကိုင် လုံခြုံရေးကား၂စီးနဲ့ညှပ်ခေါ်လာတာ။ အချိန်က ညနေ နေ၀င်ပြီးစပဲ။လမ်းမှာ ကျနော်တို့ စခန်းကနေ ထွက်လည်နေကျ ရွာတွေရောက်တော့ လက်ထဲက “ဗမာကျောင်းသားတွေပါ၊ကျနော်တို့ ကို ကယ်ပါ၊ အမှတ်(၈)ရိုင်ဖယ်တပ်က ဗမာပြည်ကိုပြန်ပို့နေပါတယ်”လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်စာရွက်အပိုင်းတွေပစ်ချခဲ့တယ်။ ပါလဲလမ်းခွဲရောက်တော့ ခလေးငယ်တွေ ရေပက်နေတာ၊ဆေးရောင်တွေပေကျံနေတာကို တာလပတ်မိုးကာကြီးကြားကနေလှမ်းမြင်တော့မှ အော်..ဒီနေ့အိန္ဒိယသင်္ကြန်ကျနေပါလားလို့ သတိရလိုက်တယ်။ အိန္ဒိယသင်္ကြန်က ကျနော်တို့ထက် တလပိုစောတယ်။ ဟိုလီပွဲလို့ခေါ်တယ်။ ကျင်းပတဲ့အဓိပ္ပါယ်ကလည်း မြန်မာနဲ့ သိတ်မကွာဖူး။ နွေဦးရာသီ သစ်ရွက်တွေအသစ်ထွက် ပြီး  လယ်ယာလုပ်ငန်းခွင်တွေ အနားရတဲ့အချိန်လည်းဖြစ်တယ်။ ရောင်စုံပန်းတွေ ပွင့်တဲ့ ကာလ လည်းဖြစ်တယ်။ လှပနေတဲ့သဘာဝလောကကြီးကို ပမာထားပြီး ရောင်စုံဆေးမှုန့်တွေသုံးတာလို့ မှတ်သားဖူးတယ်။ သူများတွေ လွတ်လွတ်လပ်လပ်မြူးနေချိန် ကျနော်တို့ကတော့ ကိုယ့်အနာဂတ်ဘယ်ရောက်နေမှန်းမသိဖြစ်နေတာ။ မနက်ဖန် ဘာဖြစ်မလဲဆိုတာ တွေးတောင်မတွေးရဲဖူး။ အရာရာဟာ ဘာမှမသေချာဖူး။ ဘာအလှအပမှလည်းမခံစားနိုင်ဖူး။ ပတ်ဝန်းကျင်ကလည်းတဖြေးဖြေးအမှောင်ဘက်ကိုရောက်လာပြီ။ “ကားရပ်ခိုင်းပါ..ကားရပ်ခိုင်းပါ” ရုတ်တရက် မချိမဆန့်နဲ့ အော်လိုက်တဲ့ သက်ထွေး(ကာတွန်း-ဂျိုကာ)အသံကြောင့် ဘာဖြစ်တာလဲဆိုတဲ့ အကြည့်နဲ့ ဂျိုကာကို ၀ိုင်းကြည့်နေတယ်။ ဂျိုကာမျက်နှာ ရှုံ့မဲ့နေတယ်၊ခါးကုန်းထားတယ်။ သူ့ဘေးကတယောက်ကပဲဖြေလိုက်တယ်။“ ချီးပါချင်လို့တဲ့” အားလုံးပြာသွားတယ်။ ကားဘော်ဒီကို တဒုန်းဒုန်းနဲ့ထုကြတယ်။ ကားသမားက ဘယ်ရပ်ပေးမလဲ။ ပိုတောင်မြန်လာသေးတယ်။ အရေးထဲမှာအရာပေါ်တဲ့ ဂျိုကာအဖြစ်ကို ကြည့်ပြီး ပြုံးရမလို မဲ့ရမလိုဖြစ်နေတယ်။“ကဲကဲ ဂျွတ်ဂျွတ်အိပ်ရှိလားဟေ့” တယောက်ကမေးတယ်။ အာလူးတွေထုတ်ထားတဲ့ ဂျွတ်ဂျွတ်အိပ်တအိပ် ရသွားတော့ ဂျိုကာ ကိုကမ်းပြီး ကားဒေါင့်လေးမှာထိုင်ခိုင်းလိုက်တယ်။ အနားကလူတွေ အားလုံး နှာခေါင်းတွေပိတ်ပြီး တဖက်ကိုမျက်နှာလွှဲထားကြတယ်။
“သေချာပြီ ဒါနယူးစန်းသာ သွားတဲ့ လမ်းခွဲ” တချိန်လုံး မျက်နှာကို မိုးကာအပြဲ နဲ့အပ်ပြီး အပြင်လောက ကိုတောက်လျှောက်စူးစမ်းနေတဲ့ ၀င်းကို က ကောက်ချက်ချတယ်။ “ကျနော် ဒီဘက်နွားတွေမောင်းပြီးလာရောင်းဖူးတယ်၊ဗမာပြည်နဲ့ နီးနီးလေးပဲ” ဗမာပြည်ဆိုတာနဲ့ကျနော်လည်းထပြီး ကားပေါ်ထိုင်ပြီးယိမ်းထိုးနေသူတွေကို ဟိုခွ ဒီကျော်ပြီး တာလပတ်အပြဲလေးကနေ အပြင်ကိုကြည့်လိုက်တော့ မီးတလက်လက်နဲ့ သွပ်မိုးအိမ်တချို့ကို လရောင်အောက်မှာတွေ့ရတယ်။ ရွာတရွာဖြတ်နေတာပဲ။ လရောင်အောက်မှာ သရပ်ပင်နဲ့ ကွမ်းသီးပင်၊ပိန္ဒဲပင်တချို့တွေ့ရတယ်။ ဟုတ်တယ်၊ဒီလိုအပင်တွေ နဲ့ ကျေးရွာအနေအထားက ကျနော်တို့ဘက် နဲ့ခတ်ဆင်ဆင်။နောက်တော့သိတ်မကြာဖူး၊ထရပ်ကားကြီး ဟိုယိမ်းဒီယိမ်းနဲ့ ရွာထဲဝင်လာတယ်။တအောင့်လောက်မှာ ကားရပ်သွားတယ်။
  “Come down, Come down, all..all” ကျနော်တို့ကား တာလဘတ်ကြီးလှန်ပြီး ကသဲအရာရှိတယောက်က ကားပေါ်ကအားလုံးဆင်းဖို့ အော်ရင်း တခါးဖွင့်လိုက်တယ်။ ကျနော်တို့အားလုံးအထုတ်အပိုးကိုယ်စီနဲ့ ခုန်ဆင်းလိုက်ကြတယ်။ လရောင်အောက်မှာ မြင်ကွင်းကရှင်းနေတယ်။ အချိန်က ည၁၁နာရီကျော်။ ကုက္ကိုပင်ကြီးတွေကိုတွေ့ရတော့ ကိုယ့်မြေကိုယ့်အရပ်ကိုပြန်ရောက်နေသလိုပဲ။ တကယ်တော့ ကျနော်တို့ဒုက္ခသည်စခန်းမှာနေခဲ့တဲ့သက်တမ်း ၅လ လောက်သာရှိပါသေးတယ်။ အခုဗမာပြည် ကို ညကြီးအချိန်မတော် လူသူမသိ တိတ်တဆိတ် ပြန်မောင်းနှင်ခံလိုက်ရပြီဆိုတာ အားလုံးသဘောပေါက်သွားကြတယ်။ “ Everybody come here” ကသဲအရာရှိကြီးက အိမ်မြင့်မြင့်ကြီးရှေ့မှာတန်းစီနေရာယူခိုင်းတယ်။ တပ်ကြပ်တယောက်က လူစစ်တယ်။ အားလုံးပေါင်း ၈၇ယောက်လောက်ရှိမယ်။ ကျနော်တို့က ဖိုးပါကြီးလို့ နာမည်ပေးထားတဲ့ မျက်မှန်နဲ့ ခတ်၀၀ (ဖိုးပါကြီးနဲ့ဆင်တယ်) လူဝန်မှုကြီးကြပ်ရေးဌာနအရာရှိ က ကျနော်တို့ကို အင်္ဂလိပ်လိုပြောတယ်။ အဓိပ္ပါယ်ကတော့ “မင်းတို့ရဲ့သဘောဆန္ဒအရ ဒီနေရာကိုရောက်လာတာဖြစ်တယ်။ ဒါဟာ မြန်မာအိန္ဒိယ နယ်ခြားဖြစ်တယ်။တဘက်မှာမြန်မာပြည်ပဲ။ မင်းတို့ကိုနယ်စပ်အထိလိုက်ပို့ပေးမယ်။ မင်းတို့နိုင်ငံမင်းတို့ပြန်နိုင်ပါပြီ၊ ဒီဘက်ကိုပြန်လာရင် တရားဥပဒေအတိုင်းအရေးယူမှာဖြစ်တယ်” ဆိုတာပဲ။ ကျနော်တို့ကလည်း ဘာဖြစ်လို့ဂတိအတိုင်းမိုးရေးမပို့တာလဲ ဆိုပြီး စောဒကတက်ကြသေးတယ်။ ဒါပေမဲ့ သူတို့ဂရုမစိုက်တော့ဖူး။ မိန်းခလေးတွေနဲ့ ကျနော်တို့ထဲက ချာတိတ်လေးရဲ့ စိုးရိမ်ပူပန်တဲ့မျက်လုံးတွေကို လရောင်အောက်မှာတွေ့ရတယ်။ ကျနော်ကိုယ်တိုင် စိတ်ပျက်လက်ပျက်ဖြစ်နေတယ်။ အားကိုးရာမဲ့သလိုခံစားနေရတယ်။ သွားပြီ ငါတို့ရည်ရွယ်ချက်တွေပျက်စီးပြီဆိုတဲ့အတွေးပဲ စိတ်ထဲရောက်နေတယ်။ တော်လှန်ရေးနဲ့တူတာ ဘာမှတောင်မလုပ်ရသေးဖူး အိမ်ပြန်ရတော့မှာပဲ ရန်သူဆီအညံ့ခံရတော့မှာလား ဆိုတဲ့မေးခွန်းတွေဝင်လာတယ်။ အဲဒီအခိုက်အတန့် ရွာက ချင်းလူကြီးတယောက် မစန်းပွီးနဲ့ တိုးတိုးကြိတ်ပြီးချင်းစကား(မီဇိုဘာသာစကား)ပြောနေတယ်။ အသက်၅၀ကျော် အဲဒီလူကြီးက သူကြီးဖြစ်ပုံရတယ်။ ခနနေ ကျနော်တို့အားလုံးတန်းစီပြီး တော့ရှေ့နောက်ဝဲယာ  လက်နက်ကိုင်ကသဲစစ်သားတွေခြံရံပြီးစထွက်တယ်။ ရွာအပြင် လယ်ကွင်းကြီးကိုဖြတ်ကြတယ်။ လယ်ကွင်းကိုဖြတ်ရမှ လကတော်တော်သာနေတာသတိထားမိတယ်။ လရောင်အောက်မှာ အိန္ဒိယနယ်ခြားရဲ ကင်းတဲလေးတောင် လှမ်းမြင်နေရတယ်။ ခနနေတော့ ရွာသချိုင်းကုန်းကိုဖြတ်ရတယ်။ ခရစ်ယာန်ရွာဆိုတော့ လက်ဝါးကပ်တိုင်တွေနဲ့အုတ်ဂူဖွေးဖွေးတွေ လရောင်အောက်မှာရှင်းနေတာပဲ။ ကျနော်စိတ်ထဲ လန့်နေတယ်။ ဒီကောင်တွေဒီမှာငါတို့ကိုပစ်သတ်လည်းခံရမှာပဲ လို့ ကြောက်စိတ်နဲ့ တွေးမိသေးတယ်။ သိတ်မကြာခင် တောအုပ်အစပ်လေးကိုရောက်လာတယ်။ ချောင်းလေးတခုကိုဖြတ်တဲ့ သစ်လုံးတံတားလေးနားရောက်တော့ စစ်သားတွေကရပ်စောင့်နေတယ်။ ကျနော်တို့ကို ရှေ့ကနေ တံတားကိုမြန်မြန်ဖြတ်ခိုင်းတယ်။ နောက်ဆုံးလူလည်းဖြတ်ပြီးရော ကသဲစစ်ဗိုလ်က “That is your countary.Go back there.Don’t come back here” အဲဒါဗမာပြည်ပဲ၊သွားတော့၊ ဒီကိုပြန်မလာနဲ့ လို့နှင်ထုတ်တယ်။ စစ်သားတွေပြောပြီးချက်ချင်းထွက်သွားတယ်။ အခုနရွာသူကြီးက ခနရပ်ပြီးမစန်းပွီးနဲ့ ချင်းလိုပြောတယ်။ ကျနော်တို့ကိုလည်း ဗမာစကားဝဲ၀ဲနဲ့ “စန်းပွီးကို ပြောထားတယ်၊ ဒီည ဟိုဘက်ကတောထဲမှာသွားနေပါ။မနက်ကျရင် ကျနော့ဆီ လူ၂ယောက်လွှတ်လိုက်ပါ” လို့မှာတယ်။“သွားကြသွားကြ ဘုရားကောင်းချီးပေးမှာပါ” တဲ့။
ကျနော်တို့မှောင်မှောင်မဲမဲ တောလမ်းအတိုင်းတန်းစီပြီးသွားကြတယ်။ရှေ့ဆုံးက လူဝတ်နဲ့ ဦးဇင်း ဦးအာလောကနဲ့ ၀င်းကိုတို့။ ကျနော်ကနောက်နားလောက်မှာ။ အတော်လေးသွားလိုက်၊ တောတိုးသံကြားရင် ထိုင်ချပြီးနားစွင့်လိုက်၊ တကုတ်ကုတ်နဲ့ ဆက်သွားလိုက် ရပ်လိုက်နဲ့ အတော်သတိကြီးကြီးထားသွားနေကြတာပါ။ဘိုက်တွေလည်းဆာနေပြီ။ရေလည်းငတ်တယ်။ ကြောက်စိတ်နဲ့စိုးရိမ်စိတ်တွေရောနေတယ်။ သွားနေရင်း ကျနော့ရှေ့က သွားနေသူတွေတဂျွတ်ဂျွတ်နဲ့ဝါးစားနေသံကြားရတယ်။ဘာစားနေကြမှန်းမသိ။ မနေနိုင်ဖူး၊ဘိုက်ကတဂွီဂွီဖြစ်နေပြီ။ မေးကြည့်တယ်၊ကျနော့ရှေ့က ဘိုက်ပေါက်ကို(သူ့နာမည်မေ့နေတယ်၊အောင်ဌေးကျော်လားမသိ၊သခင်တင်မြမြေးတဲ့၊၈၈ ဆန္ဒပြပွဲမှာ ၀မ်းဘိုက် သေနပ်မှန်ပြီး သူ့ကို ဘိုက်ပေါက်လို့ပဲခေါ်ကြတယ်) ဘာစားနေတာလဲ?သူကရီပြပြီးသူ့ကျောပိုးအိပ်ထဲက အသီးတလုံးထုတ်ပေးတယ်၊ ကျနော်လည်းဘာမှထပ်မမေးဖူး ချက်ခြင်း ကိုက်ဝါးလိုက်တယ်။ စိမ်းရွှင်ရွှင် အရသာနဲ့ စားလို့မကောင်းဖူး၊ရေငတ်တော့ပြေသလိုလိုပဲ။တကိုက်ဝါးပြီးထပ်မစားနိုင်ဖူး၊ “ဘာကြီးလဲ” ”အာလူး”၊စိတ်ပျက်ပြီးလက်ထဲကဟာကြီးလွှင့်ပစ်လိုက်တယ်။ ဒီလိုနဲ့ နာရီဝက်ကျော်ကျော်မမြင်မစမ်းနဲ့ လျှောက်နေရင်း တောင်ကုန်းမြင့်လေးတခုကိုရောက်လာတယ်။ လူအားလုံးစုလိုက်တယ်။ ဒီမှာပဲ ညအိပ်ရအောင် ဦးအာလောက ကပြောတယ်။ ကျနော်တို့တတွေ သစ်ပင်အောက်လေး၊ခြုံလေးတွေလေအကာအကွယ်ယူပြီး ပုဆိုးတွေခြုံအိပ်ကြတယ်။ စိတ်ရောလူရောပင်ပမ်းပေမဲ့ တောင်တွေးမြောက်တွေးနဲ့ ကျနော့မှာမအိပ်နိုင်ဖူး။ ငါအိမ်ပြန်လို့မဖြစ်ဖူး၊ ကိုယ့်ရဲဘော်တွေကို ဘာပြန်ပြောရမှာလဲ၊ ဒီအတိုင်းဆိုရှက်စရာကြီး၊ ဘာမှလည်းမလုပ်နိုင်သေးဖူး၊ တော်လှန်ရေးလုပ်ရတာမလွယ်ပါလား၊ ဗိုလ်ချုပ်တို့ ရဲဘော်သုံးကျိတ်တွေတုံးက ကျတော့ ကူညီမဲ့နိုင်ငံကအသင့်၊ သူတို့ခေတ် တော်လှန်ရေး လုပ်တာကမှ အဆင်ပြေသေးတယ်။ ရဲဘော်သုံးကျိတ်တွေလို စစ်သင်တန်းရမယ်ထင်လို့ ဒီကိုလာခဲ့တာ။အိန္ဒိယလာတာမှားပြီ။ ဒီမိုကရေစီနိုင်ငံဆိုပြီးအထင်ကြီးမိတာလွဲကုန်ပြီ။ ငါတို့တတွေကိုယ်က မညီညွတ်တာလည်းပါ ပါတယ်လေ။ ကိုယ်လူတွေကဒီပုံစံနဲ့ လက်နက်ကိုင်ရလို့တော့ ရန်သူတောင်  ကိုယ့်ကိုတိုက်လိုက်ရမှာမဟုတ်ဖူး၊ အချင်းချင်းဆော်ကုန်တာနဲ့ အကုန်သေမှာ။ ဟိုအပြစ်တင်၊ဒီအပြစ်မြင်နဲ့ တယောက်ထဲအတွေးပွားရင်း ကျနော်လည်းမှေးကနဲအိပ်ပျော်သွားတယ်။
  ရုတ်တရက် နိုးလာတော့ အရုဏ်တက်နေပြီ။ ဘေးဘီထကြည့်တော့အားလုံးအိပ်ပျော်နေတယ်။ ကျနော်တို့အိပ်နေတာ တောင်ဂတုံးကုန်းမြင့်လေးတခုမှာ။ အောက်ဖက်မှာ လူသံလိုလို တချက်တချက်ကြားနေရလို့ ကျနော်လည်းတယောက်ထဲ ရှိုထဲကိုဆင်းသွားတယ်။ အတော်လေးသွားမိလေ လူသံတွေက ပိုရှင်းလေပဲ။ မိန်းမနဲ့ ခလေးသံတွေ။ တောင်ကုန်း သစ်ပင်အကွယ်ကနေလှမ်းကြည့်တော့ ချောင်းလေးထဲမှာ မိန်းမ၂ယောက် ၃ယောက်လောက် အ၀တ်လျှော်နေပြီး ခလေးတွေရေချိုးနေတယ်။ ဗမာဘက်အခြမ်းလား၊အိန္ဒိယဘက်လား ကျနော်မဝေခွဲတတ်ဖူး။ ချက်ချင်း ကျနော်တို့အိပ်တဲ့တောင်ကုန်းဘက်ပြေးတက်လိုက်တယ်။ တယောက်စ ၂ယောက်စတော့နိုးနေပြီ။ ကျနော်လည်းဦးအာလောနဲ့ အားလုံးကို နိုးလိုက်တယ်။ အောက်နားမှာ ရွာရှိတယ်၊လူတွေရှိတယ်ဆိုတာရှင်းပြတယ်။ ဒါနဲ့ အားလုံး အထုတ်တွေဆွဲပြီး ရှိုကြီးတခုအတိုင်းဆက်သွားကြတယ်။ ရေချောင်းလေးအတိုင်း ဆန်တက်သွားတာ။အတော်လေးသွားမိတော့ “ဦးအာလောကရယ်၊မစန်းပွီးရယ်၊၀င်းကိုရယ် ရွာထဲသွားဖို့ပြင်တယ်။ မစန်းပွီးက သူ့အ၀တ်ထုတ်ကိုဖြည်တယ်။ အဲဒီကျမှ မစန်းပွီးမှာ လုံချည်၊အ၀တ်အထည်တွေ ဒီလောက်များများရှိမှန်းသိရတယ်။ စခန်းမှာနေတုံးက ကျနော်တို့ကိုရိက္ခာထုတ်ပေးလေ့ ရှိတဲ့ ရိုခူးမား ရဲ့ သမီးက အမျိုးသမီးအချင်းချင်းကိုယ်ချင်းစာပြီး၊အ၀တ်အစားတွေပေးထားတာလို့သိရတယ်။ ရိုခူးမားသမီးကလည်း ကျနော်တို့ထဲက ဦးဇင်း ဦးအာလော ကိုကျနေတာ။ ဦးအာလောက ကကွန်ဖူးသင်ပေးတော့ သူ့ကို ကသဲတွေက ကွန်ဖူးမာစတာလို့ ခေါ်လေ့ရှိတယ်။ ရိုခူးမားကြီးကလည်း ဦးအာလောကိုချစ်တယ်။ ဘုန်းကြီးကလည်းရုပ်က ခတ်ဖြောင့်ဖြောင့်။ သူက လူဝတ်နဲ့ပဲနေတယ်။ တခါတလေ ရိုခူးမားနဲ့သူ့သမီးစခန်းကိုလာပြီး ဦးအာလောကို အပြင်ခေါ်သွားလေ့ရှိတယ်။ ဦးအာလော က စန်းပွင့်တယ်။ ဦးအာလောမှ မဟုတ်ဖူး၊ ကျနော်တို့ကျောင်းသားတွေထဲက တယောက်စ နှစ်ယောက်စ စခန်းရောက်ပြီးလပိုင်းပဲ ရှိသေးတယ်၊ အနီးအနား ကသဲရွာ၊ နာဂ ရွာတွေ သွားလည်ရင်း ရွာက ကျောင်းသူလေးတွေနဲ့ ရီးစား ဖြစ်သွားတာတွေ ရှိတယ်။ ကျနော်တို့ ဗမာ ကျောင်းသားတွေကလည်း ခြေလှမ်းသိတ်သွက်တယ်။ အမျော်အမြင်ကြီးတယ်။ အခုမစန်းပွီးက သူ့ထမီတွေ တထည်ထုတ်လိုက်၊ပြန်ထားလိုက်၊ နောက်တထည်ထုတ်လိုက် ပြန်ထဲ့လိုက် အခုနထုတ်ပြီးသား အထည်ကြီး ပြန်ထုတ်ကြည့်လိုက်နဲ့ တယောက်ထဲ အလုပ်ရှုတ်နေတယ်။ “မစန်းပွီး ဒီတောကြီးမျက်မဲထဲ အ၀တ်အစားလှလှပပ၀တ်စရာမလိုဖူးနော်”လို သတိပေးတော့ “မ၀တ်ပါဖူး၊ ရွာထဲက လူတွေဆီက ထမင်းချက်ဖို့အိုးနဲ့ လဲမလို့ပါ” လို့ပြောပြမှ အော်..သူလည်းလေး ငါးလ လောက် မ၀တ်ပဲ အလှကြည့်နေတဲ့ သူ့ထမီလေးတွေနှမြောရှာမှာပေါ့လေ လို့တွေးမိတာ။ သူတို့ရွာထဲသွားပြီး အတော်လေးကြာတော့ အိုးတွေခွက်တွေ၊ဇွန်းတွေအပြင် ရိက္ခာတချို့ပါလာတယ်။ မစန်းပွီး ထမီထုတ်ကြီးလည်းနည်းနည်းသေးသွားတယ်။ ကျနော်တို့ အုပ်စုလိုက် တပ်စုလေးတွေခွဲလိုက်တယ်။ ထမင်းချက်တပ်စု၊ လုံခြုံရေးတပ်စု၊ ထင်းရှာ၊ရေခတ် ပေါ့။လူရှင်သချိင်္ုင်းစာအုပ်ရေးတဲ့ ကိုနေလင်း(သြစတေးလျှား)နဲ့ ကျနော်တို့တဖွဲ့ထဲ။ ထမင်းစားပြီး ကျနော်တို့ဟာရွာသူကြီးရဲ့ အကြံပေးချက်အရ ဒီနေရာဟာ မြန်မာတပ်စခန်းရှိတဲ့ ထင်းစင်၊ဘုတ်ကန် နဲ့ သိတ်နီးတယ်။ ရွာသားတွေလည်း ဟိုဖက် ဒီဘက် အသွားအလာတွေရှိတယ်၊ သတင်းရပြီး အဖမ်းခံရနိုင်တယ်။မိုးရေးကို သွားဖို့ လမ်းပြတယောက်ထဲ့ပေးမယ်၊ သူနဲ့ အိန္ဒိယဘက်နယ်က ပတ်ပြီး မိုးရေးသွားဖို့အကြံပေးတယ်။ ညနေပိုင်းမှာ ကျနော်တို့အားလုံး အုတ်သယ်တဲ့ကားကြုံနဲ့ အနီးဆုံးရွာတရွာကိုသွားကြတယ်။ ရွာနာမည်မေ့နေပြီ။ ရွာလူကြီးကချင်းပဲ။ ဗမာပြည်မှာစစ်မှုထမ်းဖူးတယ်။ သူ့ဗမာနာမည်တောင်ပြောပြသေးတယ်။ ဦးမောင်ရွှေ တဲ့။ အဲဒီရွာရောက်တော့ ကျနော်တို့ထဲက ကိုမြင့်ဆန်းနဲ့ရဲဘော်တချို့က မီဇိုရမ်ဘက်သွားဖို့ လမ်းကြောင်းရှာတယ်။ သူတို့က မဏိပူမှာ မနေချင်တော့ဖူး။ မီဇိုရမ်ကနေ ထွက်ပေါက်တခုရှာချင်တယ်။ မိုးရေးလည်းမသွားချင်ဖူး။ ကျနော်တို့ကတော့ မိုးရေးက ခေါင်းဆောင်တွေနဲ့ တွေ့ချင်သေးတယ်။ ဗမာပြည်တော့ဘယ်သူမှမပြန်ချင်ကြဖူး။ နောက်ဆုံး အဲဒီရွာမှာပဲ ကိုမြင့်ဆန်းတို့နဲ့ လမ်းခွဲခဲ့တယ်။ဒါပေမဲ့ သူနဲ့ကျနော်ရေစက်မကုန်ဖူး၊ နောင်တချိန် မဏိပူရထောင်ထဲမှာသွားဆုံကြသေးတယ်။
ကျနော်တို့ ဦးမောင်ရွှေတို့ ရွာကနေ လမ်းပြအကူနဲ့ မဏိပူရတောင်တွေကိုကို တတောင်ပြီးတတောင်စပြီးကျော်ဖြတ်တော့တာပဲ။ ဖြတ်လမ်းကသွားရင် နီးပေမဲ့ ဒီလူအုပ်ကြီးနဲ့ ချက်ချင်းကွိသွားနိုင်တယ်။ ဒီတော့လမ်းပြကလည်းစိတ်ချရတဲ့ တောလမ်း၊တောင်လမ်းကနေပဲ ကျနော်တို့ကို ခေါ်သွားတယ်။ အမျိုးသမီး၃ယောက်နဲ့ ဂီလာနတွေအပါအ၀င် လူ၈၀လောက်ဟာ ရှေ့ဘာဖြစ်မယ်ဆိုတာမသိတဲ့ မှောင်မဲနေတဲ့ အနာဂတ်ကြီးကို စမ်းတ၀ါးဝါးနဲ့ ချီတက်လိုက်ပြီ။ မကြာခင် ရက်အနည်းငယ်မှာ ကျနော်တို့ထဲက အမျိုးသမီးတွေလည်း မဏိပူထောင်ထဲရောက်၊ ကျနော်တို့လည်း တောကြီးမျက်မဲထဲ တလနီးပါးပုန်းရှိုးကွယ်ရှိုးခိုအောင်းနေရမယ်၊ တချို့စိတ်ဓာတ်ကျပြီးအိမ်ပြန်၊ တချို့ န၀တစစ်တပ်ရဲ့အဖမ်းခံရမဲ့ ခရီးစဉ်မှန်း ကြိုတင်သိထားမယ်ဆို ကျနော်တို့ အဲဒီ မဏိပူရတောင်တန်းတွေပေါ် ၃ရက်လောက် ခရီးပြင်းချီတက်မဲ့ အစီအစဉ်ကို စိတ်ကူးထဲတောင်ထည့်မိမယ်မထင်ဖူး။ အနာဂတ်ကို ကြိုမသိတဲ့ ကျနော်တို့ လောကမျက်ကန်းတွေ တစ္ဆေ၊သရဲကိုစိန်ခေါ်မိတာ သိတ်တော့မဆန်းဘူးထင်တယ်။
ကိုညို။
၁၄ဖေဖ၀ါရီ၂၀၁၃။


No comments: