Saturday, February 16, 2013

ရွှေပြည်တော် မျှော်တိုင်းဝေး


by Nge Naing on Saturday, February 16, 2013 at 6:00am ·
ဒီညနေ အဘဦးရဲခေါင်ဆီကို ရောက်ဖြစ်တော့ အရင်နေ့ကလို မဟုတ်ဘဲ သူ့မျက်နှာကို လန်းလန်းဆန်းဆန်း တွေ့ရပါတယ်။ အရင်နေ့က စကားမပြောနိုင်ပေမဲ့ ဒီနေ့တော့ စကားကောင်းကောင်း ပြောနိုင်ပါတယ်။ ပြောနိုင်ပေမဲ့ စကားတော့ သိပ်မပြောဘူး။ ဘာမေးစရာရှိလဲ မေးစရာရှိတာ မေးပါဆိုတာနဲ့ သားကို ကြည့်ပြီး သူကဘယ်သူလဲဆိုတာ မေးလို့ ကျွန်မသားလို့ ပြောလိုက်တော့ တော်တော်အရပ် ရှည်တာပဲဆိုတာ နှစ်ခွန်းပဲ ပြောပါတယ်။ ကျွန်မက မေးစရာတော့ မရှိဘူး ပြောပြစရာတော့ ရှိတယ်။ အဘပေးထားတဲ့ စာမူထုပ်ကို နေ့လည်က တချက်ပြန် ထုတ်ကြည့်ပြီး  ၂၀၀၂ ခုနှစ်က ရေးထားတဲ့ ရွှေပြည်တော် မျှော်တိုင်းဝေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဆုတောင်းလေးကို ကျွန်မ ကွန်ပြူတာနဲ့ ပြန်ရိုက်ထုတ်ပြီး တင်ပေးဖို့ လုပ်ထားပါတယ် အဘနေသာသလို နေပါလို့ ပြောတော့ အင်း အင်း ဆိုတာ တချက်ပဲ ပြောပြီး မျက်စိမှိတ်ကာ တရားပြန်မှတ်နေပါတယ်။ အဘ ဦးရဲခေါင်ဟာ ၈၉ နှစ်ပြည့်ပြီးလို့ ၉၀ ခုနှစ်ထဲမှာ ရောက်နေပြီ ဖြစ်ပြီး အခုချိန်မှာ အဆုပ်ကင်ဆာ ဝေဒနာကို ခံစားနေရပြီး တလောက ဆေးရုံကနေ Nursing Home ကို ပြောင်းပေးလိုက်ပါတယ်။ ရွှေပြည်တော် ပြန်ဖို့အဘမှာ မျှော်လင့်စရာ အချိန်မလုံလောက်တော့လို့ မမျှော်တော့ဘူးလို့ ယူဆရပါတယ်။ ဒီပို့စ်က သူကျွန်မတို့ကို ပေးထားတဲ့ စာထုပ်ထဲက  နှစ်သစ်ကူး ဆုတောင်းအဖြစ် အဘ ရေးခဲ့တဲ့ ဆုတောင်းဖြစ်ပါတယ်။



ရွှေပြည်တော် မျှော်တိုင်းဝေး

အော်.. ဘာလိုလိုနဲ့ တနှစ်ကုန်လို့ တနှစ်ဆန်းလာပြန်ပါကော... မယားခင်တဲ့ တရားမမြင်သူတွေကတော့ နှစ်ဆန်း (၁) ရက်နေ့ကို အချစ်စခန်းထွက်တဲ့နေ့အဖြစ် သတ်မှတ်ပြီး ဟိုဟိုဒီဒီ သွားကြလာကြ၊ စားကြသောက်ကြနဲ့ ငယ်ရွယ်သူတွေဘ၀ ပျော်နိုင်ကြပေမဲ့ ကျနော်တို့လို အသက်ကြီးတဲ့လူတွေအဖို့ရာမှာတော့ တနှစ်ဆိုတာဟာ သေတွင်းနှုတ်ခမ်းကို ခြေတလှမ်းဖို့ နီးသွားတဲ့သဘောမို့ ဘုရားဟောတဲ့ တရားသဘော 'အဘိဏှ' သုတ်တော်လာအတိုင်း ဆင်ခြင်သုံးသပ်လိုက်မယ်ဆိုရင် (၃၁) ဘုံမှာ ကျင်လည်နေကြရကုန်သော သတ္တ၀ါမှန်သမျှ အိုနာသေရေး ဒုက္ခဘေးက ဘာဆေးကိုပဲဝါးဝါး ဘာစက်ကိုပဲတပ်တပ် မရပ်မနား ဘယ်လိုပဲလွတ်အောင်ပြေးသွားပေမဲ့လို့ ဘယ်သူမှ မလွတ်နိုင်ပါဘူးတဲ့။ ဒါကြောင့်လဲ ဘုန်းတော်အနန္ဒ၊ ကံတော်အနန္ဒ၊ ဥာဏ်တော်အနန္ဒ၊ တန်ခိုးတော်အနန္ဒနဲ့ ပြည့်စုံတော်မူတဲ့ ကျနော်တို့ဘုရား ဂေါတမကအစ ခရစ်တော်အလယ် မိုဟာမက်အဆုံး လူ့လောကမှာ အမြင့်မြတ်ဆုံး အထူးချွန်ဆုံး အကောင်းဆုံး အတော်ဆုံးရယ်လို့ သတ်မှတ်ထားခြင်းခံရတဲ့ ဘုရားတွေတောင်မှ ကျနော်တို့ ဂေါတမဘုရားဆိုရင် နှစ်ပေါင်း ၂၅၄၅နှစ်ကျော်၊ ခရစ်တော်ဆိုရင်ပဲ နှစ်ပေါင်း ၂၀၀၂နှစ်၊ မိုဟာမက်ဆိုရင်လဲ ၁၇၂၂ နှစ်ကျော် ကြာတဲ့အထိ လူ့လောကကို စွန့်ခွာသွားကြတဲ့ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ကမ္ဘာ့သမိုင်းအလိုအားဖြင့် ဒီကမ္ဘာမှာ ပေါ်ပေါက်လာခဲ့တဲ့ အလက်ဇန္ဒား၊ ဂျူလီယက်ဆီဇာနဲ့ နပိုလီယံတို့လို စစ်ခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊ နန်းစဉ်ဥပဒေအရ အမွေခံစနစ်နဲ့ မင်းဖြစ်လာကြတဲ့ ဘုရင်တွေနဲ့ အာဏာအတွက် ငန်းငန်းတက်ပြီး အဖသတ်သား အဇာတသတ်တို့လို နန်းလုပြီးတက်လာကြတဲ့ မင်းဆိုးမင်းညစ်တွေပဲ ဖြစ်ဖြစ် ပြည်သူကကြည်ဖြူစွာနဲ့ ရွေးကောက်တင်မြှောက်ချက်အရ  အအထွတ်အထိပ် ရောက်လာကြတဲ့ အီဘရာဟင်လင်ကွန်း၊ ဂျော့ဝါရှင်တန်၊ မဟတ္တမဂန္ဓီနဲ့ ဗိုလ်ချူပ်အောင်ဆန်း၊ လီနင်နဲ့ မော်ဆီတုန်းတို့လို ပြည်သူချစ်တဲ့ နိုင်ငံခေါင်းဆောင်တွေပဲ ဖြစ်ဖြစ် အဲဒီလူမျိုးတွေအားလုံးဟာ သူတို့လူမျိုး၊ သူတို့နိုင်ငံ သူတို့နဲ့ ဘ၀တူ ပစ္စည်းမဲ့လူတန်းစားများအတွက်သာ ဆောင်ရွက်သွားကြတဲ့ ခေါင်းဆောင်တွေ ဖြစ်ပြီး ကကျနော်တို့ ဂေါတမမြတ်စွာဘုရားလို (၃၁) ဘုံမှာ ကျင်လည်နေကြရတဲ့ ဝေနေယျ သသတ္တ၀ါပေါင်းများစွာတို့အတွက်နဲ့ ခရစ်တော်နဲ့ မိုဟာမက်အရှင်တို့လို ဒီကမ္ဘာမှာ ရှိသမျှလူသားအားလုံးတို့အတွက် လူမျိုးမရွေး၊ လူတန်းစားမရွေး၊ နိုင်ငံမရွေး၊ ဒေသမရွေးဆိုတဲ့ ဦးတည်ချက်နဲ့ ဆောင်ရွက်သွားကြတဲ့ ပုဂ္ဂိုလ်မျိုးကတော့သူတို့ကလွဲပြီး သူတို့ကလွဲပြီး တယောက်မှ မရှိပါဘူး။ ဒါကြောင့်လည်း နှစ်ပေါင်းများစွာ ထောင်ချီပြီး ပြောခဲ့ပေမဲ့ ဒီကမ္ဘာမှာ ရှိသမျှတိုင်းပြည်နိုင်ငံအသီးသီးက လူသားတွေက အဲဒီပုဂ္ဂိုလ်သုံးဦးကို ဘုရားအဖြစ် သတ်မှတ်ပြီး ကိုးကွယ်ဆည်းကပ်နေကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူမှန်သမျှ ယေဘုယျအားဖြင့် နှစ်ပေါင်း တရာအတွင်းမှာ သေဆုံးသွားရတာကို ဒီကမ္ဘာမှာ ရှိသမျှ အုတ်ဂူတွေပဲ သက်သေခံနေပါတယ်။ ဒီတော့ ကွယ်လွန်သူ ဆရာအောင်ဗလရဲ့ ခေတ်ပြိုင်အမှတ် ၁၀၄ ထဲက 'နှစ်သစ်နှစ်ဆန်း ကမ္မဌာန်း' ဆောင်းပါးအထဲကအတိုင်း အမျိုးကိုချစ်ပေမဲ့ စနစ်ကိုမကြိုက်တဲ့အတွက် တို့နိုင်ငံမှာ ဒီမိုကရေစီအစိုးရ မပေါ်ပေါက်လာသမျှ ဒီစစ်အစိုးရအောက်မှာ ဒူးထောက်ပြီး ကျွန်မခံဘူးဟေ့' ဆိုတဲ့ စိတ်ဓာတ်နဲ့ ထွက်လာကြတဲ့ ကျနော်တို့တတွေဟာ ငွေတကျပ်မှာ ၆၄ ပြားရှိပြီး တပြားတန်ကုန်ပစ္စည်း ၆၄ မျိုးကို ၀ယ်လို့ရတဲ့ သူ့လက်အောက်ခံ ကျွန်ဘ၀ အင်္ဂလိပ်ခေတ်ထက်ရော ငွေ တကျပ်မှာ ပြားတရာရှိပြီး ငါးပြားတန် ပစ္စည်းအစ ၀ယ်လို့ရတဲ့ လွတ်လပ်ရေး ရခါစ ၀န်ကြီးချုပ်ဦးနုရဲ့ ဒီမိုကရေစီ အစိုးရ (ဖဆပလ) ခေတ်ထက်ရော အဆပေါင်းများစွာ နှိမ့်ကျလာပြီး သူတောင်းစားကအစ လက်မခံတဲ့ ငါးကျပ်တန် စစ်အစိုးရ၊ ဆင်းရဲသား နင်းပြားတွေအဖို့ ပုလင်းတွေဖေါက်ပြီး ထမင်းရေသောက်နေရတဲ့ စစ်အစိုးရ၊ ငါတို့ကိုလာပြိုင်မယ်မကြံနဲ့ ဖါနိုင်ငံ အစိုးရဆိုတာ ဒို့ပဲဟေ့လို့ နှုတ်က မဟသော်လည်း အလုပ်ကပြနေတဲ့ ဒီအာဏာရှင် အစိုးရအောက်ကိုပါ မြင်တွေ့ခံစား ဒေါသပွားရတဲ့သူတွေ ဖြစ်တဲ့အတိုင်း ကျနော်တို့အဖို့ အဆိုးနဲ့အကောင်း၊ အဟောင်းနဲ့အသစ်၊ အစစ်နဲ့အတုကို မျှော်ရှုဝေဖန် အမြင်မှန်ရခဲ့တဲ့ လူများဖြစ်ကြတဲ့အတိုင်း မီးခဲကို ပတ္တမြားထင်ပြီး လက်ဝါးပေါ်တင်မိတဲ့ လူမိုက်လို မဖြစ်အောင် သူတို့ရဲ့ လိမ်ညာချက်ကိုလည်း အိမ်သာတက်သလို သဘောထားတာမို့ အမှန်စကားကို ဆိုရရင်ဖြင့် ပြန်သွားဖို့ ဆိုတာကတော့ ကြာလေဝေးလေ ဖြစ်နေကြပါပြီ။

ဒါကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မီးမလာ ရေလဲမရ ဒုက္ခမျိုးစုံ တောင်လိုပုံ တောင်လိုပုံနေတဲ့ကြားထဲမှာ လူလိုပီသ မနေကြရတဲ့ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယားမွန် ရခိုင် ဗမာစတဲ့ ပြည်သူအားလုံးအတွက် ရေခြား မြေခြား ဒီသြစကြေးလျားကနေပြီး ဘုရားအလိုကျ တရားကိုပြလို့မို့ စကားချိုမြအောင် မေတ္တာပို့ရမယ်ဆိုရင်....

၁။ လုံးစုံများစွာ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ...
၂။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ
၃။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၎။ ဆင်းရဲချမ်းသာ၊ ဆင့်တန်းကွာ၊ မောက်မာ နှိမ့်ချကင်းပါစေ။
၅။ ရာထူးကြီးသူ ကိုယ့်အောက်လူ ငြူစူနှိပ်စက် ကင်းပါစေ။
၆။ကြီးနိုင်ငယ်ညှဉ်း အချင်းချင်း ကင်းရှင်းကြပါစေ။
၇။ ကိုယ့်ထက်သာဆို မနာလို ၀န်တိုစိတ်ဓာတ်ကင်းပါစေ။
၈။ မနာလိုစိတ် မျိုကာသိပ် ဖိနှိပ်ဖျောက်ဖျက်နိုင်ပါစေ။
၉။ သူတပါးကို သေစေလို ထိုထို ဒေါသကင်းပါစေ။
၁၀။ သူ့စီးပွားကို ပိုင်ဆိုင်လို ထိုထို လောဘ ကင်းပါစေ။
၁၁။သူ့စီးပွားကို ပျက်စေလို ထိုထို ဤ္ကဿာကင်းပါစေ.
၁၂။ မှားမှန်းမသိ ကိုယ်လုပ်မိ ကြီးဘိ မောဟကင်းပါစေ။
၁၃။ မှားမှန်းကိုသိ ဆက်လုပ်၏ ကြီးဘိ လောဘကင်းပါစေ။
၁၄။ မှားမှန်းကိုသိ ဆက်လုပ်၏ ကြီးဘိ ဒေါသကင်းပါစေ။
၁၅။ မှားမှန်းကိုသိ ဆက်လုပ်၏ ကြီးဘိမာန ကင်းပါစေ။
၁၆။ မှားမှန်းကိုသိ ဇွတ်လုပ်၏ ကြီးဘိ အတ္တကင်းပါစေ။
၁၇။ မှားမှန်းကိုသိ ကိုယ်လုပ်မိ ကြီးဘိ နောင်တမြဲပါစေ။
၁၈။ ငွေတန်ဖိုးကျ သုံးစွဲရ ဒုက္ခဖုံဖုံလွတ်ပါစေ.။
၁၉။ ကျောင်းများ ပိတ်ထား အလုပ်ရှား ခိုင်းနွားဘ၀ လွတ်ပါစေ.။
၂၀။ ကျောင်းများဖွင့်ကာ ပြည်သာယာ များစွာ တိုးတက်လာပါစေ။
၂၁။ ကုန်ဈေးနှုန်းများ ထိုးကျသွား ထင်ရှား ပြောင်းလဲသွားပါစေ။
၂၂။ ကပ်ကြီးသုံးပါး တွေ့ကြုံညာ ရှောင်ရှားလွတ်မြောက်ကြပါစေ။
၂၃။ မီး ရေ လေ ဘေး ငလျှင်ဘေး ကင်းရှင်းလွတ်မြောက်ကြပါစေ။
၂၄။ ဘာသာခွဲခြား အမုန်းပွား ရှောင်ရှားထိုစိတ် ကင်းပါစေ။
၂၅။ လူမျိုးကွဲပြား ခွဲထွက်သွား မှောက်မှား ထိုစိတ်ကင်းပါစေ။
၂၆။ ၀ါဒကွဲပြား၊ ဖိနှိပ်ထား ဖေါက်ကြွားထိုစိတ် ကင်းပါစေ။
၂၇။ အချောင်သမား ဖေါ်လမ်ဖါး ဒို့များဝိုင်းပယ်နိုင်ပါစေ။
၂၈။ လက်နက်အားကိုး ထိုလူဆိုး မျိုးရိုးတိမ်ကောသွားပါစေ။
၂၉။ အာဏာဓါးမြ စစ်အစိုးရ ရှိခိုးရတဲ့ဘ၀ လွတ်ပါစေ။
၃၀။ ဒီမိုကရေစီ ဒို့တိုင်းပြည် အရှည်တည်တံ့ပါစေသတည်း.. လို့ မေတ္တာပို့လိုက်ပါတယ် ခင်ဗျား။

ကျနော်တို့ကတော့ ရွှေပြည်တော် ပြန်ဖို့အရေး ခုတိုင်းတော့ မစဉ်းစားသေးဘဲ ကုန်ဈေးနှုန်းတွေကျ ငွေစက္ကူတွေ မဖေါင်းပွဘဲ မူးယစ်ဆေးဝါး စက်ရုံကြီးတွေ ပျောက်ဆုံးသွားပြီး ဟိရိသြတ္တပ္ပတရား စစ်ဗိုလ်ကြီးတွေ လိုက်နာသွားတော့မှ ဘောင်းဘီကိုချွတ် ပုဆိုးဝတ်လို့ အကျွတ်တရားရ ပြန်နိုင်ကြတော့မှာမို့.....။
လူလိုပီသ ခုဘ၀ မုချရောက်ကြပါစေသော်....

 မြ၀တီရဲခေါင်
လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်

 ဇန္န၀ါရီ၊ ၂၀၀၂


မြ၀တီ ရဲခေါင်ရဲ့ ကိုယ်ရေးရာဇ၀င် အကျဉ်းကို ဒီနေရာ http://nge-naing.blogspot.com.au/2009/10/blog-post_13.html မှာ ဖတ်နိုင်ပါတယ်။

No comments: