Sunday, February 24, 2013

အမေရိကန် ပြည်ထောင်စုတွင် နျူကလီးယား ယိုစိမ့်မှုနှင့် စပ်လျဉ်း၍ သတိပေးချက်များ ထုတ်ပြန်

ဝါရှင်တန် ဖေဖော်ဝါရီ ၂၃

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ပြည်နယ် ဆီးရက်တယ်လ်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၃ဝဝ အကွာရှိ ဟန်းဖော့ဒ် နျူကလီးယား ဆိုင်ရာ လုပ်ငန်းခွင်မှ ရေဒီယို သတ္တိကြွ စွန့်ပစ်ပစ္စည်း သိုလှောင် ကန် ခြောက်ခု နီးပါး ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရှိ အာဏာပိုင် များက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြား ခဲ့သည်။

ဟန်းဖော့ဒ် နျူကလီးယား လုပ်ငန်းခွင်သည် ဒုတိယ ကမ္ဘာစစ် အတွင်းက နျူကလီးယား ဗုံးများ ပြုလုပ်ရန် အတွက် လောင်စာများ ပထမဆုံး ထုတ်လုပ်သည့် နေရာ ဖြစ်ပြီး လွန်ခဲ့သော ၂၅ နှစ်က အဆိုပါ လုပ်ကွက် ကို ပိတ်ပစ် ခဲ့ကြောင်း ဝါရှင်တန် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေအင်ဆလီက ပြောကြား ခဲ့သည်။ ဟန်းဖော့ဒ် နျူကလီးယား လုပ်ကွက်မှ ရေဒီယို သတ္တိကြွ စွန့်ပစ်ပစ္စည်း ယိုစိမ့်မှု ပမာဏသည် စိုးရိမ်ဖွယ် ရှိကြောင်း ၎င်း က ဆက်လက် ပြောကြား ခဲ့သည်။

သို့ရာတွင် အဆိုပါ ယိုစိမ့်မှုကြောင့် ပြည်သူများ၏ ကျန်းမာရေး အခြေ အနေကို ချက်ချင်း အန္တရာယ် မပေး နိုင်ကြောင်း၊ သိုလှောင်ကန် များနှင့် ပတ်သက်၍ ပြဿနာ များကို ဖော်ထုတ်နိုင်ရန် စွမ်းအင် ဝန်ကြီး ဌာနသည် ဝါရှင်တန် ပြည်နယ်မှ အာဏာပိုင်များ၊ အခြား အရေးပါသော ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင် လျက် ရှိကြောင်း ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် စွမ်းအင် ဝန်ကြီး စတီဗင်ချူက ပြောကြား ခဲ့သည်။

သို့သော် ထိုသတင်းသည် ဝါရှင်တန် ပြည်နယ်ရှိ ဒေသခံ ပြည်သူများ အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

ထို့ပြင် ဟန်းဖော့ဒ် နျူကလီးယား လုပ်ကွက်ရှိ ရေဒီယို သတ္တိကြွ အရည်နှင့် အနည် အနှစ်များ သိုလှောင် ထားသည့် သိုလှောင်ကန် ၁၄၉ လုံးနှင့် ပတ်သက်၍လည်း လုံခြုံ စိတ်ချမှု ရှိ၊ မရှိဟူသော စုံစမ်း မေးမြန်းမှု များသည် အရှိန် အဟုန် မြင့်မား လာခဲ့သည်။

ထို့ကြောင့် သိုလှောင်ကန်များ ယိုစိမ့်မှုနှင့် စပ်လျဉ်း၍ သတင်း အချက်အလက် များကို မကြာမီတွင် ထပ်မံ ထုတ်ပြန် ပေးနိုင်ရန် ဝါရှင်တန် ပြည်နယ်ရှိ အာဏာပိုင် များက မျှော်မှန်း ထားကြောင်း ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

http://bit.ly/ZrJF5K

အေးချမ်းမွန်မှ  မြ၀တီ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

No comments: